မေ့မရသော အလွမ်းသင့်ကဗျာနှင့်ဒေါင်းမလေး

silver heroJune 11, 20121min911

လူတိုင်းတွင် ငယ်စဉ်မှစ၍ဖြတ်သန်းခဲ့ရသော ဘဝမှတ်တိုင်တွင် မေ့ပျောက်၍မရနိုင်သောအဖြစ်အပျက်နှင့်

မှတ်သားစရာများစွာတို့သည် ပစ္စုပ္ပန်တိုင်အောင် အသိဉာဏ်တွင်စွဲကျန် နေတတ်သည်။ ရှေးလူကြီး
များ၏ ဆုံးမစကားများနှင့် ထုံးတမ်းစဉ်လာများသည် ယနေ့မျက်မှောက်ခေတ်တွင် စကားပုံအနေဖြင့်လည်းကောင်း၊ အလေ့
အထများအဖြစ်လည်းကောင်း လိုက်နာကျင့်သုံးလျှက်ရှိသည်။ ကျွန်မငယ်စဉ်အခါ ကျေးဇူးရှင်ဖခင်ကြီးသင်ပေးခဲ့သောကဗျာ
သည်ယနေ့အချိန်တိုင် မေ့ပျောက်၍မရအောင် ရှိခဲ့သည်။ ထိုကဗျာလေးနှင့် ထပ်တူကျသော နေ့ရက်များသည်လည်းကြုံဆုံ
လာခဲ့ရလေသည်။
          ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ကန်ကြီးဒေါင့်ကျေးရွာတွင် အဖဦးတင်လှ ၊ အမိဒေါ်တင်မြတို့မှ 1956ခုနှစ်
တွင်ကျွန်မကိုမွေးဖွားခဲ့ပါသည်။ မွေးချင်း(၉)ယောက်ရှိ၍ ကျွန်မမှာသတ္တမမြောက်သမီးဖြစ်ပါသည်။ ကျွန်မ၏မိဘနှစ်ပါးမှာ
တောင်သူလယ်သမားများဖြစ်ကြသည်။ ကျွန်မမွေးကင်းစတွင် ဖခင်ကြီးမှ ဒေါင်းမလေးဟု နံမည်ပေးခဲ့သည်။
          ကျောင်းတက်ရမည် အရွယ်သို့ရောက်သော် မိခင်မှကျောင်းအပ်ရမည်ဟုပြောလာသည်။ ကျွန်မ၏စိတ်တွင်ကျောင်း
နံမည်လှလှလေးလိုချင်စိတ်ဝင်လာခဲ့သည်။ ညနေခင်း ဖခင်ကြီးလယ်ထဲမှ ပြန်လာချိန်တွင် ဖခင်ကြီးအားလည်ပင်းမှသိုင်း
ဖက်၍ ကျောင်းအပ်လျှင်နံမည်လှလှလိုချင်ကြောင်း၊ ဒေါင်းမလေးနံမည်ကိုမကြိုက်ကြောင်းပြောသောအခါ ဖခင်ကြီးမှ
ကျွန်မအားသူ၏ ပေါင်ပေါ်တွင် ထိုင်စေလျှက် ကျွန်မခေါင်းမှ ဆံပင်များကိုပွတ်သပ်၍ ကဗျာတစ်ပုဒ်ကိုရွတ်ပြခဲ့ပါသည်။
ထိုကဗျာကို ဘဝတစ်သက်စာတွင် မမေ့ရန်မှာကြားခဲ့သည်။
“နေမင်း၊ လမင်းပြိုင်တူလင်းမည်
ခွပ်ခေါင်းငှက်များကောင်းကင်ထက်ဆီ
ပျံဝဲပျော်မြူး တွန်သံကြူးသီ
တစ်ကမ္ဘာလုံးကောင်းချီးထောပနာချီ
တို့မြန်မာပြည်အေးချမ်းသာယာမည်။”
          ဖခင်ကြီး ကဗျာရွတ်ပြပြီးလျင် ကျွန်မမှနံမည်မကြိုက်လို့ပြောတာ ဖေကြီးကကဗျာရွက်ပြတယ်
ဘာဆိုင်လို့လဲ ဖေကြီးရယ်ဟုပြောသောအခါ သမီးဒီကဗျာကိုသာ မမေ့အောင် ကျက်မှတ်ထားပါ။ နောင်တစ်ချိန်မာ သမီးနံမည် ဒေါင်းမလေး
ကိုနှစ်သက်သွားပါလိမ့်သည်။ အဲဒီအချိန်ဖေကြီးတို့ကရှိချင်မှရှိမှာ သမီးကတော့ခွပ်ဒေါင်းတွေကောင်းကင်မှာပျံဝဲတာ
မြင်ရဦးမှပါ။အဖေ့သမီးဒေါင်းမလေးကခွပ်ဒေါင်းတွေနဲ့အတူပျံဝဲပျော်မြူးသီကြူးနေမှာပါဟုပြောခဲ့သည်။ နားမလည်သေးသော
အရွယ်တွင်ဖေကြီးအား ချစ်ကြောက်ရိုသေစိတ်ဖြင့်ဘာမှ ဆက်မမေးခဲ့မိပါ။
          ကျွန်မဘဝတွင် ငယ်စဉ်ကကျေးဇူးရှင်ဖခင်ကြီးသင်ပေးခဲ့သော မမေ့နိုင်သောကဗျာလေးနှင့်ဖခင်ကြီး၏စကား
များတစ်ထပ်တည်းကျသောနေ့ရပ်များကြုံလာခဲ့သည်။ (13.5.2012)တွင် အိမ်မဲမြို့၌ NLDပါတီရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်
တင်ပွဲအခမ်းအနားကျင်းပခဲ့ရာ တက်ရောက်လာသောလူထုနှင့် ဆိုင်ကယ်၊ ဆိုက္ကားများတွင် ဒေါင်းအရုပ်ပါသော အင်္က ျီ၊
နဖူးစည်း၊ ရင်ထိုး၊ အလံ၊ အသားကပ်စတေကာများဝေဝေဆာဆာဆင်မြန်းကြသဖြင့် ကောင်းကင်မှာခွပ်ဒေါင်းငှက်များပျံဝဲ
နေသကဲ့သို့ရှိသည်။ ကျွန်မကိုယ်တိုင်လည်း ဖွင့်ပွဲအခမ်းအနားတွင် စိတ်အားထက်သန်စွာဖြင့် ကူညီလုပ်အားပေးခဲ့သည်။
ဝမ်းမြောက်ပျော်ရွှင်စွာဖြင့်လည်း အခမ်းအနားပြီးဆုံးသွားခဲ့သည်။ မမေ့နိုင်သောကဗျာကို သင်ကြားပေးခဲ့သောကျေးဇူးရှင်
ဖခင်ကြီးအား အထူးတမ်းတလွမ်းဆွတ်မိပါသည်။ ငယ်စဉ်ကမနှစ်သက်ခဲ့သော ဒေါင်းမလေးနံမည်အား ယခုအခါတွင် အထူး
တန်ဖိုးထားမြတ်နိုးမိပါသည်။ ထိုနံမည်ကိုပေးခဲ့သော ဖခင်ကြီးအားအထူးကျေးဇူးတင်ဂါရာဝပြုမိပါသည်။ ကျွန်မစိတ်ထဲတွင်
ကြည်နူးစွာလူတိုင်းသိအောင် ပြောပြချင်တာက သေဆုံးသည့်အထိ လူအများခေါ်ရမည့် ကျွန်မ၏နံမည်မှာ “ဒေါင်းမလေး”
ဟူ၍ ဖြစ်ပါသည်။
                အိမ်မဲမြို့မှဒေါင်းမလေး(ခေါ်)ဒေါ်လှလှဝင်းအတွက်အမှတ်တရ။

One comment

  • htet way

    June 14, 2012 at 4:33 pm

    ဒေါင်းမလေး ဆိုတာ ကျွန်တော်နဲ့ ရင်းနှီးပါတယ် စာပေဝါသနာကြီးပါတယ်
    အော်…. အစကတော့ ဘာကြောင့် ဒီနာမည်ပေးရ သလဲ မသိဘူး
    ခုတော့ သိလိုက်ပါပြီ ကျေးဇူးပါ silverhero.

Leave a Reply