ဘောက်ချာမပေး တောင်းသလောက်ပေး

Anya Tara LuuJune 12, 20121min1055

ဒီတစ်ခါတော့ ဗျာ
DMA ရေကြောင်းဦးစီးဌာန ရဲ့ လုပ်ပုံလေးကို တင်ပြချင်လာပါတယ်။ ကျွန်တော့ညီတစ်ယောက် ဗျာ ဒီနေ့ ၁၁ နာရီ ဝန်ကျင်လောက်က ရေကြောင်းရုံးမှာ 4tickets လက်မှတ်သွားထုတ်တယ်ဗျ။ ထုတ်ရမယ်ဆိုတာပဲသိတယ်ဗျ ဘယ်မှာသွားထုပ်ရမှန်းမသိဘူးဗျ။ ဒါနဲ့ ‘လာညီလေး မသိရင် မေးတာပေါ့ကွာ ‘ ဆိုပီး ရုံးထဲကိုရောက်လာတာပေါ့။ ဘယ်ရမလဲ လူလည်တွေပဲ ဟဲဟဲ။ ရုံးထဲလဲ ရောက်ရော ဘာပြောကောင်းမလဲ လူလည် ပုလင်းကွဲရှတာပဲ။ ဘယ်မှာ ဘာလုပ်ရမှန်းမသိတာနဲ့ ရုံးရှေ့မှာ တွေ့တဲ့ စာရေးကိုမေးတာပေါ့။ စာရေးမက ဘာပြောတယ်မှတ်လဲ ‘သုံးထပ်ဆောင်’ တဲ့။ ဒါပဲပြောတယ်ဗျ။ ဘယ်ရမလဲ သုံးထပ်ဆောင်ကိုသွားတာပေါ့ဗျာ။ တစ်ဆောင်တည်းရှိတာကိုး။ ဟိုရောက်တော့ ရောင်လည်လည်ဖြစ်ပြန်ရောဗျ။ ထပ်မေးတယ်ဗျ အခန်းတစ်ခန်းထဲမှာ စာရွက်တွေစီနေတဲ့လူတစ်ယောက်ကို တွေ့တော့ 4tickets ဘယ်မှာထုတ်ရမလဲပေါ့။ အကို ကျွန်တော်မသိဘူးတဲ့။ ကောင်းရော ဘယ်ထပ်သွားရမှန်းမသိဘူးဖြစ်သွားတယ်ဗျ။ ဒါနဲ့ ဘယ်ရမလဲဗျာ ရုံးတစ်ခုလုံး ပတ်ပြေးရရင် ပြေးရပစေပေါ့ဗျာ။ယောက်ကျားတို့ဇွဲ သေခါမှလျော့ပေါ့။ နောက်တွေ့တဲ့အခန်းထဲက မိန်းမတစ်ယောက်နဲ့ ယောက်ကျားတစ်ယောက်ကို ထပ်မေးတော့ အပေါ်ထပ်မှာ ရှာတဲ့။ စောစောကနဲ့စာရင်တော့ နီးစပ်လာပီဆိုပီး နည်းနည်း ဝမ်းသာသွားတာပေါ့ဗျာ။ ဒါနဲ့ အပေါ်ထပ်ကို တက်သွားတော့ တွေ့တဲ့ အခန်းမှာ ကောက်မေးလိုက်တော့ ညာဘက် ဘေးခန် တဲ့၊ ရုပ်တည်တည်နဲ့ ဝင်သွားတာပေါ့။ ဘယ်သူမှကရုမစိုက်ဘူးဗျ။ မစိုက်တော့လဲ ကိုကပဲ ထပ်မေးရတာပေါ့ဗျာ။ ဟိုးနောက်က လူစုစုနေရာတဲ့။ ဟဲဟဲ အတော်လေး နီးစပ်လာပီဗျ။ ဒါနဲ့ အဲ့နားသွားတာပေါ့။ လူစုနေတဲ့ စားပွဲနောက်ဆုံး ကိုသွားပီး ရိုရိုကျိုးကျိုးလေးနဲ့ ‘အမ 4tickets ထုတ်ချင်လို့ပါ’ လို့ပြောလိုက်တာ ‘ရှေ့စားပွဲသွား’ တဲ့။ သူ့ရှေ့ကစားပွဲထပ်သွားပီးစောစောကလိုမေးတော့ အဲ့လိုပဲထပ်ပြောတယ်ဗျ နည်းနည်းတင်းလာတယ်ဗျ။ တင်းပေမယ့် အောင့်ထားလေ ကျွန်တော့ညီလေးကို သူက တစ်နေအောင်လုပ်ထားမှာစိုးရတယ်။ ဒါနဲ့ နောက်စားပွဲရောက်တော့ ဖောင်ယူသွား၊ ၃၀ဝ ပေးတဲ့။ ဘယ်ရမလဲ လူလည်လေ အကြွေဆောင်လာတယ်။ ၃၀ဝ တိတိပေးလိုက်တယ်ဗျ။ အဲ့ဒိစာရေးမကို “အမ ဘာထပ်လုပ်ရမလဲ” မေးတော့ စာရေးမက ပြန်တောင်မကြည့်ဘူးဗျ။ နည်းနည်းလေးကြယ်ကြယ်ထပ်မေးတော့မှ” နောက်စားပွဲသွား”တဲ့ အဲ့ဒါနဲ့ နောက်စားပွဲရောက်တော့ ဖောင်နဲ့ မှတ်ပုံတင်၊ ကျောင်းသားကပ်ကော်ပီနဲ့ လာတင်တဲ့။ ကျွန်တော်တို့မြန်မာတွေတော်တော် တော်တယ်ဗျ။ လမ်းညွန်ချက်ကို ရေးထားစရာမလိုဘူးဗျ။ ဟဲဟဲ ဒီလောက်ဆိုသဘောပေါက်ပေါ့။ အပြေးကလေးနဲ့ မိတ်တူဆွဲပီး ပြန်လာတော့ အမောဆို့အောင်လုပ်တယ်ဗျ ဓါတ်ပုံနဲ့ ပိုက်ဆံ ၄၀၀ဝ ထားခဲ့တဲ့။ ကျွန်တော်က ဘာဖိုးလဲဆိုတော့ ဖောင်တင်ကြေး တဲ့။ ကဲ ကောင်းရော။ ကျွန်တော်တို့နိုင်ငံမှာ အမည်မဖေါ်လိုသော ပိုက်ဆံတောင်းနည်းကတော့ ဖောင်တင်ကြေးတဲ့။ ပီးတော့ထပ်ပြောတယ် နောက်၂ပတ်စောင့်တဲ့ ပီးပီး ကိတ်စ က။ နောက်မှလာယူပေတော့ ပေါ့။ သင်ဘာများပြောနိုင်ပါမည်နည်း။
အညတြလူ

5 comments

  • etone

    June 13, 2012 at 11:42 am

    စိတ်သိပ်မမှန်တဲ့ လူတွေ အလုပ်လုပ်ခွင့်ရနေတော့လည်း … အဲ့ဒီလိုတွေ ဖြစ်ဖြစ်နေတော့တာပေါ့ … ။
    ဌာနဆိုင်ရာတွေနဲ့ အလုပ်လုပ်ရတဲ့ အခါ စာရွက်စာတမ်းပြည့်စုံဖို့ .. စားပွဲ တစ်ခုကနေ ..
    လုပ်ငန်းသဘောတရားကိုမသွားဖူး ၊ မလုပ်ဖူးတဲ့ လူဆို .. ပထမဆုံးအကြိမ်မှာ … လမ်းညွှန်မှုမပါလျှင် .. ယောင်လည်လည်ဖြစ်နေတာ သဘာဝပါ ။ ဒါကို လုပ်ငန်းသဘောတရားနားလည်ပြီးသား ဝန်ထမ်းတွေက ရှင်းပြရမယ် ၊ ညွှန်ပြရမယ် ၊ လမ်းပြရမယ် ။ … ပိုက်ဆံမရလို့ ရေငုံနှုတ်ပိတ်နေတာမျိုး ၊ အူလည်လည် လုပ်လွှတ်လိုက်တာမျိုးကတော့ .. သက်သက်ဗိုက်ကျပြီး စိတ်ဓါတ်နိမ့်ကျတာ၊ဂွင်ဖန်တာလို့ ကျွန်မစွပ်စွဲ လိုက်ချင်တယ် ။

    ဌာနမှာ တာဝန်ရှိသူတွေက ….. ကိုယ့်ဆီလာပြီး ဆက်ဆံရမယ့် လူတွေအပေါ် စေတနာ ထားသင့်တာပါ … ။ သူတို့အဆင်ပြေအောင် လမ်းညွှန်မှုတွေ (ပါးစပ်မအားလို ့) မပေးနိုင်ဘူးဆိုလျှင်တောင် ထင်သာ မြင်သာ ရှိတဲ့ နေရာမှာ လုပ်ငန်း လုပ်ပုံ အဆင့်ဆင့်တွေကို စာရွက်ထုတ်ကပ်ထားသင့်ပါတယ် … ။ တကယ့်ကိုယ့်လုပ်ငန်းနဲ့ ဆက်နွယ်သူတွေကို စေတနာရှိခဲ့လျှင်ပေါ့ လေ … ။

  • mayjuly

    June 13, 2012 at 1:12 pm

    ဟွင့် လူဇိုး …..
    R.K မှာ ဘောင်ချာလိုလို့လားလို့ … 😀

    အရမ်းအရမ်း လျှောက်မပြောနဲ့ နော်..
    မီးတို့ တိုင်းပြည်ကဝန်ထမ်းတွေက သမာဓိ ရှိတယ်လေ သူ့တို့ဘာသာ ငြိမ်ငြိမ်လေး ထိုင်စားနေကြတာ..
    အဲလေ.. ထိုင်ပီး အလုပ်လုပ်နေကြတာလို့ … 😛

  • Thel Nu Aye

    June 13, 2012 at 2:02 pm

    အဲရုံးမှာက လူတယောက်ဝင်လာရင် သူတို့ကလူလို့မမြင်ဘူး။ အစိမ်းအစိမ်းတွေပဲမြင်တာ။ အဲတော့လဲ တရွက်လောက်ပေါ့လေ။ အစိမ်းအစိမ်းထုပ်ကြီးထဲက တရွက်လောက်ကတော့ ဘာမှမဖြစ်ဘူးလို့တွေးနေ တာပေါ့။ အဲဒီဘာမှမဖြစ်ဖူးတွေများလာတော့ အဲဒီအစိမ်းအထုပ်ကြီးလဲ အပြားကြီးဘဝရောက်တာ သူတို့ ကမသိ။

  • water-melon

    June 13, 2012 at 2:09 pm

    ဘယ်နေရာသွားသွား အဆင်ပြေချင်ရင် အစိမ်းလေး အနီလေး ခုပေါ်နေတဲ့ အသစ်ကလေးသာ ပေးလိုက်
    အားလုံး အိုကေ
    ခင်တဲ့ ဘိန်းစားဖရဲမ

  • Shwe Ei

    June 13, 2012 at 2:40 pm

    ပိုက်ဆံပေး ခိုင်းရင် ယပ်ခပ်ထိုင်နေလို့ရတဲ့ ရုံးတွေပေါမှပေါပါဗျာ။ ဒါတောင်ပေးရမဲ့လူက အားနာတဲ့ပုံပေါက်နေရသေးတာ။ စော်ကားသလိုဖြစ်မှာစိုးလို့လေ။ ဟိုဖက်က လိုချင်တာမှပြာလို့ ကိုကမသိလို့သာ။

Leave a Reply