နားစည်ကိုထွင်း နှလုံးသားအတွင်းဝင် သွေးကြောထဲမှာလှည့်ပါတ်ဦးနှောက်မှာရပ်တန့်နေသော….(အပိုင်းသုံး)

“လမ်းသူရဲသီချင်း “ကို ဆက်ပြီးပြောရမယ်ဆိုရင် အဲဒီအချိန်တုံးက ကျနော်တို့မန္တလေးမှာကက်ဆက်ဆိုတာမရှိသေးပါဘူး။
တိတ်ခွေကြီးတွေနဲ့ဖွင့်ရတဲ့ တိတ်ရီကော်ဒါတို့ ဓါတ်ပြားအမဲကြီးနဲ့လက်လှည့်ပြီးဖွင့်ရတဲ့ဓါတ်စက်တို့ဆိုတာကလဲ အိမ်တိုင်းမှာမရှိဘူးလေ။
ဒီ”မင်းမင်းလတ်” ပိုးဝင်သွားပြီဆိုကတည်းက သူ့သီချင်းတွေကို အရမ်းကိုနားထောင်ချင်လာတော့တာပါဘဲ။
အဲဒီအခါမှာ ရီကော်ဒါလဲရှိ ဒီမင်းမင်းလတ်ခွေတွေလဲရှိတဲ့ဘော်ဒါကို ရှာရတော့တာပေါ.။
ကျနော်တို့ အဲဒီနှစ်နွေရာသီမှာသန်းခေါင်စာရင်းတွေကောက်တာကို ကျောင်းကနေလုပ်အားပေးလိုက်ကြရပါတယ်။
အဲဒီတုန်းက ကိုသန်းစိန်ဆိုတဲ့ အကိုကြီးရယ် ကိုသာဒင်ဆိုတဲ့အကိုကြီးရယ်ကျနော်ရယ် တစ်ဖွဲ့တာဝန်ကျပါတယ်။
ကိုသန်းစိန်တို့က ချမ်းသာပါတယ်။သူ့အိမ်မှာလဲ တိတ်ရီကော်ဒါရှိတယ်လေနောက်သူကလဲသီချင်းကြိုက်တယ်။
ကျောင်းရောက်တော့ ကိုသန်းစိန်ကြီးကို အပူကပ်ရတာပေါ့။သူကကျောင်းပိတ်ရက်သူအိမ်ကိုလာခဲ့ဘို့ခေါ်ပါတယ်။
ဒါပေမဲ့ သူ့အဖေကြီးရှိနေရင် ငြိမ်ငြိမ်နေဘို့မှာပါတယ် သူတို့က ရှေးအဖိုးကြီးမဟုတ်လား။
သူ့အိမ်ကိုရောက်တာနဲ့ သူ့အဖေကြီးမရှိဘူးဆိုတာနဲ့ အိမ်အောက်ထပ်မှာရှိတဲ့ ရီကော်ဒါကြီးကိုမ အပေါ်ထပ်ခိုးမှာ ရှိတဲ့ကိုသန်းစိန်အခန်းထဲကိုယူ
အခန်းတံခါးကိုလုံအောင်ပိတ်လို့ အပီအပြင်နားထောင်ကြတော့တာဘဲ။
” မြင်သူချစ်စရာဆေးဆိုးပန်းရိုက်မျက်နှာလေး စွဲမက်လောက်ရဲ့ကွယ်”ဆိုတဲ့ ” ဆေးဆိုးပန်းရိုက်မျက်နှာ”
” စိန်ပန်းကြွေချိန်သည်လမ်းတွေကို ကိုယ်လွမ်းတယ် ချောရယ်” ဆိုတဲ့ ” ချောရယ်”
” မြင်ရတာ မောင့်ရင်ထဲမှာ ဒိန်းတပ်တပ် “ဆိုတဲ့ ” ဒိန်းတပ်တပ် ”
” အိမ်ပြန်လာ တပေါင်းတနေ့ ချစ်စရာနွေ” ဆိုတဲ့” ယုဇနပင်နဲ့ဖဲကြိုးဝါ”တို့ “အနားပြာ”တို့
တပုဒ်ပြီးတပုဒ်နားထောင်လို့မှ မဝသေးဘူး သူ့အဖေကြီးပြန်လာခါနီးပြီဆိုရင် သူ့အိမ်ကလူတွေက အခန်းတံခါးကိုလာခေါက်လို့သတိပေးပါတယ်။
သူ့အဖေပြန်မလာခင် ပစ္စည်းတွေကိုခြေရာလက်ရာမပျက်အောင်ပြန်ထားရပါတယ်။
သူ့အဖေကြီးက ဒီလိုသီချင်းတွေ နားထောင်တာလုံးဝမကြိုက် သိရင်အဆဲခံရပါတယ်။
ကျနော်မှတ်မိသလောက်ပြောရရင် အဲဒီတုန်းက တက္ကသိုလ်ထွန်းနောင်ရဲ့ ” ဆရာမလေလားကွယ် ကျောင်းသူလေလားကွယ် “ဆိုတဲ့
” ထမီစိမ်းစိမ်းလေး “တို့ “လှည်းဘီးမျက်မှန် “နောက် တက္ကသိုလ်အေးမောင်ရဲ့ ” မဲမဲကြီးလဲယူမှာဘဲ”ဆိုတဲ့ ” မာမီရယ်ရှာပေးကွယ် ”
” လေးနာရီထိုးပြီ မေလေးမောင့်ကိုစောင့်ကြိုမယ်”ဆိုတဲ့ “လေးနာရီ “ဆိုတဲ့သီချင်းတွေနာမယ်ကြီးပါတယ်။
ဒါပေမဲ့အဲဒီခေတ်ဦးတုန်းကသီချင်းတွေက စာသားသိပ်မပီပြင်ဘူးလို့နောက်ပိုင်းမှာခံစားရပါတယ် ။ဘာလို့လဲဆိုတော့ နိုင်ငံခြားသီချင်းတေးသွားအလိုက်ထဲကို မြန်မာစာသားခေတ်ပေါ်စာလုံးတွေဘန်းစကားတွေကိုဇွတ်ထိုးသိပ်ထည့်ထားတာများတယ်လို့ထင်ပါတယ်။

ကျနော်က ကျနော့်ခံစားရတာ ကြိုက်ခဲ့တာ ကိုပြန်ပြောပြတယ်ဆိုတယ် ဘယ်သီချင်းက အရင်ပေါ်တယ် ဘယ်ဟာကနောက်မှ ထွက်လာတယ်ဆိုတာတော့ကျနော်အတိအကျမသိတာ မမှတ်မိတာအမှန်ပါဘဲ။မှားရင်တော့ကျနော်ညံ့လို့သာမှတ်ပြီး ပြင်ပေးကြပါနော်။
ရေးနေရင်းပိုပြီးကျယ်ပြန့်သွားတယ်လို့ထင်ပါတယ် ဆက်ရေးခွင့်ပြုကြပါအုံးနော်။

2 comments

  • snow

    June 23, 2010 at 5:46 am

    ဘာပြောချင်တာလဲ..သိဘူးးးး

  • Shwemannmay

    June 23, 2010 at 7:42 am

    မာမာအေးသီချင်းလေးတွေနားထောင်ရရင်ကောင်းမှာနော် ။ အနော်လည်းမာမာအေးနဲ ့ကြီးလာတာဗျ။ မိုးလင်းရင် အဖေက မြပန်းခွေနဲ ့နှိူးတာ အချစ်မရှိတော့ဘူးတို ့ဘာတို ့

    ငယ်တုန်းက တော့သိပ်မသိသေးလို ့ မာမာအေးက အသံက အရမ်းမိုက်တာ သီချင်းစာသားတွေကလည်းလှတယ် သူဆိုလိုက်ရင်သီချင်းတွေပိုကြွလာတယ်မှတ်တာပဲ

Leave a Reply