သစ်မွှေးကဏ္ဍ အမေးအဖြေ (၃)

Wai Aung Chan MyoJune 19, 20121min710

မင်္ဂလာပါ ကိုဝေအောင်ခင်ဗျား ကျွန်တော် xxxပါ

သစ်မွှေးအကြောင်းစိတ်ဝင်စားလို့ online ပေါ်မှာရှာရင်း ကိုဝေအောင်ရေးတင်ထားတဲ့ post တွေသဘောကျပြီး လိပ်စာပါတွေ့လို့ သိချင်တာလေးမေးပါရစေခင်ဗျာ။ ကျွန်တော်နှင့် အခြားအပေါင်းအသင်း ၅ ဦးစုပေါင်းပြီး ပဲခူးရိုးမ အနောက်ခြမ်း မင်းလှမြို့နယ် တောင်ခြေမှာ မြေလွတ်မြေရိုင်းရတာနဲ့ ကျွန်တော်တို့သစ်မွှေးစမ်းသပ်စိုက်ပျိုးကြည့်ဖို့တိုင်ပင်ခဲ့ကြပါတယ် အဲဒီနောက် သတင်းစာမှာပါတဲ့ ကြော်ငြာတွေကြည့်ပြီး သစ်မွှေးကို မြေနီကုံးက ဝင်းသစ်မွှေးမှာ ဝယ်ခဲ့ပါတယ်ခင်ဗျ၊ အပင်အမြင့် ၁ ပေခွဲခန့်အရွယ်တွေဖြစ်ပါတယ်။ ဘာမှနားမလည်သေးဘဲ ကြော်ငြာကလိပ်စာတွေ့တာနဲ့ သွားဝယ်ခဲ့တာဖြစ်ပါတယ် အပင် ၂၅ဝ ကို တစ်ပင် ၈၀ဝ ကျပ်နဲ့ဖြစ်ပါတယ်ခင်ဗျ၊ အခုကျွန်တော်တို့စိုက်ဖို့လုပ်တဲ့အခါကြတော့ မြေကွက်သွားကြည့်တော့မှ မြေက မြေကြီးမဟုတ်ဘဲ ဂဝံတောင်ကုံးတွေဖြစ်နေတယ် သိတဲ့လူတွေပြေတာတော့ သက်နုဂဝံလို့ပြောတယ်ခင်ဗျ၊ အဲဒီတောင်ကုန်းတွေမှာ ဝါးဖြူလို့ခေါ်တဲ့ ခပ်နိမ့်နိမ့်ဝါးရုံပင်တွေနဲ့ တချို့နေရာတွေမှာ အင်ပင်တွေပေါက်နေတယ်ခင်ဗျ၊ အဲဒါ ကျွန်တော်သိချင်တာက အဲဒီဂဝံမြေမှာ သစ်မွှေးစိုက်လို့ရပါသလားခင်ဗျာ။ စိုက်မယ်ဆိုရင် ဘယ်လိုအတိုင်းအတာနဲ့တူးဆွပြီး မြေကြီးဘယ်လိုစပ်ပြီးထည့်ရမလဲသိချင်ပါတယ်ခင်ဗျာ ဖြစ်နိုင်လျှင် ဖြေကြားပေးစေလိုပါတယ်ခင်ဗျာ။ ကျွန်တော်တို့သိလိုသည်မှာ ထိုဂဝံမြေကိုတူးပြီး ရလာတဲ့ကျင်းထဲကို မြေကြီးထည့်ပြီးစိုက်ရမှာလား ပျိုးပင်ရောင်းတဲ့ဆိုင်တွေကလို သဲနဲ့ဖွဲပြာထည့်ရမှာလား၊ ဒါမှမဟုတ် ဘယ်လိုမြေမျိုးအချိုးခြပြီးရောစပ်ထည့်ရမလဲသိချင်ပါတယ်ခင်ဗျာ။ အကို့ဆီ အကူအညီတောင်းရခြင်းမှာ ကျွန်တော်တို့ပျိုးပင်ဝယ်ခဲ့တဲ့ ဝင်းသစ်မွှေးဆိုင်သည် မွတ်စလင်တွေမှန်း ရောက်သွားမှသိခဲ့ရလို့ အပြောအဆိုလဲမကောင်းလို့ဖြစ်ပါသည်ခင်ဗျာ။

စောင့်မျှော်လျှက်

ညီငယ်xxx။

ဟုတ်ကဲ့ မင်္ဂလာပါ
ကျနော်ရေထားတဲ့ပိုစ်ကို သဘောကျလို့ ဝမ်းသာပါတယ်။
ကျနော်ရေးထားတဲ့စာတွေထဲမှာလည်း အကိုတွေ့မိမှာပါ။
သစ်မွှေးဟာ ရေမဝပ်တဲ့၊ ဒီရေမတက်တဲ့ မြန်မာပြည် ဘယ်နေရာမဆို ဖြစ်တယ်ဆိုတာလေ။
ဒါပေမယ့် တနေရာနဲ့ တနေရာ ဖြစ်နှုန်းချင်းတော့ မတူဘူးပေါ့ဗျာ။
အကိုပြောပုံအရဆိုရင် မြေဟာ slope နဲနဲရှိမယ် မြေပြန့်မဟုတ်တဲ့အတွက် ကောင်းပါတယ်။ နောက်ပြီး လယ်မြေမဟုတ်တဲ့အတွက် ရေမဝပ်ဘူး။
ဒါဆိုရင် ၇ဝ % ဖြစ်နိုင်ပါတယ်။ နောက် မြေကြီးက တော်တော်မာနိုင်တယ်။ ဂဝံမြေကိုး။
ဒီတော့ အကောင်းဆုံးအကြံပေးရရင် ပုံမှန်ထက် မြေကို နဲနဲနက်နက်တူးရမယ်။

၂ပေနီးပါး ပတ်လည် အဝိုင်းပုံစံကို ၂ပေခွဲလောက် အနက်တူးပေးပါ။
နောက် နွားချေး ၁ဆ၊ မြေဆီ(မြေကြီးမှာပွပြီး အနက်ရောင်ပေါက်သော၊ ရေဆင်းကောင်းသော၊ လက်ထဲတွင် နယ်လိုက်သောအခါ ကြေမွလွယ်သော) ကို ၃ဆရောပြီး သမပါ။ နောက် သစ်ရွက်အမှိုက်ဆွေး၊ ကောက်ရိုးဆွေး၊ ဝါးရွက်ဆွေး၊ ဗေဒါ စသည်တို့ပါရောပြီး အပေါ်မှတင်ကာ မီးရှိ့ပေးပါ။
နောက် ၃ပတ်ခန့် မြေနှပ်ထားပြီးမှ အပင်ကို ချစိုက်ရမည်။
အပင်များကို ချမစိုက်ခင် ၁ရက် ရေမပေးဘဲထားပါ။ မြေကြီးမာစေရန်အတွက်ပါ။
ပျိုးအိတ်များကို ဓားဖြင့် အောက်ကဝိုက်လှီးပြီး ဒေါင်လိုက်ထပ်လှီးပြီး မြေလုံးမပျက်ပါစေနှင့်။
အဓိကအရေးကြီးသည်မှာ အမြစ်မနာစေဖို့ဖြစ်သည်။
မိုးတွင်းဖြစ်သည့်အတွက် အပင်ခြေသည် မြေပြင်ထက်တထွာခန့်ဖို့ပေးပါ။
ကျနော် သစ်မွှေးစိုက်နည်းစာအုပ်ကို လက်ဆောင်ပေးလိုက်ပါတယ်

နောက် ပြောချင်တာက နောက်ဆိုရင် အပင်ဝယ်ရင် တကယ်နားလည်ပြီး နည်းပညာဖလှယ်နိုင်တဲ့သူဆီမှာပဲ

ဝယ်သင့်ပါတယ်
ကျနော်ဆီမှာမှ မဟုတ်ပါဘူး ဘယ်မှာဝယ်ဝယ်ပေါ့နော်။

နောက်ဆုံးအနေနဲ့ မှာချင်တာက အပင်ကို ဇွန်လမကုန်ခင်စိုက်သင့်ပါတယ်

ခင်မင်တဲ့
ကိုဝေအောင်

ကိုဝေအောင် ခင်ဗျား

သစ်မွှေးစိုက်ဖို့အတွက်မြေစပ်ပုံစပ်နည်းအပြင် သစ်မွှေးစိုက်ပျိုးနည်းစာအုပ်ပါပို့ပေးလို့ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ကျွန်တော်တို့အဖွဲ့ကိုယ်စား ဒီမေးပေါ်မှပြောကြားလိုက်ရပါတယ်ခင်ဗျာ။ အစ်ကိုတင်တဲ့ပို့တွေတုန်းကလဲ ကျွန်တော် ဒေါင်းပြီးစုထားခဲ့ပါသေးတယ်၊ အခုလိုစာအုပ်အနေနဲ့တစ်စုတစ်စည်းထဲပို့ပေးတဲ့အတွက် အတိုင်းမသိကျေးဇူးတင်ရှိပါကြောင်းထပ်လောင်းပြောကြားပါရစေခင်ဗျာ။ ကျေးဇူးပါခင်ဗျာ။ online ပေါ်မှတွေ့ဆုံမေးမြန်းခွင့်ရလို့ရော သေချာစွာ ရှင်းလင်းပြပေးတဲ့အတွက်ရော ထပ်ပြီးကျေးဇူးတင်ကြောင်းပြောကြားပါရစေခင်ဗျာ၊ အခုလို online ပေါ်မှာမထင်မှတ်ဘဲ တွေ့ဆုံမေးမြန်းခွင့်ရသလို့ ကံအကြောင်းသင့်ခဲ့ရင်ဖြင့် အပြင်မှာတွေ့ဆုံဖို့လဲဖြစ်ပေါ်လာမည်ဟုထင်ပါသည်ခင်ဗျာ၊ မျှော်လဲ မျှော်လင့်မိပါသည်ခင်ဗျား။

ကျေးဇူးတင်စွာဖြင့်

xxxxxxxx သစ်မွှေးစိုက်ဝါသနာရှင်များအဖွဲ့ 15-june-2012.

မင်္ဂလာပါ ကိုxxxနှင့် xxxxxxx သစ်မွှေးစိုက်ဝါသနာရှင်များအဖွဲ့သားများဗျား ကျနော်ပေးလိုက်တဲ့ စာအုပ်က အကိုတို့အတွက် အကျိုးရှိတယ်ဆိုရင်ပဲ ဝမ်းသာလှပါပြီ။ စိတ်ဝင်စားရင် ကျနော့် ရဲ့ သန်လျင်သစ်မွှေးခြံကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ် နောက်လထဲတော့ ကျနော် ခရီးတခုထွက်စရာရှိတယ် လာမယ်ဆိုရင်တော့ ဖုန်းကြိုဆက်ပေ့ါနော်။ ကျနော်က သစ်မွှေးစိတ်ဝင်းစားသူတိုင်းကို ကြိုဆိုလျက်ပါ။

ဪ နောက် ကြုံလို့ပြောရအုံးမယ်။ အကိုတို့ဝယ်ခဲ့တဲ့ မြေနီကုန်းက ဝင်းသစ်မွှေးကို ကျနော်က နေ့တိုင်းရှေ့က ဖြတ်သွားနေကျဆိုတော့ သတိပြုမိပါတယ်။ ဒီနေ့တော့ ပိုစတာအသစ်ကြီး ကပ်ထားတယ်ဗျ။ soil test လုပ်ပေး၊ မြေပြုပြင်ပေးဆိုပဲ။ နောက် သစ်မွှေးစိုက်နည်း စာအုပ်ကို ၂၅၀ဝကျပ်။ DVD တချပ်ကို ၅၀ဝကျပ်နဲ့ ရောင်းပေးတယ်ဆိုပဲ။

ကျနော်ကတော့ နည်းပညာကို လွတ်လွတ်လပ်လပ်ကို မျှဝေခံစားနိုင်အောင် အားလုံးဖြန့်ဝေလျက်ပါ။ ကျနော်ကိုယ်တိုင် သစ်မွှေးစစိုက်ခင်တုန်းက ကုမ္ပဏီကြီးကြီးတခုရဲ့ လိမ်တာကို ခံခဲ့ရဖူးပါတယ်။ ဒါကြောင့် သစ်မွှေးစိုက်သူတိုင်း မိမိတို့ရဲ့ချွေးနဲစာနဲ့ ဝယ်ယူတဲ့ သစ်မွှေးပင်များဖြစ်တဲ့အတွက် အဲ့ဒီလို မဟုတ်ကဟုတ်က လိမ်လည်ခြင်းမှ ကင်းဝေးကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ခင်မင်တဲ့ ကိုဝေအောင် (စိမ်းလန်းသစ်မွှေးရောင်းဝယ်ရေး)

ခြံလိပ်စာ သန်လျင်-ကျောက်တန်းကားလမ်းမဘေး(ဂြိုလ်တုဆက်သွယ်ရေးဝင်းအနီး)၊ ပျဉ်ထောင်ချောင်းရွာ၊ နတ်စင်ကုန်း မှတ်တိုင် (ကျိုက်ခေါက်ဘုရားမှ ၆မှတ်တိုင်မြောက်) တွင်ဆင်း၍၊ ဆိုင်ကယ်ကယ်ရီဂိတ်တွင် သစ်မွှေးခြံကို ပို့ပေးပါဆိုရင်……

Ph:   09 49348896, 09 73070035, 09 5136753, 09 49275907.