လှုပ်တုပ် လှုပ်တုပ် ဟုတ်၍နေကြသည်ဖြစ်လေချေ၏

သူရႆဝါJune 19, 20121min823

လှုပ်တုပ် လှုပ်တုပ် ဟုတ်၍နေကြသည်ဖြစ်လေချေ၏
– သူရဿဝါ –

ဒီနေ့ မောင်ဝါဝါ ကြွေးဟောင်းချေပြီး ကြွေးသစ်ချသော နေ့ဖြစ်လေသည်။ မောင်ဝါဝါ တစ်ယောက် မြို့ပတ်ပြီး အကြွေး တွေဆပ်၊ အကြွေးတွေ လည်တောင်း နေခြင်း မဟုတ်ပါ။ ဆိုလိုတာက ယခင် တစ်ပတ်က ရေးထားသော စာမူခ များကို ဂျာနယ်တိုက် တကာတွင် လိုက်ထုတ်ပြီး နောက်တစ်ပတ်စာ ဂျာနယ်များ အတွက် ရေးထားသော စာမူများ လိုက်ပို့ ပေးနေခြင်းကို ပြောချင်တာ။ ဒီလို နေ့မျိုးဆို လွယ်အိတ်ကို မလွယ်မဖြစ် လွယ်ရသည်။ တိုက်များမှ လက်ဆောင် ရသော ဂျာနယ်များ ထည့်ရန် ဖြစ်သည်။ လွယ်အိတ် မပါတဲ့ နေ့များ ဆိုလျှင် မောင်ဝါဝါမှာ လက်ထဲ ဂျာနယ်များ တပွေ့တပိုက်ဖြင့် ပြန်ရသောကြောင့် ဂျာနယ် လက်ပွေ့ အရောင်းသမားနှင့် ခဏခဏ မှား၍ ဂျာနယ် ခေါ်ပြီး အဝယ်ခံ ရတတ်သည်။ ထို့ကြောင့် ခုနောက်ပိုင်း စာမူခ ထုတ်ရက် ရောက်လျှင် လွယ်အိတ်ကို မလွယ်မဖြစ် လွယ်ရ၏။

ခုလည်း လွယ်အိတ်ထဲမှာ ဂျာနယ်တွေ ထည့်ပြီး ဖောင်းဖောင်း ကားကားဖြင့် မောင်ဝါဝါ ဆူးလေ ရောက်၍ နေလေသည်။ ခဏနေ စီးရမည့် လိုင်းကား ရောက်လာတော့ ထိုင်စရာ နေရာ တွေ့သည်နှင့် မောင်ဝါဝါ ကားပေါ် တက်ထိုင် နေလိုက်၏။ ကားကလည်း မှတ်တိုင်မှာ လူတင်ဖို့ ရပ်သည်လား၊ ဂိတ်ဆုံး၍ အပြီး ရပ်ထား သည်လား မကွဲပြား။ မောင်ဝါဝါမှာ အိပ်ငိုက်၍ပင် လာ၏။ သို့သော် ကြာကြာ မငိုက်လိုက်ရ။ သန့်ရှင်း လတ်ဆတ် ပါသည် ဟူသော ငုံးဥပြုတ် များက တစ်မျိုး၊ ပူရင် နေကာ ပျင်းရင် ထိုင်ဖတ် ဘယ်လို အသုံးချချ တန်သော နှစ်ရာတန် ဂျာနယ် အဟောင်း ရောင်းသည့် အသည်များက တစ်ဖုံ၊ ရှေးယခင် ဘုရင်မင်းများ လက်ထက်က ကျန်ရစ်သော ပုဏ္ဏားဖြူ ပုဏ္ဏားညို များ၏ ဆွေတော် မျိုးတော် ဟူသော ဗေဒင် ပညာရှင် များ၏ တစ်စောင် တစ်ရာတန် ဗေဒင် စာရွက်များကို ဟိတ်ဟန်ပါပါ တက်ရောင်းသည့် သူက တစ်မျိုးနှင့် ကားပေါ်တွင် အထွေထွေ ဈေ းရောင်း ပွဲတော်ကြီး ကျင်းပ နေသည်ဟု ထင်ရ လောက်အောင်ပင် အပျင်းပြေ ကြားရ သိရ တွေ့ရတော့သည်။

ထိုသို့ စပယ်ယာ ဒရိုင်ဘာ တမေ့တမောနား၊ ဈေ းသည်များ စိတ်ရှိ လက်ရှိ ရောင်းချ၍ ပြီးသွားသော အခါသမယ ရောက်မှပင် မောင်ဝါဝါ တို့၏ အထူး စပယ်ရှယ် ကားကြီးသည် မထွက်ချင် ထွက်ချင်နှင့် ဆူးလေမှ ထွက်ခွာ လေသည်။ စီးရမည့် ခရီးက အတန်ငယ် လိုသေးတော့ မောင်ဝါဝါလည်း တွေးချင်ရာတွေး၊ ငေးချင်ရာ ငေးရန် အကြံနှင့်ပေါ့။ သို့သော် မောင်ဝါဝါ၏ နံဘေးမှ တစ်ခုခု လှုပ်ယမ်း နေသည့် အရာကို အမှတ်မထင် သတိထား လိုက်မိ၏။ ဘာဖြစ်တာ ပါလိမ့်ဟု မောင်ဝါဝါ နံဘေးကို ငဲ့ကြည့်လိုက်တော့ အသက် (၁၈)နှစ်ခန့် အရွယ် ချာတိတ်လေး တစ်ယောက်။ သူ့ခန္ဓာကိုယ် အပေါ်ပိုင်းမှာ ခေါင်းနှင့် ပုခုံးက စ၍ လှုပ်ရွကာ နေ၏။ မောင်ဝါဝါ လန့်သွားသည်။ ဝက်ရူးပြန် နေတာလား … တက်များ တက်နေ တာလား။ ခြေထောက်ကို ဆွဲတင်၍ ခြေမ ချိုးရ ကောင်းမလား၊ အိတ်ကပ်ထဲ အဆင်သင့် ထည့်ထားသော အိမ်သော့ ထုတ်ပြီးတော့ ဗိုက်ကို သော့နှင့် မွှေ့ပစ် လိုက်ရ ကောင်းမလား။ ဟုတ်တယ်လေ … တက်တာတို့ ဝက်ရူးပြန် တာတို့ ဆိုလျှင် အဲသလို လုပ်ရသည်ဟု ကြားဖူး ထားတာကိုး။

သို့သော် သေချာ ပြန်ကြည့် မိမှ ဒီချာတိတ် ကြည့်ရတာ တက်နေတာ ဝက်ရူးပြန် နေတာ မဖြစ်နိုင်။ ခေါင်းတွေ၊ ပုခုံးတွေသာ လှုပ်ရွ နေပေမယ့် ပါးစပ်တွေ ဘာတွေ ရွဲ့မသွား၊ ရုပ်ပျက် ဆင်းပျက် ဖြစ်နေတာလည်း မဟုတ်။ ဒါနဲ့ မောင်ဝါဝါ သေချာ ထပ်ပြီး အကဲခတ် ကြည့်ရသည်။ ဒီတော့မှ .. သူ့နားရွက်ကို ဖုံးအုပ် ထားသော ဆင်နားရွက်လောက် ရှိသည့် နားကြပ်ကြီး တစ်ခုကို မြင်တော့၏။ လက်ထဲမှာ ကိုင်ထား တာလည်း အခု ခေတ်ပေါ် နည်းပညာ ပစ္စည်းလေး တစ်ခု။ အိုင်ပွတ် ဆိုလား .. အိုင်ပက် ဆိုလား .. အဲဒါမျိုး ဖြစ်သည်။ လက်စသတ်တော့ ကိုယ်တော်ချောက သီချင်း ဖွင့်၍ နားကြပ်နှင့် နားထောင်ရင်း ဈ ာန်တွေ ဝင်ကာ ခေါင်းလှုပ်၊ ပုခုံးလှုပ်၍ စည်းချက် လိုက်နေတာကိုး။ ခေတ်လူငယ်များ တယ်လည်း ပေါ့ပါး လွတ်လပ်ကြ ပေတာပဲ။ မောင်ဝါဝါ သဘောကျစွာ တွေး၍ ရှေ့တည့်တည့် ပြန်လှည့်မည် အပြုတွင် ထိုချာတိတ်မှာ ခေါင်းများ၊ ပုခုံးများ သာမက ပါးစပ်ပါ လှုပ်၍ လာ၏။ ပါးစပ်က ပွစိပွစိနှင့် တစ်ယောက်တည်း ပြောဆို နေသည်။ အလို .. ကိုယ်တော်ချော ဘာဖြစ်ရ ပြန်တာ ပါလိမ့်။ မောင်ဝါဝါ မသိမသာ စူးစမ်း ကြည့်မိ၏။

“အွန် … ဒါဖြင့် ငါက ဘာလုပ်ရမှာလဲ
အို … မင်းလည်း ဘိုကေ ငါလည်း ဘိုကေ ၊ မင်းလည်း ဘိုကေ ငါလည်း ဘိုကေ

အာ … ညှပ် ညှပ် ညှပ် ညှပ် ညှပ်”

သူ့နှုတ်မှ ထွက်လာသော စကားများကို မောင်ဝါဝါ အသေအချာ ကြားလိုက် သည်တွင် အလွန် အံ့ဩ ရလေပြီ။ ဘိုုကေ တွေရော၊ ညှပ် ခိုင်းတာတွေရော။ မဟုတ်မှ လွဲရော … လိုင်းကားပေါ် တက်ပြီး ဆံပင်ညှပ်ဆိုင် ကြေငြာ မားကက်တင်း ဆင်းနေတာ များလား။ မောင်ဝါဝါမှာ ပါးစပ် အဟောင်းသားနှင့် ….။ ဘယ်လို ဖြစ်တာ ပါလိမ့် … အပြင် မထွက် မိသည့် သုံးလေးရက် အတွင်းမှာ ခေတ်က တော်တော် ပြောင်းသွားပြီ ထင်သည်။ ဆံပင် ညှပ်ဆိုင်ကို ကားပေါ်တွင် တက်၍ ကြော်ငြာသည့် အခြေအနေ ဖြစ်နေ ပြီလား။ မဖြစ်နိုင် ပါဘူး။ ကြေငြာ ချင်လည်း ကားခေါင်းခန်း ရှေ့နားကို ထွက်ပြီးတော့ ခုနက ဈေ းသည်တွေ ကြေငြာသလို ထိထိ ရောက်ရောက် ကြေငြာပေါ့။ မောင်ဝါဝါ့ ဘေးနား ကပ်ပြီး မပွင့်တပွင့် ကြေငြာ နေစရာမှ မလိုတာ။ ဒါနဲ့ တစ်မျိုး လှည့်၍ စဉ်းစား ရပြန်သည်။ နားကြပ် ကြီးလည်း ပါတယ်၊ ခေါင်းလည်း လှုပ်နေတယ်၊ ပုခုံးလည်း လှုပ်နေတယ်၊ တစ်ချက် တစ်ချက် လက်တောင် ကားယား ကားယား ယောင်ပြီး ပါလာ သေးတယ် … ဒီတော့ နားကြပ် ထဲမှာ ဖွင့်ထားသော သီချင်းကို တစ်ပိုင်းတစ လိုက်ဆို နေတာ ဖြစ်ရမည်။

အော် … သီချင်းက မောင်ဝါဝါ အထင်လွဲလည်း လွဲချင်စရာ။ ဆံပင် ညှပ်ဆိုင် ကြေငြာ နေသလို ထင်ရတာကိုး။ ထိုချာတိတ် ကတော့ မောင်ဝါဝါ သူ့ဘေးမှာ ကယောင်ခြောက်ခြား ဖြစ်နေတာကို သိပုံမရ။ သူ့အရှိန် နှင့်သူ သီချင်းတွေ လိုက်ဆို နေရင်း ပျော်ပျော် ပါးပါး ခရီးသွား၍ နေသည်။ တဖြည်းဖြည်းနှင့် ဈ ာန်ဝင် လာသည် ထင်၏။ တဖြည်းဖြည်းနှင့် သူ့အသံမှာ တိုးတိုး ကနေ ကျယ်ကျယ် ဖြစ်လာသည်။ ပုခုံးတွေ ခေါင်းတွေလည်း ခုနကထက် ပိုလှုပ်၍ လာသည်။ ဘေးဘီ ပတ်ဝန်းကျင်ကို အကဲခတ်တော့ ထိုချာတိတ်ကို ကြည့်နေမိတာ မောင်ဝါဝါ တစ်ယောက်တည်း မဟုတ်။ သူ၏ ဘေးဘီ ဝဲယာမှ ခရီးသည် အတော်များများ ထိုချာတိတ်ကို အထူးအဆန်း ကြည့်၍ နေကြသည်။ မောင်ဝါဝါ ကသာ သူနှင့် ဘေးချင်း ကပ်လျက် ဆိုတော့ သူဘာဖြစ် နေသည် ဆိုတာကို သဘောပေါက် သော်လည်း ခပ်လှမ်းလှမ်းမှ ကြည့်ကြသော ပွဲကြည့် ပရိသတ် တို့မှာ ထိုချာတိတ်၏ ကိစ္စ အဝဝကို သေချာ သဘောပေါက်ပုံ မရ။ ကား၏ လူဝင်ပေါက် ရှေ့မှာ ရပ်၍ နေသော စပယ်ယာပင် ထိုချာတိတ်၏ လှုပ်တုပ် လှုပ်တုပ် ပွစိ ပွစိ ဟန်ပန်ကို ဝေခွဲမရစွာ လှမ်းကြည့်၍ နေလေပြီ။

“ဟာမစ်တစ် မှတ်တိုင် ပါလား”
ချာတိတ်ကို မောင်ဝါဝါ ဘယ်လောက် စိတ်ဝင်စား နေမိသည် မသိ။ ကိုယ်ဆင်းရမည့် မှတ်တိုင် ရောက်တာ တောင် သတိ မထားမိလိုက်။ ကမန်းကတမ်း “ပါတယ် ပါတယ်” ဟု အော်၍ ထိုင်ခုံမှ ထရသည်။ ထိုင်ရာမှ ထနေစဉ် အချိန် မှာပင် မောင်ဝါဝါ၏ လက်ကိုင်ဖုန်း အသံမှာ မြည်၍ လာလေ၏။ မောင်ဝါဝါလည်း ဖုန်းမှာ အဆင်သင့် တပ်ထားသော Hand Free နားကြပ်ကို နားရွက်တွင် ယူတပ်၍ ဖုန်းပြောရန် ပြင်ရသည်။ အခုလို ခရီးသွား လမ်းသွား အချိန်တွင် ကားသံ လူသံတွေနှင့် ဖုန်းလာလျှင် တော်ရုံ တန်ရုံ မသိတာ များသဖြင့် မောင်ဝါဝါမှာ ဟိုသွား ဒီသွား လုပ်နေသည့် အချိန်မျိုးတွင် Hand Free နှင့် စကားပြောတာ အကျင့်ပါ၍ နေသည်။ အဲဒါမှ သေချာ ကြားရတာကိုး။ မတ်တပ်ရပ် လူတွေကို တိုးထွက်၍ ကား အပေါက်ဝသို့ သွားနေရင်း ဖုန်းလက်ခံ စကားပြော ရသည်။

“အင်း … ဘယ်သူလဲ ပြောလေ၊ ဘာကိစ္စတုန်း …၊ အာ .. မဟုတ်ဘူးလေ
ဒီလို လုပ်လို့ ဘယ်ရမလဲ၊ ရှော့ခ်ရှိတယ်ကွ၊ ဘယ်လိုမှ အဆင်မပြေဘူးလို့ ပြောလိုက်

အဲဒါကို လက်ခံလိုက်ရင် နားကား သွားမှာပေါ့ကွ မင်းလည်း သိရဲ့သားနဲ့ အဟဲဟဲ”

ကိုယ့်အာရုံနှင့် ကိုယ် ဖုန်းပြောရင်း မှတ်တိုင်မှာ ကားရပ် သွားတော့ မောင်ဝါဝါ အေးအေးလူလူ ဆင်း၍ လာခဲ့သည်။ အနောက်မှာ ဘာတွေ ဖြစ်ကျန် ခဲ့မှန်း မောင်ဝါဝါ ဘာမှမသိ။ သို့သော် ကားပေါ်မှ ခရီးသည် များသည် လည်းကောင်း၊ အဆင်းအတက် အပေါက်ဝမှ စပယ်ယာသည် လည်းကောင်း နားကြပ် အကြီးကြီး တပ်၍ လှုပ်တုပ် လှုပ်တုပ် ပွစိ ပွစိ ပြောဆို နေသော ချာတိတ်လေးနှင့် သူ၏ ဘေးနားမှ ထလာပြီး တစ်ယောက်တည်း ပွစိ ပွစိ အော်ကြီး ဟစ်ကျယ် စကားတွေ ပြောကာ ကားပေါ်မှ ဆင်းသွားသော မောင်ဝါဝါ တို့ကို တစ်လှည့်စီ ကြည့်၍ နားမလည် နိုင်ခြင်း ကြီးစွာ ဖြစ်ကာ ကျန်ခဲ့ကြ လေတော့သည် ဖြစ်သတည်း။

၁၉ – ဇွန် – ၂၀၁၂
Techspace Journal
Volume (1), Issue (13)

3 comments

  • မောင်ပေ

    June 19, 2012 at 8:29 pm

    နောက်ဆို.. အဲ့လိုမျိုးနဲ ့ထပ်တွေ ့ရင်..
    အားကျမခံ ၊ မျက်လုံးလေးပိတ်ပြီး
    “ တင့်လှပေဟန် ” သီချင်းကို ခပ်ကျယ်ကျယ်လေးဆိုပြလိုက်ဗျာ။

  • pan pan

    June 19, 2012 at 9:10 pm

    ဒ့ါကြောင့်မိပန်တို့ကတော့ လူကြားထဲဆို ပိုလို့တောင် ဟန်းဖရီးမသုံးသေး
    မကြားရရင် ကုန်းအော်ပစ်ရော :mrgreen:

  • Thel Nu Aye

    June 19, 2012 at 9:49 pm

    အင်းနာ့ကိုလဲ အခုဘေးကလူတွေက စာဖတ်ရင်းတန်းလန်း လှုပ်တုတ်လှုတ်တုတ်ကနေ ပွစိပွစိဖြစ်ပြီး သကာလ တခွီးခွီးနဲ့အသံ ထွက်လာ သောကြောင့် ဝက်ရူးပြန်တယ်ထင်ကာ ဝိုင်းကြည့်ကြကုန်လေပြီ။ အမောင်ဝါဝါ အကျွန်ုပ် ဝိုင်းပြီး သော့နှင့်ထိုးခံရမူသင်၏တာဝန်ဖြစ်ချေတော့မည်။

Leave a Reply