“အဏ္ဏဝါပြင်သမုဒ်ကို မင်လုပ်လို့ရေးချင်ပါ၏”

"အဏ္ဏဝါပြင်သမုဒ်ကို မင်လုပ်လို့ရေးချင်ပါ၏"

ဆောင်းဦးပေါက် နံက်ခင်း၏ အေးမြမြမြောက်ပြန်လေသည်
ညင်သာတိုးတိတ်စွာ ညှင်းခတ်လာ၏။ မျက်နှာသစ်ပြီးစ အေးမြမြမျက်နှာသို့ လန်းဆန်းစွာ ဖြတ်သန်းသွားပါသည်။ မျက်နှာသုတ်တံဘက်ကို ပုခုံးပေါ်တင်ထားရင်း ဆောင်းဦးမနက်ခင်းအား ဝရံတာပေါ်၌ ငေးမောနေမိ၏။ မြူလိုလို၊ နှင်းလိုလို ဝေဝါးဝါးအခိုးများက လွင့်မျောနေကြသည်။ အအေးဓာတ်က ထူးထူးကဲကဲ မအေးတတ်သေး၊ မျက်နှာကိုတစ်ချက်မော့လျက် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ အေးမြလတ်ဆတ်သော ရေငွေ့ပါသည့်လေက ရင်အတွင်း စီးဝင်သွား၏။ ကိုယ်အာရုံနှင့်ကိုယ် ပတ်ဝန်းကျင်ကိုပင် သတိမထားမိ။ နောက်ပါးမှ ခြေသံလိုလို ကြားလိုက်ရသည်။ ကျောင်းသွားခါနီးသားငယ် အပေါ်ဝတ်ဂျာကင်ကြောင့် ပုဆိုးအဝတ်ခက်နေသည်ကို မြင်လိုက်ရ၏။ ဟုတ်ပေမည်၊ အလယ်တန်းကျောင်းသားသစ်အဖို့ ပုဆိုးဝတ်နှင့် သိပ်အသားမကျသေး။ သားငယ်၏နောက်နားဆီမှ ပွေ့သိုင်းရင်း ပုဆိုးကိုခိုင်အောင် ဝတ်ပေးလိုက်သည်။ ပွေ့ထားသော သားငယ်ကို မလွှတ်သေးပဲ ခေါင်းပေါ်သို့ ပါးတင်ပြီး ကပ်ထားမိ၏။ သားငယ်ကလည်း အလိုက်သင့် ငြိမ်နေသည်။ ဖခင်၏မေတ္တာဓာတ်များ သားငယ်ဆီသို့ တစိမ့်စိမ့် စီးဆင်းသွားနေသည်ကို သတိထားလိုက်မိပြန်ပါသည်။ ………………………………………………………………………………………. ……………………………………………………… ဖခင်၏မေတ္တာဓာတ်များ ရင်ဘတ်ထဲမှ တစ်ကိုယ်လုံးသို့ နွေးထွေးစွာ စီးဆင်းလာခဲ့ဘူးပါသည်။ ကျွန်တော်မှတ်မိသမျှ ငယ်ငယ်ကဆောင်းတွင်းနေ့များသည် အတော်အေးလွန်းနေခဲ့သည်။ မနက်ခင်း အဖေ၏စက်ဘီးနောက်မှထိုင်ရင်း ကျောင်းသွားခဲ့ရသည်မှာ ပျော်စရာကောင်းလွန်းလှ၏။ အဖေ၏ စစ်ဂျာကင်ဘေးအိတ်ထဲသို့ လက်နှစ်ဘက်ထိုးသွင်းရင်း စက်ဘီးနောက်မှာ ထိုင်ရသည်မှာ နွေးနွေး ထွေးထွေးရှိလှသည်။ အဖေသည် ကျွန်တော့်ကို ကျောင်းပို့ပြီးမှ အလုပ်ရှိရာသို့ ဆက်သွားတတ်၏။ အဖေ့နောက်ကြောပြင်ကြီး ပျောက်ကွယ်သွားမှ လေးလံသောခြေလှမ်းများဖြင့် ကျောင်းဝင်းအတွင်း ဝင်သွားခဲ့ဘူးပါသည်။ ယခုလို ဆောင်းရက်များတွင် အဖေ့ကို သတိရစရာတော်တော်များများ ရှိနေတတ်သည်။ ကျွန်တော်တို့ ငယ်စဉ်က အဖေ ရုန်းကန်ခဲ့ရ၏။ တက္ကသိုလ်ကျောင်းသား တစ်ပိုင်းဘဝတွင် အမေနှင့် အိမ်ထောင်ကျသည်။ ပညာမစုံပဲ ဘဝကို အလုပ်မျိုးစုံဖြင့် ရပ်တည်ခဲ့ရ၏။ ကျွန်တော်မှတ်မိသောဘဝက ကားဂိတ်တစ်ခု၏ ဂိတ်စားရေးဘဝ။ အဖေတို့အလုပ်က အချိန်ပုံမှန်မဟုတ်၊ အလုပ်များပြီး ကားနှစ်စင်း၊ သုံးစင်းထွက်သည့်နေ့မျိုးတွင် အိမ်အပြန် မိုးချုပ်တတ်သည်။ ထိုနေ့မျိုးတွင် ညမိုးချုပ်အထိ အိမ်တွင် အမေနှင့်စောင့်နေကျ ဖြစ်၏။ အမေက ညီမငယ်ကို ရင်ခွင်ထဲထည့်ပြီး သိုးမွှေးထိုးနေတတ်သည်။ ကျွန်တော်က မီးဖိုနှင့် အမေ့ဘေးတွင်ထိုင်ရင်း စာကြည့်နေလေ့ရှိ၏။ အိမ်အပြင်မှ အဖေ့စက်ဘီး ဘဲလ်သံကြားလျှင် ကပြာကရာ ပြေးထွက်ပြီး အဖေ့ကိုကြိုတတ်သည်။ အဖေ့လက်ထဲမှ ခေါက်ဆွဲကြော်ထုပ်ကို အရင်လှမ်းယူပြီး အဖေ့ကိုပင်မစောင့် အိမ်ထဲပြေးဝင်တော့၏။ အခုမှပြန်စဉ်းစားကြည့်မိသည်။ အဖေ့ကိုမျှော်သည်လား၊ခေါက်ဆွဲကြော်ကိုမျှော်သည်လား၊ မသေချာပေ။ ကားအစင်းရေများသည့် နေ့မျိုးတွင် အဖေတို့ဂိတ်ပိုင်ရှင်က ခေါက်ဆွဲကြော် အမြဲကျွေးသည်။ ငယ်ငယ်က ဆုတောင်းဘူး၏၊ အဖေမိုးချုပ်ပါစေ၊ ဒါမှ ကိုယ်လည်း ခေါက်ဆွဲစားရမည်၊ အမေလည်း ပိုက်ဆံပိုရမည်။ အတော်မတရား ဆုတောင်းပင်။ ပြန်ရောက်လျှင် အဖေကစက်ဘီးထောင်ပြီး မီးဖိုဘေးတန်းဝင်ထိုင်သည်။ အမေ့လက်ထဲမှ ညီမလေးကိုယူချီပြီး အမေက အဖေ့အတွက် ထမင်းပြင်ပေး၏။ ညမိုးချုပ် အဖေ့ညစာကို မှတ်မိနေသေးသည်။ မီးဖိုပေါ်တွင် ဒယ်အိုးတင်ပြီး ထမင်းရော၊ဟင်းပါရောနွေးသည်။ အငွေ့တထောင်းထောင်ထ ပူလာမှ အဖေကဇွန်းတပ်လွေးတော့၏၊ ကျွန်တော်ကလည်း အဖေပါလာသည့် ခေါက်ဆွဲကြော်ကို ပါးလုပ်ပလောင်းတွယ်ရင်း…အဖေရောစားဦး ပြောလျင် ဘယ်တော့မှမစားတတ်၊ မကြိုက်ပါဘူးသားရယ်ဟုပြောရင်း ထမင်းသာ ကုန်းလွေးနေတော့သည်။ အလွန်ကောင်းသည့် ခေါက်ဆွဲကြော်ကို အဖေဘာကြောင့်မကြိုက်မှန်း ငယ်ဘဝက နားမလည်ခဲ့ပါပေ။ အမေကတော့ ခင်ပွန်းနှင့် သားကိုကြည့်ရင်း ပြုံးနေတတ်သည်။ ………………………………………………………………………………………………………………………………………….. ငယ်ဘဝက တစ်ရက်ကိုဖြင့် အမြဲတမ်းမှတ်မှတ်ရရ ရှိနေတတ်သည်။ ပြန်တွေးတိုင်းလည်း ရင်ထဲဆွတ်ဆွတ် ကြင်ကြင် ခံစားရ၏။ မှတ်မှတ်ရရ ကျောင်းပိတ်ရက်တစ်ရက်။ ထိုနေ့က အဖေ အလုပ်သွားသည်။ အမေ နှင့် ကျွန်တော်တို့ မောင်နှမနှစ်ယောက်တို့ မဟာမြတ်မုနိ ဘုရားကြီး သွားဖြစ်ခဲ့ကြ၏။ ဘုရားကအပြန် အမေ့ အမျိုးများအိမ်ဝင်လည်ကြပြီး ညနေစောင်းစောင်းမှ သားအမိသုံးယောက် ပြန်လာခဲ့ကြသည်။ အမေ့ အစီအစဉ်က မြင်းလှည်းဖြင့် ပြန်လာပြီး မြို့ထဲဆင်းမည်၊ ပြီးနောက် အဖေ့ကိုဝင်ကြိုပြီး မိသားစုလေးယောက် အတူတူပြန်ကြမည့် အစီအစဉ် ဖြစ်သည်။ ဘုရားကြီးဘက်မှ မြင်းလှည်းဖြင့်ပြန်လာပြီး အဖေ့ဂိတ်နားတွင် ဆင်းခဲ့ကြ၏။ အမေက ကျွန်တော့်ကို ရှေ့တွင် ခဏစောင့်ခိုင်းပြီး ဂိတ်အတွင်း ဝင်သွားသည်၊ အလုပ်များနေသော အဖေက ကျွန်တော်တို့ ရောက်နေသည်ကိုမသိ၊ စပ်စုသော ကျွန်တော်ကလည်း မသိမသာ နောက်မှလှမ်းကြည့်နေမိသည်။ အဖေတို့ဂိတ်ပိုင်ရှင်က ခါးထောက်ပြီး အားလုံးကိုအော်ပြောနေတာ ကြားနေရသည်။…..”မင်းတို့ အလုပ်များလို့၊ ပင်ပန်းလို့ ငါက အလုပ်ကောင်းကောင်းလုပ်နိုင်အောင် စားစရာစီစဉ်ပေးတာ၊ ဒါကိုမင်းတို့က ဒီမှာမစားပဲ အိမ်က မိန်းမ မျက်နှာလိုအားရနဲ့ သယ်သယ်သွားကြတာ၊ မင်းတို့အိမ်က မိန်းမက ငါ့အလုပ်လုပ်တာမဟုတ်ဘူးကွ၊ မင်းတို့ကလုပ်ရတာ၊ ဒီတော့ ကျွေးတာကို အိမ်သယ်သယ် မသွားကြနဲ့ ဒိမှာတင်စားကြ”..ကျွန်တော်လည်း လန့်ပြီး အပြင် ပြန်ထွက်ရပ်နေလိုက်သည်။ ခဏနေတော့ အဖေက အမေနှင့် ညီမလေးကို အပြင်ပြန်လိုက်ပို့ပြီး ပြန်သွားနှင့်ခိုင်းသည်၊ ကျွန်တော့်ခေါင်းကိုပုတ်ပြီး အဖေအထဲပြန်ဝင်သွား၏။ အမေ့မျက်နှာက သိပ်မကောင်း၊ အဖေတို့ ဂိတ်ရှေ့မှ ဆိုက်ကားဖြင့် အိမ်သို့အပြန်လမ်းတစ်လျှောက်တွင်လည်း ဘာစကားမှမဆိုဖြစ်။ ကျွန်တော်သတိထားမိပါသည်။ နောက်ရက်များတွင် အဖေမိုးချုပ်ပြီးပါလာသည့် ခေါက်ဆွဲကြော် ကျွန်တော်စားမကောင်းတော့ပါ။ ………………………………………………………………………………………………………………………………………….. အခု ဖခင်ဘဝရောက်မှ အစစ အရာရာ ပြန်စဉ်းစားမိပါတော့သည်။ ငယ်ငယ်က အဖေ့အိတ်ထဲလက်နှိုက်ပြီး ကျောင်းသွားခဲ့၏။ ကျောင်းရောက်ပြီး ကိုယ်လက်ကို ပြန်နမ်းကြည့်မိလျှင် အနံ့တစ်မျိုး အမြဲရသည်။ ဝက်ဆီနံ့လိုလို၊ ကြက်သွန်နံ့လိုလို ဘာအနံ့မှန်းခွဲခြားမရ။ အခုနောက်ပိုင်းမှ တွေးကြည့်မိပါသည်။ ခေါက်ဆွဲကြော်နံ့ပါ။ ဟုတ်ပါသည်။အဖေက ခေါက်ဆွဲကြော်ထုပ်ကို ဂျာကင်အိတ်ထဲ ထည့်ထည့်ယူလာနေကျဖြစ်ပေလိမ့်မည်။ အလုပ်ရှင်ကျေနပ်အောင် အစားပြပြီး မသိအောင်ယူလာခြင်းဖြစ်မှန်း အလွန်နောက်ကျမှ သိလိုက်ရခြင်းပင်။ စဉ်းစားတိုင်း ရင်ထဲခံစားရ၏။ ခေါက်ဆွဲကြော်မကြိုက်သောအဖေကို အခုကျွန်တော်နားလည်ပြီ။ အခုကျွန်တော် ကြက်သားချက်လျှင် တောင်ပံရိုးသာကြိုက်ကြောင်း သားငယ်နားလည်လိမ့်ဦးမည်မထင်………………………..။ ………………………………”ခန့်ညီဖေ” ၁၇.၆.၂၀၁၂ တနင်္ဂနွေနေ့ (ဖခင်များနေ့အမှတ်တရ ဖခင်ကြီးအား ဂါရဝပြု ခံစားပါသည်)

http://www.facebook.com/notes/khant-nyi-pe/%E1%80%A1%E1%80%8F%E1%81%B0%E1%81%80%E1%80%AB%E1%81%BF%E1%80%95%E1%80%84%E1%80%B9%E1%80%9E%E1%80%99%E1%80%AF%E1%80%92%E1%80%B9%E1%80%80%E1%80%AD%E1%80%AF-%E1%80%99%E1%80%84%E1%80%B9%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%9C%E1%80%AD%E1%80%AF%E1%82%94%E1%80%B1%E1%80%9B%E1%80%B8%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%95%E1%80%AB/255692107865647

6 comments

  • Aung Man

    June 17, 2012 at 5:02 pm

    ဖခင်မေတ္တာဘွဲ့…ကောင်းပါသည်…
    တချို့..အဖေမချစ်တတ်ပါ…တချို့အဖေများ…မချစ်တတ်ပါ..
    သို့သော်..အဘကိုချစ်တတ်သောသူသည်..အောင်မြင်၏..
    စာနာတတ်၏..လေးစားခံရ၏..လက်တွေ့ပါ..
    လူသားများအားလုံး…အဘကိုလေးစားချစ်ခင်တတ်သူများ..ဖြစ်ပါစေသတည်း..

  • marblecommet

    June 17, 2012 at 7:04 pm

    သိပ်ကောင်းတဲ့ ပို့(စ်)လေးပဲ….
    ကျေကျေနပ်နပ်
    နက်နက်ရှိုင်းရှိုင်းခံစား
    အားပေးသွားပါတယ်ဗျာ…
    ခံစားချက်တူတဲ့……
    မောင်ကမ်း.

  • က်ိုကိုအိုဗာ

    June 17, 2012 at 8:47 pm

    အများနဲ့မတူ ကွဲထွက်လာတဲ့ အိုက်ဒီယာလေး
    ကောင်းလိုက်တာဗျာ ဖတ်လို့ ဆွတ်ပျံကြည်နှုးရပါတယ်

  • Key Key

    June 17, 2012 at 9:26 pm

    Happy Father’s Day မှာ အဖေ့ ကျေးဇူးတရားအကြောင်းကို ရသမြောက်စွာ ဖတ်ရှုခွင့်ရတဲ့အတွက်
    ကျေးဇူးအထူးတင်ပါတယ်…..။
    ဖခင်ရဲ့တန်ဖိုးနဲ့ ကျေးဇူးတရားတွေကို တန်ဖိုးထားဂါရဝပြုပါတယ်။

  • aye.kk

    June 17, 2012 at 9:39 pm

    အမုန်းလုလင်….
    ဖခင်မေတ္တာဘွဲ ့လေးကို…
    အသက်ဝင်လာအောင်…
    ဖော်ကျူး ရေးသားထားတဲ့..
    အကြောင်းအရာလေးမို ့..
    စိတ်ကိုဖမ်းစားဆုတ်ကိုင်ထားနိုင်စေခဲ့နိုင်ပါတယ်….
    အရမ်းကောင်းတဲ့ post လေး မို ့ကျေးဇူးတင်ပါကြောင်းပြောပြလိုက်ပါရစေနော်..။။

  • ahnyartamar

    June 18, 2012 at 10:58 am

    ဖခင်တယောက်ရဲ့ မေတ္တာကို အပြည့်အဝပေးတဲ့ post ကောင်းလေးပါ။ ဖော်ကျူးရေးသားမူလည်း အလွန်ကောင်းပါသည်။ မိခင်မေတ္တာကိုပဲ တော်တော်များများ ဖွဲ့နွဲ့ကျတော့ အခုဖခင်တယောက်ရဲ့ မေတ္တာကို ဖတ်လိုက်ရတော့ အလွန်ကြည်နူးမိပါ၏။ သားသမီးတွေအတွက်တော့ အဖေ ရော အမေပါ အနိုင်းမဲ့ ကိုးကွယ်ရာပါ။

Leave a Reply