အသက်ရှည်၊ အရွယ်တင် … နေချင်ရင်

khinmintatthuJune 24, 20101min571

အိမ်ထောင်သည်နှင့်အပျို၊
လူပျို

လူတိုင်းဟာ အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ နေထိုင်လိုကြတဲ့ သူချည်းပါပဲ။ ‘သေချင်လိုက်တာနော်’ ဆိုတဲ့ သူတွေတောင်မှ… ပါးစပ်ကသာ ပြောနေကြပြီး ဘယ်သူမှ မသေလိုကြပါဘူး…။

ဒီတော့… အသက်ရှည်ပြီး၊ ကျန်းကျန်းမာမာ၊ လှလှပပနဲ့ ဘဝကို
နေထိုင်သွားချင်တယ်ဆိုရင်တော့…. လူပျိုကြီး၊ အပျိုကြီးများအဖြစ်နဲ့
မနေကြဖို့ ခေတ်သစ်ဆေးသိပ္ပံပညာရှင်များက စာတမ်းတစောင် ထုတ်ပြီး
ပြောဆိုခဲ့ပြပါတယ်။

အိမ်ထောင်သည်များဟာ… တကိုယ်တည်း လူပျိုကြီး၊ အပျိုကြီးများထက် စစ်တမ်းကောက်ယူချက်များအရ အသက်ပိုပြီး ရှည်ကြမယ်လို့
ဆိုပါတယ်။

အိမ်ထောင်သက် ရှည်ကြာလာတာနဲ့အမျှ အိမ်ထောင်သည် အမျိုးသား၊ အမျိုးသမီးများဟာ ရောဂါပိုမွှားများရဲ့ ဒဏ်ကို လူပျိုကြီး၊
အပျိုကြီးများထက် ပိုမိုပြီး ခုခံနိုင်ရည်ရှိကြတယ်လို့ ဆိုပါတယ်။

ကျားနဲ့ မ

ဖွားသေစာရင်းများအရ… အမျိုးသမီးများရဲ့ သေဆုံးမှုဟာ … အမျိုးသားများ၏ သေဆုံးမှုထက်
လျော့နည်းတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ …. အသက် ၆၅ နှစ်ကျော်လာရင်တော့
အမျိုးသမီး၊ အမျိုးသား ဖွားသေနှုန်းဟာ သိပ်ပြီး မကွာလှတော့ပါဘူး။
အမျိုးသမီးတွေရဲ့ ခန္ဓဗေဒ ဖွဲ့စည်းမှုဟာ အမျုးိသားတွေထက်
ပိုပြီးရှုတ်ထွေးလွန်းလှတယ်လို့လည်း ဆိုပါတယ်။

ဖို-မ ဆက်ဆံရေး

ခန္ဓာကိုယ်နုပျိုသန်စွမ်းရေးအတွက် အိမ်ထောင်သည်များရဲ့ ဖို/မ ဆက်ဆံရေးဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။
အသက်ရှည်မှု၊ နုပျိုလှပမှုတို့မှာ စိတ်ဓါတ်ရေးရာပါ ပါဝင်ပတ်သက်နေပါတယ်။
အသက်ရှည်ရှည် နေသူများဟာ နေ့စဉ် စိတ်ချမ်းသာအောင် နေတတ်ကြပြီး
ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေး ဆက်ဆံမှုကိုလည်း တတ်နိုင်သမျှ
ပျော်ရွှင်ကြည်နူးစွာ ခံစားလေ့ရှိကြပါတယ်။

ရင်သွေးရှိခြင်း

သားသမီးရှိတဲ့ အိမ်ထောင်သည် မိခင်များဟာ …. သားသမီးမထွန်းကားတဲ့ အိမ်ထောင်သည်
ဇနီးများထက် ပိုပြီး နုပျိုအသက်ရှည်စေတယ်လို့ ဆိုပါတယ်။
လေ့လာတွေ့ရှိချက်များအရ… သားသမီး ၃ ယောက်ရှိတဲ့ မိခင်များရဲ့
သေဆုံးမှုနှုန်းဟာ နည်းပါးတယ်လို့ ဆိုပါတယ်။ သားသမီး ၄ ယောက်နဲ့အထက်ရှိတဲ့
မိခင်များကတော့ … သေဆုံးမှုနှုန်း မြန်တယ်လို့ ဆိုပါတယ်။ စစ်တမ်းရဲ့
ယေဘုယျတွေ့ရှိချက်ကတော့ …. သားသမီး လုံးဝမရှိတဲ့ အမျိုးသမီး ဒါမှမဟုတ် ….
သားသမီးတဦးတည်းသာရှိတဲ့ မိခင်တို့ဟာ …. သားသမီး ၃ ဦး၊ ၃ ဦးရှိကြတဲ့
မိခင်များလောက် အသက်မရှည်ကြပါဘူး။

အိပ်ခြင်း

အအိပ်အနေ နည်းခြင်း၊ များခြင်းကလည်း ကျန်းမာသက်ရှည်ရေးနဲ့ လှပပျိုမျစ်ရေးအတွက် ထူးခြားမှု
ဖြစ်စဉ်တွေကို ဖြစ်ပေါ်စေပါတယ်။ လူတဦးစီအနေနဲ့ မည်မျှကြာကြာအိပ်ဖို့
လိုအပ်တယ်ဆိုတာကတော့ ပြောရခက်ပါတယ်။ လူတချို့က တည ၅ နာရီလောက်
အိပ်ချိန်ရရင် လုံလောက်ပါတယ်။ တချို့ကျတော့ ၈ နာရီ၊ ၉ နာရီလောက် အိပ်ရမှ
အိပ်ရေးဝကြပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့ကတော့ အိပ်ချိန်
ညီညွတ်မျှတမှုရှိခြင်းက ပိုပြီး အကျိုးရှိစေတယ်လို့ ဆိုပါတယ်။

အရက်နှင့် အသက်

နေ့စဉ် အရက်အနည်းမျှစီ သောက်သုံးခြင်းဟာ အသက်ကို ရှည်စေတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အသက်အရှည်ဆုံး လူသားတွေကို သုတေသနပြုရာမှာ
ဝိုင်သောက်သုံးသူတချို့ ပါဝင်ကြောင်း တွေ့ရပါတယ်။

ပိန်သူ၊ ဝသူ

ပိန်သူတိုင်းလည်း အသက်မရှည်ပါဘူး။ ဝဖြိုးသူတချို့လည်း အသက်ရှည်တာကို တွေ့ပါတယ်။
ခန္ဓာကိုယ်မှာ တိုးလာတဲ့ အလေးချိန်တိုင်းက လူ့အသက်ကို တိုစေတာ မဟုတ်ပါဘူး။
လူလတ်ပိုင်း အသက် ၃ဝ ဝန်းကျင်တွေမှာ ဝဖြိုးသူတွေထက် ပိန်သူတွေက အသက်ပိုပြီး
တိုကြပါတယ်။ တချို့သော သိပ္ပံပညာရှင်တွေရဲ့ ယူဆချက်အရ အစာကို
လျှော့စားလိုက်၊ ပိုစားလိုက် လုပ်ခြင်းဟာ အသက်ကိုတိုစေတဲ့ အချက်တွေထဲက
တချက်လို့ ဆိုပါတယ်။

ကိုယ်အလေးချိန်ကို တဖက်စွန်းရောက်အောင် ပြုလုပ်ခြင်းဟာ ကျန်းမာရေးကို အလွန်အမင်း ထိခိုက်စေပါတယ်။ မိမိမှာ
ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်ထက် ၂ဝ ပို၍ဖြစ်စေ၊ လျော့၍ဖြစ်စေ
ထိန်းမထားဘူးဆိုရင် အသက်ကို တိုစေပါလိမ့်မယ်။

လေ့ကျင့်ခန်း

လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းဟာ လူကို နုပျိုလှပပြီး အရွယ်တင်ကျန်းမာစေပါတယ်။
ခွန်အားစိုက်ထုတ်ပြီး အသက်ပြင်းပြင်း အကြိမ်ကြိမ်ရှုထုတ်ခြင်းဟာ သေမင်းကို
ခုခံကာကွယ်ဖို့ အကောင်းဆုံး ခံတပ်ပဲလို့ ဆေးသိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။
လေ့ကျင့်ခန်းများကို ပြင်းပြင်းထန်ထန် မှန်မှန်လုပ်ခြင်းဟာ
နှလုံးရောဂါဖြစ်ခြင်းကလည်း ကာကွယ်ပါတယ်။ ဒါပေမဲ့ သုတေသီအချို့ရဲ့
အယူအဆကတော့ ခန္ဓာကိုယ် အချိုးကျလှပဖို့အတွက် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ
မလုပ်သင့်ဘူးလို့ ဆိုပါတယ်။

အောင်မြင်မှုကြောင့်

လောကမှာ အောင်မြင်မှုကြီးမားလေ အသက်လည်း ပိုပြီး ရှည်လေလေပါပဲ။ အမေရိကန်က စာရင်းဇယားအရ စက်မှုလုပ်ငန်းမှာ အောင်မြင်တဲ့ လုပ်ငန်းရှင်များဟာ
တခြားသူတွေထက် ပိုပြီး အသက်ရှည်တာကို တွေ့ရပါတယ်။
လုပ်ငန်းအောင်မြင်တဲ့အတွက် စိတ်ဓာတ်ရင့်ကျက်မှု၊ ပျော်ရွှင်တည်ငြိမ်မှုနဲ့
ဘဝအပေါ် ကျေနပ်ပီတိဖြစ်မှုတွေက အသက်ရှည်ခြင်းကို ပံ့ပိုးပေးပါတယ်။
လုပ်ငန်းမအောင်မြင်သူတွေကတော့ စိတ်ဓာတ်ကျဆင်းတာ၊ ပျော်ရွှင်မှုကင်းမဲ့တာနဲ့
ဘဝအပေါ် ကျေနပ်မှုမရှိတာတွေကြောင့် အသက်ကို တိုစေပါတယ်။
ဘဝအောင်မြင်သူတွေအဖို့ကတော့ ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင့်ကျက်တည်ငြိမ်စွာ
ရင်ဆိုင်လှုပ်ရှားရင်း မိမိအတွက် အကျိုးရှိအောင် တန်ဖိုးရှိအောင်
ဖန်တီးပြောင်းလဲယူနိုင်ကြပါတယ်။

ပြီးတော့ လောကကို အကောင်းမြင်ဝါဒနဲ့ ရှုမြင်သုံးသပ်နိုင်သူ၊ ကျေနပ်ရောင့်ရဲနိုင်သူတွေအဖို့
အသက်ရှည်နုပျိုရေးမှာ ပိုပြီး အရေးပါလှပါတယ်။

အသက်ရှည်နုပျို ကျန်းမာအောင် နေနည်း

အမေရိကန်နိုင်ငံက လူပေါင်း ၃၅ဝဝဝ မှာ လူတဦးသာ အသက် နှစ် ၁ဝဝ အထိ နေထိုင်နိုင်တာတွေ့ရပြီး၊ အီကွေဒေါနိုင်ငံ၊ ဗီကာဘမ်ချရင်ဝှမ်း၊
ဆိုဗီယက်နိုင်ငံ ကော့ကေးဆပ်ပြည်နယ်နဲ့၊ ပါကစ္စတန်နိုင်ငံ ဟွန်းဇားဒေသ ၃
ခုမှာ အသက် နှစ် ၁ဝဝ ကျော်အထိ နေရတဲ့သူတွေ အမြောက်အမြား ရှိတယ်လို့
ဆိုပါတယ်။ ဒီဒေသ ၃ ခုစလုံးဟာ တောင်ပေါ်ဒေသ ဖြစ်ပါတယ်။ ပြီးတော့
စိုက်ပျိုးရေးလုပ်တဲ့ နယ်မြေလည်း ဖြစ်ပါတယ်။ အသက်ရှင်နေထိုင်ရေးအတွက်
နေ့စဉ်နဲ့အမျှ အလုပ်နဲ့ လက်နဲ့မပြတ် ပင်ပန်းကြီးစွာ အလုပ်လုပ်ကြရပါတယ်။
အဆီဓာတ်နည်းတဲ့ အစာများနဲ့ ပရိုတင်းဓာတ်နည်းတဲ့ အစာများကိုသာ
စားကြသောက်ကြရပါတယ်။ အများအားဖြင့် လတ်ဆတ်တဲ့ အသီးအနှံနဲ့
သဘာဝအစားအစာများကိုသာ စားကြသောက်ကြရပါတယ်။

ဒီဒေသက ရာသီဥတုဟာ ဒေသခံလူမျိုးစုတွေရဲ့ ဓာတ်သဘာဝနဲ့ ညီညွှတ်မျှတမှု ရှိပါတယ်။ ရာသီဥတုသာယာပြီး
ဘာသာတရားလည်း ကိုင်းရှိုင်းကြပါတယ်။ အိမ်ထောင်တိုင်းဟာလည်း
ပထမအိမ်ထောင်နဲ့ပဲ မြဲကြပါတယ်။ အိမ်ထောင်မမြဲတဲ့ မိသားစုရယ်လို့ မရှိသလောက်
ရှားပါတယ်။ ဒီဒေသက အသက် နှစ် ၁ဝဝ ကျော်ပုဂ္ဂိုလ်များဟာလည်း
ကျန်းမာသန်စွမ်းပြီး အလုပ်ကို ကြိုးကြိုးစားစား လုပ်သူတွေ ဖြစ်ပါတယ်။

အသက်ရှည်ရှည်၊ အရွယ်လှလှ နေနိုင်ရေးအတွက် ပထမဦးဆုံး ဥပဒေကတော့ မိမိအသက် ၁ နှစ်ပဲ
ပိုရှည်ရှည်၊ အနှစ် ၁ဝဝ ပဲ ပိုရှည်ရှည် အချိန်တိုင်း အချိန်တိုင်းမှာ
မိမိဘဝအပေါ် ချစ်ခင်တွယ်တာနေဖို့ပဲ ဖြစ်ပါတယ်။ ပြင်သစ် အတွေးအခေါ်
ပညာရှင်ဖြစ်တဲ့ ပိုးဆိုးက….

“သေမင်းကို ရှောင်တိမ်းဖို့ထက် အသက်ရှည်ရှည်နေတတ်ဖို့ သင်ပြပါ။ ဘဝဆိုတာ အသက်ရှုနေခြင်း သက်သက်မဟုတ်
လှုပ်ရှားရှင်သန်နေခြင်းသာ ဖြစ်တယ်။ အာရုံ ၅ ပါး ခံစားသုံးသပ်ခြင်း၊
စိတ်ကူးယဉ်မြော်မြင်ခြင်း၊ မိမိအစွမ်းသတ္တိ၊ မိမိခန္ဓာကိုယ် အစိတ်အပိုင်း
အားလုံးဟာ လူအဖြစ် သိစိတ်ကို ဖန်တီးနေခြင်းသာ ဖြစ်တယ်” လို့ ဆိုပါတယ်။

ဆင်ခြင်ဖို့နဲ့ …၊ စဉ်းစားစရာပါ။

ကိုးကား – ’’Clues to living, longer, Staying Younger’’, Reader Digiest

One comment

  • kokogyi

    June 24, 2010 at 5:21 am

    ဘာပဲလုပ်နေလုပ်နေ သေချိန်ကျရင်သေမှာပါ သေချိန်မကျသေလို့ ကတော့ ဘယ်လောက်ဆိုးဆိုးဘယ်လောက်ပေပေ မသေပါဘူး သောက်မြင်ကတ်လောက်အောင်ကို အသက်ရှည်ပါတယ်.. သေမင်းက ငယ်တာကြီးတာ ကျန်းမာရေးလိုက်စားတာမလိုက်စားတာမသိပါဘူး သေချိန်ကျပြီးဆို ဘယ်သူမှာတားလို့မရပါဘူး သေမင်းကခေါ်မှာပါ ..ဒါပေမဲ့ မသေခင်မှာ ရောဂါဝေဒနာမခံစားချင်ဘူးဆို ကျန်းမာရေးတော့လိုက်စားရမှာပါ…

Leave a Reply