ခေါင်းစဉ်မရှိပါ (အပိုင်း ၂ )

Min SoeJune 20, 20121min582

စီမံကိန်းဆောင်ရွှက်ဖို့လည်း လိုအပ်သည်၊ အကောင်အထည်ဖော်ဖို့လည်း ထိုက်တန်သည်။ ထို့အပြင် Master Plan, Overall Plan များဖြင့်လည်း စဉ်းစားပြီးဖြစ်ပါက အဓိကအရေးကြီး ဆုံးတစ်ချက်ကတော့ ဘတ်ဂျက်ပဲ ဖြစ်သည်။ ဒီစီမံကိန်းတွေအတွက် မည်သည့်ဘတ်ဂျက်နှင့် သုံးပါမည်နည်း။ တိုင်းဒေသကြီးဘတ်ဂျက် (သို့) နိုင်ငံတော်ဘတ်ဂျက်ဖြင့် သုံးမည်ဆိုပါက ပြည်သူ့ငွေများဖြစ်၍ ပြည်သူလူထု၏ သဘောတူညီချက် ယူရမည်ဖြစ်သည်။ ပြည်သူ့ ဘဏ္ဍာငွေ မဟုတ်ဘဲ တစ်ဦးတစ်ယောက် (သို့မဟုတ်) အများ၏ ရင်းနှီးမြှုပ်နှံမှုဖြစ်ပါကလည်း မည်သူ၏ ရင်းနှီးမြှုပ်နှံမှုများပါလဲ။ အဆိုပါရင်းနှီးမြှုပ်နှံမှုများကို နှစ်ကာလမည်မျှအတွှင်းပြန်ရဖို့ မျှော်မှန်း ထားပါသနည်း။ မည်သည့်နည်းလမ်းဖြင့် ပြန်ရဖို့စီမံထားပါသနည်း ဆိုသည့် အချက်အလက် များမှာလည်း ပွင့်လင်းမြင်သာမှု ရှိသင့်သည့် အကြောင်းအရာများဖြစ်သည်ဟု ယူဆမိသည်။

အသားလို၍ အရိုးတောင်းခြင်း၊ ဆန်ပေး၍ ဆီရခြင်း ဟူသည့် လမ်းဟောင်းများ ဆက်မသွားမိကြစေရန်လည်းမျှော်လင့်ပါသည်။ ဟိုတယ်တည်ဆောက်ခြင်းအတွက် တန်ဖိုးမြင့် ကားများစွာ တင်သွင်းခွင့်ပေးခြင်း၊ ဆီအုန်းစိုက်ပျိုးခြင်းအတွက် အဆိုပါဒေသမှ သစ်များ ထုတ်ခွင့် ရရှိခြင်း၊ ယာဉ်နှင့် ယန္တရားများစွာ အခွန်ကင်းလွတ်ခွင့်ဖြင့် အကြိမ်ကြိမ် တင်သွင်းခွင့်ရရှိခြင်း စသည် တို့က နိုင်ငံအကျိုး၊ ပြည်သူအများအကျိုးထက် ပုဂ္ဂလိက အကျိုးကိုသာ ပိုမိုဖြစ်ထွန်းစေသည့် ဥပမာ အများအပြားပင်ဖြစ်ပါသည်။

ယခင်အခြေအနေကလိုအပ်သည်ဟုယူဆပြီး အကောင်အထည် ဖော်ခဲ့ကြငြား၊ ယခုလို နိုင်ငံတော်အစိုးရ၏ Good Governance, Clean Government မူဝါဒကို အကောင်အထည်ဖော်နေကြသည့် ယခုအချိန်တွင် လုပ်ငန်းဆောင်ရွက်မှုတိုင်းသည် ပွင့်လင်းမြင်သာမှုရှိခြင်း၊ တာဝန်ခံမှုရှိခြင်း၊ အများ၏ လက်ခံနိုင်မှုရှိခြင်း၊ အားကိုး အားထားပြုနိုင်ခြင်း စသည်တို့ ပြည်စုံရမည် ဖြစ်ပါသည်။ စီမံကိန်း၏ တန်ဖိုးနှင့် ရင်းနှီး မြှုပ်နှံမှု၊ စီမံကိန်း၏ အကျိုးသက်ရောက်မှု၊ စီမံကိန်းဆောင်ရွှက်မည့် ကာလအပိုင်းအခြား တာဝန်ယူ ဆောင်ရွှက်မည့် အဖွှဲ့အစည်း စသည်ဖြင့် ပြည်သူအများ သိသင့်သည်များကိုလည်း ထုတ်ပြန်ပေးရန် လိုအပ်မည် ဖြစ်ပါသည်။

ဖွံ့ဖြိုးမှုဘောဂဗေဒစာအုပ်များတွှင် ဖော်ပြထားသည့် ဖွံ့ဖြိုးဆဲနိုင်ငံ အများစုတွှင် ဖြစ်လေ့ဖြစ်ထရှိသည့်မူဝါဒအမှားများအနက် တစ်ခုက ရှားပါးလှသည့် အရင်းအမြစ်များကို လွဲမှားပြီး ရင်းနှီးမြှုပ်နှံခြင်း (Misallocation of Scare Resources)ဖြစ်သည်။ ထို့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံများတွှင် အမိန့် များ၊ ညွှန်ကြားချက်များကို ခုတစ်မျိုး တော်ကြာတစ်မျိုး ထုတ်ပြန်လေ့ရှိသည်။ ရုံးလုပ်ငန်း ဆိုင်ရာ ကြိုးနီစနစ်များပြားခြင်း၊ ဖြတ်သန်းရမည့် အဆင့်များခြင်းကြောင့် လုပ်ငန်းဆောင်ရွက်မှုများ အားလုံး အချိန်ကြာမြင့်သည်။ အခြေခံအဆောက်အအုံ နှင့်စက်မှုလုပ်ငန်းများတည်ဆောက်ရာတွင် အသုံးဝင်မှု၊ ရေရှည်အကျိုးဖြစ်ထွန်းမှု၊ ခြုံငုံသုံးသပ်ထားသည့်အစီအမံများ မပါဝင်ဘဲ နိုင်ငံရေးရည်မှန်းချက်၊ နိုင်ငံရေး အကျိုးအမြတ်ကို မျှော်ကိုးပြီး အကောင်အထည်ဖော်ကြ၍ ပြည်သူ့ဘဏ္ဍာများ အလဟဿ ဆုံးရှုံးကြရသည့်မှာ အများအပြားပင်။

ဥပမာအားဖြင့် လိုအပ်ချက်မရှိသေးဘဲ မြစ်ကူးတံတားကြီးများကို တစ်စင်းနှင့်တစ်စင်း နီးကပ်စွာ တည်ဆောက်ထားခြင်း၊  နောက်နှစ်အနိုင်ရရှိရန် မျှော်မှန်းထားသည့် မိမိ၏မဲဆန္ဒနယ်တွင် မဲဆန္ဒရှင် အများစု၏ မိသားစုများ အလုပ်အကိုင်များ ရရှိစေရန်အတွက် ကုန်ကြမ်းရရှိမှုနှင့် ဝေးကွာပြီး ဈေးကွက်နှင့် အလှမ်းဝေးသည့်နေရာပင် ဖြစ်လင့်ကစား လူကြိုက်နည်းသော ကုန်စည်များ ထုတ်လုပ်ရန် စက်ရုံများ တည်ဆောက်သကဲ့သို့ဖြစ်သည်။

ထို့အတူ လူမှုစီးပွားဆိုင်ရာ ညွှန်းကိန်းများ တိုင်းတာရာတွှင်လည်း၊ ဖွံ့ဖြိုးဆဲနိုင်ငံ အများစု၏ ညွှန်းကိန်းများသည် နိုင်ငံတကာ၏ လက်ခံနိုင်မှုနှင့် ကွဲလွဲချက်များ ဖြစ်ပေါ်နေတတ်သည်။ စီးပွားရေးဖွံဖြိုးစေရန်အစီအမံများရေးဆွဲရာတွင်အခြေခံထားရမည့် အချက်အလက်များ လွဲချော်မှုက အလုံးစုံလွဲချော်မှုသို့ ဦးတည်သကဲ့သို့ဖြစ်ပါသည်။ ထိုသို့သော အခြားတစ်ပါးသူတို့၏ အမှားများကို လေ့လာပြီး ပြည်သူအများအကျိုးအတွှက်ရှေးရှုဆောင်ရွက်မှသာ အဖိုးတန်လှသည့်တိုင်းပြည်၏ အရင်းအမြစ်များကိုမှန်ကန်ထိရောက်စွာအသုံးပြုနိုင်မည်ဟုသုံးသပ်မိပါသည်။

အများပြည်သူကောင်းရာကောင်းကျိုးအတွက် လုပ်သင့်သည်များလုပ်ခြင်းက မှန်ကန် ကောင်းမွှန်သော်လည်း သင့်လျော်သည့်နေရာ၊ သင့်လျော်သည့်အတိုင်းအတာများနှင့် သင့်လျော် သည့်အချိန်တွင်ဆောင်ရွက်ပါမှ အကျိုးသက်ရောက်မှု အများဆုံးရရှိမည်ဖြစ်သည်။ ထိုသို့သော အသင့်လျော်ဆုံးဆိုသည့် အခြေအနေကို မည်သူတွေက ဆုံးဖြတ်မှာလဲဆိုသည်ကတော့ ပြည်သူတွေပဲ ဆုံးဖြတ်ရမည်ဖြစ်သည်။ ပြည်သူလူထု၏အသံ၊ ပြည်သူတို့၏ လိုလားချက်ကို ပြည်သူ့ကိုယ်စားလှယ်များက နားထောင်ပြီး ပညာရှင်များ၏အကြံဉာဏ်များအပေါ်အခြေခံကာ ပြည်သူ့ရေးရာတာဝန်ရှိသူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များပူးပေါင်း၍ ကဏ္ဍအလိုက် နေရာဒေသ အလိုက် စနစ်တကျအကောင်အထည် ဖော်ကြခြင်းက အကျိုးအများဆုံး ဖြစ်ထွှန်းမည်ဟု ယူဆပါသည်။ လွှတ်တော်များရပ်နားထားသည့် ယခုအချိန်တွင် ပြည်သူ့ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူများအကြားသွားလာပြီး ပြည်သူ့အသံ၊ ပြည်သူတို့၏ လိုလားချက်များကို အမှန်အကန် နားထောင်သင့်သည့်အချိန် ဖြစ်သည်ဟုလည်း ထင်မြင်မိသည်။ ထို့အတူ ပုံနှိပ်၊ ရုပ်သံနှင့် အွန်လိုင်းမီဒီယာတို့ကလည်း ပြည်သူ့အကျိုး အတွက်ဦးစားပေးသည့်ကြားခံများ မလွဲမသွေ ဖြစ်ကြရမည်ဟုလည်း နားလည်မိပါသည်။ ပေါက္ခရဝဿမိုးကဲ့သို့ စိုစေလိုသောသူကိုသာစိုစေမည့် မီဒီယာများ နည်းသထက်နည်းပြီး ကင်းစင်သွားပါစေကြောင်းလည်း မျှော်မှန်းမိသည်။

ပြည်သူ့ရေးရာကဏ္ဍမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့် ပြည်သူများအားလုံး၊ ကိုယ်စီကိုယ်စီ၏ မှန်ကန်သော အတွေးအခေါ်၊ သင့်လျော်သည့် အကြံအစည်၊ ထိရောက် ထက်မြက်သည့်လုပ်ငန်းဆောင်ရွက်မှုတို့ ပေါင်းစပ်နိုင်မှသာ နိုင်ငံအတွှင်း လက်ရှိအကောင် အထည်ဖော်ဆောင်ရွှက်လျှက်ရှိသော လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်မည် ဖြစ်ပါသည်။

ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွှင် အားလုံးပါဝင်ရမည်ဖြစ်ပြီး၊ ပါဝင်သူတို့၏ အရေးပါမှု နှင့် တစ်ဦးနှင့်တစ်ဦးအပြန်အလှန် မှီခိုနေရသည်ဆိုသည့် အမှန်တရားကို နားလည်သဘော ပေါက်မှသာလျှင်၊ ညီညွတ်မျှတပြီး ရေရှည်သဘောဆောင်သည့် ဖွံ့ဖြိုးမှုကို ရရှိနိုင်မည် ဖြစ် သည်။ လတ်တလောဖြစ်ပေါ်လျက်ရှိသည့် အကြောင်းခြင်းရာ အရပ်ရပ်အပေါ်အခြေခံပြီး ထင်မြင် ယူဆချက်များ ရေးပြီးပြီဖြစ်၍ ခေါင်းစဉ် စဉ်းစားမိသည်။ သို့သော် ခေါင်းစဉ်မရှိပါ။ တစ်နေ့နေ့မှာတော့ ခေါင်းစဉ်တစ်ခုခု ရရှိလာလိမ့်ဟု အခိုင်အမာယုံကြည်ပါသည်။

2 comments

  • htoosan

    June 20, 2012 at 1:37 pm

    ခေါင်းစဉ်မရှိပေမဲ့ ကိုယ်တိုင်ရေးမို့လို့ Categories မှာ copy/paste ကိုဖြုတ်ပြီး ကိုယ်ရေးတဲ့ ခေါင်းစဉ်နဲ့ ကိုက်အောင် ရွေးပေးလို့ရပါတယ် ခင်ဗျ။
    categories ဆိုတာက publish ပြီးရင် အောက်တစ်လိုင်း ဘယ်ဘက်မှာ ရှိပါသည် ။ publish မနိုပ်ခင် အားလုံးရွေး ပြီးမှလုပ်သင့်ပါသည်။
    ကျွန်တော်ဆိုရင် publish ဘယ်တော့မှ တန်းမလုပ်ပါဘူး။ save draft အရင်လုပ်ပါတယ် ။ ပြီးမှ preview ကြည့်ပါတယ် ။ ပြီး အားလုံးပြည့်စုံပြီ မှန်ပြီထင်မှ publish နိုပ်ပါတယ်။ ဒါတောင် မှားတာ ၊ ရေးချင်တာ် မပါသွားတာ ခဏခဏ … 😀
    ဆရာလုပ်တာမဟုတ်ဘူးနော် ။။

  • မောင်ပေ

    June 20, 2012 at 1:41 pm

    ကိုထူးဆန်း ပြောတဲ့အတိုင်း လုပ်ရင် ပိုပြီးအဆင်ပြေမှာပါခင်ဗျ ။
    ကိုမင်းစိုး သုံးသပ်ပြသွားသလိုဘဲ ၊ ခေါင်းစဉ်ပေါ်လာမယ့် တစ်နေ ့နေ ့ရောက်ဖို ့၊ ကျုပ်တို ့အားလုံး ကြိုးစားကြရပါမယ်လို ့ထင်မိပါတယ်။

Leave a Reply