တိမ်ယံသစ္စာ အပိုင်း ( ၉ )

alinsettJune 13, 20121min1288

အချိန်နှင့်အမျှ နှုတ်ခမ်းဒဏ်ရာ အရောင်ကျလာသည်။ မကြာခင်မှာပင် နှုတ်ခမ်းအပေါ်ဘက်၌ ပန်းနုရောင် ချုပ်ရိုးကြောင်းလေး ကောက်ကောက်ကွေးကွေး ပေါ်လာသည်။ သည်လိုနှင့် ဆောင်းဝင်လာချိန်၊

ဟက်ဆန့်ဒဏ်ရာကလေးလည်း ရေးရေးမျှသာ ကျန်တော့ချိန်၊ အထင်နှင့်အမြင် ပါစင်အောင်လွဲခဲ့ရသည်။ အဘယ် ကြောင့်ဆိုသော် ထိုနှစ်ဆောင်းရာသီတွင် ဟက်ဆန်တစ်ယောက် အရယ်အပြုံး နားသွားခဲ့သည်။
……………………………………………..
…………………………………………….
________________

အခန်း(၆)

ဆောင်း။

နှစ်စဉ်နှစ်တိုင်း ပထမဆုံးနှင်းကျရက်၏ ကျွန်တော့်လုပ်ငန်းဆောင်တာ

များကို ပြောပြပါမည်။ နံနက်စောစော ချမ်းချမ်းစီးစီးထဲ ညအိပ်ဝတ်စုံ

မချွတ်ဘဲ အိမ်မှထွက်သည်။ အအေးဒဏ်ကို လက်မောင်းပိုက်၍ အံတုခံသည်။

ဆင်ဝင်လမ်းနှင့် အဖေ့ကား၊ နံရံ၊ သစ်ပင်၊ အိမ်ခေါင်၊ တောင်ကုန်း

အရာအားလုံး နှင်းထဲမြုပ်လျက်။ ပြုံးမိတော့သည်။ ကောင်းကင်သည်

ချုပ်ရိုးမဲ့အပြာရောင်။ မျက်လုံးဖန်အောင် ဖြူနိုင် လွန်းသော

နှင်းဖြူငွေလွ။ ဆိတ်ငြိမ်မှုကို ဖြိုခွဲသံဟူ၍ အဝေးမှ ကျီးသာသံလေး တစ်ခုသာ။

လတ်လတ်ဆတ်ဆတ် နှင်းဖြူပွင့်တွေ လက်ခုပ်အပြည့်ကော်ကျုံးကာ ပါးစပ်ထဲ

ပစ်သွင်းလိုက်သည်။ ကဘူးမြို့တွင် ယောက်ျားလေးများ၏ အကြိုက်ဆုံး ရာသီမှာ

ဆောင်းရာသီပင်ဖြစ်မည်။ အနည်းဆုံးတော့ ကိုယ့်အဖေက မီးလင်းဖိုကောင်း

ကောင်းသုံးနိုင်လျှင် ဆောင်းရာသီသာ ကြိုက်ကြမည်။ အကြောင်းရင်းက ထွေထွေ

ထူးထူးမဟုတ်။ အချမ်းလသမယသည် ကျောင်းပိတ်ချိန်။ ကျွန်တော့်အတွက်ကတော့

မီးလင်းဖိုဘေး ဟက်ဆန်နှင့် သုံးလကြာဖဲချနိုင်တော့မည်။ အင်္ဂါနေ့ မနက်တိုင်း

ရုုရှားရုပ်ရှင် အလကား ကြည့်ရမည်။ မနက်ပိုင်း နှင်းခဲလူရုပ်

အပျော်လုပ်ကစားပြီးလျှင် နေ့လည်စာကို ခါးဖုဖြူထမင်းစားရမည်။

ထို့နောက်တွင်ကား … စွန်။ စွန်လွှတ်မည် … စွန်လိုက်မည်။

္ထ——————–

အချို့ကလေးများ ကံမကောင်းချင်တော့လည်း တစ်နွေနှောင်းလို့တစ်

ဆောင်းသစ်သွားသည့်တိုင် သူတို့အတွက် ကျောင်းပိတ်ချိန်က ရောက်မလာ။ နေရင်း

ထိုင်ရင်း စေတနာ့ဝန်ထမ်းသင်တန်းတွေ တက်ကြရသည်။ ကျွန်တော်သိသမျှ အဘယ်

ကလေးမှ စေတနာ့ ဝန်ထမ်းသွားမတက်ချင်ကြ။ မိဘတွေကသာ စေတနာ့ဝန်ထမ်း

လုပ်ချင်နေကြခြင်းပင်။ ကျွန်တော်ကတော့ ကံကောင်းသည်။ ဘာဘာသည် ထိုသို့ သော

မိဘမျိုးမဟုတ်ခဲ့။ ကျွန်တော်တို့နှင့် မျက်နှာချင်းဆိုင်အိမ်မှ

အာမက်ဆိုသော ကလေးတစ်ဦးကို ကျွန်တော်မှတ်မိသေးသည်။ သူ့အဖေက

ဆရာဝန်တစ်မျိုး။ အာမက်တွင် ဝက်ရူးပြန်ရောဂါရှိသည်။ သိုးမွေးစွပ်ကျယ်

မချွတ်တမ်းဝတ်ကာ ကိုင်းနက်မျက်မှန်ထူကြီး သွားလေရာပါသော အာမက်သည် အာစွပ်၏

ပုံမှန် သားကောင်လေးဖြစ်သည်။

မနက်တိုင်းမနက်တိုင်း ကျွန်တော့်အိပ်ခန်းပြတင်းမှ ကြည့်လိုက်လျှင်

အာမက်တို့အိမ်မှ နှင်းများကော်ကျုံးနေသော ဟာဇာရာအစေခံကို တွေ့ရမြဲ။

အနက်ရောင်အိုပယ်ကားအတွက် လမ်းရှင်းပေးခြင်းဖြစ်သည်။ အာမက်တို့သားအဖ

ကားထဲဝင်သည်ကို ကျွန်တော်စောင့်ကြည့်သည်။ အာမက်ကို သိုးမွေးစွပ်ကျယ်၊

ဆောင်းဝတ်ကုတ်အကျႌနှင့် တွေ့ရပြီး သူ့ကျောင်းလွယ်အိတ်ထဲ စာအုပ်တွေ

ခဲတံတွေ ပြည့်နေသည်။ အာမက်တို့ကားထွက်သွားပြီး လမ်းထောင့်ကိုချိုးသွားမှ

ကျွန်တော် လည်း ဖလန်နယ်အကျႌမချွတ်ဘဲ အိပ်ယာထဲ ပြန်ကွေးသည်။

စောင်ကိုမေးစေ့ထိ ဆွဲအုပ်ပြီး မြောက်ဘက်နှင်းလွှမ်းတောင်တန်းများကို

ပြတင်းမှငေးသည်။ သည်လိုနှင့် ကွေးရင်းငေးရင်း ပြန်အိပ်ပျော်သွားတော့သည်။

ကဘူးမြို့၏ ဆောင်းရာသီကို ကျွန်တော်ဘယ်လိုကြိုက်မှန်းမသိ။ ညည ဆိုလျှင်

မှန်ပြတင်းပေါ် ဆီးနှင်းတို့ တတောက်တောက် ပေါက်ပေါက်ကျလာပုံကို

ကျွန်တော်ကြိုက်သည်။ ရာဘာလည်ရှည်ဖိနပ်ကြီးဖြင့် နင်းလိုက်တိုင်း

နှင်းပွင့်နှင်းခဲတို့ ဖိနပ်အောက် တကြွပ်ကြွပ်ကြေသွားပုံကို ကြိုက်သည်။

ဝင်းတွေထဲ လမ်းတွေထဲ အေးစိမ့်သောတိုက်လေတို့ ဝီခေါ်ဝဲလှည့်နေစဉ်

သံကြွပ်မီးလင်းဖိုဘေး နွေးထွေးနေပုံ ကိုလည်းကြိုက်သည်။ အကြိုက်ဆုံးကတော့

သစ်ပင်တွေနှင်းခဲရိုက်ကာ လမ်းမတွေ နှင်းကမ္ဗလာလွှမ်းထားသည့်တိုင်

ကျွန်တော်နှင့် ဘာဘာ့ကြားမှ အေးစက်ခြင်းရေခဲများ နည်းနည်းတော့

အရည်ပျော်ကျလာခြင်းပင်။

အကြောင်းရင်းမှာ … စွန်။ ဘာဘာနှင့် ကျွန်တော်သည် တစ်အိမ်ထဲ

တစ်မိုးအောက်ထဲမှ မိုးနှင့်မြေတမျှ ကွဲပြားခြားနားသော ဖြစ်တည်မှုနှစ်ခု။

စွန်တွေ ကတော့ ထိုဖြစ်တည်မှုနှစ်ခု၏ စက္ကူရွက်တစ်ရွက်နှယ် ပါးလျသော

ဆုံမှတ်။
္ထ—————–

နှစ်စဉ်နှစ်တိုင်း ဆောင်းကာလများဆိုလျှင် ကဘူူးတွင် စွန်တိုက်ပွဲကျင်းပ

ကြသည်။ အကယ်၍ သင်သာ ကဘူးမြို့တွင် နေထိုင်သောကောင်လေးတစ်ယောက် ဖြစ်ပါမူ

ထိုပွဲသည် သင့်အတွက် မငြင်းနိုင်လောက်အောင် အချမ်းလသမယ၏ အထင်ရှားဆုံး

တံခွန်စိုက်ပြိုင်ပွဲတစ်ခု ဖြစ်နေလိမ့်မည်။ ပြိုင်ပွဲမစမီညများဆိုလျှင်

ကျွန်တော့်မှာ အိပ်၍မပျော်။ အိပ်ယာပေါ် ဘယ်ညာလူးကာ နံရံပေါ် လက်ရိပ်အရုပ်

များလုပ်သည်။ မှောင်ကြီးမဲကြီးထဲ စောင်ကြီးပတ်လျက်သား လသာခန်းပေါ် တက်

ထိုင်လိုထိုင်နှင့် ဧရာမတိုက်ပွဲကြီး မစတင်မီ ကတုတ်ကျင်းထဲ

အိပ်ပျော်အောင် အားထုတ်ရသော စစ်သားနှင့်တူသည်ဟု နှိုင်းယှဉ်လျှင်

လွန်အံ့မထင်။ ကဘူးတွင် စွန်လွှတ်စွန်ဖြတ်ခြင်းသည်

တိုက်ပွဲဝင်နေသည်နှင့်မခြား။

စစ်ဖြစ်ပြီဆိုလျှင် တိုက်ပွဲဝင်ရန် အသင့်ပြင်ဆင်ရတော့မည်။ ဟိုအရင်က တော့

ဟက်ဆန်နှင့် ကျွန်တော် ကိုယ်လွှတ်မည့်စွန် ကိုယ်တိုင်လုပ်လေ့ရှိသည်။

ဟာရက်မှ ဘာဘာဝယ်လာပေးသော ကြြွေမင်းရုပ်စုဘူးလေးထဲ အပတ်စဉ်ရသော

မုန့်ဖိုးငွေ စုထားကြသည်။ ဆောင်းလေဝင်ပြီဆိုလျှင်၊ နှင်းပွင့်နှင်းခဲတွေ

အဆုပ်လိုက် အခဲလိုက် တဖွေ့ဖွေ့ကြွေပြီဆိုလျှင် မြင်းရုပ်ဗိုက်မှ

အံဖုံးကိုခွာသည်။ ဈေးသွားပြီး ဝါး၊ ကော်၊ ကြိုးနှင့်စာရွက်ဝယ်သည်။

တနေ့တနေ့ ဝါးကိုင်းတွေသပ်ရ၊ စာရွက်တွေ ဖြတ်ရနှင့် နာရီပေါင်းများစွာ

အချိန်ပေးလုပ်ကြသည်။

မှန်စာကြိုးကိုလည်း ကိုယ်တိုင်လုပ်သည်။ စွန်သည် သေနတ်ဖြစ်ပါက

မှန်စာကြိုးကို သေနတ်အိမ်ထဲမှ ကျည်ဆန်ဟုခေါ်ရမည်။ ပေငါးရာရှည်သောကြိုးကို

မှန်ကွဲစကော်ရည်ထဲစိမ်ရသည်။ ခြံထဲ သစ်ပင်များကြား သွယ်တန်းကာ ကြိုးကိုအ

ခြောက်ခံသည်။ နောက်တစ်နေ့တွင် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသော ကြိုးကို

သစ်သားရစ်ဘီးတွင်ရစ်သည်။

နှင်းအပျော်၊ နွေဦးမိုးတစ်ပြိုက်အကျတွင် ကဘူးမြို့မှ ကလေးအားလုံး၏

လက်ချောင်းများပေါ် အလျားလိုက်ကြိုးရှရာများ ပွနေကြပြီ။

တစ်ဆောင်းတွင်းလုံး စွန်လွှတ်ပြိုင်ကြခြင်း၏ ရလဒ်ဖြစ်၏။

ကျောင်းစတက်ရက်တွင် ကျွန်တော်နှင့် အတန်းဖော်များ တိုက်ပွဲဝင်ဒဏ်ရာများ

ပြိုင်ကြသည်ကို ကျွန်တော်မမေ့သေး။ ကြိုးရှဒဏ်ရာသည် စပ်ဖျဉ်းဖျဉ်းနှင့်

ရက်ပေါင်းများစွာ မပျောက်နိုင်။ သို့သော် ကျွန်တော်မမှု။

လျင်မြန်စွာကုန်လွန်သွားသော လရာသီ၏ အမှတ်တရဒဏ်ရာများမို့ ကျွန်တော်မမှု။

အတန်းခေါင်းဆောင် ဝီစီမှုတ်လျှင် ကျွန်တော်တို့ လူတန်းတစ်တန်းထဲ တန်းစီကာ

စာသင်ခန်းထဲ ဝင်ကြရသည်။ နောက်ထပ်ရှည်လျားလှသော တစ္ဆေကောင် စာသင်နှစ်က

ကျွန်တော်တို့အား လက်ကမ်းကြိုဆိုနေစဉ် ကျွန်တော်တို့သည် ကျန်ရစ်လေသော

ရာသီဆောင်းကိုသာ လွမ်းတမ်းတလျက် ရှိရလေသည်။

္ထ————–

ဟက်ဆန်နှင့် ကျွန်တော်သည် စွန်လုပ်ခြင်းထက် စွန်တိုက်ခြင်းတွင် ပို

ကောင်းကြောင်း မြန်မြန်ဆန်ဆန် သိလိုက်ရသည်။

ကျွန်တော်တို့လုပ်သည့်စွန်တွင် ဒီဇိုင်း သို့မဟုတ် အပြစ်အနာအဆာ

နည်းနည်းလေးပါသည်နှင့် ကျွန်တော်တို့ ကံခေသွားကြတော့၏။ ဘာဘာက

ကျွန်တော်တို့အား ‘ဆိုင်ဖို’ ၏ စွန်အရောင်းဆိုင်ကို ခေါ်သွားသည်။

ဆိုင်ဖိုအဖိုးကြီးသည် မျက်မမြင်တစ်ယောက်နီးပါး မျက်စိမှုန်လှသူ၊

သက်မွေးဝမ်းကျောင်းအဖြစ် ဖိနပ်ချုပ်သူ၊ မြို့၏နာမည်အကြီးဆုံး

စွန်လုပ်သူဖြစ်သည်။ ကဘူးမြစ် ရွှံ့ထူကမ်းပါးများ၏ တောင်ဘက်ရှိ လူစည်ကားသော

ဂျာဒါမေဝင်း လမ်းပေါ်မှ တဲကုပ်ကလေးတွင် ဆိုင်ဖိုအဖိုးကြီး

စွန်လုပ်ရောင်းသည်။ အကျဉ်းထောင် မြေတိုက်ခန်းပမာဏရှိသောဆိုင်လေးထဲ

ငုံ့လျှိုးဝင်ပြီး ကြမ်းခင်းပေါ်မှ အံဝှက်တံခါးကို မ’ရသေးသည်။

သစ်သားလှေကားမှ ဆင်းလိုက်လျှင် မြေတိုက်ခန်းထဲတွင် အဖိုးကြီးဆိုင်ဖို

ဝှက်သိမ်းထားသော ငမ်းငမ်းတက်လိုချင်စရာ စွန်များ။

ဘာဘာက ကျွန်တော်တို့ကို တစ်ယောက်လျှင် စွန်သုံးကောင်ကျ ဝယ်ပေးမြဲ။

ကျွန်တော်က စိတ်ပြောင်းပြီး စွန်ကောင်ကြီးကြီးလှလှ လိုချင်လာလျှင် ဘာဘာက

ကျွန်တော့်အလိုကိုလိုက်သည်။ သို့သော် ဟက်ဆန့်အတွက်လည်း ဝယ်မပေးဘဲမနေ။

တစ်ခါတလေများ ဘာဘာ့ကိုထိုသို့မလုပ်စေလို။ ကျွန်တော့်ကိုသာ ပထမဦးစားပေး

ဖြစ်စေလိုသည်။
္ထ——————-

တံခွန်စိုက်စွန်တိုက်ပွဲသည် အာဖဂန်နစ္စတန် ရိုးရာပြိုင်ပွဲတစ်ခုဖြစ်သည်။

ပြိုင်ပွဲနေ့တွင် မနက်စောစောကတည်းက ပွဲစပြီး ကောင်းကင်တွင် ဗိုလ်စွဲသော

စွန်တစ်ကောင်သာ မကျန်မချင်း ပွဲမပြီး။ တစ်ခါတုန်းကများဆိုလျှင်

စွန်တိုက်ပွဲ နောက်တစ်နေ့ကူးသွားခဲ့ဖူးသည်။ လျှောက်လမ်းနှင့်

အိမ်ခေါင်မိုးများပေါ် လူတွေ ပြည့်ကာ ကိုယ့်ကလေးကိုယ်အားပေးကြသည်။

လမ်းမပေါ်တွင် စွန်လိုက်သူများက အပြည့်။

ကြိုးကိုလျှော့လိုက်တင်းလိုက်လုပ်၍ စွန်သည် ကောင်းကင်ထဲ ထိုးတက်

သွားသည်နှင့် ပြိုင်ဘက်စွန်ကြိုးကို ဖြတ်နိုင်ရန် ဟန်ချက်ထိန်းသည်။

စွန်ပြိုင်ပွဲ ဝင်သူတိုင်း လက်ထောက်တစ်ယောက်လိုသည်။ ကျွန်တော့်အတွက်ကမူ

ရစ်လုံးကိုင် ကြိုးထိန်းပေးရန် ဟက်ဆန်ရှိပြီးသား။

တစ်ခါကတော့ အိမ်နီးချင်းလူသစ်များ ရောက်လာသည်။ လူသစ်ဟိန္ဒီ

ဆိုးပေလေးတစ်ကောင်က သူတို့ဇာတိမှ စွန်တိုက်ပွဲ၏ တင်းကျပ်သော

စည်းမျဉ်းစည်း ကမ်းများအကြောင်း ပြောပြဖူးသည်။ ”ပြိုင်ပွဲဝင်တဲ့လူက

သတ်မှတ်ထားတဲ့ ဧရိယာအတွင်းမှာပဲ ရှိရမယ်ကွ။ လေအလာနဲ့

ထောင့်မှန်ကျအောင်နေရတယ်။ ပြီးတော့ မှန်စာကြိုးကို အလူမီနီယံ မသုံးရဘူး”

ဟု ဝံ့ကြွားစွာပြောပြလေသည်။

ဟက်ဆန်နှင့်ကျွန်တော် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်သည်။

ကြောင်သွားကြသည်။ ထိုဟိနီ္ဒကောင်လေး မကြာခင်သိလာပါလိမ့်မည်။ အာဖဂန်သည်

လွတ်လပ်သောလူမျိုး၊ အမှီအခိုကင်းသောလူမျိုးဆိုသည်ကို ဗြိတိသျှတို့က

ဤရာစုနှစ် အစောပိုင်းကတည်းက သိပြီးဖြစ်သည်။ ရုရှားတို့လည်း ၁၉၈ဝ

ပတ်ဝန်းကျင်တွင် မလွဲမသွေ သိလာပါလိမ့်မည်။ အာဖဂန်တို့သည် ရိုးရာဓလေ့ကို

နှလုံးသားဝယ် အမွန်အမြတ် ပိုက်ထွေးမြတ်နိုးသော်လည်း

ဟိုစည်းမျဉ်းဒီစည်းကမ်းဆိုလျှင် မုန်းသည်။ စွန်တိုက်ပွဲတွင်လည်း

ဤနည်း၎င်း။ စွန်တိုက်ပွဲ၏ စည်းမျဉ်းက ရိုးရှင်းပါသည်။

စည်းမျဉ်းမရှိခြင်းပင်တည်း။ စွန်ကိုလွှတ်ပါ။ ပြိုင်ဘက်စွန်ကို ဖြတ်ချပါ။

သင်ကံ ကောင်းပါစေ။

သည်လောက်နှင့် မပြီးသေး။ တကယ်ပျော်ရသည့်ပွဲမှာ စွန်တစ်ကောင် ပြတ်ကျလာမှ

ဖြစ်သည်။ ထိုအခါ စွန်လိုက်သူကောင်ကလေးများ စွန်လိုက်ကြပြီ။ စွန်သည်

လေနှင့်အတူလွင့်ပါးကာ အနီးအနားကွင်းတစ်ခုခုပေါ် ချာလည်ချာလည်ဝဲပြီး

ကျလာတတ်သည်။ ရံခါလည်း ခြံဝင်းထဲကျလိုကျ၊ သစ်ပင်နှင့် ငြိလိုငြိ၊

ခေါင်မိုးပေါ် တင်လိုတင်။ စွန်လိုက်ပွဲကတော့ သဲသဲမဲမဲ။ စွန်လိုက်ကလေးများ

လမ်းမပေါ်အုပ်လိုက် ပြေးကြသည်။ တစ်ခါတုန်းက ဖတ်ခဲ့ဖူးသော စပိန်ပြည်မှ

နွားသိုးလိုက်ပွဲနှင့်မခြား။ ရှေ့ကလူတွေပြေး၊ နောက်ကနွားသိုးကြီးလိုက်။

တစ်ခါကလည်း ကလေးတစ်ဦး ထင်းရူးပင်ပေါ်တက်ပြီး စွန်လိုက်သည်။

ကိုယ်အလေးချိန်ကြောင့် ကိုင်းကျိုးကျသည်က အမြင့်ပေ သုံးဆယ်။

ခါးရိုးကျိုး၍ တသက်လုံးလမ်းမလျှောက်နိုင်တော့။ သစ်ပင်ပေါ်မှပြုတ်ကျစဉ်

လက်ထဲမှ စွန်ကိုမလွှတ်။ စွန်လိုက်သူတစ်ဦး၏လက်ထဲ စွန်ရသွားပါက

မည်သူမျှဆက်မလု ကြတော့။ စည်းမျဉ်းတော့မဟုတ်။ ထုံးစံသာဖြစ်၏။

စွန်လိုက်သူများအတွက် မျက်စိကျစရာ အကောင်းဆုံးဆုမှာ နောက်ဆုံး

ပြတ်ကျသည့်စွန်ဖြစ်၏။ ထိုစွန်သည် အောင်ပွဲရအထိမ်းအမှတ်ဆုဖြစ်သည်။ ဧည့်သည်

များ၏ချီးမွမ်းမှုကို ခံယူရန်ပြသထားရသောဆုဖြစ်သည်။ ကောင်းကင်တွင် စွန်များ

ကုန်သွားပြီး ဗိုလ်လုပွဲအတွက် စွန်နှစ်ကောင်သာ ကျန်ရစ်ချိန် …

ထိုအချိန်တွင် စွန်လိုက်ကလေးတိုင်း ထိုဆုအတွက် အသင့်ပြင်ကြပြီ။

စွန်ကျမည်ဟု မိမိထင်ထား သည့်နေရာကို ဦးတည်ထားသည်။ တင်းနေသောကြွက်သားများ

သူ့အလိုလို ဖြေလျော့ ပြီးဖြစ်နေကြသည်။ လည်တဆန့်ဆန့်နှင့်

မျက်လုံးများလည်း တွန့်ခေါက်ကာ ပြိုင်ပွဲဝင်ကြပြီ။ နောက်ဆုံးစွန်

ပြတ်ကျလာသည်နှင့်တစ်ပြိုင်နက် အုတ်အော်သောင်း သဲ

ဝုန်းဒိုင်းကြဲသွားကြတော့၏။

မနည်းတော့သည့် နှစ်ကာလတွေအတွင်း စွန်လိုက်သူပေါင်းများစွာကို

ကျွန်တော်တွေ့ဖူးသည့်အနက် ဟက်ဆန်သည် အတော်ဆုံး ဧရာမစွန်လိုက်သမား

ကြီးဖြစ်သည်။ မြေပြင်ပေါ်စွန်မခမီ ကျမည့်နေရာအတိအကျကို ဟက်ဆန်ရောက်သွားပုံ

သည် တကယ့်ကို အံ့ဖွယ်သူရဲ။ ထိုးထွင်းသံလိုက်အိမ်မြှောင်များ

ရှိနေရော့သလား ထင်ရသည်။

မိုးအုံ့သော ဆောင်းတစ်ရက်ကို သတိရမိသေးတော့။ ဟက်ဆန်နှင့် ကျွန်တော်

စွန်လိုက်နေသည်။ လူနေရပ်ကွက်များကိုဖြတ်ကာ ကျွန်တော်က ဟက်ဆန့်

နောက်လိုက်သည်။ ရေမြောင်းတွေကိုကျော်၊ လမ်းမြှောင်လေးထဲ

တိုးတိုးဝှေ့ဝှေ့။ ကျွန်တော်က ဟက်ဆန့်ထက် တစ်နှစ်ပိုကြီးသော်လည်း ဟက်ဆန်က

ပိုအပြေးသန်၍ ကျွန်တော်နောက်ကျန်ရစ်မြဲ။

”ဟက်ဆန်၊ စောင့်ဦး”ဟု ကျွန်တော်အော်ခေါ်သည်။ ကျွန်တော် အသက်ရှူ

တိုင်းပူထွက်ကာ လူကစုတ်ပြတ်သတ်နေပြီ။

ဟက်ဆန် ချာခနဲလှည့်ကြည့်သည်။ ”ဒီလမ်း” ဟု လက်ဆန့်ပြပြီး လမ်းချိုးကို

တဟုန်ထိုးကွေ့ချသွား၏။ ကျွန်တော် မိုးပေါ်မော့ကြည့်တော့ ကျွန်တော် တို့

ပြေးနေသည်ကတခြား၊ ပြတ်ကျစွန် လွင့်နေသည်ကတခြား၊ ယုန်တောင်ပြေး

ခွေးမြောက်လိုက်ဖြစ်နေသည်။

”ငါတို့ဝေးသွားပြီကွ။ လမ်းမှားနေတယ်” ဟု ကျွန်တော်ကျုံးအော်ပစ်သည်။

”ငါ့ကိုယုံစမ်းပါ” ဟု ဟက်ဆန် ပြေးရင်းအော်သွားသံကို ကြားရသည်။

ကျွန်တော် လမ်းချိုးကိုရောက်တော့ ဟက်ဆန် ခေါင်းကြီးငုံ့ပြီး

တရှူးထိုးပြေးနေသည်။ မိုးပေါ်ကို တစ်ချက်မော့မကြည့်။ ချွေးတွေသံတွေရွှဲကာ

ရှပ်အကျႌက ကျောတွင် ကပ်နေသည်။ ကျွန်တော် ခဲတစ်လုံးတက်နင်းမိပြီး

ဟပ်ထိုးလဲသည်။ ကျွန်တော်က ဟက်ဆန့်ထက်နှေးရုံမက

ကို့ယို့ကားရားနိုင်သွားသည်။ ဟက်ဆန်၏ မွေးရာပါ အားကစားသမားသက်လုံကို

ထုံးစံအတိုင်း ကျွန်တော် မနာလိုဖြစ်ရသည်။ ကျွန်တော် ယိုင်တိယိုင်ထိုး

မတ်တပ်ပြန်ရပ်နိုင်ချိန်တွင် နောက်ထပ်လမ်းချိုးတစ်ခုထဲ ဟက်ဆန် ရိပ်ခနဲ

ပျောက်သွားပြန်သည်။ ကျွန်တော် သူ့နောက်မှ ထော့နင်းထော့နင်းလိုက်သည်။

ဒူးပွန်းသွားသောနေရာမှ ဆူးငြောင့်ကြီးထိုးသလို အဆက်မပြတ်နာလာသည်။

အလယ်တန်းကျောင်းအနီးမှ လှည်းပန်းတောင်းထနေသော ဖုန်ထူလမ်းပေါ် တွင်

ကျွန်တော်တို့အပြေးရပ်သွားသည်။ လမ်း၏တစ်ဖက်တွင် နွေအခါ ဆလတ်ပင်

စိုက်သောစိုက်ကွင်း။ အခြားတစ်ဖက်တွင် ချယ်ရီပင်တန်း။ ချယ်ရီပင်ခြေရင်း

ခြေချိတ်ထိုင်ကာ ပိုးစာသီးတွေ လက်ခုပ်အပြည့်စားနေသော ဟက်ဆန့်ကို

ကျွန်တော် တွေ့ရပါပြီ။

””ဒီမှာဘာလုပ်နေတာလဲ” ကျွန်တော် အမောဆို့နေသည်။ ကျွန်တော့် အစာအိမ်က

မအီမသာနှင့် ဗြောင်းဆန်နေသည်။

ဟက်ဆန်က ပြုံးပြပြီး ”တူတူထိုင်လေ၊ အစ်ကိုအေမား” ဟုဆိုသည်။

ကျွန်တော် သူ့ဘေးပစ်ကျသွားသည်။ နှင်းလွှာပါးပါးပေါ်လှဲကာ တရွှီးရွှီး

တခွီးခွီး အသက်လုရှူနေရသည်။ ”မင်းသက်သက်အချိန်ဖြုန်းတာ ဟက်ဆန်။

စွန်တခြားလူတခြားဖြစ်နေပြီ။ မမြင်ဘူးလား”

ဟက်ဆန်သည် ပိုးစာသီး ပါးစပ်ထဲပစ်သွင်းရင်း ”လာနေပါပြီ” ဟုဆိုသည်။

ကျွန်တော့်မှာ အသက်ရှူဖို့ပင်အနိုင်နိုင်။ သူကတော့ မောပုံမရ။

”မင်းဘယ်လိုသိလဲ”

”သိပါတယ်ဆို”

”ဘယ်လိုသိလဲကွ”

ဟက်ဆန် ကျွန်တော့်ဘက်လှည့်လာသည်။ ဦးပြည်းပေါ် ချွေးလုံးတချို့ လိမ့်ဆင်းလာသည်။

”ငါညာဖူးလို့လား၊ အစ်ကိုအေမား”

ကျွန်တော် ကောက်ခါငင်ခါ သူ့ကို စချင်လာသည်။ ”ငါဘယ်သိမလဲကွ၊ မင်းညာမလို့လား”

”ငါညာရင် မြေမှုန့်စားမယ်ကွာ” ဟု ဟက်ဆန်က ဒေါသကြည့်ဖြင့် ပြောသည်။

”တကယ်လား၊ တကယ်စားမှာလား”

ဟက်ဆန်က ဦးနှောက်ခြောက်သွားသလိုကြည့်ပြီး ”ဘာကိုလဲ” ဟုမေးသည်။

”ငါပြောရင် မင်းတကယ်မြေမှုန့်စားမယ်ပေါ့”

ဧရာမစာလုံးကြီးတွေကို သူမသိတိုင်း ကျွန်တော်လူလည်ကျနေသလို ယခုလည်း

ကျွန်တော် သူ့အပေါ်ညစ်နေမိပြီကို ကိုယ့်ဖာသာကိုယ်သိပါသည်။

သို့ရာတွင်ဟက်ဆန့်ကိုစရသည်က ပျော်စရာတစ်မျိုးကောင်းသည်။ အကောင်ပ

လောင်များ ဖမ်းဆီးနှိပ်စက် အပျော်ရှာရသလိုမျိုး။ ယခု သူက ပုရွက်ဆိတ်။

ကျွန်တော်က မှန်ဘီလူးကိုင်ထားသူ။

ဟက်ဆန့်မျက်လုံးများ ကျွန်တော့်မျက်နှာကို ရှာဖွေနေသည်။ ချယ်ရီပင်

အောက်ထိုင်နေသော ကောင်ကလေးနှစ်ယောက်။ မမျှော်လင့်ဘဲ တစ်ယောက်ကို တစ်ယောက်

ကြည့်နေမိကြသည်က အသေအချာ။ ယခုတစ်ကြိမ်လည်း ကြုံရပြန်ပြီ။ ဟက်ဆန့်မျက်နှာ

ပြောင်းလဲသွားသည်။ မပြောင်းလဲဘူးဟုဆိုလည်းရသည်။ သို့ရာ

တွင်ကျွန်တော့်စိတ်အာရုံထဲ မျက်နှာနှစ်ခုကို ကြည့်နေရသလိုရှိသည်။

မျက်နှာတစ်ခုက ကျွန်တော်သိသောမျက်နှာ၊ အရင်းနှီးဆုံးမျက်နှာ။

နောက်မျက်နှာတစ်ခုကတော့ အပေါ်ယံမျက်နှာပြင်အောက်မှ ချောင်းနေသည့်

အခြားတစ်ပါးသောမျက်နှာ။ ထိုမျက်နှာကို ယခင်ကလည်း ကျွန်တော်တွေ့ဖူးသည်။

ထိုမျက်နှာကိုမြင်တိုင်း ကျွန်တော် နည်းနည်းတော့ခြောက်ခြားသွားမြဲ။

ထိုအခြားတစ်ပါးသောမျက်နှာ ကိုယ်ထင်ပြသည်က စက္ကန့်ပိုင်းကလေးမျှသာ။

ကျွန်တော့်ကို စိတ်ဂနာမငြိမ်အောင် လုပ်ပစ်နိုင်ရုံကလေး။ ထို့နောက်

ဟက်ဆန်မျက်လုံးပုတ်ခတ်လုပ်ပြီး ဟက်ဆန်က ဟက်ဆန်ပြန်ဖြစ်သွားသည်။

”မင်းစားခိုင်းရင် စားမယ်” ဟု ကျွန်တော့်ကို တည့်တည့်ကြည့်ပြီး

သူပြောသည်။ ကျွန်တော်မျက်လွှာချသည်။ စကားလုံးတိုင်းကို အတည်အမှန်ပြောသော

ဟက်ဆန့်လိုလူစားမျိုး၏ မျက်နှာထဲတည့်တည့်ကြည့်ဖို့ရာ မလွယ်ကြောင်း ယနေ့

တော့ ကျွန်တော် သိလိုက်ရသည်။

”ဒါပေမယ့် ငါသိပ်တော့မယုံဘူး။ မင်း ငါ့ကိုဒီလိုမျိုး

လုပ်ခိုင်းပါ့မလား၊ အစ်ကိုအေမား” ဟု ဟက်ဆန်ဆိုသည်။ သည်အတိုင်းပဲ

ဖြစ်ရမည်။ ဟက်ဆန်သည် ကျွန်တော့်ကို စာမေးပွဲအသေးစားလေးများစစ်မြဲ။

ကျွန်တော် သူ့ကိုဆော့မည် ကြံလိုက်လျှင်၊ ကျွန်တော့်အပေါ်

သစ္စာရှိမရှိစိန်ခေါ်ပြီဆိုလျှင် သူကလည်း ကျွန်တော့်ကို ပြန်ကစားကာ

ကျွန်တော့်တည်ကြည်မှုသမာဓိကို စာမေးပွဲပြန်စစ်မြဲ။

စောစောက ဘာစကားမှ မပြောခဲ့ကောင်းသား။ ကျွန်တော် အားယူ ပြုံးပြလိုက်သည်။

”မကြောင်စမ်းနဲ့ ဟက်ဆန်၊ ငါဘယ်တော့မှ မလုပ်မှန်းမင်းသိတယ်”

”သိသားပဲ” ဟုဆိုကာ ဟက်ဆန်ပြန်ပြုံးပြသည်။ တစ်ခုတော့ရှိသည်။

သူကအားယူစရာမလို။ စကားလုံးတိုင်းကို အတည်အမှန်ပြောတတ်သူတို့၏ ချို့ယွင်း

ချက်တစ်ခုမှာ လူတိုင်းကို သူတို့လိုဟုထင်ထားကြ၏။

”ဟိုမှာ ကျလာပြီ” ဟု ဟက်ဆန် မိုးပေါ်လက်ညှိုးထိုးပြသည်။ မတ်တပ်

ထရပ်ပြီး ဘယ်ဘက်ကို သုံးလေးလှမ်းသာလျှောက်ရသည်။ ကျွန်တော် မော့ကြည့်

လိုက်တော့ စွန်က ကျွန်တော်တို့ဆီ ဇောက်ထိုးစိုက်ဆင်းလာနေသည်။ တဆက်တည်း

မှာပင် စွန်လိုက်သူတစ်စု၏ ခြေသံအော်သံများ။ သူတို့ခမျာ အချိန်ကုန်ရုံသာ

အဖတ်တင်သည်။ ကျလာသည့်စွန်ကို ခံယူရန် ဟက်ဆန်သည် လက်နှစ်ဖက် ဆန့်ကား၍

ပြုံးပြုံးကြီးစောင့်နှင့်နေပြီ။

………………………………………

………………………………………..
_____________________________________
ဆက်ပါဦးမည် .။

_____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________–
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ..

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________

လေးစားစွာဖြင့်..
…………………..

8 comments

  • blackchaw

    June 13, 2012 at 5:51 pm

    ကိုအလင်းဆက်ရေ။
    အေးအေးဆေဆေး မှ အစအဆုံးပြန်ဖတ်ပြီး ပြန်မန့်ပါ့မယ်ဗျာ။
    ဒီအချိန်မျိုးမှာ တက်လာတဲ့ ဘာသာပြန်ကောင်းကောင်းလေးအတွက်
    နှမြောတဲ့စိတ်ဖြစ်မိပါတယ်။
    ဘာပဲဖြစ်ဖြစ် ပတ္တမြားမှန်ရင် နွံမနစ်နိုင်ပါ…။
    လေးစားတဲ့
    ဘလက်…။

  • မိုး မင်းသား

    June 13, 2012 at 6:06 pm

    အလင်းဆက်ရေ…….

    အပိုင်း(၉)ကိုအားပေးသွားတယ်လေ……..

    ကွန်မန် ့တွေဝင်မပေးဖြစ်တာက……မအားလို ့ပါခင်ဗျာ……

    စိတ်မဆိုးရဘူးနော်…….

  • အလင်းဆက်

    June 13, 2012 at 6:06 pm

    ဟုတ်တယ် ..ကိုဘလက်ရေ..
    အရေးအခင်း…တစ်ခု ဖြစ်နေချိန်မှာမှ..
    အခန်းဆက်က တင်နေမိတာ..။

    ဒါပေမယ့်.စောင့်ဖတ်နေသူတွေ အတွက် မပြတ်အောင် တင်ပေးနေမှာပါနော် ။

    အားလုံးကို ခင်မင်လေးစားစွာဖြင့် …
    အလင်းဆက်
    alinsett.art@gmail.com

    • မောင်ပေ

      June 13, 2012 at 9:52 pm

      အခုဆိုရင် ဂျီမေးလ် ဒရပ်ဖ် ထဲမှာ ၉ ပိုင်းရှိနေပြီ
      ဖတ်စာအကြွေး၉ခုပေါ့ဗျာ
      ကျုပ်တို ့ဘော်ဒါတွေသောက်ကြရင် ပြောနေကြစကား တစ်ခွန်းကတော့
      “ ပို ့မယ့် ပို ့ဟော်တယ်အရောက် ပို ့”… တဲ့ ဟီဟိ
      စာဆုံးအောင်အထိ ရေးတင်ပေးပါနော ။

  • shwe kyi

    June 14, 2012 at 3:47 pm

    ကလေးနှစ်ယောက်တယောက်ကိုတယောက်အကဲခတ်ပြီးငြိမ်သက်သွားတဲ့
    အခန်းကို ပေါ်လွင်အောင်ရေးထားတာ ကောင်းလိုက်တာ။
    ဆက်ဖတ်ပါမည်။

  • အလင်းဆက်

    June 14, 2012 at 6:20 pm

    မိူးမင်းသားရော..
    ရွှေကြည်ရော..
    ကိုပေ..ရေ.ာ…အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။
    ကိုပေ..ရေ. အဆူံးထိ တင်ပေးပါ့မယ်နော် ။

    ဖြစ်နိုင်ရင် ဟော်တယ်..ဖြစ်ဖြစ်..အနည်းဆုံး ဘီယာဆိုင်ဖြစ်ဖြစ်..အရောက် ပို ့လိုက်ချင်တယ်လေ။
    အဲဒါမှ ကျွန်တော်လည်း…အတူသောက်ရမှာ။ တစ်ယောက်ထဲသောက်ရမှာ ပျင်းစရာ…

  • ကြောင်ကြီး

    June 16, 2012 at 12:37 pm

    “”””””””””””””””စကားလုံးတိုင်းကို အတည်အမှန်ပြောတတ်သူတို့၏ ချို့ယွင်းချက်တစ်ခုမှာ လူတိုင်းကို သူတို့လိုဟုထင်ထားကြ၏။………..
    မှန်လိုက်တာဗျာ… ကြေးမုံဂျီးကိုလည်း အဲဒီအတိုင်း ယုန်ဂဲ့မိဗာဒယ်….ကောင်းဂျသေးရဲ့လား အရက်ဂဒို့ယေ… 😥

Leave a Reply