စွယ်စုံမင်းသား မောင်ဝါဝါဖြစ်လေ၏

– သူရဿဝါ –

မောင်ဝါဝါ သည်ကား ငယ်စဉ် ကလေး ဘဝ ကတည်းကပင် ရုပ်ရှင် ဇာတ်လမ်းများ ကြိုက်နှစ်သက်သူ တစ်ဦး ဖြစ်ရာ မိမိ ကြည့်လေ့ ကြည့်ထ ရှိသော ရုပ်ရှင် ဗီဒီယို ဇာတ်ကား များထဲမှ နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင် များအား အလွန် အားကျ နှစ်သက် ခဲ့သည် ဖြစ်ရာ “ငါကြီးလာရင် ရုပ်ရှင် သရုပ်ဆောင် လုပ်မယ်” ဟူ၍ ထိုစဉ် ကပင် ဆုံးဖြတ် တွေးတော ထားခဲ့ပြီး ဖြစ်လေသည်။ အသက်အရွယ် အနည်းငယ် ရလာသော အခါတွင်လည်း ထိုသို့ ရုပ်ရှင် သရုပ်ဆောင် မင်းသား ဖြစ်ချင်စိတ်မှာ ကုန်မသွားပဲ ပို၍ တိုး၍ပင် လာလေသည်။ သို့နှင့် ရုပ်ရှင် မင်းသား ဖြစ်ချင်သော မောင်ဝါဝါမှာ ခင်မင်ရင်းစွဲ ရှိသော နာမည်ကျော် ရုပ်ရှင် မင်းသား တစ်ဦးအား ရုပ်ရှင် မင်းသား ဖြစ်ရန် ဘာများ လိုအပ် သနည်းဟု တီးတိုး မေးမြန်းရာ ၄င်း မိတ်ဆွေ မင်းသားက မောင်ဝါဝါအား “နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင် ဆိုတာ စွယ်စုံ သိရ တတ်ရတယ်ကွ” ဟူသော စကား တစ်ခွန်းကို သင်ကြား ပေးလေသည်။

ထို ရုပ်ရှင် မင်းသား၏ သင်ကြား စကားကို မှတ်သား ရသည့် နေ့မှ စ၍ မောင်ဝါဝါမှာ စွယ်စုံရ ရုပ်ရှင် မင်းသား တစ်ဦး ဖြစ်ရန် အပြင်းအထန် လေ့ကျင့် လေတော့၏။ ထို ရုပ်ရှင် မင်းသား ပြောသည်မှာ သဘာဝ ကျ၏။ နာမည်ကျော် လူကြိုက်များ ရုပ်ရှင် မင်းသား တစ်ဦး ဖြစ်ရန် ဆိုသည်မှာ အကုန်အစုံ သိထား တတ်ထားမှ တော်ပေမည်။ ထိုနေ့မှ စ၍ မောင်ဝါဝါမှာ ရုပ်ရှင် မင်းသား နေတိုးတို့၊ ပြေတီဦး တို့နှင့်အပြိုင် နင်လား ငါလား ချောမော ခန့်ညား စေရန် အတွက် မိမိ မျက်နှာအား အမျိုးမျိုး အဖုံဖုံ ပြုပြင် ကြိုးစား၏။ ဂျက်ကီချန်းတို့ ဂျက်လီတို့လို သိုင်းချ တတ်အောင်လည်း သင်ကြား ရသေး၏။ တောတွင်း စွန့်စားခန်းများ ရိုက်ကူးလျှင် အဆင်ပြေ အောင်လည်း မြင်းစီး နွားစီး ကျွဲစီး အကုန် သင်၏။ ဒိုင်ဗင် စတန့် ကျွမ်းဘား ရသမျှ အကုန် လေ့လာ၏။ ရဲတိုက်တို့ ဒွေးတို့လို မျက်လုံး အကြည့် စူးရှအောင် တွေ့သမျှ လူကို စူးစူး စိုက်စိုက် လိုက်ကြည့် ခြင်းဖြင့် လူအမြင်ကပ် မခံရရုံ တမယ် လေ့ကျင့်၏။ ပုံစံ မျိုးစုံ ငိုတတ်အောင်၊ အသံမျိုးစုံ ရယ်တတ်အောင် ကြိုးစား၏။

ထိုသို့ဖြင့် အနုပညာ အတတ်ပညာ စွယ်စုံ ဘက်စုံ ကျွမ်းကျင် တတ်မြောက်ပြီ ဆိုသော အခါမှ ရုပ်ရှင် အနုပညာ လောကထဲ ခြေစုံ လက်စုံ ပစ်၍ ဝင်လိုက်သော အခါတွင် မောင်ဝါဝါမှာ နေ့ချင်းညချင်း နာမည်ကျော် လူကြိုက်များသော အငိုကောင်း အပြောကောင်း ရုပ်ရည် ချောမောပြီး ဖိုက်တင် အချကောင်းသည့် စွယ်စုံရ ရုပ်ရှင် မင်းသား တစ်ဦး အဖြစ်သို့ ရောက်ရှိ၍ သွားလေ၏။ ထိုသို့ နာမည်ကြီး လာသော အခါတွင် ရုပ်ရှင်များ၊ ဗီဒီယိုများ မနားမနေ ရိုက်ကူး ရသလို တစ်ဖက် မှလည်း နေ့စဉ်ထုတ် အပတ်စဉ်ထုတ် ဂျာနယ် စာစောင် များမှာ သူတို့၏ ဂျာနယ် မျက်နှာဖုံး စာမျက်နှာ များတွင် ဖော်ပြရန် မောင်ဝါဝါနှင့် တွေ့ဆုံ မေးမြန်း အင်တာဗျူး နိုင်အောင် တန်းစီ၍ ခွင့်တောင်း ကြသည် ဖြစ်လေ၏။ သို့နှင့် ၄င်း ပုံစံပေါင်းစုံ ရည်ရွယ်ချက် ပေါင်းစုံဖြင့် ထုတ်ဝေသော ဂျာနယ်များနှင့် အင်တာဗျူးသည့် အခါတွင်ကား …

ကျန်းမာရေး ပညာပေး စာစောင်မှ မေးမြန်းမှု

“မင်းသား မောင်ဝါဝါက နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်သလဲ”

“အို .. ကျွန်တော်ကတော့ စောင်ခေါင်းမြီးခြုံ အိပ်နေလိုက်တာပဲ”

“ပုံမှန် ကျန်းမာရေး လေ့ကျင့်ခန်း အနေနဲ့ ဘာလုပ်ပါသလဲ”

“အော် … အထွေအထူး မဟုတ်ပါဘူး … မနက်တိုင်း ရေချိုးခန်းထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်အောင် ပုံမှန် ကြေး (ဂျီး) တွန်းတာပါပဲ”

အားကစား ဂျာနယ် တစ်စောင်မှ မေးမြန်းမှု

“မောင်ဝါဝါ .. ဝါသနာ ပါတဲ့ ကစားနည်းတွေက ဘာတွေများပါလိမ့်”

“ဂျင်ပေါက်တာ .. ဂေါ်လီပစ်တာ … ကုလားမစည်းနင်းတာ”

“မောင်ဝါဝါ အားပေးတဲ့ ဘောလုံးအသင်းက …”

“နိုင်အောင် ကန်နိုင်တဲ့ အသင်း အကုန်ကြိုက်”

နည်းပညာဂျာနယ် တစ်စောင်မှ မေးမြန်းမှု

“မောင်ဝါဝါ အတွက် အသုံးအဝင်ဆုံး နည်းပညာပစ္စည်က ဘာများလဲ”

“ကယ်ကူလေတာ … အကြွေးစာရင်းတွေ တွက်တဲ့အခါ စာရွက်ထဲ ချပေါင်းစရာ မလိုတော့ သိပ်မြန်တာပဲ”

“မောင်ဝါဝါ အခုလက်ရှိ ကိုင်ထားတဲ့ စိတ်ကြိုက်ဖြစ်နေတဲ့ Handset ကရော ..”

“ဈေးပေါတယ်ဆို ကြိုက်တာပဲ .. အရင်ကလည်း ဒါပဲ၊ အခုလည်း ဒါပဲ ဆိုတော့ ဒါကိုပဲ လက်ရှိ အကြိုက်ဆုံး”

မှုခင်းဂျာနယ် တစ်စောင်မှ မေးမြန်းမှု

“မောင်ဝါဝါ ဘယ်အမှုတွေနဲ့ ထောင်ကျဖူးသလဲ”

“တယ်လေ … ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ”

“ရာဇဝတ်မှုတွေ ပပျောက်အောင် ဘာလုပ်သင့်သလဲ”

“လူတိုင်း လူတိုင်း ဘယ်မှမသွား ဘာမှ မလုပ်ဘဲ .. အိမ်ထဲ ငြိမ်ငြိမ်လေး ထိုင်နေသင့်တယ်”

စသည်ဖြင့် .. စသည်ဖြင့် စွယ်စုံ မင်းသား မောင်ဝါဝါ အား ဂျာနယ် ပေါင်းစုံ၊ စာစောင် ပေါင်းစုံ တို့မှ နည်းလမ်း အမျိုးမျိုးသော စွယ်စုံ မေးခွန်း တို့ဖြင့် သန်ရာသန်ရာ မေးမြန်း ကြသည်ကို ကြုံရလေ၏။ မောင်ဝါဝါမှာ ထိုကဲ့သို့ အင်တာဗျူး ပေါင်းစုံဖြင့် လုံးလည် ချာလည်လိုက်လျှက် ရှိနေစဉ် တစ်ရက်တွင် မောင်ဝါဝါအား မင်းသားဖြစ်နည်း လမ်းညွှန် ခဲ့သော နာမည်ကျော် ရုပ်ရှင် မင်းသားမှာ ဖုန်းဆက်၍ မောင်ဝါဝါအား မေးမြန်းလေတော့၏။

“ကိုင်း … ဘယ့်နှယ်ရှိစ .. စွယ်စုံ မင်းသား မောင်ဝါဝါ၊ မောင်ရင့် အင်တာဗျူးတွေ ဖတ်ရပါသကော”

“ဟုတ်ပဗျာ .. အင်တာဗျူး ဖြေနေရတာနဲ့ စွယ်စုံ မင်းသား အစွမ်းတွေတောင် မပြရဘူး”

“အို .. ကျုပ်ပြောတဲ့ မင်းသားဆိုတာ စွယ်စုံ သိရ တတ်ရမယ် ဆိုတာ ဒါကိုပဲ ပြောတာပ”

“ဘယ်လို .. ဘယ်လို”

“ဟုတ်တယ်လေ … ငိုတာ ရယ်တာ ကြမ်းတာ ရမ်းတာ မတတ်ရင်တောင် ကျန်တဲ့ ကျန်းမာရေး အကြောင်းတို့၊ လူမှုရေး အကြောင်းတို့၊ အားကစား အကြောင်းတို့၊ နည်းပညာ ကွန်ပျူတာ အင်တာနက် အကြောင်းတို့၊ မှုခင်း ရာဇဝတ် အကြောင်းတို့ ထောင့်စေနေအောင် အကုန်သိမှ သူတို့ ဂျာနယ် မျိုးစုံနဲ့ လိုက်ဖက်တဲ့ အကြောင်းအရာ ပေါင်းစုံကို အင်တာဗျူး လုပ်တဲ့အခါ ချက်ကျ လက်ကျ ဖြေနိုင်တော့မှာပေါ့ … ကျုပ်ပြောတဲ့ စွယ်စုံသိ စွယ်စုံတတ် ရမယ် ဆိုတာ ဒါကိုပဲ ဆိုလိုတာ ပဲပေါ့ မောင်ဝါဝါရယ် … ဟဲ ဟဲ ဟဲ” ဟု ဆိုလာချေ တော့လေရာ အနုပညာ အတတ်ပညာကို စွယ်စုံ လေ့လာ သင်ယူထားသော စွယ်စုံ မင်းသား မောင်ဝါဝါမှာ ထိုစကားကို ကြားသည်တွင် ကိုယ့်ကိုယ်ကို သနားစာနာခြင်း ကြီးစွာ ဖြစ်၍ ကိုယ့်နဖူး ကိုယ်ပြန်ရိုက်ကာ ပက်လက်လန်ခြင်း အဖြစ်သို့ ရောက်လေတော့ သတည်း။

Net Guide Journal

Volume (2), Issue (38)

About သူရဿဝါ

သူ ရ ဿ ဝါ has written 157 post in this Website..

25 Years Old From Yangon | Myanmar | Writer | Blogger | Stand-up Comedian | Freelance Web Designer | Admin Member of Suboo Multi Social Network | Contact Me as Followings, kophonethantkyaw@gmail.com www.thurathawah.net www.facebook.com/ThuRaThaWah www.twitter.com/Thurathawah