ရေ..ပေါ်…ဆီ

silver heroJune 19, 20121min23920

လေပြေလေညင်းလေးများနှင့်အတူ အလင်းရောင်ပျပျဖြင့် ကမ္ဘာမြေပြင်သည် လူသားတို့အတွက် နေ့တစ်နေ့၏ နံနက်ခင်းတစ်ခုကို မွေးဖွားပေးခဲ့လေပြီ။ လူသားတို့၏ ဘဝလှုပ်ရှားမှုများနှင့်အတူ နိုးထအသက်ဝင်လာသော နံနက်ခင်းနေရောင်ခြည်နုနုလေးသည် ဝတ္တရားမပျက်နေ့စဉ် မင်္ဂလာစကားဆို၍ ထိတွေ့နှုတ်ဆက်လေသည်။

သာယာလှသည့်နံနက်ခင်းနှင့်အတူ ကျွန်ုပ်အမ မမြရှင်၏နံနက်ချိန်ခါတေးသံသာကို စတင်ကြား ရသည်မှာ “ဟဲ့ အောင်ထွန်း နင်မထသေးဘူးလား။ ဘယ်အချိန်ထိအိမ်မှာလဲ ၆နာရီတောင်ခွဲပြီ၊ နေ ဖင်ထိုးတဲ့ အထိအိပ်မလို့လား၊ ထတော့လေ၊ ခြံထဲကမွေးထားတဲ့ ကြက်ကလေးတွေတောင် အစာရှာထွက်ကုန်ပြီ၊ နင်က တိရိစာ္ဆန်လောက်တောင် ဝိရိယမရှိဘူးလား” ကျတော့်၏တူမောင် အောင်ထွန်းမှာ အိပ်ရာထဲမှပင် “ဟာ အမေ ကလည်းကျနော်က စောစောထပြီး ဘာလုပ်ရမှာလဲ၊ တိရိစာ္ဆန်ဆိုတာ လူလောက်အသိဉာဏ်မရှိလို့သာ အေးအေးဆေးဆေးအိပ်ပြီး ဇိမ်ခံကောင်းတဲ့အချိန်မှာ ဟိုအောဒီအော်နဲ့လျှောက်သွားပြီး တွေ့ကရာစားတာ ပါဗျာ၊ လူလော့ကစည်းစိမ်ကို ဒီကောင်တွေမသိပါဘူး။ အမေကျတော်ခဏလောက်အိပ်အုံးမယ် ညကအိပ်ရာ ဝင်တာနဲနဲနောက်ကျထားလို့ပါ။”

“အေးပါဟဲ့ အိပ်ပါကာလနဂါးရေ့ တကတဲမပြောလိုက်ချင်ဘူး အသက်ကဖြင့် ၂၆နှစ်ထဲရောက်နေပြီ၊ ဘာလုပ်မှမယ်မယ်ရရမလုပ်ချင်ဘူး သူများတကာတွေဘွဲ့ရ အလုပ်အကိုင်အတည်တကျနဲ့ ဒင်းကတော ဘွဲ့သာရတယ် အလုပ်ထွက်လုပ်ပါဆိုတော့လဲ ဟိုဂျီးများ ဒီဂျီးများနဲ့အိမ်အလုပ်ခိုင်းပြန်တော့လဲ နေ့ရွှေ့ ညရွှေ့၊ ပြောပြန်ရင်လည်း လူပျင်းစကားတတ်၊ သူ့ကိုယူမယ့်မိန်းမအတွက်ကတော့ တွေးပြီးရင်လေးမိတယ်၊ အရပ် ထဲက မိန်းခလေးတွေ ဒင်းမကောင်းကြောင်း ပြောထားရမယ်။ ဒင်းအကြောင်းမသိလို့ ကြိုက်မိယူမိရင် သူယူတဲ့ မိန်းမပါ အိုကြီးအိုမနဲ့ရှာကျွေးနေရမယ်” ကျွန်တော်အမမှာပြောပြောဆိုဆိုနှင့်ပင် ဈေးသို့ထွက်သွားလေသည်။ ငယ်ရွယ်စဉ်ကပင် ဖတဆိုးလေးဖြစ်ခဲ့သောကြောင့် အမေနှင့်အစ်မဖြစ်သူက အလိုလိုက် ဦးလေးဖြစ်သူ ကျနော်မှလည်း လိုအပ်သလောက်သာ ဆုံးမသဖြင့် ၎င်းမှာမိသားစုထဲတွင် ကလေးဆိုးတစ်ယောက်ကဲ့သို့ နေထိုင်တတ်လေသည်။ ကိုယ့်တူလေးမို့ပြောပြချင်သည်။ အသက်မှာ ၂၆နှစ်ထဲရောက်သော်လည်း တည်ကြည်ညားစွာ မနေထိုင်တတ်ပေ။ ၎င်း၏ဆံပင်ပုံစံမှာ ယခုခေတ်လူပျိုပေါက်ကလေးများညှပ်သော “အီမိုကေ” ဆိုလား အရှေ့ဆံပင်မျက်နှာတခြမ်းအုပ်၍ ဘေးတစောင်းအရှည်ချထားပြီး အနောက်ဆံပင်ထိုးထိုး ထောင်ထောင်ထားသော ဆံပင်ပုံစံနှင့်၎င်း၏မျက်နှာရှည်ရှည်မှာ လွန်စွာမလိုက်ဖက်လျှက်ရှိသည်။ အကျႌ ဝတ်လျှင်လည်းကလေး အကျႌဟု ထင်ရသော စပို့ရှပ်ကို အကြပ်ဝတ်၍ ကော်လံကိုထောင်ထားလိုက် သေးသည်။ ဂျင်းဘောင်းဘီ ဟိုနားပြဲ၊ ဒီနားပြဲကို ဘိုသီဘက်သည် ဝတ်ဆင်၍ ကားတားကွတနှင့် လမ်း လျှောက်ပုံကိုကြည့်ရသည်မှာ အာရုံနောက်စရာပင်ဖြစ်သည်။ ၎င်းမှာတော့ စတိုင်လ်လုပ်၍ အဟုတ်ထင် နေသည်။

ရပ်ကွက်ထဲရှိအချို့ မိန်းမလျှာလေးများက ၎င်းအားမြင်လျှင် “တွမ်လေး” ဟုခေါ်လေရာ ကျွန်ုပ်မှာ “အောင်ထွန်း မင်းအဖေက မင်းကိုအောင်မြင်ထွန်းပေါက်စေချင်တဲ့  အဓိပ္ပါယ်နဲ့  အောင်ထွန်းလို့နာမည်   ပေးခဲ့

တာခုတော့ အရပ်ထဲက မိန်းမလျှာတွေရဲ့ပါးစပ်မှာ ဘယ်လိုဖြစ်လို့မင်းကို “တွမ်လေး”လို့ခေါ်ရတာလဲ” ဟုမေးလိုက်ရာ ၎င်းမှ “လေးလေးရယ်သူတို့က ကျတော့်စတိုလ်နဲ့ကျတော် ရူပါကိုသဘောကျလို့ ဟောလီးဝုဒ် မင်းသားတွမ်ခရုစ်နဲ့ နှိုင်းယှဉ်တင်စားခေါ်တာပါ” ဟုဂုဏ်ယူသော မျက်နှာအမှုအရာဖြင့် ပြောရာ ကျွန်တော်မှ “အော် ဟိုမင်းသားက နှာခေါင်းကြီးကြီး မျက်နှာလုံးလုံး၊ သူ့မျက်နှာကျနဲ့ သူကြည့်လို့ကောင်းတဲ့ ကမ္ဘာကျော် မင်းသား၊ မင်းမျက်နှာက ရှည်ရှည်၊ နှာခေါင်းကသေးသေး၊ ဒီကြားထဲ နဖူးကမောက်သလိုလိုနဲ့ ကမ္ဘာကျော် မင်းသားနဲ့တော့ မတူပါဘူးကွာ။ ဗေလုဝကို မင်းဆံပင်ပုံစံညှပ်ပေးပြီး၊ မင်းအဝတ်အစားဆင်ပေးလိုက်၊ မင်းနေပုံထိုင်ပုံပါသင်ပေးလိုက်ရင် မင်းနဲ့တထပ်တည်းတူမှာကွ” ဟု ကျွန်တော်မှပြောလိုက်လျှင် အောင်ထွန်း မှာစိတ်ဆိုးပြီးထသွားလေသည်။ ကျွန်တော်နှင့် ခပ်လှမ်းလှမ်းကိုရောက်သောအခါမှ “လေးလေးက ကျွန်တော့်ကို မနာလိုဖြစ်နေတယ်ဗျာ” ဟု ခွန်းတုံ့ပြန်ပြော၍ ထွက်သွားလေသည်။

လူငယ်လေးများ လူပျိုပေါက်ကလေးများကြားတွင်လည်း “အောင်ထွန်း”မှာ “ဟစ်ဟော့ဆရာထွန်း” ဟုလည်း နာမည်ကြီးသေးသည် ခေတ်ပေါ်ဟစ်ဟော့သီချင်းတွေကို အလွတ်ရအောင် အားတိုင်းယားတိုင်း အော်ကျက်၍ လူငယ်လေးများ ရှေ့ရောက်လျှင် သူ့ကိုအထင်ကြီးစေရန် ဟစ်ဟော့သီချင်းများကို ခြေဟန် လက်ဟန်ဖြင့် ရွတ်ပြနေလေတော့ လူငယ်များကြားတွင် “ဟစ်ဟောဆရာထွန်း” ဟုရေပန်းစားလေသည်။ ဆန်ရင်းနာနာဖွတ်သည့်သဘောဖြင့် ကိုယ်တူလေးအကြောင်းပြောပြတာပါ။ ၎င်း၏ကလေးဆန်စွာဆိုးနွဲ့မှုများ ကိုမိသားစုသာမက အရပ်ထဲရှိသူ အချို့လည်းခံစားကြရလေသည်။

ကျွန်တော်တို့ရပ်ကွက်ထဲရှိ ကိုကြည်သန့်ဆိုသူမှာ ရပ်ကွက်၏သာရေး၊ နာရေးများတွင် ဦးစီးဦးဆောင် လုပ်ကိုင်၍ ဘာသာရေးအလှူခံများတွင် ရှေ့ဆုံးမှတက်ကြွစွာပါဝင်ဆောင်ရွက်သူလည်းဖြစ်သည်။ နံမည်နဲ့ လိုက်အောင် သန့်သန့်ပြန့်ပြန့်နေထိုင်တက်သူဖြစ်၍ အကျႌဝတ်လျှင် ရှပ်အကျႌအဖြူရောင်ကိုသာ ဝတ်ဆင် သည်ကများသည်။ စကားပြောကောင်းသူဖြစ်သောကြောင့် အရပ်ထဲရှိလူအများမှာ ၎င်းကိုချစ်ခင်လေးစား ကြလေသည်။ ကျွန်တော်နှင့်လည်း ခင်မင်သူဖြစ်၍အားရင်အားသလို ကျွန်တော့်အိမ်သို့လာ၍စကားလက်ဆုံ ကျတတ်သည်။ တစ်နေ့တွင် အိမ်သို့ ကိုကြည်သန့်အလည်ရောက်လာရာ။ အိမ်ရှေ့တွင် ရေချိုးနေသော အောင်ထွန်းနှင့်တွေ့လေသည်။

သန့်  ။           ။ “သား အောင်ထွန်းမင်းလေးလေးရှိတယ်မဟုတ်လား”

ထွန်း ။           ။ “ဟုတ်ကဲ့ရှိပါတယ် အိမ်ပေါ်မှာပါ။”

သန့်  ။           ။“အေးကွယ်      ဒါဆိုဦး   အိမ်ပေါ်တက်မယ်နော်၊       ဒါနဲ့ မောင်အောင်ထွန်းက     ဘွဲ့ရပြီးပြီ

မဟုတ်လား။”

ထွန်း  ။          ။ “ဟုတ်ကဲ့”

သန့်  ။           ။ “မောင်အောင်ထွန်းရေ   ပညာရဲရင့်ပွဲလယ်တင့်တဲ့ကွ။   အခုခေတ်ပညာတတ်တွေက ကိုယ်

ပညာကို   ရှေ့တန်းတင်  တန်ဖိုးမထားတတ်ကြဘူး။   ဥပမာကွာ သံတစ်ချောင်းရဲ့     ရဲရင့်မှု

ပညာက  သစ်သားကြားထဲထိုးဖောက်ဝင်ရောက်နိုင်တယ်။ အဲဒီသံရဲ့ရဲရင့်မှုပညာက သစ်သား

အတွက်ပဲ   အသုံးဝင်သည်။   သူနဲ့မအပ်စပ်တဲ့ အုတ်နံရံကို သွားရိုက်ရင်သံကကွေးသွားရော၊

ကိုယ်တတ်တဲ့   ပညာနဲ့အပ်စပ်တဲ့လုပ်ငန်းခွင်တစ်ခုရှာပြီး   နေရာရအောင်တိုးဖောက်ကြိုးစား

သင့်တယ်။ မအပ်စပ်တဲ့နေရာတွေမှာ အချိန်ကုန်မခံသင်ဘူး။

ထွန်း  ။          ။ ဦးလေးပြောတဲ့သံက  ဟိုးတုန်းကသံတွေပါ။   အခုခေတ်သံက   သစ်သားကြားထိုးဖောက်ဝင်

ရောက်နိုင်ရင် အုတ်နံရံထဲလဲ တိုးဖောက်ဝင်းရောက်နိုင်ပါသည်။

သန့်  ။           ။ မင်းကလဲမဟုတ်တာကွာ

ထွန်း ။           ။ ဟုတ်ပါတယ်။    ဦးလေးမယုံရင်    အုတ်ရိုက်သံနဲ့  ရိုက်ကြည့်ပါလား၊  အုတ်နံရံတင်မကဘူး

အုတ်တံတိုင်းပါပေါက်တယ်။

အောင်ထွန်း၏ ကပ်သီးကပ်ဖဲ့ အပြောကြောင့် ကိုကြည်သန့်မှာ မျက်နှာပျက်သွားလေသည်။ လူကြီး လူကောင်းဖြစ်သော ကိုကြည်သန့်မှာ အိန္ဒြေဆည်၍ တည်ကြည်သောမျက်နှာဖြင့်

သန့်  ။           ။ အောင်ထွန်းကို ဦးတစ်ခုပြောချင်တယ်။  မင်းလဲအသက်မငယ်တော့ဘူး။  ဘာသာရေး လိုက်

စားပါ။  ရတနာသုံးပါးနဲ့မိဘဆရာတွေ  အပေါ်ရိုသေစိတ်ကလေးထားပါ။  ဂါဝရတရားကိုလက်

ကိုင်ထားပါ။  အထူးသဖြင့်မိဘတွေပေါ့ကွာ။  မင်းမှာကအမေဘဲရှိတော့တာဆိုတော အမေကို

စိတ်ချမ်းသာအောင်ထားပါ။  မိဘဆိုတာ ဘုရားနဲ့တဂိုဏ်းတည်းထားပြီး ရိုသေထိုက်ပါတယ်။

ထွန်း ။           ။ ဦးလေးကြည်သန့် လေးလေးနဲ့စကားပြောပြီးရင် မပြန်နဲ့ဦး။

သန့်  ။           ။ “ဟေ……….ဘာဖြစ်လို့လဲကွ”

ထွန်း ။           ။ ကျွန်တော့်အမေ  ဈေးကပြန်လာရင်   အိမ်ဦးခန်းမှာ  ထိုင်ခန်းပြီးရောင်တော်လွှတ်ခိုင်းမလို့ပါ။

ဘုရားနဲ့တစ်ဂိုဏ်းထဲထားရမယ်ဆိုတော့  ဘုရားရောင်တော်လွှတ်သလို အမေ့ကိုလည်းရောင်

တော်လွှတ်ခိုင်းမလို့ပါ။   ဦးလေးပါကြည့်သွားလို့ရအောင်   ကျွန်တော့်အမေဈေးကပြန်လာတဲ့

အထိခဏစောင့်ပေးပါ။

အောင်ထွန်း၏ပြောစကားများကို နားထောင်၍ ကိုကြည်သန့်မှာ မျက်နှာများနီရဲလာပြီး လက်သီးနှစ်ဖက် ကိုကျစ်ကျစ်ပါအောင်ဆုပ်၍  အိမ်ပေါ်သို့ပင်  မတတ်တော့ဘဲ  ခြံထဲမှာလှည့်ထွက်သွားလေသည်။   အိမ်ရှေ့မှာ စကားပြောသံများကြားသဖြင့် ကျွန်တော်ထွက်ကြည့်ရာ လက်သီးနှစ်ဖက်ဆုပ်၍ ခြံထဲမှထွက်သွားသော ကိုကြည်သန့်ကို တွေ့သဖြင့်

ကျွန်ုပ်။          ။ အောင်ထွန်း ကိုကြည်သန့်ဘာလာလုပ်တာလဲ။ အိမ်ပေါ်တောင်မတက်ဘဲ ပြန်သွားပါလား။

မင်းဘားများပြောလိုက်လဲ။

ထွန်း ။           ။ ဘာမှမဟုတ်ပါဘူး  လေးလေးရယ်  ကျနော်က  မြန်မာစာနဲ့ဘွဲ့ရထားတော့  သူမသိတဲ့မြန်မာ

စကားဝေါဟာရ အသုံးအနှုန်းတွေလာမေးတာပါ။ ကျတော်ကလည်း ဝေါဟာရချင်းဖလှယ်ပေး

လိုက်ပါတယ်။  သူမကြားဘူးတဲ့  အသုံးအနှုန်းတွေ  ကျတော်ပြောပြလိုက်လို့  စိတ်ကျေနပ်ပြီး

ပြန်သွားတာပါ။  ကျွန်တော်လည်း  တူဖြစ်သူပြောသောစကားများကို မယုံတဝက် ယုံတစ်ဝက်

ဖြင့်နားထောင်၍ ကိုကြည်သန့်အိမ်သို့လာပြီး မိမိနှင့်ပင်စကားမပြောဘဲ ပြန်သွားသည်ကိုစိတ်

အလိုမကျစွာ စဉ်းစားရင်းအိမ်ပေါ်ပြန်တက်ခဲ့တော့သည်။

နေ့တစ်နေရဲ့လိုအပ်သောအင်အားပြည့်ဝစေရန်အတွက် အစာအာဟာရကို ဖြည့်တင်းရန် မိသားစု ထမင်းဝိုင်းတွင်အတူတကွ စားသောက်နေချိန်တွင် အိမ်ရှေ့မှအမမြရှင် မွေးမြူထားသောကြက်ကလေးများ၏ ကျယ်လောင်စွာ အော်မြည်သံကိုကြားရလေသည်။ “ကတော်….. ကတော်….. ကျလိ……ကျလိ……ကျလိ….. ကွပ် ကွပ် ကွပ်” “သားအောင်ထွန်းခြံထဲမှာကြက်ကလေးတွေအော်သံကြားတယ် ထွက်ကြည့်ပါအုံး” အောင်ထွန်းမှာ ထမင်းအားလက်စကို ရပ်၍မထချင်ထချင်နှင့် အိမ်ရှေ့သို့ထွက်ကြည့်လေသည်။

“အမေရေ ကြက်ပေါက်လေးနှစ်ကောင်တော့ သေသွားပြီဗျ”

“ ဟဲ့ကြောင်ရှုးသွားစမ်း …… တယ် ငါလုပ်လိုက်ရသေတော့မယ်။ ရှူး ရှူး”

“ ဟဲ့သား ဘာဖြစ်တာလဲ”

“ တစ်ခြံကျော် “မဆွေလေး”တို့အိမ်က ကြောင်လေ ဒီကောင်လာကိုက်သွားတာ။  ကျန်တဲ့ကြက် ကလေးတွေပါ ဒီကောင်ချောင်းနေလို့ မောင်းထုတ်နေတာ။ သူ့ပိုင်ရှင်ကိုသွားပြောမှဖြစ်မယ်။ တော်ကြာကျန်တဲ့ ကြက်ကလေးတွေပါ ကိုက်နေအုံးမယ် “သားရေ ကောင်းကောင်းပြောနော်။ တော်ကြာစကားများ  ရန်ဖြစ် နေအုံးမယ်”

“ဟုတ်ကဲ့အမေ”

အောင်ထွန်းမှာ ထမင်းပေနေသောလက်ကိုဆေး၍ သေသွားသောကြက်ပေါက်နှစ်ကောင်အား ကိုင်၍ “ဆွေဆွေ”တို့ခြံရှိရာသို့ ထွက်သွားသည်။ အမမြရှင်ပြောသလို စကားများရန်ဖြစ်မှာဘဲ စိုးရိမ်ရသည်။ တစ်ခြံ

ကျော်မှ အပျိုကြီးဆွေဆွေသည် အင်မတန်စကားပြောလက်ပေါက်ကပ်သည်။ ဂွကျသည်။ တစ်ရပ်ကွက်လုံးနှင့် လည်းအဆင်မပြေချင်။ ငွေကြေးပြေပြေလည်လည်ရှိသဖြင့် ၎င်းထံမှ ငွေကြေးချေးငှားချင်သူများ၊ မြှောက်ပင့် ပြောသူနှင့်သာအဆင်ပြေသည်။ ၎င်းအဖော်အဖြစ် ခေါ်ထားသောတောမှ တူမတစ်ဝမ်းကွဲနှင့် အတူနေ သော်လည်း တဆူဆူတပူပူသာဖြစ်သည်။ ၎င်းနှင့်အဆင်ပြေဆုံးမှာ သူ၏ကြောင်ထီးလေး “အော်စတာ” သာ ဖြစ်သည်။ “အော်စတာ”ကတော့ သူ၏အသဲစွဲဖြစ်သည်။ ကြောင်လေးသည်လည်း လူစကားမပြောတတ်၍သာ သူနှင့်အဆင်ပြေတာဖြစ်နိုင်သည်။ ကြောင်သာလူစကား လူစကားအပြည့်အဝနားလည်လျှင် သူမ၏ဘုကျ၊ ဂွတိုက်၊ ကပ်သီးကပ်သပ်ပြောဆိုသည့် ဒဏ်မခံနိုင်၍ထွက်ပြေးသွားနိုင်သည်။

“ဆွေဆွေ”တို့ခြံအဝသို့ရောက်နေသော အောင်ထွန်းမှာ တောင်ကြည့်မြောက်ကြည့်နှင့် ခြံတံခါးလည်း ပိတ်ထားသည် အိမ်တံခါးမကြီးလည်း ပိတ်ထားသည် လူအရိပ်အယောင်မတွေ့ ဖြစ်နေသည်။ ခြံတံခါးတွန်းဖွင့် ၍ဝင်သွားလျှင် ဝင်သွားလျှင်လည်း မိန်းမသားများသာနေသော အိမ်ဖြစ်၍မသင့်တော် အောင်ထွန်းမှာအခက် တွေ့နေသည်။ တခဏအကြာတွင်

“မဆွေလေး … ဗျို့ မဆွေလေး”

အောင်ထွန်း၏အော်ခေါ်သံကြောင့် အိမ်တံခါးမကြီးဖွင့်သံနှင့်အတူ ဆွေဆွေထွက်လာသည်။ သူမ၏ လက်ထဲတွင်လည်း ကြောက်ကိုပိုက်ထားသည်။ သူမသည် အိမ်တံခါးဝမှရပ်လျှက်

“အော် ဘယ်သူလဲလို့ အောင်ထွန်းဘဲ ဘာကိစ္စရှိလို့လဲ …အရေးကြီးလား အရေးမကြီးရင် ခြံတံခါးလာ မဖွင့်တော့ဘူး အဲဒီကနေဘဲပြောလေ။”

ထွန်း ။           ။ “မဆွေလေးရဲ့ကြောင်   ကျွန်တော်အိမ်က  ကြက်ကလေးနှစ်ကောင်ကို   ကိုက်လိုက်တာသေ

သွားတယ် အဲဒါလာပြောတာ”

ဆွေ ။            ။ “အောင်ထွန်း  ငါ့ကြောင်ဆိုတာသေချာရဲ့လား၊  ငါ့ကြောင်ကို   ငါက ကြောင်စာအကောင်းစား

တွေကျွေးထားတာ။ ကြက်သားကျွေးရင်တောင်သေချာချက်ပြုတ်ကြော်လှော်ပြီးမှ ကျွေးတာ။

အဲလို့ဝဝလင်လင်ကျွေးထားတဲ့ကြောင်က   ကြက်ကိုစားဖိုကိုက်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။

ငါ့ကြောင်က   အိမ်ထဲကအိမ်ပြင်ထွက်တာ  မဟုတ်ဘူး။  ကြောင်မြင်တိုင်း  ငါ့ကြောင်လို့တော့

မလုပ်နဲ့လေ   သေချာမှပြောပါကွယ်  ဒီပုံစံဆိုကြောင်လည်ပင်းမှာ  ပိုင်ရှင်နံမည်တောင်ဆွဲပေး

ထားရမလိုဖြစ်နေပြီ”  ကဲပါ  ရှည်ရှည်ဝေးဝေးပြောမနေတော့ဘူး  နင့်ကြက်ကလေးနှစ်ကောင်

   အတွက်ဘယ်လောက်လျှော်ပေးရမလဲ”

ထွန်း ။           ။ ကျွန်တော်အလျှော်လိုချင်လို့လာပြောနေတာမဟုတ်ဘူး။ ကိုယ်မွေးထားတဲ့ကြောင်ကို သေချာ

ထိန်းထားဖို့လာပြောတာ။   ကျွန်တော့်အိမ်က    ကြက်ကလေးတွေ     လာထပ်ကိုက်မှာစိုး

လို့ လာပြောနေတာ။

ဆွေဆွေသည် အောင်ထွန်းပြောနေသည်ကို ဂရုမစိုက်ဟန်ဖြင့် သူမပွေ့ချီထားသောကြောင်ကို သူမနှင့် မျက်နှာချင်းဆိုင်မြှောက်ချီလျှက်

“ အော်စတာ မင်းကိုဒီလောက်ကောင်းတာတွေ ကျွေးထားတာအောင်သူများ အိမ်ကကြက်ကိုသွား  ကိုက်တယ်ဟုတ်လား၊ ငါတောမယုံချင်ပါဘူးကွာ၊ နောက်ကိုသွားမကိုက်နဲ့နော် ကြက်တုပ်ကွေးကူးလိမ့်မယ်။ မင်းမကြောက်ဘူးလား၊ အပေါစားအသားစိမ်းတွေမစားချင်ပါနဲ့ကွာ၊ ငါမင်းကို ဒီထက်ကောင်းတာတွေကျွေးနိုင် ပါတယ် ကြောင်မွေးပါတယ်ဆိုမှ ခွေးမွေးသလိုကြောင်ကို သံကြိုးချည်ထားရမလိုဖြစ်နေပြီ အောစကာရေ့”

မဆွေလေး၏ကြောင်ကို ပြောသလိုလိုနှင့်သူ့အား စောင်းချိတ်ပြောနေသည့်စကားများကို ဆက်နား မထောင်လိုတော့သဖြင့် အခံရခက်စွာ အောင့်သက်သက်ဖြင့် အိမ်ကိုပြန်လာခဲ့လိုက်သည်။ မျက်နှာမကောင် သဖြင့်ပြန်လာသော အောင်ထွန်းကို တွေ့လျှင်သူ၏အမေမှ

မေ    ။          ။ “သားဆွေဆွေနဲ့စကားများခဲ့လို့လား၊ သူကဘာပြောလိုက်လို့လဲ”

ထွန်း ။           ။ “စကားများခဲ့လို့မဟုတ်ဘူးအမေ၊  ကျွန်တော်ကသူ့ကြောင်   ထိန်းသိမ်းဖို့ပြောတာ၊   ကျနော်

စကားကို  နားမထောင်ဘဲ သူ့ကြောင်နဲ့ပလူးပြနေတယ်၊ ကြောင်ကိုပြောသလိုလိုနဲ့ လူကိုလဲ

စောင်းချိတ်ပြောသေး၊   တော်တော်ဂွကျတဲ့   အပျိုကြီး   အဲဒါကြောင့်ဘယ်သူနဲ့မှ မတည့်ဘဲ

ကြိုက်မဲ့သူမရှိဖြစ်နေတာ။ ကိုယ်ချင်းစာစိတ်မရှိတဲ့အလကားမိန်းမကြီး”

မေ  ။            ။ “သား ရယ်သီးခံပါ။  သူလုပ်တာမှမဟုတ်ဘဲ    သူ့တိရိစာ္ဆန်က     လုပ်တာဘာပြောလို့ရမလဲ၊

သူကြောင်ကို ကိုယ်ကပြန်သတ်မယ်ဆိုရင်၊ ကိုယ်ကတိရိစာ္ဆန်နဲ့  ပြိုင်မိုက်သလိုဖြစ်နေမှာပေါ့”

အမေ့၏ဆုံးမဖြောင်းဖျသော စကားများကိုနားထောင်နေသော်လည်း အောင်ထွန်းရင်ထဲတွင် အခံရခက် အောင်သက်သက်ဖြစ်နေသည်။ ၎င်းတို့သားအမိနှစ်ယောက် အပြန်အလှန်ပြောဆိုနေသံများကို ကျွန်တော်နား ထောင်ရင်းစဉ်းစားမိသည်။ ကျွန်တော့်တူအောင်ထွန်း၏ မဟုတ်မခံသောစိတ်၊ အရွဲ့တိုက်တတ်သောစိတ်နှင့် သူတစ်ပါးပေါ်တွင် အနိုင်ယူချင်သောစိတ်ရှိသောကြောင့် သူ့အမေ၏ ဤမျှလောက်သော ဆုံးမစကားသည် အောင်ထွန်းစိတ်ကို ဖြေဖျောက်နိုင်မည်မဟုတ်ချေ။ သူ့အားသတိထား စောင့်ကြည့်၍ ဆုံးမရပေအုံးမည်။

တစ်နေ့တွင် ကျွန်တော်အပြင်မှပြန်လာရာ အိမ်ရှေ့၌ ကြောင်ဝဝဖီးဖီးလေးကို ငါးကြော်ချကျွေးရင်း ကြောင်၏ခေါင်းကို ပွတ်သပ်နေသော အောင်ထွန်းကိုတွေ့ရသည်။ သူ၏အကြံအစည်အား ရိတ်မိသဖြင့်

“ဟေ့ကောင်လေး သူတစ်ပါးအသက်ကို သတ်ရင်ဝဋ်လိုက်တတ်တယ်နော်” ဟုသတိပေးရာ ၎င်းမှ “မလုပ်ပါဘူးလေးလေးရဲ့ သူ့အသက်ကိုရန်ရှာရင် တိရိစာ္ဆန်ထက်မိုက်တဲ့သူဖြစ်မယ်လို့ အမေကပြော ထားတယ်၊ ကျွန်တော်သူ့ကို နာကျင်အောင်မလုပ်ပါဘူး” ဟုပြောရာ ကျွန်တော်လည်း ဒီကောင်လေးအမြင်မှန် တော့ရှိသားဟုတွေး၍ အိမ်ထဲဝင်ခဲ့လေသည်။

ခဏအကြာတွင် ကြောင်တစ်ကောင်၏စူးစူးဝါးဝါး အော်သံထွက်ပေါ်လာလေသည်။

“ညှောင် ဝေါင်”               “ညှောင် ဝေါင်”

ဒီကလေးအတန်တန်ပြောထားတဲ့ကြားက ကြောင်ကိုသတ်နေပြီထင်တယ်။ ကျွန်တော်လည်း အပြေး တပိုင်းဖြင့် အိမ်ရှေ့သို့ထွက်ကြည့်ရာ အောင်ထွန်းမှာအောင်မြင်သူ၏အပြုံးမျိုး ပြုံး၍အိမ်ရှေ့တွင်ထိုင်နေ လေသည်။

“ဟေ့ကောင် ကြောင်အော်သံကြားတယ်။ မင်းသူများကြောင်ကို ဘာလုပ်လိုက်လဲ။ မင်းကွာအတန်တန် ပြောထားတဲ့ကြားက” ဟုကျွန်တော်မှ၎င်းအား ဆူပြောပြောရာ

“ကျွန်တော်ဘာမှမလုပ်ပါဘူး လေးလေးရဲ့ကြောင်က သူ့သခင်ခြံရှေ့ကနေအော်နေတာနေမှာပါ။”

“ညှောင် ဝေါင် ဝေါင်”            “ညှောင်”

ကြောင်အော်သံ အက်သံပါ၍ စိပ်လာသောအခါမှ ၎င်း၏သခင်မ အပျိုကြီးဆွေဆွေမှာ အိမ်ရှေ့ထွက် လာ၍”

“အော်စတာ” လာ လာ လာ “အော်စတာ” ဘယ်ကနေအော်နေတာလဲ။ ဘာဖြစ်နေတာလဲခြံရှေ့က  အော်နေသလိုပဲ” ၎င်းမှာပြောပြောဆိုဆိုဖြင့်ခြံရှေ့ထွက်ကြည့်ရာ

“အောင်မလေး အော်စတာ ဘယ်လိုဖြစ်ရတာလဲ။ ယင်တွေတောင် နားနေတယ်။ သေများသေသွား ပြီလားမသိဘူး၊ အောင်မယ်လေးလုပ်ကြပါအုံး လှုပ်တောင်မလှုပ်တော့ဘူး”

“ညှောင် အောင် ဝေါင် ဝေါင်”

သခင်မ၏အသံကြားတော့မှ ဂရုဏာသက်အောင် အသံထပ်ပေးရှာ၏

“ဟဲ့ မသေသေးဘူး၊ လက်မှာလဲ ကြိုးတုပ်ထားပါလား၊ မျက်နှာတွေ နှာခေါင်းတွေမှာလည်း ဘာတွေပေ နေလဲမသိဘူး။ မှန်းစမ်းဘာတွေလဲ”

အပျိုကြီးဆွေဆွေမှာ ကြောင်မျက်နှာတွင်ပေနေသော အရည်များကို အနံ့ခံကြည့်သည်။ အနံ့ခံကြည့်ပြီး လျှင်သူမ၏ မျက်နှာမှာ ချက်ချင်းပြောင်းလဲနီရဲလာပြီး၊ ဝုန်းကနဲမတ်တပ်ထရပ်သည်။ ထဘီကို တိုတိုပြင်ဝတ်၍

“ဟဲ့ ဘယ်အလေနက်တော၊ ကလေကဝတွေက အားအားယားယား ငါ့ကြောင်ကိုခြေတွေလက်တွေ ကြိုးတုတ်၊ နှာခေါင်းနဲ့မျက်နှာတပြင်လုံးကို ပျားရည်နဲ့ထောပတ်သုတ်ထားတာလဲ။ လုပ်စရာရှားသလား ဟဲ့၊ ဒီလောက်အားယားနေရင် ငါ့အိမ်ကိုလာခဲ့တစ်ခါထဲ အနားမရ၊ မအားရအောင် ဆက်တိုက်အလုပ်ခိုင်းပလိုက် မယ်။  ဒါတိရိစာ္ဆန်ညှင်းဆဲမှု လုပ်တဲ့သူသိလို့ကတော့ သက်ဆိုင်ရာနဲ့တိုင်ပစ်လိုက်မယ်”

ဆွေဆွေမှာဒေါသအိုးပေါက်ကွဲ၍ ပွဲကြမ်းနေချေပြီ။ ကျွန်တော်လည်းခြံထဲသို့လျှင်မြန်စွာဝင်၍ ပြုံးပြုံးကြီး ထိုင်နေသော အောင်ထွန်းအား လက်သီးထောင်ပြရာ ၎င်းမှလက်ညှိုးအား နှုတ်ခမ်းနှင့်ကပ်၍

“ရှူး တိတ်တိတ်နေပါလေးလေးရဲ့ ကျွန်တော်က ဒီမိန်းမကြီးကိုယ်ချင်းစားတတ်အောင် ပညာပေးရုံ လေးပါ။” ဟုပြောရာ ၎င်းလုပ်ရပ်မှာ ဆိုးဆိုးရွားရွားမဟုတ်သဖြင့် “အေး မင်းသတိထား၊ ကြည့်နေ၊ ကြည့်စား” ဟုပြော၍ အိမ်ပေါ်သို့တက်ခဲ့တော့သည်။

အောင်ထွန်း၏ဖခင်မှာသူ၏သားအား အရာရာတွင်အောင်မြင်ထွန်းပေါက်စေလိုသဖြင့် အောင်ထွန်းဟု အမည်ပေးခဲ့သော်လည်း ၎င်းမှာမဟုတ်တာလုပ်ရမည့် ပေါက်ကရ အကြံအစည်များတွင်သာ အောင်မြင်ထွန်း ပေါက်နေသဖြင့် ၎င်း၏အနာဂတ်အတွက် စိုးရိမ်ပူပန်မိပါသည်။

သာယာသောနေ့တစ်နေ့၏ နေ့လည်ခင်းအချိန် မိသားစုစုံလင်စွာဖြင့် စကားလက်ဆုံကျနေခိုက်တွင်

“အောင်ထွန်း ရေ”      “အောင်ထွန်း”

“သားအိမ်ရှေ့မှာ မင်းနံမည်ခေါ်သံကြားတယ်၊ ဘယ်သူလဲမသိဘူးသွားကြည့်လိုက်အုံး”

“ဘယ်သူလဲ …..အော် သားသူငယ်ချင်း သော်တာမပါအမေရဲ့ …….. ဟဲ့သော်တာမ ခဏနေအုံး  ငါလာခဲ့မယ်”

အောင်ထွန်းလည်း ပြောပြောဆိုဆိုနှင့်အပြင် ထွက်ဖို့ပြင်ဆင်နေရာ၊ ကျွန်တော်က သူ့သူငယ်ချင်းဆိုသူ ခြံဝတွင်ရပ်နေသည်ကို လှမ်းကြည့်လိုက်သည်။ အောင်ထွန်းတွင် မိန်းကလေးသူငယ်ချင်းရှိသည်ကို မကြားဖူးသဖြင့် ကျွန်တော်မှ

“မင်းမိန်းကလေး သူငယ်ချင်းတွေ ဘာတွေရနေပြီပေါ့။ သူကဘယ်ကလဲ၊ ရှုပ်ရှုပ်ရှပ်ရှပ်ပြဿနာတော့ မရှာနဲ့နော်” ဟုပြောရာ ၎င်းမှ

“မိန်းကလေးမဟုတ်ပါဘူး လေးလေးရဲ့ကျွန်တော်နဲ့ ငယ်ငယ်တည်းက ကျောင်းအတူတူတက်ခဲ့တဲ့ “သော်တာထိန်လင်း”ပါ။ ဒီကောင်ကတော့မစိုမခြောက်နဲ့နေတာ၊ အခုတော့မိန်းခလေးဆံပင်ကုတ်ဝဲနဲ့ အခြောက်လုံးလုံးဖြစ်သွားပြီ၊  သူကိစ္စလေးတစ်ခု  အကူအညီတောင်းလို့လိုက်ကူညီပေးမလို့သွာတော့မယ်နော်”

ဟုဆိုကာ အပြင်သို့ထွက်သွားလေသည်။ ဒီကောင့်အကျင့်သိတဲ့အတိုင်းဘဲ အမှန်တကယ်ကူညီလျှင်တော့ ကောင်းပါရဲ့ ပေါက်ကရလုပ်ပြဿနာရှာရင်တော့ခက်ပြီ။ သူ့အကြောင်းစဉ်းစားရင်းဖြင့် ကျွန်တော်စိတ် ပူပင်မိသည်။

ကျွန်တော်စိုးရိပ်စိတ်ပူပင်မှုသည် ကြာကြာပင်တွေးမပူလိုက်ရပါ။ ရက်သတ္တပတ်ကြာသောအခါ အောင်ထွန်း၏အခြောက်အရှုပ်တော်ပုံမှာ ကျွန်တော့်ထံသို့ပင် တိုက်ရိုက်ရောက်ရှိလာခဲ့သည်။

“လေးလေးတေဇ ရှိလား”       “လေးလေးတေဇနဲ့ တွေ့ချင်လို့ပါ”

ကျွန်တော့်နံမည်ခေါ်သံကြားသဖြင့် အိမ်ရှေ့တွင်ကြည့်ရာ အောင်ထွန်း၏ သူငယ်ချင်း “သော်တာ ထိန်လင်း” ဆိုသူကို တွေ့ရလေသည်။

“ဘာကိစ္စရှိလို့လဲ”

“ကျမလေးလေးတေဇနဲ့ စကားပြောချင်လို့ပါ”

ကျွန်တော်နှင့်စကားပြောချင်သည်ဆိုသောကြောင့် “သော်တာထိန်လင်း”အား အိမ်ပေါ်ခေါ်၍ထိုင်စရာ နေရာပေးလိုက်လေသည်။ ၎င်းမှာအနွေးထည်ဝတ်၍ နှာရည်တရှုံရှုံဖြစ်နေသောကြောင့် သိပ်နေကောင်းပုံ မရချေ။

“ကဲ ဆိုပါဦး ဘာကိစ္စများ ပြောစရာရှိလဲ” ဟု ကျွန်တော်မှ စတင်၍စကားလမ်းကြောင်းပေးလိုက်သည်။ ၎င်းမှာ စကားစ၍ပင် မပြောရသေးဘဲ တအင့်အင့်နှင့် ငိုနေလေသည်။ ကျွန်တော် ဖျက်ခနဲတွေးမိပြီ။ အောင်ထွန်းတော့ ပြဿနာရှာလိုက်ပြီဆိုတာ သေချာသည်။

“သော်တာမ (အဲ) သော်တာထိန်လင်း သူငယ်ချင်းဆိုတာ သူကမှားရင်မှား၊ သူမမှားရင် ကိုယ့်ဘက်က မှားတတ်ကြတယ်။ အဲဒီအမှားတွေကို သူငယ်ချင်းဆိုတဲ့ သံယောဇဉ်နဲ့ ချေဖျက်ခွင့်လွှတ်ကြရတယ်၊ တစ်ယောက်နဲ့တစ်ယောက် ခွင့်လွှတ်သည်းခံ ကြရတယ်” ဟု ကျွန်တော်မှ ဘာဖြစ်မှန်းမသိသောပြဿနာကို မိမိတူဖြစ်သူဘက်မှ အလွန်ထား၍ ပြေရာပြေကြောင်းအရင်ပြောသောအခါ။ သော်တာထိန်လင်းမှ အငိုရပ်၍ ကျွန်တော်အား စတင်ပြောသော စကားမှာ

“လေးလေးပြောသလို သူငယ်ချင်းဆိုတဲ့သံယောဇဉ်နဲ့ခွင့်လွှတ်ချင်ပါတယ်။ ဒါပေမယ့် သူငယ်ချင်းကို သူငယ်ချင်းလိုမမြင်ဘဲ။ သူရဲ့ရက်စက်တဲ့လုပ်ရပ်တွေကို ကျမ လေးလေးကိုပြောပြမယ်။ ကျမ စိတ်ကသာ မိန်းမစိတ်ဝင်တာပါ။ ခန္ဓာကိုယ်က ယောကျာ်းပါ။ ကျမလူပျိုပေါက်ဝင်ကာစအရွယ်မှာ ဆီးစပ်နားက အောင့်တဲ့ ဝေဒနာခံစားရဖူးတယ်။ နောက်တော့ မအောင့်တော့ဘူး သူ့ဟာသူပျောက်သွားတယ်။ လေနာတာလို့ပဲ ကျမက ထင်မိတယ်။ အခုဒီအရွယ်ရောက်တော့ အရင်အောင့်တာထက်ပိုဆိုးလာတယ်။ ယောက်ျားအင်္ဂါတွေပါနာ လာတယ်။ မခံနိုင်တော့တဲ့အဆုံး ဆရာဝန်သွားပြတယ်။ ဆရာဝန်က ပြောတယ် ခင်ဗျားရောဂါက အူကျရောဂါ

 

တဲ့လောလောဆယ်တော့ သောက်ဆေးပေးမယ်။ မသက်သာဘဲအခြေအနေဆိုးလာရင် ခွဲစိပ် ရမယ်။ ကျမလည်းဆရာဝန်ပြောစကားကြောင့်အရမ်းကြောက်သွားတယ်။ ဒါကြောင့်ဆေးလည်းမှန်မှန်သောက် တယ်။ သောက်ဆေးသာကုန်သွားတယ် ကျမရောဂါက သိပ်မသက်သာဘူးဖြစ်နေတယ်။ ဒါနဲ့ကျမလည်း စဉ်းစားတယ် ဒီလိုယောက်ျားရောဂါဆိုတာ ယောက်ျားလေးတွေက ကျမထက်ပိုနားလည်နိုင်တယ်။ ဒါကြောင့် ငယ်သူငယ်ချင်း အောင်ထွန်းကိုပြောပြပြီး အကူအညီတောင်းမယ်ပေါ့။ အောင်ထွန်းနဲ့တွေ့တဲ့အခါ ပြောပြတော့ သူငယ်ချင်းဘာမှမပူနဲ့ ငါကူညီမယ် ငါနဲ့သိတဲ့ အနှိပ်သည် ကောင်းကောင်းရှိတယ်။ သူကအူကျတာကို ကောင်းကောင်းပြန်ဆွဲတင်ပေးတတ်တယ်။ သူ့ဆီကို နင့်ကိုငါခေါ်သွားပေးမယ်လို့ သူကပြောပါတယ်။”

“နောက်တစ်နေ့မှာ အောင်ထွန်းနဲ့ကျမ အနှိပ်သည်ဆီအတူသွားပါသည်။ အနှိပ်သည်ဆီကပြန်လာ တော့နာတာတွေ၊ အောင့်တာတွေ နည်းနည်းသက်သာသွားတော့ သူကိုကျမတကယ်ကျေးဇူးတင်မိပါတယ်။ နောက်တစ်နေ့ရောက်တော့ နည်းနည်းပြန်အောင့်လာတယ်။ ဒါနဲ့အောင်ထွန်းကိုသွားတွေ့ပြီး နည်းနည်းပြန်

အောင့်တဲ့အကြောင်းပြောပြတော့။ “မိသော်ရယ် ဒါမျိုးကတစ်ခါတည်းနဲ့ဘယ်ပျောက်ပါမလဲ။ နောက်တစ်ခါထပ်

နှိပ်လိုက်ပေါ့”

“ငါ အနှိပ်မခံနိုင်တော့ဘူး။ နင့်အနှိပ်သည်လက်ကနဲနဲပြင်းတယ်။ ငါဗိုက်တွေ ဆီးခုံတွေနာနေတယ်။ ဗိုက်မှာသူ့လက်မရာတောင် ကျန်ခဲ့တယ် ညိုမည်းပြီးတော့လေ” ဟုပြောပြီး ကျမအကျႌကိုလှန်ပြလိုက်တယ်။”

“အောင်ထွန်းရယ် အသားမနာ၊ အနှိပ်မခံရဘဲ ပျောက်တဲ့နည်းမရှိတော့ဘူလား”  ဟုကျမမှ မေးရာ

“တစ်နည်းတော့ရှိတယ်၊ အသားတော့မနာဘူး၊ နင်အားတော့နဲ့နဲ့စိုက်ရမယ်။ ယောက်ျားလေးအိမ်တွင်း ကုထုံးလို့ခေါ်တယ်။ နင်အဲဒီနည်းနဲ့ကု ချင်တယ်ဆိုရင် နင့်အိမ်မှာလူရှင်းတဲ့အချိန် ငါ့ကိုလာခေါ်၊ ငါ့ကိုလာမခေါ် ရေခဲ ၅၀ဝ ဘိုးလောက်အရင်ဝယ်ထား” ကျမလည်း အသားမနာဘူးဆိုသဖြင့် ရောဂါပျောက်ချင်စိတ်ဖြင့်  အားတက်သွားခဲ့သည်။

သူမှာတဲ့အတိုင်း နောက်ရက်အိမ်မှာလူရှင်းတာနဲ့ ရေခဲကိုအရင်သွားဝယ်တယ် နောက်တော့ အောင်ထွန်းကိုသွားခေါ်တယ်။ သူပြောတဲ့အတိုင်းလိုက်လာပေးပါတယ်။ အိမ်ရောက်တော့ကျမကို ပုဆိုး ခါးတောင်ကျိုက်ခိုင်းတယ်။ ကျမက ငယ်ငယ်တည်းက မိန်းမစိတ်ဝင်တဲ့သူဆိုတော့ ပုဆိုးတော့ဝတ်တတ်တယ်။ ခါတောင်းကျိုက်တာတော့ မလုပ်တတ်ဘူး။ သူကိုယ်တိုင်ဘဲကျမကို ခါတောင်ကျိုက်ပေးတယ်။ ခါတောင်း ကျိုက်ပြီးတာနဲ့ ကျမကို အိမ်နံရံမှာကပ်ပြီး ကင်းမြီးကောက်ထောင်ခိုင်းတယ်။

“အောင်ထွန်းဖြစ်ပါမလား ငါ့ဒါမျိုးတစ်ခါမှမလုပ်ဖူးဘူး၊ တော်ကြာပြုတ်ကျဇတ်ကျိုးနေအုံးမယ်”

“ဖြစ်ပါတယ် မိသော်ရယ်။ နင့်အောက်ကထောက်တဲ့လက်သာခိုင်ခိုင်ထောက်ထား။ ဘယ်လိုမှပြုတ် မကျနိုင်ဘူး ငါနင့်ကိုပြောတယ်လေ အားနဲနဲစိုက်ရမယ်လို့၊ ကဲလာ နင်နံရံကိုကပ်လိုက် ငါနင်ခြေထောက် နှစ်ဖက်ကိုကူမတင်ပေးမယ်၊     လွယ်လွယ်လေးပါဟာ”       သူကပြောပြောဆိုဆိုကျမကို    နံရံမှာကပ်ခိုင်းပြီး

ခြေထောက် နှစ်ဖက်ကို ဆွဲမြှောက်လိုက်တာ ကျမလည်းကင်းမြီးကောက်ထောင်သွားရော။ ဝယ်ထားတဲ့ရေခဲ ငါးရာဖိုးကို ကင်းမြီးကောက်ထောင်နေတဲ့ ကျမရဲ့ပေါင်ကြားထဲကို အတုံးလိုက်တင်လိုက်ပါတယ်။

“မိသော် နင်တို့အိမ်မှာ ပီနံကြိုးရှိလား”

“ဘာလုပ်မလို့လဲ”

“နင်ပေါင်ကြားထဲက ရေခဲတုံးထွက်မကျအောင် နင်ပေါင်နဲ့ကပ်ပြီးကြိုးပတ်ပေးထားမလို့ပါ”

“အဝတ်တန်း လုပ်ထားတဲ့ကြိုးဘဲရှိတယ်။ လိုရင်ဆွဲဖြတ်လိုက်နောက်မှ ငါကြိုးတန်းပြန်ဆွဲမယ်”

အောင်ထွန်းမှာ အဝတ်တန်းကြိုးကိုဖြတ်၍ ကျမပေါင်နှစ်လုံးကြားရှိ ရေခဲတုံးနှင့်ကျမပေါင်နှစ်ဖက် စလုံးကိုရော၍ ကြိုးနှင့်ပတ်ချည်နေသည်။ တအောင့်ကြာလျှင် ကျမလက်နှစ်ဖက်လုံးမှာ မခံမရပ်နိုင်အောင် တဆစ်ဆစ်ကိုက်လာသဖြင့်

“အောင်ထွန်း ငါမရတော့ဘူး လက်တွေအရမ်းနာလာပြီ။ ငါလှဲချလိုက်တော့မယ်”

“ဟ….ဟ…. မိသော်ရ ခဏနေပါအုံး အခုမှ ၁ဝမိနစ်တောင်မရှိသေးဘူး၊ နင်တို့အိမ်မှာ နိုင်လွန်ကြိုး အလုံးကြီးကြီးရှိလား”

“အား ….. ကျွတ် ကျွတ် နင်ဘာလုပ်ဦးမလို့လဲ …..ရှိတယ် …… ရှိတယ်”

“ဘယ်နားမှာလဲ မြန်မြန်ပြောစမ်းပါ”

“ဖိနပ်စင်အောက်မှာ အခွေလိုက်ရှိတယ်”

ကြိုးရှိသောနေရာ ကျမပြောလိုက်သည်နှင့် အောင်ထွန်းမှာ ဖိနပ်စင်အောက်မှကြိုးအခွေလိုက်ကို ယူလာပြီး နောက်ထိုင်ခုံများအားဆင့်၍ ကျမကင်းမြီးကောက်ထောက်သောနေရာ အပေါ်တွင်ရှိသော အိမ်၏ထုပ်တန်းပေါ်ကိုတက်သည်။ ထုတ်တန်းတွင် ကြိုးကိုသေချာစွာချည်၍ အောက်သို့ကြိုးနှစ်ချောင်းတွဲ လောင်းချလိုက်သည်ပြီးလျှင် သူအောက်ကိုပြန်ဆင်းလာတယ်။ ကျမကင်းမြီးကောက်ထောက်ထားတဲ့ ခြေထောက်ရဲ့ခြေကျင်းဝတ်မှာ အပေါ်ကတွဲလောင်းကျနေတဲ့ ကြိုးနဲ့ တစ်ဖက်တစ်ချက်စီချည်လိုက်တယ်။

“ဟဲ့အကောင် နင်ဘာလုပ်တာလဲ။ ငါ့ခြေထောက်ကို ဘာလို့ကြိုးချည်ရတာလဲ။ ငါလက်တွေမခံနိုင် တော့ဘူး”

“အေး အဲဒါပဲ နင်လက်နာတာမခံနိုင်လို့ရှိရင် ဝုန်းကနဲပြုတ်ကျမယ်။ အကျမတော်ရင် လက်ကျုးိ၊ ခြေကျိုး၊ ဇက်ကျိုးတစ်ခုမဟုတ်တစ်ခု ကျုးိသွားနိုင်တယ်။”

“အောင်ထွန်း ငါဘယ်လောက်ထိ ကင်းမြီးကောက်ထောင်နေရမှာလဲ၊ ငါမခံနိုင်တော့ဘူး”

“တောင့်ခံထားပါဟာ နာရီဝက်လောက်ပါပဲ၊ နင်အဲလိုမှတောင့်မခံရင် ဆရာဝန်နဲ့ခွဲစိပ်ခန်း ဓါးသေးသေးလေးနဲ့ တွေ့သွားမယ်။ အခုဆို နင်ကင်းမြီးကောက်ထောင်ထားတာ ၁၈မိနစ်တောင်ရှိသွားပြီး နောက်ထပ် ၁၂မိနစ်လောက်ပဲ လိုတော့တာ တောင့်ထားစမ်းပါ။”

“လက်ကလဲနာတယ်။ နင့်ရေခဲတုံးကလဲ အေးတာပေါင်တွေမခံနိုင်တော့ဘူး ၊ အောင်ထွန်းနင်ရဲ့နည်းက ပျောက်ပါတယ်နော်”

“ပျောက်ပါတယ်ဟ။ အဲဒါယောက်ျားလေး အိမ်တွင်းကုထုံး ဇောက်ထိုးကြိုးဆွဲနည်းကိုခေါ်တယ်။ ဒီနည်းကို ယောကျာ်းလေးတိုင်းသိတယ်။ နင်တစ်ယောက်ကလွဲပြီးပေါ့။ ငါဆေးလိပ်သောက်ချင်လာပြီ၊ လမ်းထိပ်ကကွမ်းယာဆိုင်မှာ ဆေးလိပ်သွားဝယ်အုံးမယ်။ ငါပြန်လာခဲ့မယ် ခဏလေးပါ။

“ဟဲ့ အောင်ထွန်း၊ မသွားပါနဲ့လား၊ ငါတစ်ယောက်ထဲတန်းလန်းကြီး၊ မသွားပါနဲ့ဟယ်၊ ပြီးမှသွားရင် ငါနင့် ကိုဗူးလိုက်ဝယ်တိုက်ပါ့မယ်….အား…ကျွတ်….ကျွတ်”

“မိသော်ရယ် ငါပြန်လာခဲ့ပါမယ်…ခဏလေးပါ။ တောင့်ခံထား…..နာလာရင် ဆရာဝန်ရဲ့စတီးဓါးသေး သေးလေးကို မြင်ယောင်လိုက် သွားပြီဟာ”

အဲဒါပါဘဲလေးလေးရယ် သူထွက်သွားတာပြန်လာနိုး၊ ပြန်လာနိုးနဲ့စောင့်တာ ပေါင်ကြားထဲကရေခဲ တုံးသာ ပျော်ကျသွားတယ်။ သူပြန်ရောက်မလာဘူး။ ကျမလဲလက်ကမခံနိုင်တဲ့အဆုံးလက်ကို မထောက်ဘဲကွေးချလိုက်။ ခြေထောက်ချည်ထားတဲ့ ကြိုးတန်းလန်းနဲ့နေလိုက်။ ခြေကျင်းဝတ်နာလာလိုက်၊ လက်ပြန်ထောက်လိုက်နဲ့နေတာ အိမ်ကလူတွေပြန်လာလို့တော်သေးတာပေါ့။ ဒီမှာကြည့်ပါလေးလေးရယ် လက်ဆစ်တွေလည်းရောင်နေတယ်။ ခြေကျင်းဝတ်မှာလည်း ကြိုးပွန်းပြီးညိုနေတယ်။ ရေခဲတုံးပျော်ကျပြီး ရေအစိုနဲ့နေလို့ အခုဖျားနေပြီ။ အိမ်ကလူတွေကလည်း ဝိုင်းဆူကြတယ်။ ဒီလိုရောဂါဖြစ်ရင် အိမ်ကိုပြောပြတိုင် ပင်ရမှာ ပေါက်ကရလုပ်ရမလား နောက်တစ်ခါထပ်အောင့်ရင် ဆေးရုံပို့ပြီးခွဲစိပ်တာခံရမယ်တဲ့။ ဒီကောင် ရက်စက်တယ်လေးလေးရယ်၊ လုပ်ရက်တယ်”

“သော်တာထိန်လင်း” မှာ ဆက်လက်ငိုနေသဖြင့်

“ကဲ ငိုမနေနဲ့တော့၊ မင်းကလည်း နောက်တစ်ခါ ဒီလိုပေါက်ကရနည်းတွေ မစဉ်းစားနဲ့ ခေတ်မှီဆေးဝါး တွေနဲ့ဆေးပညာတွေ ထွန်းကားနေပြီဘဲ၊ လိုအပ်ရင်ခွဲစိပ်တာခံယူလိုက်ပါ။ ခုလိုအလွယ်လိုက်တော့ နှစ်ခါနာ ၊ သုံးခါနာတွေဖြစ်ကုန်ပြီ ဒါကိုသင်ခန်းစာယူပါ။ အောင်ထွန်းကိုလည်း လေးလေးသေသေချာချာ ဆုံးမပါ့မယ်။ ဒီကောင်တရားလွန်နေပြီ၊ မင်းလဲနေကောင်းတာမဟုတ်ဘူး။ အိမ်ပြန်အနားယူလိုက်ဦး” ဟုပြောသောအခါမှ ၎င်းမှာထပြန်သွားလေသည်။

ညနေစောင်းချိန်တွင် ကျွန်တော်တူ ဗြမာ္ဘဦးခေါင်း အိမ်သို့ပြန်လာလေပြီ။

“အောင်ထွန်း မင်းငါ့ဆီခဏလာအုံး၊ မင်းကိုငါစကားပြောစရာရှိတယ်”

ကျွန်တော်ခတ်ပြတ်ပြတ်လေသံနှင့် ပြောသောကြောင့် ၎င်းမှာအူလည်လည်ပုံစံဖြင့် ကျွန်တော်ရှေ့တွင် ထိုင်နေသည်။

“မင်းသူများကို ကူညီချင်တယ်ဆိုရင်…..စေတနာ ပါပါနဲ့ သေချာကူညီရတယ်။ ကူညီပြီးအရာမထင်ဖြစ် အောင်မလုပ်ရဘူး”

“လေးလေးဘာကိုဆိုလိုတာလဲ ကျွန်တော်သဘောမပေါက်ဖူး ဖြစ်နေတယ်”

“မင်းသူငယ်ချင်း သော်တာထိန်လင်းကိစ္စကိုပြောတာ။ ဟိုခဗျာ ဒဏ်ရာတွေရ၊ အဖျားတွေဝင်၊ အိမ်ကလည်းဝိုင်ဆူနဲ့ သနားပါတယ်။ သူငယ်ချင်းကောင်းဆိုတာ ဒီလိုမလုပ်ရဘူး ။ သူ့မှာရောဂါဖြစ်နေရင် အကောင်းဆုံးဖြစ်အောင် အကြံကောင်းတွေပေးရမည်။ ကူညီရမယ်။ သူ့မိသားစုက မင်းကိုတရားမစွဲတာ ကံကောင်းတယ်မှတ်ပါ။”

“တရားစွဲလို့တော့ရမလား လေးလေးရဲ့ သူ့လူကလုပ်ခိုင်းလို့ ကျွန်တော်ကကူညီ”

“မင်းပါးစပ်ကိုပိတ်ထား၊ ငါပြောတာဘဲနားထောင်”

ကျွန်တော်ခတ်ထန်ထန်အော်လိုက်မှ ၎င်းမှာစကားဆက်ပြောချင်နေသော အမူအရာ ပျောက်၍ခေါင်းငုံ့ ငြိမ်ကျသွားသည်။

“ကိုကြည်သန့်နဲ့လည်း ငါတွေ့ပြီးပြီ၊ မင်းသူ့ကို ကပ်သီးကပ်ဖဲ့ အနိုင်ယူပြောလိုက်တာတွေ ငါ့ကိုအကုန် ပြန်ပြောပြတယ်။ သက်ကြီးစကား သက်ငယ်ကြားဆိုတဲ့စကားပုံလည်းရှိတယ်။ ကိုယ့်ထက်ကြီးသူက ကိုယ့် အပေါ်စေတနာထားပြီး စေတနာစကားပြောရင် နားထောင်လိုက်ပေါ့၊ ကိုယ့်အတွက်ဘာများ နစ်နာသွားလဲ”

“ဒီမှာ အောင်ထွန်းလူဆိုတာ တန်ဖိုးရှိအောင်နေတတ်၊ ထိုင်တတ်ရတယ်ကွ။ ကိုယ့်ရဲ့အပြုအမှု၊ အပြော အဆို၊ အနေအထိုင်က မိသားစုအတွက် အကျိုးရှိလား၊ တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးရှိလား၊ အို ကွာ ကုန်အောင်ပြောရရင် မိမိရဲ့အနာဂတ်အတွက် အကျိုးရှိသလားမင်းစဉ်းစားပါ။ တို့နိုင်ငံရဲ့လွတ်လပ်ရေး ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကျောင်းသားဘဝက ရေးခဲ့တဲ့ဆောင်းပါးထဲမှာ ယနေ့ကျောင်းသားသည် မနက်ဖြန်အတွက် ပြည်ကြီးသားဖြစ်သည်။ ပြည်ကြီးသားတို့မည်သည် ပြည်ကြီးသား၏လက္ခဏာ၊ အင်္ဂါ၊ စရိုက် များရှိရန် လိုအပ်ပေသည်တဲ့ ခေတ်ပညာတတ်ဘွဲ့ရပြီးပြီဖြစ်တဲ့ မင်းကပြည်ကြီးသားအဆင့်ကို ရောက်နေပြီ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားနေထိုင်သင့်ပြီ။”

“လူဆိုတာ ကိုယ့်တန်ဖိုးကိုယ်နားမလည်ရင် အလကားပဲ။ မင်းတွေးကြည့်မိဖို့က မင်းအသက်(၂၆)နှစ် ထဲရောက်နေပြီ။ အသက်(၂၂)နှစ်မှာ ဘွဲ့ရတယ်ထားပါ။ အခုရောက်နေတဲ့အသက်(၂၆)နှစ်ထဲကနေ ကျောင်း သားဘဝ(၂၂)နှစ်ကို နုတ်လိုက်ပါ။ မင်းအိမ်မှာ ဘာဝတ္တရားမှမရှိဘဲနေတာ (၄)နှစ်ရှိပြီ။ အဲဒီ့(၄)နှစ်အတွင်း တစ်ရက်မုန့်ဖိုး၊ လ္ဘက်ရည်ဖိုးတရားဝင်(၅၀၀)ပဲထား၊ နံနက်-ညနေ ထမင်းစရိတ်(၁၀၀၀)ဆိုရင် မင်းတစ်ယောက်

 

ထဲနဲ့တင် တစ်နေ့(၁၅၀၀)ဖြစ်နေပြီ။ ဒါတောင်ခပ်ပေါပေါလေး လျော့တွက်ထားတာနော်၊ ထမင်းတနပ်ကို (၅၀၀)နဲ့ဆိုင်မှာ ဝယ်စားလို့မရဘူး၊ ရခဲ့ရင်လည်း အိမ်ကထမင်းဝိုင်းလို စုံစုံလင်လင်ပြည့်ပြည့်ဝဝစားရမှာ မဟုတ်ဘူး။ ဆန်ကောင်းကောင်းနဲ့လည်း စားရမှာမဟုတ်ဘူး။ တစ်ရက်ကို (၁၅၀၀)ဆိုရင် တစ်လကိုမင်းရဲ့ စရိတ်က (၄၅၀၀၀)၊ တစ်နှစ်ဆိုရင်(၅၄၀၀၀၀) ၊ မင်းအခုဘာတာဝန်၊ ဘာဝတ္တရားမှ မယူဘဲအိမ်မှာ အဆင်သင့် ထိုင်စားနေတာ(၄)နှစ်ဆိုတော့ မင်းရဲ့စရိတ်က(၂၁၆၀၀၀၀) ဒီကြားထဲမင်းရဲ့ ဘာရီရစရိတ်တွေထည့် မတွက်ပြ ထားသေးဘူးနော်”

“ထမင်းတစ်နပ်(၅၀၀)နဲ့ရတဲ့ ဆိုင်လိုက်ရှာစားစရာမလိုဘူး၊ အိမ်မှာထမင်းဝိုင်းကအဆင်သင့်ကလေးစား ရုံဘဲ၊  ဒါတောင်မင်းက ပြဿနာတွေအိမ်အထိခေါ်ချင်သေးတယ်။ ငါတွက်ပြတာမင်းအတွက် စားစရိတ်ပဲရှိသေး တယ်။ မင်းပညာအရည်အချင်းနဲ့ အလုပ်ထွက်လုပ်မယ်ဆိုရင် လစာတစ်လကို (၅၀၀၀၀)လောက်ရနိုင်တယ်။ မင်းအတွက် တစ်လကုန်ကျစရိတ်နဲ့ မင်းရဲ့တစ်လစာအချိန်ဝင်ငွေဆုံးရှုံးတာနဲ့ဆိုရင် မင်းဟာတစ်လကို (၁)သိန်းနီးပါးဆုံးရှုံးတဲ့ လူတစ်ယောက်ဖြစ်နေပြီ။

“မင်းမှာတော့ နေ့တိုုင်းအချိန်တွေပိုပြီး အချိန်တွေဖြုန်းနေလိုက်တာ ကမာ္ဘကျော်ပုဂ္ဂိုလ်ကြီးတွေဆို လောကကြီးကို ကောင်းကျိုးပြုဖို့အတွက် သူတို့မှာအချိန်များများရမသွားကြဘူး။ မင်းအသက်အရွယ်ကဆုံးမ ပြောဆိုမှ သိရတာထက် ကိုယ့်ကိုယ်ကို ဆင်ခြင်တွေးတောတတ်ဖို့လိုနေပြီ။ ဘွဲ့ရပညာတတ်ဖြစ်ပြီး ကိုယ့်ထမင်း ကိုယ်ရှာမစားတတ်တာ၊ အနေအထိုင်မတတ်တာ၊ အများတကာ အလယ်မှာကိုယ့်ကိုပညာတတ်အဖြစ် အထင်ကြီးလေးစားမှုမခံရတာ၊ ဒါတွေကိုကြည့်ပြီး မင်းကိုသနားတောင်သနားသေးတယ်”

“ဒါတွေကလည်းမင်းလိုကောင်က ချက်ချင်းဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ အရည်အချင်းလည်းစကားပြော ပါတယ်ကွာ”

ကျွန်ုပ်စကားဆုံးသောအခါ အောင်ထွန်းမှာ ဘာမျှပြန်မပြောဘဲ ငြိမ်၍သာနားထောင်နေ၏ တအောင့် ကြာလျှင် ၎င်းသည်ခေါင်းငုံ၍ သူ၏အိပ်ခန်းအတွင်းသို့ ဝင်သွားလေသည်။ ထိုနေ့ညနေ တိတ်ဆိတ်စွာဖြင့်ပင် နေ့တစ်နေ့ကို ကုန်လွန်သွားစေခဲ့တော့သည်။

နံနက်စောစောတွင်တစ်ခါမှ အိပ်ရာကစောစောမထဘူးသော အောင်ထွန်းသည် အမေ့ကိုပခုံးဖက် အစ်မလုပ်သူကို လက်ဆွဲ၍အိမ်မှထွက်သွားသည်ကို မြင်လိုက်ရသည်။ ဒီကောင်လိုချင်တာ၊ လုပ်ချင်တာရှိလျှင် အမေနှင့်အမကို ခေါင်းနှင့်ဝှေ့နေကျဖြစ်သည်။ ယခုလည်း ဘာလိုချင်မှန်းမသိ ကျွန်ုပ်အမနှင့်တူမမှာ ၎င်းခေါ် ဆောင်ရာသို့လိုက်သွားကြလေသည်။ တစ်နေ့လုံးအောင်ထွန်းကို အရိပ်အယောက်မျှပင် အိမ်၌မတွေ့ရပေ။ ညအိပ်ရာဝင်ချိန်တွင်လည်း ကျွန်တော့်တူအား မတွေ့ရပါ။ ကျွန်တော်ဆူပူကြိမ်းမောင်းလိုက်တာများလွန်သွား ပြီးလားအတွေးဖြင့် အမေနှင့်တူမတို့ကိုလည်း ၎င်းအကြောင်းမမေးတော့ဘဲနှင့် အိမ်ရာထဲသို့ဝင်ခဲ့လိုက် တော့သည်။

နောက်တစ်နေ့နံနက်(၉)နာရီခန့်လောက်တွင် ခြံထဲသို့ သပိတ်တစ်လုံးနှင့်ဆွမ်းခံကြွာလာသော ဦးဇင်း တစ်ပါးကြောင့် ကျွန်တော်မှာ ဖတ်လက်စစာအုပ်ကိုပိတ် မျက်မှန်ချွတ်၍ ဆွမ်းလောင်းရန်ပြင်လိုက်သည်။ “ဦးဇင်းထိုင်ပါအုံးဘုရား၊ ဘယ်ကျောင်းကလဲဘုရား၊ အရင်ကတောတပည့်တော်တို့အိမ်ကို ဆွမ်းခံကြွဖူးလား ဘုရား” ကျွန်ုပ်မှာမေးမြန်းရင်းဖြင့် လက်အုပ်လေးချီ၍ ဆွမ်းခွပ်များကို ယူလိုက်သည်။ “ဦးဇင်ကဝေဠုဝန် ကျောင်းကပါ၊ ဦးဇင်းကအာဂနုကိုယ်တော်ပါ။ သေချာကြည့်ပါအုံး ဒကာကြီးရဲ့ ဦးဇင်းက ဒကာကြီးရဲ့တူ အောင်ထွန်းပါ။ ဘုန်းကြီးဘွဲ့နံမည်က ဦးအာစိဏ္ဏံပါ” ဟု ပြောမှ ကျွန်ုပ်လည်းမျက်မှန်တပ်၍ သေသေချာချာ ကြည့်မှကျွန်ုပ်တူအောင်ထွန်းဖြစ်နေလေသည်။ ကျွန်တော်လည်း ဆွမ်းထမင်းနှင့် ဆွမ်းဟင်းကို အလျှင်အမြန် လောင်းလက်အုပ်ချီ၍ နောက်သို့ဆုတ်လာလိုက်သည်။ ထိုစဉ်ဦးဇင်းအောင်ထွန်းမှ

“ဒကာကြီး မနုတ္တဿဘာဝေါ ဒုလ္လဘောတဲ့ လူဘဝကြီးကရခဲတယ်ဒကာကြီး၊ ပြုခဲ့တဲ့ကုသိုလ်ကောင်း မှုကြောင့်ရလာတဲ့ လူ့ဘဝကြီးမှာလည်း လောဘ၊ ဒေါသ၊ မောဟ စတဲ့ကိလေသာ မီးတွေကိုရနိုင်သလောက်၊ တတ်နိုင်သလောက်လျော့ပါ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မမြဲလှတဲ့လူ့ဘဝကြီးမှာ တရားရအောင်ရှာမှီးနေထိုင်ပါ။ ကဲ ဦးဇင်းလည်းဆွမ်းခံထွက်ရဦးမယ်။ ယခုလို ဆွမ်းလောင်းလှူရတဲ့ ကုသိုလ်ကောင်းမှုကြောင့် လောဘ၊ ဒေါသ၊ မောဟ ကင်းငြိမ်းရာမှန် မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ”

ကျွန်ုပ်မှလည်း“ပေးတဲ့ဆုနဲ့ပြည့်ပါစေ ဘုရား” ဟု လက်အုပ်ချီ၍ရှိခိုးလိုက်လေသည်။

ခြံအဝနားရောက်ခါနီးတွင် ဦးဇင်းအောင်ထွန်းမှာ ပြုံးစိစိဖြင့် ကျွန်ုပ်အားလှည့်ကြည့်သွားလေသည်။ ၎င်း၏ပြုံးစိစိမျက်နှာထားကို ကျွန်တော်သိပါသည်။ ထိုအပြုံးသည် သူလုပ်ချင်ရာလုပ်ခွင့်ရလျှင်၊ အနိုင်ရသွား လျှင်ပြုလုပ်နေကျ အပြုံးမျုးိဖြစ်သည်။

ကျွန်ုပ်အပေါ်တွင် အနိုင်လိုချင်သော၊ အရွဲ့တိုက်ချင်သော၊ ၎င်းအားဆုံးမခဲ့သောစကားများအတွက် တုံ့ပြန်ချင်သောစိတ်ဖြင့် ဘုန်းကြီးဝတ်ခဲ့သည်ဆိုလျှင် ၎င်းသည်အမှားကြီးမှားပေတော့မည်။

၎င်းကဲ့သို့မှားတဲ့ဘက်များနေသော သူမျိုးသည် သာသနာတော်ကို ကြည်ညိုသောစိတ်အပြည့်ဖြင့် မြတ်စွာဘုရားရှင်၏အဆုံးအမကိုခံယူ၍ အေးမြသောသာသနာတော်၏အရိပ်အောက်တွင် ခိုလှုံ၍ မိမိတို့၏ လမ်းမှားရောက်နေသာ စိတ်ဓါတ်များကို ပြုပြင်သင့်ပေသည်။ အောင်ထွန်းကဲ့သို့ ခေတ်ပညာတတ်၊ ဉာဏ်ရည် ကောင်းသောလူငယ်မျိုးသည် လောကကြီးအားအရွဲ့တိုက်၊ ခါးစောင်းတင်နေမည့်အစား လောကအတွက် အကျိုးရှိစွာနေထိုင်တတ်မည်ဆိုလျှင် လူ့မျိုးမှန်အဖိုးတန်လေးများဖြစ်လာနိုင်သည်။ မည်မျှပင်လူ့အစွမ်းအစ အရည်အချင်းရှိနေပါစေ လောကကောင်းကျိုးမပြုနိုင်ပါက အမျိုးမှန်သော လူသာနိုင်သည် အဖိုးတန်သောလူ မဖြစ်နိုင်ပါ။ ယနေ့ခေတ်လူငယ်များတွင် ကျွန်ုပ်၏တူ အောင်ထွန်းကဲ့သို့တလွဲ ဆံပင်ကောင်းနေသော၊ မိမိ၌ ရှိနေသောအရည်အချင်းများ အရည်အသွေးများကို နေရာလွဲမှားစွာသုံးနေသောလူငယ်များ မည်မျှများပြား နေမည်ကိုလည်း တွေး၍ပူပန်မိပါသည်။ ကျွန်တော်၏တူလေးအတွက်လည်း စိတ်မကောင်းများစွာ ဖြစ်မိပါတော့

သတည်း။

20 comments

  • htet way

    June 19, 2012 at 11:44 am

    အားပေးပါတယ် ဆက်ရေးပါ
    ရည်ရွယ်ချက်ကို သဘောကျပါတယ်

    • silver hero

      June 19, 2012 at 3:51 pm

      အခုလိုအားပေးစကားပြောပေးတဲ့ဆရာထက်ဝေးကိုကျေးဇူးတင်ပါတယ်။
      စာဝင်ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

  • အရင့်ရောင်

    June 19, 2012 at 12:06 pm

    ရောင်တော်တောင်လွှတ်ခိုင်းဦးမယ်ဆိုပဲ ဟဟ
    တော်တယ်ဟေ့………လေးစားလောက်ပါပေတယ်နော်……….
    ဘုန်းကြီးဝတ်တာ ပဲ
    သံသာရ ဝဋ္ဋ ဒုက္ခတော မောစနထာယ ပဗ္ဗစ္စံ ယာစာမိ။
    ပြီးရော…………..အာဟိ………
    အားပေးတွာပါဂျောင်း
    အတွေးကောင်းအရေးကောင်းပါပဲ

    • silver hero

      June 19, 2012 at 4:00 pm

      အားပေးသွားတဲ့ဆရာအရင့်ရောင်ကိုကျေးဇူတင်ပါတယ်။
      အကောင်းလေးတွေ တွေးပြီး၊ အကောင်းလေးတွေရေးချင်တဲ့ဆန္ဒပေါ်နေတဲ့အတွက်ဒီပို့စ် ကိုတင်မိတာပါခင်ဗျား။

  • mocho

    June 19, 2012 at 2:01 pm

    ကျမ တို့ နိုင်ငံမှာ ဒီလို နှမျော စရာကောင်းတဲ့ လူငယ် တွေ တော်တော် များနေပါပြီ။ ဘွဲ့ ရ တယောက်ရဲ့ လစာ ၅သောင်း၆သောင်း ဝန်းကျင် က လမ်းစရိတ်၊ တကိုယ် ရေ အသုံးစရိတ် နှုတ် လိုက် ပြီးရင် ဘာမှ မကျန် တော့ ဘူး ဆိုတဲ့ အကြောင်း ပြချက်နဲ့ အလုပ် ရွေးရင်း ဘာမှ ဟုတ်တိပတ်တိ မလုပ်ဖြစ်ပဲ ဝေလေလေ ဖြစ်နေတဲ့ လူ ငယ် တချို့ ကို ကြည့်ပြီး ဘာပြောရ မှန်း ကို မသိ တော့ ဘူး။
    စာအရှည်ကြီး ကို စိတ် ဝင်စားဖွယ်ရေး နိုင်တဲ့ အတွက် ချီးကျူးပါတယ်။ အားပေး ပါတယ် နော်။

  • silver hero

    June 19, 2012 at 4:07 pm

    ကျတော့်ပတ်ဝန်းကျင်မှာလဲအများကြီးပါ။သူတို့တွေကိုကြည့်ပြီးဒီစာလေးကိုရေးချင်စိတ်ပေါ်လာပါတယ်။
    အပြုသဘောလေးသက်သက်ပါ။ ချီးကျူးစကားပြောပေးတဲ့အတွက်ကျေးဇူးပါ။

  • kai

    June 19, 2012 at 4:14 pm

    အဲဒီလောက်အရှည်ကြီး…တကယ်ချရေးလိုက်တာလား..
    ချီးကျူးလိုက်ပါကြောင်း.. :mrgreen:

    • silver hero

      June 19, 2012 at 4:34 pm

      သဂျီးခင်ဗျားကျတော်ရေးနိုင်တာကနဲနဲပါ။ကွန်ပျူတာစာစီဆိုင်ရဲ့အကူအညီလဲယူရတယ်ခင်ဗျ။
      ဒီစာမူလေးကမဂ်ဂဇင်းကိုပို့ချင်တာ၊mgကရွာသူရွာသားတွေကိုလဲဖတ်စေချင်တော့စာစီဆိုင်ရဲ့အကူအညီ
      ကူအညီယူလိုက်တယ်။အိတ်တော့နဲနဲပိန်သွားတယ်။စာဝင်ဖတ်ပေးတဲ့အတွက်ကျေးဇူးပါ။

  • marblecommet

    June 19, 2012 at 4:23 pm

    တော်တော် အရွဲ့တိုက်တတ်တဲ့ တူတော်မောင်ပါလား…..
    အရွဲ့တိုက်တတ်တဲ့ လူအတော်များများ ကျင်လည်ရတဲ့ပတ်ဝန်းကျင်မှာလည်း
    တွေ့ဘူးပါရဲ့….စာပေထဲမှာလည်း ဖတ်ဖူးပါရဲ့…
    အရွဲ့တိုက်တဲ့နေရာမှာလည်း နှစ်မျိုးရှိတယ်လို့ထင်ပါရဲ့ဗျ
    ပထမတစ်မျိုးက…
    အမြင်မတော်တာ မသင့်တော်တာကိုတွေ့လို့ ဘုကလန့်တိုက်တာ အရွဲ့တိုက်တဲ့လူစားနဲ့
    နောက်တစ်မျိုးကတော့
    မြင်မြင်ရာ ကိုယ်နဲ့မတူလို့ အမြင်ကတ်လို့ အခြားလူလုပ်သမျှကို
    အရွဲ့တိုက်ပြတာမျိုးကြုံဘူးပါတယ်…
    ဘာပဲဖြစ်ဖြစ်….
    စာရေးသူရဲ့ တူတော်မောင်က
    သင်္ဃန်းစီးပြီးတောင်အရွဲ့တိုက်တဲ့ အာဂ ကိုယ်တော်ပါလား ….
    ……..
    ပို့စ်ရဲ့ ရည်ရွယ်ချက်လေးကို လက်မထောင်သွားပါတယ်ဗျာ….

    • silver hero

      June 19, 2012 at 4:49 pm

      စာဝင်ဖတ်ပေးတဲ့ဆရာကမ်းဝေးကိုကျေးဇူးပါ။
      ကျတော့မိတ်ဆွေပြောစကားအရဆရာဘုန်ကြီးဝတ်ပြီးတာမကြာသေးဘူးဟုသိရပါတယ်။
      ဆရာရောဒီလိုအဖြစ်များရှိသလားဟုကျတော့မိတ်ဆွေမှမေးနေပါသည်။

      • marblecommet

        June 19, 2012 at 5:15 pm

        ဘုန်းကြီးဝတ်တာက
        ကိုယ့်ဝမ်းနာနဲ့ကိုယ်ပါဗျာ
        ဟဲဟဲ……..
        သင်္ကြန်ဘုန်းကြီးမဝတ်ရင်….
        ကိုယ့်ကိုယ်ကိုယ် စိတ်မချလို့
        အဟိ….
        …..
        ကျနော်လည်း ခါတစ်ရံကျရင်
        ဘုကလန့်တိုက်တတ်ပါတယ်
        အလျှင်းသင့်တဲ့အခါ ကြိုးစား
        ရေးကြည့်ပါမယ်ဗျာ….
        …ခင်တဲ့..
        ငကမ်း…

  • etone

    June 19, 2012 at 4:54 pm

    အရမ်းကောင်းတဲ့ ရသ စာပေ တပုဒ်ပါပဲ ..
    လက်ရှိ လူငယ်တစ်ချို့ရဲ့ ယောင်လည်လည် ဘဝကို မီးမောင်းထိုးပြလိုက်သလိုပါပဲ … ။
    ဇာတ်သိမ်းက ဘုန်းကြီးဝတ်သွားတာဖြစ်နေတယ် … ကျွန်မစိတ်ထဲ မှန်းကြည့်မိတာ …. မိန်းမသွားတောင်းခိုင်းတယ်မှတ်လို့ … အဟီး 🙂

    • silver hero

      June 19, 2012 at 5:01 pm

      ဆရာမကမြှောက်ပြောနေပြန်ပြီ။ကျတော်ထိုင်နေတဲ့ခုံနဲ့လွတ်တော့မှာပဲ။သူ့အမေကိုသနားလို့
      အိုကြီးအိုမနဲ့ရှာကျွေးနေရမှာစိုးလို့ဒီဇာတ်လမ်းမှာမိန်းမ မပေးစားတော့တာ။

  • (အဲဒီလောက်အရှည်ကြီး…တကယ်ချရေးလိုက်တာလား..
    ချီးကျူးလိုက်ပါကြောင်း)
    မှန်ပါ ့တစ်ကြောင်းချစ် နှစ်ကြောင်းရေးတွေကြားထဲမှာ အခုလိုရှည်ရှည်ရေးတာလေးစားပါတယ်။
    သူကြီးရေ
    မန်းလေးလက်ဖက်ရည်ဆိုင်အကြောင်း ရေးထားသေးတယ် ပို့လိုက်အုံးမယ်အရှည်ကြီးဘဲ။
    ဓါတ်ပုံမရိုက်ရသေးလို့ မပို့သေးတာ.။
    နောက်မှ ဆာဗာလေးတယ်မပြောနဲ့နော်……………….

  • သားဦး၊မြေးဦး

    June 19, 2012 at 7:21 pm

    ရှားပါးပါဘဲဗျာ။
    ရေပေါ်ဆီ=elite
    ဆရာ လူထုစိန်ဝင်းစကားလေးပါ။
    ဦးတေဇ ကုမ္ပဏီတော့ မဟုတ်ပါ။

  • မောင်ပေ

    June 19, 2012 at 8:03 pm

    အဓိက ကတော့ ဇ ဘဲ ။
    လုပ်တာမဖြစ်ရင် ဖြစ်တာလုပ် ။
    ကောင်းမယ်ထင်ရင် ဒူး…

  • MaMa

    June 19, 2012 at 8:57 pm

    လူငယ်တွေအတွက် ဆုံးမစာ၊ အကျိုးပြုစာပေမို့ ကြိုဆိုပါတယ်။

    အခုခေတ်လူငယ်တချို့စကားကြားရတာတော့ ဘွဲ့တစ်ခုရပြီးရင် ကျန်တာကို အလုပ်လုပ်ရင်း ဆက်တက်ရတယ်တဲ့။
    အလုပ်မလုပ်ပဲ သင်တန်းတွေ တခုပြီး တခုတက်ရင်း အသက်သာကြီးသွားတယ် လုပ်ငန်းအတွေ့အကြုံ မရှိရင် လုပ်ငန်းခွင်မှာ အလားအလာ မကောင်းဘူးဆိုပဲ။

  • padonmar

    June 19, 2012 at 11:21 pm

    Silver Hero ရှင့်
    စာအရှည်ကြီးကို မပျင်းရအောင်
    တမူထူးသောဟာသများနဲ့ ရယ်ရအောင်
    ရေးနိုင်လို့ ချီးကျူးပါတယ်။
    လူစရိုက်လည်းပေါ်လွင်အောင်ရေးနိုင်ပါတယ်။
    စလယ်ဆုံး ကောင်းပါတယ်။
    တစ်ခုလေးတော့ နှမ်းဖြူးခွင့်ပေးပါ။
    ရေပေါ်ဆီဆိုတဲ့ ခေါင်းစဉ်လေးနဲ့တော့ သိပ်မလိုက်ဘူးလို့ထင်မိပါတယ်။
    ရေပေါ်ဆီ လူ့မလိုင် ဆိုတာမျိုးကို ကိုသန်းထွဋ်ဦးရေးပေးသလိုဘဲ elite ခေါ်တဲ့ လူချမ်းသာ (စည်းစိမ်ရှင်)တွေမှာ သုံးတယ်လို့ထင်ပါတယ်။
    ပေါ့ပေါ့နေပေါ့ပေါ့စား လူငယ်တွေကိုတော့ ဆန်ကုန်မြေလေး အနှစ်မရှိတဲ့ သင်္ဘောသား(ဘဖေါတို့ ကိုရင်တို့ အီးတီတို့မဟုတ်) စသဖြင့် သုံးတာတွေ့ဖူးပါတယ်။
    ကျမမှားရင်လည်း ခွင့်လွှတ်ပါ။

    • silver hero

      June 20, 2012 at 12:34 pm

      ဆရာမခင်ဗျားအခုလိုဝင်ရောက်အားပေးသွားတာကိုကျေးဇူးပါ။ ချီးကျူးပေးတဲ့အတွက်လည်းထပ်ဆင့်ကျေးဇူးစကားဆိုပါရစေ။
      ဝေဖန်ပေးတဲ့အတွက်ကျတော်ပညာတစ်ခုရလို့လေးစားမိပါကြောင်း။

  • htet way

    June 21, 2012 at 12:08 pm

    ဒေါက်တာပြောလိုက်မှ ဘမ်းစကားတစ်ခုရလိုက်ပါတယ်
    အော် ..ပေါ့ပေါ့နေပေါ့ပေါ့စား လူငယ်တွေကိုတော့ ဆန်ကုန်မြေလေး အနှစ်မရှိတဲ့
    “သင်္ဘောသား”
    ကိုသန်းထွဋ်ဦးက elite
    ကျွန်တော်လည်း ဝင်ဖတ်ရင်း ဝင်မှတ်သွားပါတယ်။

Leave a Reply