တိမ်ယံသစ္စာ အပိုင်း ( ၁၁ )

alinsettJune 16, 20121min22510

”မင်းမှ ရေမကူးတတ်တာ၊ ဟက်ဆန်”

ဟက်ဆန်ရယ်သည်။ ”အိပ်မက်ပါဆိုမှ၊ အစ်ကိုအေမားရာ … အိပ်မက်ထဲ ကြိုက်တာလုပ်နိုင်တာပေါ့။ အဲဒါထားဦး။ ငါတို့ရေဆင်းကူးတော့ ‘ပြန်တက်၊ ပြန်တက်’

ဆိုပြီး လူတွေအော်ကြတာ ဝက်ဝက်ကွဲပဲ။ ငါတို့ကတော့ ဆက်ကူး၊ ကန်အလယ်ကိုတောင် ရောက်နေပြီ။ ရေတွေကလည်း အေးလို့။ ကမ်းဘက်က လူတွေကိုလက်ပြတော့

လူတွေကသေးသေးလေး။ပုရွက်ဆိတ်လေးတွေလိုပဲ။ ဒါပေမယ့် လက်ခုပ်သံကိုတော့ အကျယ်ကြီးကြားရတယ်။ ရေထဲမှာ ဘာမိစ္ဆာမှမရှိဘူး၊ ရေပဲရှိ တယ်ဆိုတာ

လူတွေသိသွားကြရောတဲ့။ နောက်တော့ ရေကန်ကို နာမည်ပြောင်း လိုက်တယ်။ ကဘူးမြို့ရဲ့ ပသီဘုရင်များ – အေမားနဲ့ဟက်ဆန်ရဲ့ကန် တဲ့။ လူတွေ

ကန်ထဲရေဆင်းကူးရင် ငါတို့ကို ပိုက်ဆံပေးရတယ်တဲ့”

”ဒီအိပ်မက်က ဘာအဓိပ္ပါယ်လဲ”
__________________________________________________

”ဒီအိပ်မက်က ဘာအဓိပ္ပါယ်လဲ”

ကျွန်တော်စားဖို့မုန့်ကို ဟက်ဆန်က ယိုသုတ်၍ ပန်းကန်ပြားထဲထည့်ပေး သည်။ ”ဒါတော့ မသိဘူး။ အစ်ကိုအေမား ပြောပြနိုင်မလားလို့”

”အလကားမတ်တင်း အိပ်မက်ပါကွာ။ ဘာမှ ဖြစ်မလာပါဘူး”

”အဖေပြောတော့ အိပ်မက်တွေဟာ အမြဲတမ်းအဓိပ္ပါယ်ရှိတယ်တဲ့”

ကျွန်တော် လက်ဖက်ရည်သောက်ကာ ”ဒါဆို သူ့ဘာဖြစ်လို့ သွားမမေးလဲ။ ဒီလောက်တော်နေမှ” ဟု ငေါက်ထည့်လိုက်ရာ ကျွန်တော့်အသံက ရည်ရွယ်သည်ထက်

ပိုမာကြွပ်သွားသည်။ ကျွန်တော် တစ်ညလုံးမအိပ်ရသေး။ ခါးနှင့်လည်ပင်း စပရိန်ခွေ ထားသလိုတောင့်၍ မျက်လုံးများအောင့်နေသည်။ ထားတော့၊ ကျွန်တော် ဟက်ဆန့် ပေါ်

အကြောင်းမတန် ဒေါသတကြီးငေါက်ငမ်းမိပြီ။ တောင်းပန်မလိုလုပ်ပြီးမှ မတောင်းပန်ဖြစ်ပြန်။ ကျွန်တော် စိတ်မောနေ၍ ဖြစ်ပါလိမ့်မည်ဟု ဟက်ဆန် နားလည်ပေးပါသည်။

ထိုစဉ် အပေါ်ထပ် ဘာဘာ့ရေချိုးခန်းမှ ရေသံပေါ်ထွက်လာသည်။
——————–

နှင်းပွင့်တို့ ညံ့သိပ်သောလမ်းလည်း စိုဖိတ်နေပြီ။ ကောင်းကင်ကြီးကား မြူစမထင်ဖြူပြာစင်လျက်။ အိမ်ခေါင်မှန်သမျှ နှင်းတွေလွကာ လမ်းနံဘေး ပိုးစာပင်တို့ နှင်းဒဏ်ပိ ညွတ်အိ၍နေသည်။

အကွဲအအက် အကြိုအကြားမကျန်အောင် ငွေနှင်းမှုန်တို့ တညလုံး တသုန်သုန်သိပ်ဖြူးပေးခဲ့သည်။

ဟက်ဆန်နှင့် ကျွန်တော် သံပန်းတံခါးမှ ထွက်လာစဉ် လက်လက်ထ ဖြူဖန့်နေသော နှင်းရပ်ဝန်းကို မျက်စိမှိတ်တုတ်လုပ်၍ကြည့်ရသည်။ တံခါးပိတ်ကျန်ခဲ့ သော အလီ့ထံမှ လေသံဖြင့်

ဆုတောင်းသံကို ကျွန်တော်ကြားသည်။ အလီသည် သူ့သားဟက်ဆန် အိမ်ပြင်ထွက်တိုင်း မပျက်မကွက် ဆုတောင်းတတ်သူ။

ကျွန်တော်တို့လမ်းထဲ လူတွေနည်းနည်းနောနောမဟုတ်။ ဤမျှလူတွေများ ပြားပုံကို ယခင်က ကျွန်တော်မမြင်ဖူးခဲ့။ ပေါက်စနကောင်လေးတွေ နှင်းခဲဘောလုံး ပစ်ကြသည်။

တကျက်ကျက်စကားများကြ၊ ခိုးခိုးခစ်ခစ်ရယ်ကြမောကြ၊ စိန်ပြေးတမ်း ကစားကြသည်။ စွန်ပြိုင်ပွဲနွှဲမည့်သူတွေက သူတို့လက်ထောက်

ရစ်လုံးကိုင်များနှင့် နောက်ဆုံးမိနစ်အထိ ခေါင်းချင်းရိုက်လျက်။ ကပ်လျက်လမ်းကလည်း အားကျမခံ။ စကားသံရယ်သံတွေ ညံထွက်နေသည်။ ခေါင်မိုးထိပ်တွင် ပွဲကြည့်ပရိသတ်များ

ပက်လက်ကုလားထိုင်ကိုယ်စီဖြင့် အပြည့်အပိတ် နေရာယူကြပြီ။ ဓာတ်ဘူးထဲမှ လက်ဖက်ရည်က အငွေ့တထောင်းထောင်း။ အဆိုတော် အာမက်ဇာဟာ၏ တေးက ကက်ဆက်မှ လွင့်ပျံလျက်။

နာမည်ကျော်အဆိုတော် အာမက်ဇာဟာသည် အာဖဂန်ဂီတကို လုံးလုံးလျား လျား တော်လှန်ပစ်ခဲ့သူ။ တော်လှန်ရုံမက အာဖဂန်တို့၏ ရိုးရာတူရိယာများဖြစ်သော တာဘလာ၊

ဟာမိုနီယမ်တို့ကို လျှပ်စစ်ဂီတာ၊ ဒရမ်၊ ဟွန်းတို့ ထပ်ပေါင်းထည့် လိုက်ခြင်းဖြင့် အနုပညာတွင် ထုံးမီစံကျ မတိမ်းမယွင်း ထိန်းသိမ်းလိုသူများ ယမ်းပုံမီးကျဖြစ်ခဲ့ရသည်။ စင်မြင့်ဖျော်ဖြေပွဲများ၊

ပါတီပွဲများတွင် အာမက်ဇာဟာသည် ပန်တျာသည်ကြီးများ၏ စည်းကမ်းကလနားများကို အသာခေါက်ပစ်လိုက်မြဲ။ သီချင်းကို ပြုံး၍ဆိုသည်။ တစ်ခါတစ်ရံ အမျိုးသမီးများကိုပင်

ပြုံးပြတတ်သည်။

ကျွန်တော့်အိမ်ခေါင်မိုးပေါ် မော့ကြည့်လိုက်ရာ သားမွေးဆွယ်တာကိုယ်စီဖြင့် တန်းလျားပေါ်ထိုင်၊ လက်ဖက်ရည်သောက်နေကြသော ဘာဘာနှင့် ရာဟင်ခန်တို့ ကိုတွေ့သည်။

ဘာဘာကလက်ပြသည်။ ကျွန်တော့်ကို လက်ပြသလော၊ ဟက်ဆန့်ကို လက်ပြသလော၊ ကျွန်တော် တပ်အပ်မပြောနိုင်။

”ငါတို့စသင့်ပြီ” ဟု ဟက်ဆန်လောဆော်သည်။ ဟက်ဆန်သည် အနက် ရောင်နှင်းတောစီး ရာဘာလည်ရှည်ဖိနပ်၊ အကွက်မပေါ်တော့သော ချည်ကတ္တီပါ ဘောင်းဘီရှည်နှင့်

ဆွယ်တာထူထူပေါ် အစိမ်းတောက်တောက်အကျႌ ထပ်ဝတ် ထားသည်။ နေရောင်က သူ့မျက်နှာကို သစ်ပေးသည့်နှယ်။ အပေါ်နှုတ်ခမ်းဒဏ်ရာ ကောင်းကောင်းကျက်နေပြီကို

ကျွန်တော်သတိထားမိသည်။

ကျွန်တော် နောက်ဆုတ်ချင်စိတ် ရုတ်တရက်ပေါ်လာသည်။ ပစ္စည်းအားလုံး ကောက်ထည့်ပြီး အိမ်ဘက်လှည့်ပြန်သည်။ ကျွန်တော် ဘာတွေများတွေးနေပါလိမ့်။ ထွက်လာမည့်အဖြေကို

သိသိကြီးနှင့် ကျွန်တော် ဘာကြောင့်များ ထင်ရာစိုင်းနေမိ ပါလိမ့်။ ဘာဘာက ခေါင်မိုးပေါ်မှာ။ စူးရဲသော ဘာဘာ့အကြည့်က အလျှံတငြီးငြီး နေမင်းကြီးနှယ်။ ဤတစ်ချက်နှင့်ပင်

အရှုံးဘက်က အလေးတင်းနေပြီ။

”ဒီနေ့ ငါစွန်လွှတ်ဖို့ သိပ်မသေချာဘူးကွာ”

”ဒီနေ့သာယာတာပဲဟာ” ဟု ဟက်ဆန်ပြောသည်။

ကျွန်တော်ဆက်လျှောက်သည်။ ကျွန်တော်တို့ အိမ်ခေါင်မိုးဘက် မကြည့် ဖြစ်အောင် မျက်လုံးလွှဲထားသည်။ ”မသိဘူးကွာ၊ မင်းလည်းအိမ်ပြန်၊ ဟက်ဆန်”

ဟက်ဆန် ကျွန်တော့်ရှေ့ရောက်လာကာ လေပြေထိုးသည်။ ကျွန်တော့်စိတ် ထဲ နည်းနည်းတော့လန့်နေသည့်ကိစ္စ။ ”အစ်ကိုအေမား၊ ဘာမိစ္ဆာမှမရှိဘူး။ သာသာ ယာယာပါပဲ”

ဘယ့်နှယ့်လုပ်များ ကျွန်တော်က သူ့အတွက် ဖွင့်ထားသောစာတစ်အုပ် ဖြစ်နေပါလိမ့်။ သူ့ခေါင်းထဲ ဘာတွေခုတ်မောင်းနေသလဲ ကျွန်တော်လုံးဝမသိသည့် အချိန်မျိုးတွင် သူက

ကျွန်တော့်ကို စာဖတ်နေသည်။ ကျောင်းတက်သူက ကျွန်တော်။ စာရေးစာဖတ်တတ်သူက ကျွန်တော်။ ကျွန်တော်လူတော်။ သူကတော့ ပထမတန်း ဖတ်စာကိုပင် မဖတ်နိုင်ဘဲ

ကျွန်တော့်ကိုု ကောင်းကောင်းဖတ်နေခဲ့သည်။ ဗောင်းတော် ညိတ်စိတ်တော်သိသည့် လူစားမျိုးတစ်ယောက် ရထားသည်က နေမထိထိုင်မထိ ဖြစ်ချင်စရာကောင်းသော်လည်း

စိတ်ကျေနပ်စရာကောင်းပါသည်။

”ဘာမိစ္ဆာမှ မရှိဘူး” ဟု ကျွန်တော်လိုက်ရွတ်လိုက်ပြီး စိတ်ပေါ့သွားပုံကို ကိုယ့်ဖာသာကိုယ် အံ့ဩရသည်။

ဟက်ဆန်ပြုံးသည်။ ”ဘာမှ မရှိဘူး”

”သေချာလား”

ဟက်ဆန် မျက်လုံးများ မှေးမှိတ်ထားကာ ခေါင်းညိတ်ပြသည်။

လမ်းထဲခုန်ပေါက်ပြေးဆင်းသွားသော ကောင်လေးများကိုငေးရင်း ”သာယာ တယ်နော်”ဟု ကျွန်တော်ပြောလိုက်တော့ ”စွန်လွှတ်ကြရအောင်ပါ”ဟု သူကဆိုသည်။

ဧကန္တ ဟက်ဆန်မက်သည့် အိပ်မက်ဆိုသည်မှာ ထွင်လုံးများလားမသိ။ ဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်။ ဟက်ဆန် သည်လောက်မတော်။ ကျွန်တော်လည်း သည်လောက်မတော်။ သို့သော်

သူထွင်ထွင်မထွင်ထွင် ထိုအစုတ်ပလုတ်အိပ်မက် ကြောင့် ကျွန်တော့်စိတ်တွေ ပရမ်းပတာဖြစ်ခဲ့ရသည်။ ကိုယ့်ဖာသာ ရှပ်အကျႌချွတ်ပြီး ရေဆင်းကူးတော့ရော၊ ဘာကြောင့်မကူးနိုင်ရမည်နည်း။

”လွှတ်ကြရအောင်” ဟု ကျွန်တော်ပြောလိုက်သည်။

ဟက်ဆန့်မျက်နှာ ဝင်းထိန်သွားသည်။ ”ကောင်းတယ်ဟေ့”

အဝါရောင်ဘေးလိုင်းပါသော အနီရောင်စွန်ကို ဟက်ဆန်မြှောက်ပြသည်။ ဝါးကြက်ခြေခတ်ဆုံချက်နေရာတွင် ဆိုင်ဖိုကြီး၏ မမှားနိုင်သောလက်မှတ်ကို တွေ့ရ သည်။ ဟက်ဆန်သည်

လက်ချောင်းကို တံတွေးဆွတ်ပြီး မြှောက်ထားကာ လေစုန် ဘက်ကို ပြေးသွားသည်။ လေငြိမ်သောနွေကာလများဆိုလျှင် ဟက်ဆန်သည် သဲတွေ ဖိနပ်ဦးဖြင့်

ထိုးကော်ပြီး လေလာရာကိုကြည့်သည်။

ကျွန်တော့်လက်ထဲမှ ရစ်လုံးလေးလည်း ဟက်ဆန်အပြေးရပ်မှ ရပ်ရတော့ သည်။ စွန်ကိုခေါင်းပေါ်ကိုင်မြှောက်ထားသော ဟက်ဆန်သည် အိုလံပစ်အားကစား

သမားကြီး ရွှေတံဆိပ်ကိုင်မြှောက်ပြသလို ဖြစ်နေသည်။ ထုံးစံအတိုင်း အချက်ပြသည့် အနေဖြင့် ကျွန်တော်က ကြိုးကိုနှစ်ချက်ဆင့် ဆောင့်ဆွဲပြီးသည်နှင့် ဟက်ဆန် စွန်ထိုးပေးလိုက်သည်။

ကျောင်းမှ ဘုရားစာသင်ပေးသောဆရာများနှင့် ဘာဘာ့အကြား ညပ်နေ သောကျွန်တော်သည် ဘုရားသခင်နှင့်ပတ်သက်ပြီး ဇဝေဇဝါအဆင့်မှာပင် ရှိသေး သည်။ သို့သော်ကျက်ထားသော

ကိုရန်ကျမ်းက နှုတ်ခမ်းဖျားပေါ်ရောက်လာ၍ ကျွန်တော် ဘုရားစာဆက်ရွတ်နေသည်။ အသက်ကို တစ်ဝကြီး ရှူသွင်းရှူထုတ်ပြုပြီး စွန်ကြိုးကို ဆွဲတင်သည်။ တစ်မိနစ်အတွင်းမှာပင်

ကျွန်တော့်စွန် မိုးမြင့်တိမ်ယံထဲ တဟုန်ထိုးတက်သွားသည်။ စက္ကူငှက်ကလေး တောင်ပံဖလပ်ဖလပ်လုပ်သလို စွန်က လေးအသံပေးနေပြီ။ ဟက်ဆန်လက်ခုပ်တီးသည်။ လက်ခေါက်မှုတ်သည်။

ကျွန်တော့် ဆီ ပြန်ပြေးလာတော့ ကျွန်တော် သူ့ကိုရစ်လုံးထိုးပေး၍ ကြိုးပဲထိန်းထားသည်။

မိုးပေါ်တွင် စွန်အကောင် နှစ်ဒါဇင်ခန့်ရှိသည်။ နောက်တစ်နာရီအတွင်း စွန်ကောင်ရေ နှစ်ဆတက်လာသည်။ အနီအပြာအဝါ စွန်ရောင်စုံတွေ ရစ်ချည်ငင်ချည် ပင့်ချည်ဝိုက်ချည်နှင့်

စက္ကူငါးမန်းတွေအလား သားကောင်ကိုသာ မနေမနား ဖွေရှာနေသည်။ လေအေးတစ်ချက်အသုတ်တွင် ကျွန်တော့်ဆံပင်များ ဖွာထွက်သွားသည်။ စွန်လွှတ်ဖို့အတွက် တိုက်လေသည်

အကောင်းဆုံးအနေအထားတွင် ရှိနေ သည်။ စွန်ကိုတင်ရလွယ်သည်။ ကွေ့ရလွယ်သည်။ ကျွန်တော့်ဘေးမှ ရစ်ဘီးကိုင်ထားသော ဟက်ဆန်ပင် မှန်စာကြိုးရှ၍ လက်များသွေးရဲနေပြီ။

သိပ်မကြာခင် စွန်ဖြတ်ပွဲလာပြီဖြစ်၍ စစ်ရှုံးစွန်များ ပရမ်းပတာ ချာလည် လည်နေသည်။ အမြီးကလေးတွေ လူးလွန့်လှိုင်းတွန့်ထကာ ကောင်းကင်မှ ကြယ်ကြွေ တွေလို

တရှူးထိုးဆင်းသက်လာသည်။ အောက်ဘက်စွန်လိုက်သူများအတွက် ကြယ် ကြွေတွေ ပန်းမိုးကြဲပြီ။ လမ်းတစ်လျှောက် စူးရှစွာအော်ဟစ်သွားသော စွန်လိုက် သူများ၏အသံကို

ကျွန်တော်ကြားရသည်။

ဘာဘာနှင့် ရာဟင်ခန် ထိုင်နေသော ခေါင်မိုးဆီ ကျွန်တော် မသိမသာ ခိုးကြည့်သည်။ သူတို့ ဘာတွေများတွေးနေကြပါလိမ့်။ ကျွန်တော့်ကို ဘာဘာ အားပေးနေမလား။ ဒါမှမဟုတ်

ကျွန်တော့်အရှုံးကို ကြည့်ရခြင်းက ပျော်စရာတစ်ဝက် ဖြစ်နေမလား။ စွန်လွှတ်သည် ဆိုသည်မှာ ဒါပဲဖြစ်၏။ စွန်နှင့်အတူ သင့်စိတ်ပါ လွင့်သွားလိမ့်မည်။

စွန်တွေ … စွန်တွေ … ကျလာမစဲ တသဲသဲ … ကျွန်တော်ကတော့ ဝေဟင်ထဲ ပျံနေဆဲ။ ကျွန်တော့်မျက်လုံးတွေ လည်ထွက်သွားပြန်တော့ ဘာဘာက သိုးမွေးဆွယ်တာထဲ

ရှိနေသေးသည်။ ကျွန်တော့်စွန် ဤမျှသက်တမ်းကြာနေခြင်းအပေါ် ဘာဘာ အံ့ဩ၍များနေသလား။ မျက်လုံးများ မိုးပေါ်စူးစိုက်မထားလျှင် သင့်စွန် သက်ဆိုးမရှည်နိုင်။

မိုးပေါ်ကို မြန်မြန်ပြန်ကြည့်လိုက်ရာ အနီရောင်စွန်တစ်ကောင် ကျွန်တော့်ဆီ ချဉ်းကပ်လာနေပြီ။ အချိန်မီ တွေ့လိုက်၍တော်ပါသေး။ ကျွန်တော် သွားငြိပစ်လိုက်သည်။

သူစိတ်မရှည်စွာ အောက်ဘက်မှ ဖြတ်မည်ကြံတော့ ကျွန်တော် ပွဲသိမ်းလိုက်သည်။

စွန်လိုက်သူများ လမ်းကိုအထက်အောက် စုန်ဆန်ပြေးနေကြသည်။ ဖမ်းမိလာသော စွန်များကို ဂုဏ်ယူဝံ့ကြွားစွာ မြှောက်ပြ၍ မိဘတွေ သူငယ်ချင်းတွေကို ကြွားသည်။ သို့သော်

သူတို့အားလုံးသိထားကြသည်က ဧရာမဆုကြီး ကျမလာသေး။ ဧရာမဆုကြီး လေထဲ ပျံကောင်းတုန်းရှိသေးသည်။ အမြီးအဖြူ ကိုယ်ထည်အဝါ အကောင်လှလှ စွန်တစ်ကောင်ကို

ကျွန်တော်လှီးပစ်လိုက်သည်။ ထိုအတွက် ကျွန်တော့် လက်ညှိုး ကြိုးရှခံပေးဆပ်လိုက်ရသည်။ လက်ဖဝါးထဲထိ သွေးတွေတလိမ့်လိမ့် ဆင်းလာ၍ ဟက်ဆန့်ကို

ကြိုးကိုင်ခိုင်းပြီး သွေးခြောက်အောင်စုပ်သည်။ ဂျင်းပင်နှင့် သုတ်သည်။

နောက်တစ်နာရီအတွင်းမှာပင် ရှင်သန်နေဆဲ စွန်ကောင်ရေ ငါးဆယ်မှ တစ်ဒါဇင်ထိ လုံးပါးပါးသွားသည်။ ထိုတစ်ဒါဇင်ထဲ ကျွန်တော်ပါသည်။ တံခွန်စိုက် ပြိုင်ပွဲ၏ ဤအပိုင်းသည်

အချိန်ယူရတော့မည်။ အကြောင်းမှာ ကျန်တစ်ဒါဇင်သည် ခပ်ညံ့ညံ့များ မဟုတ်ကြ။ ပင့်ပြီးဆွဲချသော ရိုးစင်းလှသည့် ဝေဟင်ထောင်ချောက်ထဲ လွယ်လွယ်လေး သက်ဆင်းမသွားနိုင်သော

စွန်များချည်းသာ။

နေ့လည်သုံးနာရီတွင် တိမ်ဆိုင်တိမ်လိပ်တို့ တရိပ်ရိပ်ဝင်လာ၍ ထိန်စကြာ နေမင်းကြီးလည်း တိမ်ကွက်ကြားနောက် ခေါင်းဝှက်ထားရသည်။ အရိပ်တို့ရှည်ထွက်စ ပြုပြီ။ အိမ်ခေါင်ပေါ်မှ

ပွဲကြည့်ပရိသတ်များ လည်စည်းပတ်၊ ကုတ်ထူကြီးတွေ ဝတ်ကြသည်။ စွန်တွေက ဒါဇင်ဝက်မျှသာ။ ကျွန်တော်လည်း မိုးဘယံထဲ လွင့်ပျံ ကောင်းဆဲ။ ခြေထောက်များတောင့်၍ ဇက်ခိုင်နေပြီ။

သို့သော်ငြား စွန်တစ်ကောင် ကျရှုံးသွားတိုင်း တအားတက်သည်။ နံရံပေါ်ဆင့်လာသည့် နှင်းပွင့်တွေလို မျှော်လင့်ချက်တွေ ရင်ထဲ တနင့်တပိုး ဖြစ်လာသည်။

နောက်ဆုံးချိန်ထိ ပွဲကြမ်းနေသော အပြာရောင်စွန်တစ်ကောင်ကို ကျွန်တော် မျက်လုံး ဒေါက်ထောက်ကြည့်နေရသည်။

”သူ ဘယ်နှစ်ကောင် ဖြတ်ပြီးပြီလဲ”

”ငါရေထားတာ ဆယ့်တစ်ကောင်ရှိပြီကွ” ဟု ဟက်ဆန်ဖြေသည်။

”ဘယ်သူ့စွန်များ ဖြစ်မလဲ၊ သိလား”

ဟက်ဆန်သည် လျှာကိုကလပ်ကလပ်လုပ်ကာ မေးထိုးပြသည်။ ဟက်ဆန့် မူပိုင်လက္ခဏာဖြစ်၏။ သူမသိဟုဆိုလိုသည်။ ထိုအပြာရောင်စွန်က ခရမ်းရောင် စွန်ကြီးတစ်ကောင်ကို

ပိုင်းချလိုက်ပြီး နှစ်ကြိမ်ဝိုက်ဆွဲသွားသည်။ ဆယ်မိနစ်အကြာတွင် နောက်ထပ် စွန်နှစ်ကောင်ကို သူရိတ်ပစ်လိုက်ပြန်ကာ စွန်လိုက်လူအုပ်ကြီးကို စစ်ရှုံးစွန်များထံ မောင်းနှင်ပေးလိုက်သည်။

နောက်နာရီဝက်အကြာတွင် ကောင်းကင်ခရီးနှင်နေဆဲ စွန်လေးကောင်သာ ကျန်တော့သည်။ ကျွန်တော်လည်း တစ်ကောင်အပါအဝင်။ တိုက်လေတိုင်းက ကျွန်တော့်ကို

မျက်နှာသာပေးနေရော့သလား။ ကျွန်တော့်မှာ မှားချင်လျှင်တောင် မှားဖို့မလွယ်။ မိမိကိုယ်ကို ကံကောင်းလိုက်လေခြင်းရယ်လို့ ယခုလောက်ယခင်က တစ်ခါမှ မခံစားဖူးခဲ့။ တကယ့်ကို

ယစ်မူးလောက်စရာ။ ခေါင်မိုးပေါ် ခိုးမကြည့်ရဲ။ အာကာတပြင်မှ အကြည့်မခွာရဲ။ ကျွန်တော် အာရုံစိုက်ရတော့မည်။ လှလှလေး ကစားမှ။ နောက်တစ်ဆယ့်ငါးမိနစ် အကြာတွင်မူ

မနက်ကတင်မက်ခဲ့သောအိပ်မက် ရယ်စရာဖြစ်သွားပြီ။ ကောင်းကင်တွင် ကျွန်တော်နှင့်သူ နှစ်ယောက်တည်းရယ် …။ ကျွန်တော့်စွန်နှင့် အပြာရောင်စွန်။

ကျွန်တော့်သွေးစွန်းလက်များတွင် ကိုင်ထားသော မှန်စာကြိုးပမာ ဝန်းကျင် ဖိအား တောင့်တင်းလာသည်။ ပွဲကြည့်ပရိသတ်သည် လက်ခုပ်တီးသည်၊ လက်ခေါက်

မှုတ်သည်။ ခြေကိုဆောင့်ကာဆောင့်ကာ ‘ဖြတ်ချလိုက် … ဖြတ်ချလိုက်’ ဟု ညာသံပေးနေပြီ။ ထိုအသံထဲ ဘာဘာ့အသံများ ပါလေမလား။ သီချင်းသံကြီးဟိန်း

ထွက်လာသည်။ ခေါင်မိုးထိပ်နှင့် ဖွင့်ထားသောတံခါးများမှ ဟင်းမွှေးရနံ့သင်းသင်း လေထဲလွင့်လာသည်။

ကျွန်တော်ကြားသမျှ – သို့မဟုတ် ကြားချင်နေသည့် တစ်ခုတည်းသော အသံမှာ ခေါင်းထဲမှ တဒုန်းဒုန်းသွေးတိုးသံ။ ကျွန်တော်မြင်သမျှ တစ်ခုတည်းသော အရာမှာ အပြာရောင်စွန်။

ကျွန်တော်ရှူသမျှ တစ်ခုတည်းသောရနံ့မှာ အောင်နိုင်ခြင်း ရနံ့။ ကယ်မခြင်း … ပေးဆပ်ခြင်း။ အကယ်၍များသာ ဘာဘာမှားခဲ့လျှင် ကျောင်းတွင်သင်ခဲ့သော ဘုရားဆိုတာသာ

တကယ်ရှိခဲ့လျှင် ယခု ကျွန်တော့်ကို ဘုရားမနေပြီ။ ဟိုဖက်ကကောင်လေး ဘာအတွက် စွန်လွှတ်သလဲ ကျွန်တော်မသိ။ လေလုံးထွားဖို့ ဖြစ်ချင်ဖြစ်နိုင်သည်။ ကျွန်တော့်အတွက်ကတော့

တစ်ခုတည်းသော အခွင့်အရေး။ သူတို့ကြည့်သော်လည်းမမြင်၊ နားထောင်နေသော်လည်း မကြားရသော ကိုယ် ဖြစ်နေခြင်းကိုက အခွင့်အရေးတစ်ခု။

အကယ်၍များ ဘုရားဆိုတာသာ တကယ်ရှိခဲ့လျှင် ကျွန်တော့်အတွက် တိုက်လေကို ဘုရားသခင် စေစားနေပြီ။ လက်ထဲမှ ကြိုးတင်းအား … ကျွန်တော့်နာ ကျင်ခြင်း …

ကျွန်တော့်တမ်းမှန်းချက် … ကျွန်တော် အများကြီး ဒဏ်ခံခဲ့ရသည်။ တာဝေးပြေးခဲ့ရသည်။ ဤသို့ဖြင့် ဆိုင်းမဆင့်ဗုံမပါဘဲ မျှော်လင့်ချက်များ အသိဉာဏ် ဖြစ်သွားသည်။

ကျွန်တော်နိုင်မည်။ ဘယ်တော့လဲ ဆိုတာသာ ကိစ္စဖြစ်၏။

အနှေးနှင့်အမြန် အဖြေပေါ်တော့မည်။ လေတစ်ချက်အပင့်တွင် ကျွန်တော် အခွင့်အရေး ယူလိုက်သည်။ ကြိုးကိုလျှော့၊ စွန်ကိုမြင့်အောင်လုပ်၍ အပြာရောင်စွန်ပေါ် သွားငြိပြီး

အနေအထားထိန်းသည်။ အပြာရောင်စွန်သည် ပြဿနာပေါ်ပြီကို သိ၍ အောက်မှလွတ်ထွက်အောင် သေကောင်ပေါင်းလဲ ကြိုးပမ်းနေသည်။ ကျွန်တော်ကတော့ လွှတ်မပေး။

ပွဲသိမ်းတော့မည်ကို လူအုပ်က သိနေပြီ။ ‘ဖြတ်ချလိုက် … ဖြတ်ချလိုက်’ ဟူသောညာသံကြီး ဟိန်းထွက်လာပုံသည် ရောမခေတ်က အသတ်အပုတ်သမား များအား ပွဲကြည့်ပရိသတ်က

”သတ် … သတ်” ဟု ညာသံကြီးပေးနေသည့်နှယ်။

”ရောက်နေပြီ အစ်ကိုအေမား … ရောက်နေပြီ” ဟက်ဆန်အမောဆို့ နေသည်။

အချိန်စေ့ပြီ။ ကျွန်တော် မျက်လုံးများမှိတ်၊ ကြိုးကိုလွှတ်ချလိုက်ရာ လေက စွန်ကို ဒရွတ်ဆွဲသွားသလို မှန်စာကြိုးက ကျွန်တော့်လက်ပေါ် ဒရွတ်ဆွဲသွားသည်။ ထိုု့နောက်တွင်ကား

လူအုပ်၏အော်ဟစ်သံကိုလည်း ကျွန်တော်မကြားတော့ပြီ။ လူအုပ် ကြီးကိုလည်း မမြင်တော့ပြီ။ ဟက်ဆန် သံကုန်ဟစ်ကာ ကျွန်တော့်လည်ပင်းကို သိုင်းဖက်ထားပြီတည်း။

”နိုင်ပြီကွ … နိုင်ပြီ”

ကျွန်တော် မျက်လုံးဖွင့်ကြည့်လိုက်တော့ မိုင်ကုန်တင်မောင်းသောကားမှ တာယာ ကျွတ်ထွက်လာသလို စွန်ပြာကလေး သွေးရူးသွေးတမ်း မွတ်မွတ်လည် ဆင်းသက်လာသည်။ ကျွန်တော်

မျက်လုံးပုတ်ခတ်လုပ်ပြီး တစ်ခုခုပြောဖို့ကြိုးစားရာ ဘာသံမှ ထွက်မလာ။ ရုတ်ချည်းမှာပင် ကျွန်တော်သည် ကောင်းကင်ကိုတွဲလောင်း ခိုကာ မိမိကိုယ်ကို အထက်စီးမှ

ငုံ့ကြည့်မိလျက်သားဖြစ်နေသည်။ သားရေကုတ် အနက်၊ လည်စည်းအနီ၊ ဂျင်းပင်အရောင်လွင့်၊ အသက်တစ်ဆယ့်နှစ်နှစ်အတွက် ညှက်သည်ဟုပြောရမည့် အရပ်အမောင်း၊

အသားအရေဝါရော်ရော်၊ လူပုံနွဲ့နွဲ့၊ ပုခုံးကျဉ်းကျဉ်း၊ အညိုဖျော့မျက်လုံးများကို ဝန်းရစ်ထားသော အမဲရိပ် … လေသရမ်းက ထိုကောင်လေး၏ ဆံညိုများကို ဆွဲဖွပစ်လိုက်သည်။ သူက

ကျွန်တော့်ကိုမော့ကြည့်၍ အပြုံးချင်းပြိုင်ကြသည်။

ထို့နောက်တွင်ကား ကျွန်တော်အော်ဟစ်နေသည်။ အရာရာတိုင်း ရောင်ကြိုး ကြွကာ အရာရာတိုင်း သံစုံရိုက်ကျူးနေသည်။ လွတ်နေသောလက်တစ်ဖက်ဖြင့်

ဟက်ဆန့်ကိုဖက်လျက် နှစ်ယောက်သားခုန်ပေါက်နေသည်။ နှစ်ဦးလုံးရယ်သည်၊ ငိုသည်။

”နိုင်ပြီ … အစ်ကိုအေမား နိုင်ပြီ”

”နိုင်ပြီဟေ့၊ နိုင်ပြီ” ကျွန်တော်ပြောတတ်သမျှ အကုန်လုံးမှာ ထိုစကား သာလျှင်ဖြစ်၏။ ထိုစဉ် ဘာဘာ့ကို အိမ်ခေါင်မိုးပေါ်တွင် တွေ့လိုက်သည်။ အိမ်ခေါင် စွန်းတွင် ရပ်ပြီး

လက်သီးနှစ်ဖက်ဆုပ်ကာ ထောင်ပြနေသည်။ အသံနက်ကြီးဖြင့် အော်ပြီး လက်ခုပ်တီးသည်။ ကျွန်တော့်ဘဝ အသက်တစ်ဆယ့်နှစ်နှစ်ထိ ထိုအချိန် သည် တစ်ခုတည်းသော

ကြီးကျယ်ခမ်းနားခဲ့ချိန်၊ နောက်ဆုံးတွင် ကျွန်တော့်အတွက် ဂုဏ်ယူရပြီဖြစ်သော ဘာဘာ့ကို ကျွန်တော်မြင်တွေ့ရပြီ။

သို့သော် ဘာဘာသည် အူရားဖားရားပုံစံဖြင့် လက်ညှိုးညွှန်ပြနေသေးသည်။ ကျွန်တော် သဘောပေါက်သည်။

”ဟက်ဆန် … ”

”ငါသိပါတယ်။ နောက်မှ ပျော်မယ်ကွာ။ ခုလောလောဆယ် မင်းအတွက် ဟိုစွန်အပြာ သွားလိုက်ဦးမယ်” ဟု ဟက်ဆန်ဆိုကာ ရစ်လုံးချပြီးပြေးသည်။ အစိမ်းတောက်တောက်

အကျႌအနားစများ နှင်းကြားထဲလွင့်နေသည်။

”ဟက်ဆန်ရေ … ” ဟုကျွန်တော်အော်ခေါ်သည်။ ”ရအောင်ယူခဲ့နော်”

ဟက်ဆန် လမ်းချိုးကိုပင်ရောက်တော့မည်။ ရာဘာဖိနပ်က နှင်းတွေ ကန်ထုတ်နေသည်။ သူရပ်ပြီး လှည့်ကြည့်၊ ပါးစပ်နား လက်ဝါးနှစ်ဖက်ကာ၍ အော်လိုက်သောစကားမှာ

”မင်းအတွက်ဆိုရင် … အခေါက်ပေါင်း ထောင်ချီသွားပစေ”

ထို့နောက် ဟက်ဆန်သည် ဟက်ဆန့်အပြုံးကိုပြုံးပြပြီး လမ်းချိုးထဲ ကွေ့ဝင်သွားသည်။ ခက်ခက်ခဲခဲ အားထုတ်စရာမလိုသောအပြုံး … မရှက်တတ် သောအပြုံး …

ဤအပြုံးကို နောက်တစ်ကြိမ် ကျွန်တော်ပြန်မြင်ရချိန်သည်……………………………………

……………………………………………………………………..
……………………………………………………………………..

_______________________________________

______________________________________
ဆက်ပါဦးမည် .။

_____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________–
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ..

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________

လေးစားစွာဖြင့်..

10 comments

  • စိန်ဗိုက်ဗိုက်

    June 16, 2012 at 7:07 pm

    ဟိုအရေး.ဒီအရေးတွေကြား..တိုအလင်းဆက်တင်ပေးတာတောင် လွတ်ခဲ့ရပါပကောဗျာ….
    မှီသလောက်လေး ဖတ်ခဲ့ပါတယ်..တိုတိုလင်းချက်ခင်ဗျား..

  • မောင်ပေ

    June 16, 2012 at 7:21 pm

    ကျုပ်ဖတ်လို ့ပြီးလို ့မန် ့လိုက်တော့ ၊ စိန်ဗိုက်ဗိုက်အောက်ကို ရောက်သွားပါလေရော ။
    ဘာဘဲဖြစ်ဖြစ် ၁ဝ ဘဲ ။

  • အလင်းဆက်

    June 17, 2012 at 6:18 pm

    ကိုကြီးမောင်ပေ..ရေ.။
    တင်ပေးသမျှကို.သိမ်းယူပြီး..ကျကျနန ဖတ်ဖြစ်မယ်.ဆိုလို ့ ကျေးဇူးပါပဲနော ့။

    စိန်ဗိုက်ဗိုက်..ရေ…
    ဖတ်ရှု ခံစားတာကို ကျေးဇူးတင်ပါတယ်နော် ။

    အားလုံးကို ခင်မင်လေးစားလျက်

  • padonmar

    June 17, 2012 at 9:10 pm

    ရွာထဲမှာ ဝင့်ပြုံးမြင့်ဆိုတဲ့ အသစ်တစ်ယောက်တွေ့ပါတယ်။
    ရှားပါးလှပတဲ့ နာမည်ဆိုတော့ နာမည်တူမရှိ စာရေးသူပဲ ဖြစ်မယ်ထင်ပါရဲ့။

    • စိန်ဗိုက်ဗိုက်

      June 18, 2012 at 1:51 pm

      မှန်၏..မှန်၏…ရိုက်ထ်.ရိုက်ထ်..

  • ဝင့်ပြုံးမြင့်

    June 18, 2012 at 9:34 am

    အန်တီပဒုမ္မာရေ
    http://myanmargazette.net/126269/arts-humanities
    အဲဒီမှာ သွားကြည့်လိုက်ပါနော်။ စိတ်ရှင်းသွားအောင်ပါ။

  • amatmin

    June 18, 2012 at 1:31 pm

    ကိုအလင်းဆက်ရေ..
    ဖတ်စေချင်လို့ တင်ပေးနေတာ ဆိုတော့ ..
    ဖတ်ဖြစ်နေတယ် ဆိုတာလေးတော့ ပြောချင်ပါတယ်ဗျာ..
    ကိုဗိုက်ပြောသလို ခုတလောအာရုံတွေက တယ်များရသကိုး 🙂

  • အလင်းဆက်

    June 18, 2012 at 6:12 pm

    amatmin ..ရေ…
    ဖတ်ဖြစ်နေတယ် ဆိုလို ့ကျေးဇူးပါ ။ ကျွန်တော် တင်ရကျိုးနပ်တာပေါ့ ။

    အန်တီ..padonmar….ရေ…အဲဒါဆရာမ ဝင့်ပြုံးမြင့်ပါနော် ။

    အားလုံးကို ခင်မင်လေးစားလျက်….

  • padonmar

    June 18, 2012 at 11:30 pm

    ဆရာမ ဝင့်ပြုံးမြင့်နှင့် ကိုအလင်းဆက်
    အဲဒီ အားလုံးကိုခွင့်တောင်းပါသည် ကို ကျမ တိမ်ယံထက်က ဂေဇက်ရွာနဲ့ ခဏဖြတ်ထားတုံးမို့လွတ်သွားပါတယ်။
    အခုရှင်းသွားပါပြီ။ကျေးဇူးတင်ပါတယ်။
    တိတ်တိတ်လေးအားပေးနေပါတယ်။

  • အလင်းဆက်

    June 19, 2012 at 9:23 pm

    တိတ်တိတ်လေး..အားပေးနေမယ့်….အန်တီpadonmar..ကို
    ကျွန်တော်ကလည်း..တိတ်တိတ်လေး…ကျေးဇူးတင်နေပါမယ်နော် ။

Leave a Reply