ဂေဇက်ရွာမှ … အသက်ရှည်ဆေး

ဇောက် ထိုးJune 10, 20121min1186

အသက်ကို ညာဏ်စောင့်သတဲ့။ ကျွန်တော် သိတတ်စအရွယ်ကတည်းက ကြားဖူးခဲ့တဲ့ စကားလေးပါ။
နောက် တစ်ခုလဲကြားဖူးသေးတယ်။ ဘယ်နေ့သေမယ်ဆိုတာ သတ်မှတ်ချက် ပါလာပြီးသားတဲ့။ သေနေ့စေ့ရင် သေမှာပဲတဲ့။ ဒီစကားနှစ်ခုက ဆန့်ကျင် နေသလိုပဲနော်။ သေနေ့စေ့ သေမှာဆိုရင်… ဘာကြောင့် အသက်ညာဏ်စောင့်လို့ ပြောနေကြတာလဲ။ဘာမှ စဉ်းစားမနေနဲ့… စားချင်ရာတွေ စားကြ။ လုပ်ချင်ရာတွေလုပ်ကြ။ သွားချင်ရာတွေ သွားကြ။ နေချင်သလိုနေကြပေါ့ ဟုတ်ဘူးလား… သေနေ့စေ့မှ သေမှာဆိုရင် ပြောပါတယ်။
အသိညာဏ် မရှိရင် အသက် မရှည်နိုင်ဘူးဆိုတာ သဘာဝကျပါတယ်။ မသွားသင့်တဲ့နေရာ.. မစားသင့်တဲ့ အစာ။ မလုပ်သင့်တဲ့အလုပ်။ စတာတွေ အသိညာဏ်မဲ့ လုပ်ကြမယ်။ အသိညာဏ်မဲ့ စားကြမယ်။ အသိညာဏ်မဲ့ ပြောကြမယ်ဆိုရင် အသက်မရှည်နိုင်လောက်ပါဘူး။ ဒါကြောင့် အသက်ညာဏ်စောင့်တယ်ဆိုတဲ့ စကား မှန်လိမ့်မယ်လို့ထင်ပါတယ်။
နောက်ကြားဖူးတဲ့ စကားတစ်ခုလဲ ရှိသေးတယ်။ ခေတ်ကာလကြီးက ဆုပ်ကပ်ကြီးတဲ့..။ လူတွေရဲ့ အသက်တမ်းတွေလဲ တိုတိုလာတယ်တဲ့။ တဖြည်းဖြည်းနဲ့ ၁၀=နှစ်တန်းရောက်မှာတဲ့။ ဒီစကားလဲ ကလေးကတည်းက ကြားဖူးတယ်။ နားယဉ်နေတယ်။
အခုအတန်လေးကြီးလာလို့ ပတ်ဝန်းကျင်ကို သတိပြုကြည့်မိတော့ လူတွေရဲ့ အသက်တွေ တဖြည်းဖြည်းရှေလာတယ်လို့ ကြားရတယ်။ တွေ့ရတယ်။ မြင်လာရပြန်တယ်။ ခု တိုးတက်တဲ့နိုင်ငံတွေဆို လူတွေရဲ့ အသက်တွေဟာ ပိုရှည်လာကြတယ်တဲ့။ တိုးတက်မှု နှေးကွေးတဲ့ နိုင်ငံက လူတွေထက် တိုးတက်မှုအားကောင်းတဲ့ နိုင်ငံက လူတွေက ပိုပြီး အသက်ရှည်လာကြတယ်တဲ့။ လူ့ကိုယ်ရဲ့ အစိတ်အပိုင်းတွေကို စက်တွေလို ဖြုတ်တတ်တွေလဲ လုပ်လာကြတယ်။ အသစ်အဟောင်းတွေလဲ လဲလာကြတယ်။ လူတစ်ပိုင်း စက်တပိုင်းတွေလဲ စမ်းသပ်လာကြတယ်။ ဟိုတလောက လေဖြတ်နေတဲ့သူတစ်ယောက် ဦးနှောက်ကနေဆက်သွယ်ပြီး စက်ရုပ်လက်နဲ့ အဖျော်ရည်သောက်တယ်။ နှလုံးကို ဓာတ်ခဲနဲ့ခုံခိုင်းတယ်။ ဒါတွေကို သေနေ့မစေ့သေးလို့ပဲ ပြောကြမလား။
အသက်ညာဏ်စောင့်သတဲ့…
ကျွန်တော်ငယ်ငယ်က ကျွန်တော်ဦးကြီးတစ်ဦး.. တခါတခါ ဗိုက်ထဲမှာ အလုံးကြီးတစ်လုံး အပေါ်တက်တက်လာပြီး နေမကောင်းဖြစ်ဖြစ်သွားတယ်။ အဲဒီတုန်းက ရွာထဲက လူတွေက အဲဒါ စုန်းလုပ်တာတဲ့။ ပယောဂတဲ့။ တခါတလေတော့လဲ ဘာမှမဖြစ်ဘူး။ လူကောင်းအတိုင်းပဲ။ သူပေါ်ချင်တဲ့အခါ ပေါ်ခဲ့တယ်။ ဒါကြောင့်ထင်ပါရဲ့ သူ့ကိုစုန်းလုပ်တာလို့ ပြောကြတယ်။ မြို့သွားဖို့ရာကလဲ ဗဟုသုတလဲ မရှိဘူး။ သွားလဲ မသွားတတ်ဘူး။ လမ်းပန်းကစ လွယ်မှ မလွယ်တာ။ အဲဒီအချိန်အခါတုန်းက ကျွန်တော်တို့ရွာကနေ မြို့လေးပေါ်သွားဆေးကုဖို့ဆိုတာ… ဒီနေ့ခေတ် ထိုင်းတို့ စင်္ကာပူတို့သွားပြီး ဆေးကုရသလောက်ခက်ပါတယ်။ ဒီတော့ ရောဂါတစ်ခု ရလာရင် ရွာမှာရှိတဲ့ တိုင်းရင်းဆေးလေးနဲ့ကု။ နောက် စုန်းပယောဂ ဆရာလေးပြ။ ဒီလိုနဲ့ ပြီးခဲ့ကြတာကိုး။ ဒီတော့ ကျွန်တော် ဦးကြီးဟာ စုန်းလိုလို ပယောဂလိုလိုနဲ့ ပေါ်လိုက်.. ပျောက်လိုက်.. နဲ့ငယ်ငယ်ရွယ်ရွယ် နဲ့ သေသွားခဲ့ပါတယ်။
ဟော.. ဒီနေ့ခေတ်ကြတော့ ကျွန်တော်တို့ရွာမှာ အသက်နှစ်ဆယ်အရွယ် အမျိုးသမီးလေးတစ်ဦး.. အဲဒီလိုပဲ ဗိုက်ထဲမှာ တခါတခါ အလုံးကြီးတက်တက် လာလို့တဲ့။ တခါတခါတော့လဲ မပေါ်ဘူး။ ပျောက်ပျောက်သွားတယ်။ အဲဒါကို ဒီနေ့မှာတော့ စုန်းလုပ်တာလို့ပြောဆိုတဲ့လူတွေ ရှိတော့ ရှိသေးတယ်။ ဒါပေမယ့် တော်တော် နည်းသွားပြီ။ ငွေရေးကြေးရေး အခြေအနေလေးကြောင့် ရွာမှာတင် တစ်နှစ်လောက်လဲကြာသွားတယ်။ ရောဂါကလဲ ပေါ်လိုက် ပျောက်လိုက်ဆိုတော့ နေလဲနေသာလို့ပေါ့။ ဒီလိုနဲ့ မြို့ပေါ်တက် အထူးကုဆေးခန်းတစ်ခုပြ။ ဓာတ်မှန်ရိုက် ဒီတော့ အကြောင်းမှန်ကို တွေ့ရတယ်။ ဆီးစပ်မှာ ကျောက်တယ်တာတဲ့။ ကျောက်က တခါတခါဆီးလမ်းကြောင်းပိတ်တော့ ဆီးမသွားနိုင်ဖြစ်တဲ့အခါ ဆီးခိုးက အထက်တက်တက်ရိုက်လို့ အလုံးကြီးတက်တက်လာသလို ခံစားရတာတဲ့။ ကျောက်က ဆီးလမ်ကြောင်းမှာ မပိတ်တဲ့ အခါတော့ ဘာမှမဖြစ်တာတဲ့။ ဒီလိုနဲ့ ကျောက်ကို ခွဲထုတ်ပြစ်လိုက်တယ်။ ၆=သိန်းလောက်တော့ ကုန်လိုက်တယ်။ အခုလုံးဝကောင်းသွားတယ်။ ကျွန်တော့် ဦးကြီးကို ပြန်သတိရမိတယ်။ ဒီနေ့ခေတ်မှာ ရွာမှာလဲ ဆက်သွယ်ရေးဖုန်းတွေက ပေါမှပေါ။ ကားလမ်းကလဲ နေ့ချင်းတောင်ပြန်လို့ရတဲ့အနေအထား။ ဟိုတုန်းက မနက်လေးနာရီလောက်က ထသွားရတာ။ မြို့ကိုညနေလောက်မှ ရောက်ချင်တာ။ ကားဆိုလို့ လယ်ထွန်စက်ကြီးတစ်စီးထဲမြင်ဖူးတယ်။ နောက်တီဗွီတွေ ဗွီဒီယိုတွေ ကနေတဆင့် ဗဟုသုတတွေ အသိအမြင်တွေကလဲ ကျယ်လာပြီလို့ပြောရမယ်။
အဲဒီလို ဆက်သွယ်ရေးတွေက ကောင်းတော့ .. ခရီးလမ်းတွေကလဲ ကောင်း .. ဗဟုသုတလမ်းတွေကလဲ ကောင်း .. လူတွေရဲ့အသိအမြင်တွေကလဲ ကျယ်လာ.. အကြောင်းတရားအမှန်တွေကို လဲ သိလာကြတော့ အသက်တွေပိုရှည်လာကြတယ်လို့ မြင်ပါတယ်။ ဒါကြောင့် အသက်ကို ညာဏ်စောင့်တယ်ဆိုတာကို ပီပီပြင်ပြင် မြင်လာရသလိုပဲ။
အသက်ကိုညာဏ်စောင့်တာ သေချာရင်တော့ ဘယ်နေ့သေမယ်ဆိုတာ ပါလာပြီးသားတို့.. တခါထဲ သတ်မှတ်ပြီးသားတို့.. တခါထဲ စီစဉ်ပြီးသားတို့ဆိုတာတွေကို စဉ်းစားရပါတော့မယ်။
တချို့ စားသင့်.. မစားသင့် မစဉ်းစားပဲ မစားသင့်တာတွေ စားခဲ့ကြ လို့ သေခဲ့ကြတယ်။
တချို့ သွားသင့် မသွားသင့်.. မစဉ်းစားပဲ မသွားသင့်တဲ့ နေရာတွေ သွားခဲ့မိလို့ သေခဲ့ရတယ်။
တချို့ ပြောသင့် မပြောသင့် ဆိုသင့် မဆိုသင့် မစဉ်းစားပဲ မပြောသင့် မဆိုသင့်တာတွေ ပြောခဲ့ ဆိုခဲ့ကြလို့ သေခဲ့ကြတယ်။
တချို့ လုပ်သင့် .. မလုပ်သင့် မစဉ်းစားပဲ မလုပ်သင့်တာတွေ လုပ်ခဲ့ကြလို့ သေခဲ့ကြတယ်။
ဒါကြောင့် အရာရာမှာ စဉ်းစားဆင်ခြင်ပြီး အသိညာဏ်ဦးကြပါစေ။

6 comments

  • Thel Nu Aye

    June 11, 2012 at 8:31 pm

    ဟုတ်ပါတယ်။ ဒီဘက်ခေတ်ရောက်တော့ ဟိုဘက်ခေတ်က အယူအဆအမှားတွေကြောင့်လူတွေ မသေသင့် ပဲသေခဲ့ရတာတွေပြန်သတိရလာပါတယ်။ နှလုံးသွေးကြောပိတ်လို့မောတာကို အားမရှိလို့ဆိုပြီး ကြက်ဥစား ပျားရည်သောက်လုပ်ရာက အချိန်မတိုင်ပဲသေသွားရသူတွေလဲတွေ့ဖူးပါတယ်။ ဒီဘက်ခေတ် ကျတော့ အဲလိုနှလုံးသွေးကြောပိတ်ပြီဆိုတာနဲ့ ချဲ့တာတို့ ဆေးနဲ့ဖျော်ချတာတို့ အစားရှောင်တာတို့နဲ့ သက် တန်းစေ့နေနိုင်သွားကြတာပေါ့။ အဲတော့လဲ ဇောက်ထိုးပြောသလို သေနေ့ကနောက်ဆုတ်ပြီးမှစေ့တဲ့ သဘောပေါ့။

  • မောင်ပေ

    June 11, 2012 at 9:28 pm

    အိမ်း…
    အူးဘဇင်း ပြောမှဘဲ
    ကိုယ်လဲ ၊ စိုင်းစိုင်းခမ်းလှိုင်သီချင်းလေး ကို သွားသတိရမိတယ်
    “ မပြောသင့်တဲ့အကြောင်းအရာတွေ အများကြီး ၊ ဟုတ်ပြီ ”
    ကွမ်းစားပြီးရင် ထွေးပစ်တတ်သူ မောင်ပေ (မှတ်ချက် အမှန်တစ်ကယ် ကွမ်းယာဝါးသူ ဖြစ်အိ ၊ ကျွန်ုပ် မောင်ပေ အိ နှုတ်ခမ်းလေးများ ကို မြင်ကြကုန်သော အပျိုနုနုလေးများသည် သူရို ့ရင်ထဲက ချစ်ချင်စိတ်များ ပျောက်ကုန်ကြသည် ဟူသတတ် ။ အီကား နောက်မှ သိရသော စကား)

  • kai

    June 12, 2012 at 5:16 am

    အသက်ကို ဉာဏ်စောင့်ဆိုတာလည်းမှန်တယ်..
    လူတယောက် ဘယ်နေ့သေမယ်ဆိုတာ သတ်မှတ်ချက် ပါလာပြီးသားဆိုတာလည်းမှန်တယ်..

    ခုေခေတ်ပိုင်း.. လူရဲ့.. ဒီအန်အေတွေ.. Genes, genomes ‎တွေအကြောင်းသိလာတော့.. ကင်ဆာဖြစ်မဲ့သူ..။ နှလုံးရောဂါဖြစ်မဲ့သူ.. စသဖြင့်.. မွေးကထဲက.. ထဲပါလာတာတဲ့..
    အချိန်တန်.. ကင်ဆာထဖြစ်ရော..

    The ticking time bomb of cancer genes | Radio Health Journal
    http://www.mediatracks.com/…/the-ticking-time-bomb-of-cancer-genes-2/
    The ticking time bomb of cancer genes. Amy Boesky, Associate Professor of English, Boston College and author, What We Have: One Family’s Inspiring Story …

    အခုအဲဒါကို ..Genetic engineering စသဖြင့် သိပ္ပံနည်းပညာတွေနဲ့.. ကြိုတင်ဖယ်ထုတ်နိုင်ဖို့ ကြိုးစားနေကြတယ်..
    အောင်မြင်ပုံရပါတယ်.။
    ဉာဏ်ရှိတဲ့သူတွေက.. လူ့အသက်တွေကို.. စောင့်ရှောက်ပေးနေကြတာပါ..
    ==
    တချို့ ပြောသင့် မပြောသင့် ဆိုသင့် မဆိုသင့် မစဉ်းစားပဲ မပြောသင့် မဆိုသင့်တာတွေ ပြောခဲ့ ဆိုခဲ့ကြလို့ သေခဲ့ကြတယ်။
    ဒါလည်း မှန်တာပဲ..

    ကျုုပ်တွက်ဆမိသလောက်…
    တောင်ကုတ်အကြမ်းဖက်မှုမှာ. ပြည်မပြန်တဲ့.. ခရီးသည်တင်ကားထဲမွတ်ဆလင်တွေပါလာတယ်ဆိုတာ.. တောင်ကုတ်ကို.. ကြိုဖုံးဆက်ပြောသူတယောက်ရှိခဲ့တယ်..
    ရည်ရွယ်ချက်.. သိပ်ကြီးကြီးမားမားရှိခဲ့ပုံတော့.. မပေါ်ဘူး..
    ခေတ်အခြေအနေ.. အချိန်အခါကိုက်.. ပြောသင့် မပြောသင့် ဆိုသင့် မဆိုသင့် မစဉ်းစားပဲ မပြောသင့် မဆိုသင့်တာတွေ ပြောခဲ့ ဆိုခဲ့ကြလို့ အပြစ်မဲ့.. မြန်မာလူမျိုး ၁ဝယောက်သေသွားတယ်…
    ..အဲလို.. ထင်မိတယ်..

    ပြောချင်တာက..
    လူဟာ.. ကျမ်းမာရေးဘယ်လောက်ကောင်းကောင်း.. ဉာဏ်ဘယ်လောက်ရှိရှိ.. ခေတ်အခြေအနေ..အချိန်အခါအရ.. လုံခြုံမှုမရှိတဲ့အခချိန်အခါရောက်ရင်.. သေတတ်ပါတယ်..။
    ကံလို့ခေါ်ကြတယ်..
    တချို့က.. ဘုရားသခင်အလိုတော်တဲ့..။

    ဘာပဲဖြစ်ဖြစ်..
    လူသားဟာ.. စားဝတ်နေရေးပြီးတာနဲ့.. အလိုအပ်ဆုံးက.. လုံခြုံမှုပဲ.. ပိရမစ်ပုံစံအရ.. အောက်ခြေကနေအပေါ်တက်ကြတာပါ..။
    ဒီအဆင့်ကိုမဖြတ်ပဲ.. ချစ်တာ.. မေတ္တာ.. တိုးတက်တာ.. တွေးခေါ်စဉ်းစားတာ.. စသဖြင့်.. အပေါ်ဆင့်တက်လို့မရဘူး..
    မယုံရင်.. တြိဂံကြည့်.. :mrgreen:


    http://www.timlebon.com/maslow.htm

  • ဇောက် ထိုး

    June 12, 2012 at 10:33 pm

    စားဝတ်နေရေးပြီးတာနဲ့ အလိုအပ်ဆုံးက လုံခြုံမှုဆိုတာကို လက်ခံပါတယ်။
    ဆိုပါစို့.. ရခိုင်ဒေသမှာ လုံခြုံမှု မရှိသေးဘူး။ အဲဒီက လူတွေဟာ လုံခြုံမှုရှိတဲ့ နေရာက လူတွေထက်တော့ အသက်ရှင်သန်ဖို့မလွယ်ဘူးဆိုပါစို့။ အဲဒီလုံခြုံမှု မရှိလို့ အသက်မရှင်သန်နိုင်တဲ့ သူခြင်းအတူတူဆိုရင်ကော အသိညာဏ်ရှိသူ.. ရှောင်တတ် တိမ်းတတ်သူက ပိုပြီးများ အသက်ရှင်သန်မှု မဖြစ်နိုင်ဘူးလား။
    ခုလို ရခိုင်ဒေသမှာ ဖြစ်နေတဲ့ကိစ္စကကော.. ဘာကြောင့်ဖြစ်တာပါလဲ….
    ဒီနေ့ ဒီအချိန်မှာ ဖြစ်ရမယ့် ကံပါလာလို့လား။ တစ်ဦးတစ်ယောက်ထဲရဲ့ ကံလို့ ဆိုမလား။ အဲဒီဒေသရှိလူတွေအားလုံးရဲ့ကံလား။
    သို့မဟုတ်.. ဘုရားသခင်အလိုတော်ကျလား။
    သို့မဟုတ် သျှီဝရဲ့လက်ချက်လား။
    သို့မဟုတ် .. ဒီဖြစ်စဉ်ဟာ အဲဒီအကြောင်းအရာတွေက အလွတ်လား။
    သို့မဟုတ်.. အကြောင်းမဲ့လား..
    အကြောင်းမှန်ကို သိတာမှ ပညာရှိတဲ့။
    အဲ… ဆဲချင်လဲ ဆဲကြတော့…. ကျွန်တော်မြင်တာကတော့.. အသိညာဏ်မရှိလို့ပဲ မြင်ပါတယ်။
    သို့မဟုတ်.. လူ့စိတ်ကိုညစ်ထေးစေတဲ့ ကိလေသာတွေကြောင့်ပဲလို့ ထင်ပါတယ်။
    ပထမ… မိန်းကလေးကို မုဒိမ်းကျင့်သတ်တာဟာ အဲဒီသူတွေမှာ ဒီလိုမလုပ်သင့်ဘူးဆိုတဲ့ အသိညာဏ်မရှိလို့ပဲ။ သို့မဟုတ် တဏှာ ဒေါသ စတဲ့ လူ့စိတ်ကလေးကို ညစ်သွားစေတဲ့ ကိလေသာ ကြောင့်ပဲ။
    နောက် အဲဒီမုဒိမ်းကျင့်တဲ့အပေါ်မကျေနပ်လို့ဆိုပြီး လူ 10-ယောက်ကို သတ်ပြီး လက်စားချေလိုက်ကြပြန်တယ်။ ဒါလဲ မသိမှု ဦးစီးသွားလို့လို့ မြင်တာပဲ။ တကယ်တော့ စော်ကားပြီး လူသတ်သူကို တရားဥပဒေအရ အပြစ်ပေးနိုင်အောင်.. တရားတဲ့အမှုဖြစ်အောင်ပဲ ကျိုးစားကြရမှာ မဟုတ်လား။
    အဲဒီကနေ.. တဖက်ကလဲ ဥပဒေကနေ တုန့်ပြန်ဖို့ကြိုးစားတာထက် ဥပဒေမဲ့တွေ တဖက်နဲ့တဖက် မလုပ့်သင့်တဲ့ ကိစ္စတွေချည်းလုပ်နေကြတော့… အားလုံးသေကြ.. ကြေကြဖြစ်ကုန်ကြတယ်လို့ မြင်ပါတယ်။

  • ko win

    June 12, 2012 at 11:10 pm

    ပုထုဇဉ်တွေဟာ ၁။ဘယ်အရွယ်မှာ သေမလဲဆိုတာ မသိဘူး။ ၂။ဘယ်လို သေမလဲဆိုတာ မသိဘူး။၃။ သေပြီးနောက် ဘယ်သင်္ချိုင်းမှာ မြုှပ်နှံခံရမလဲဆိုတာ မသိဘူး။၄။ သေပြီးနောက် ဘယ်ဘဝရောက်မလဲဆိုတာ မသိဘူး။ အဲ….ရေးနေရင်းနဲ့ တစ်ချက်မေ့သွားတယ်။ ပုထုဇဉ်တွေ သေခြင်းနဲ့ပတ်သတ်လို့ မသိခြင်းငါးပါးရှိပါတယ်။ မှတ်မိတဲ့သူတွေ ကျန်နေတဲ့တစ်ချက် ဖြည့်ပေးကြပါဦး။ ဟဲ…ဟဲ

  • မမ အညာသူ

    June 19, 2012 at 2:12 pm

    ကျန်နေတာလေးညာဖြည့်ပေးမယ်နော်……….
    ဘာရောဂါနှင့်သေမှာလဲ……….:P

Leave a Reply