မော်လ်ဒိုက် ၁ – ဝ မြန်မာ

ဒိုးစနစ္June 20, 20121min1056

၁၉ရက်နေ့က မော်လ်ဒိုက် ယူ-၂၂ အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာ ယူ-၂၂ အသင်းသည် မော်လ်ဒိုက် အသင်းအား ၁-ဝဂိုးဖြင့် အရေးနိမ့်ကာ မျက်နှာပန်းမလှ ဖြစ်ခဲ့ရသည်။
မော်လ်ဒိုက်ပွဲမတိုင်မီက ထိုင်း ယူ-၂၂ကို ဂိုးပြတ်အနိုင်ယူထားသော်လည်း ပရိသတ်အားလုံးက မော်လ်ဒိုက်ပွဲကိုလည်း မြန်မာအနိုင်ပွဲတစ်ပွဲအဖြစ် မျှော်မှန်းခဲ့ကြသည်။
ယင်းပွဲတွင် ကိုးရီးယားလူမျိုး နည်းပြ ပတ်ဆောင်ဟွာ ဦးဆောင်တဲ့ မြန်မာ ယူ-၂၂ အသင်း အနေဖြင့် အဓိက ကစားသမား အားလုံးနီးပါး အနားပေးခဲ့ကာ အရန်ဦးစားပေး အသင်း တစ်သင်းအနေဖြင့် ပွဲထွက် လာခဲ့သည်။
ဂိုးသမား အဖြစ် မျိုးမင်းလတ်က ပွဲထွက်ခဲ့ပြီး ရဲဝင်းအောင်၊ ရဲဇော်ထက်အောင်၊ ဖြိုးကိုကိုသိန်း၊ နိုင်လင်းဦးတို့က နောက်ခံ လူများအဖြစ် ပွဲထွက်ခဲ့သည်။
သက်ပိုင်ဦး၊ ဇော်လင်း၊ နန္ဒကျော်၊ နန္ဒလင်းကျော်ချစ် တို့က ကွင်းလယ်တွင် ပွဲထွက်ခဲ့ပြီး တိုက်စစ်တွင် ကောင်းစည်သူနှင့် ချစ်မင်းစိုးတို့ ကစားခဲ့သည်။
ပွဲစသည်နှင့် နှစ်သင်းစလုံး ကစားကွက် တည်မရဘဲ ဖြစ်နေခဲ့ပြီး မြန်မာအသင်းက ဘောလုံးအား ကိုင်ကစားရန် ကြိုးပမ်းလျက် ရှိသည်။
၄မိနစ်တွင် နန္ဒကျော် ဧရိယာအပြင် ခပ်လှမ်းလှမ်းမှ အပြင်းကန်သွင်းရန် ကြိုးပမ်းခဲ့ သော်လည်း ဂိုးပေါက်လွဲခဲ့သည်။
၁ဝမိနစ်ခန့်ထိ မြန်မာလူငယ်အသင်း ကစားပုံ တည်မရ ဖြစ်နေခဲ့ကာ ၁ဝမိနစ်တွင် နန္ဒလင်းကျော်ချစ် ဘယ်ခြမ်းမှ ထိုးဖောက်ရာမှ သက်ပိုင်ဦး ကောင်းစွာ ကန်ခွင့်ရခဲ့ သော်လည်း မော်လ်ဒိုက်အသင်းနောက်ခံလူ ထိထွက် သွားခဲ့သည်။
ထို့ကြောင့် မြန်မာတို့ ပထမဆုံး ထောင့်ကန်ဘော ကန်ခွင့် ရခဲ့သည်။ သို့သော် ကန်တင်ပေးမှုအား မော်လ်ဒိုက်ဂိုးသမား ပုတ်ထုတ် ရှင်းလင်း နိုင်ခဲ့သည်။
၁၅မိနစ်တွင် မြန်မာအသင်း တိုက်စစ်မှူး ကောင်းစည်သူ တစ်ဦးတည်း လွတ်ထွက် သွားခဲ့သော်လည်း ညာခြမ်းမှ ဂိုးရှေ့ ဖြတ်ချိုးပေးမှု မသေသပ်၍ မော်လ်ဒိုက် နောက်ခံလူ ရှင်းထုတ်ခဲ့သည်။
၁ရမိနစ်တွင် မော်လ်ဒိုက် အသင်းခေါင်းဆောင် ဧရိယာ အပြင်မှ မြေမကျ ကန်သွင်းချက် သေသပ်လှပ သော်လည်း မျိုးမင်းလတ် အကောင်းဆုံး ကာကွယ်နိုင်ခဲ့၍ မြန်မာအသင်း သက်သာခဲ့သည်။
မိနစ် ၂ဝတွင် တန်ပြန် ထိုးစစ်ဆင်သည့် မော်လ်ဒိုက် ကစားသမားအား ရဲဝင်းအောင် အတားကြမ်း သဖြင့် အဝါကတ်ပြ သတိပေး ခံခဲ့ရသည်။
၂၃မိနစ်တွင် နိုင်လင်းဦး အဝေးမှ လှမ်းကန်ခဲ့ သော်လည်း ဂိုးဘေး ကပ်ထွက် သွားခဲ့သည်။
၂၆မိနစ်တွင် မြန်မာတို့ အတွက် အကောင်းဆုံး အခွင့်အရေး အဖြစ် ကောင်းစည်သူ ဧရိယာ အတွင်းမှ ကန်ခွင့် ရခဲ့သော်လည်း မော်လ်ဒိုက်နောက်ခံလူ ထိထွက်ခဲ့ကာ ပြန်ကျလာသည့်
ဘောလုံးအား ကောင်းစည်သူ တစ်ဖန် ဖြတ်တင်ပေးရာ နန္ဒလင်းကျော်ချစ် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း အပေါ်ထောင် သွားခဲ့၍ မြန်မာတို့နစ်နာခဲ့ရသည်။
၂၈မိနစ်တွင် ကောင်းစည်သူ နောက်တစ်ကြိမ် ကန်ခွင့် ရခဲ့သော်လည်း နောက်ခံလူ ထိကာ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။
ယနေ့ပွဲတွင် မြန်မာလူငယ် အသင်း အနေဖြင့် ကစားပုံ ကောင်းမွန်ခြင်း မရှိဘဲ တစ်ချက်တစ်ချက် တွင်မှသာ ထိုးဖောက်မှုများ ပြုလုပ်နိုင်ခဲ့သည်။
ထိုကဲ့သို့ ရရှိသည့် အခွင့်အရေး များကိုလည်း အကောင်းဆုံး အသုံးချနိုင်ခြင်း မရှိဘဲ မော်လ်ဒိုက် နောက်ခံလူများကသာ ရှင်းထုတ် နိုင်ခဲ့သည်။
ယင်းပွဲတွင် မော်လ်ဒိုက်အသင်းက ခံစစ်အသားပေး တန်ပြန်တိုက်စစ်ကို အထိုင်ချကာ ကြိုးစားကစားခဲ့သည်။
၄၃မိနစ်တွင် မော်လ်ဒိုက် ကစားသမား တစ်ဦးအား အဖျက်ကြမ်းသည့် နိုင်လင်းဦး အဝါကတ် အပြခံခဲ့ရသည်။
နာကျင် အချိန်ပိုတွင် မြန်မာတို့ အတွက် အကောင်းဆုံး အခွင့်အရေး တစ်ရပ် နောက်တစ်ကြိမ် ထပ်ရခဲ့သော်လည်း သက်ပိုင်ဦး ကန်ချက် ဘားထိထွက်ခဲ့ သဖြင့် ပထမပိုင်း ၄၅မိနစ် အပြီး ဂိုးမရှိ သရေသာ ဖြစ်နေခဲ့သည်။
ဒုတိယပိုင်း ပြန်အစတွင် မြန်မာအသင်းက လူစားလဲမှု အချို့ ပြုလုပ်ခဲ့သည်။
ချစ်မင်းစိုး၊ ဇော်လင်း၊ သက်ပိုင်ဦးတို့ နေရာတွင် ရန်အောင်ဝင်း၊ မျိုးဇော်ဦး၊ ညီညီမင်းတို့ ဝင်ရောက် ကစားခဲ့သည်။
၄၈မိနစ်တွင် ရန်အောင်ဝင်း၏  ညာတောင်ပံမှ လှပသေသပ်တဲ့ ဖြတ်တင်ဘောမှ တစ်ဆင့် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဂိုးပေါက် လွဲခဲ့သည်။
မိနစ် ၅ဝတွင် ကောင်းစည်သူ ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဂိုးဘား ကပ်ကျော်သွားခဲ့ ပြန်သည်။
ယင်းအချိန်တွင် မြန်မာလူငယ်အသင်း တိုက်စစ်ကို အလွန်ဖွင့်ကစားနေတာ မြင်တွေ့ရသည်။
ဂိုးသွင်းချင်စိတ် အလွန်ပြင်းထန်နေသဖြင့် စိတ်လောကာ အဆုံးသတ်မသေချာမူတွေဖြစ်နေခဲ့သည်။
ထို့အတူ ၅၂မိနစ်တွင် ကောင်းစည်သူ ပိတ်သွင်းရန် ကြိုးပမ်းမှု နောက်ခံလူ ရှင်းထုတ်၍ ထောင့်ကန်ဘောသာ ဖြစ်ခဲ့သည်။
၅၅မိနစ်တွင် မော်လ်ဒိုက် ထိုးစစ်အား ခပ်ကြမ်းကြမ်း တားဆီးခဲ့သည့် ရန်အောင်ဝင်း အဝါကတ်ပြ သတိပေး ခံခဲ့ရသည်။
မြန်မာလူငယ် အသင်းသည် ဒုတိယပိုင်းတွင် မော်လ်ဒိုက် အသင်းဘက်သို့ ပိုမို ဖိကစား လာနုိုင်ခဲ့ သော်လည်း အပိုင်အခွင့်အရေး ဖန်တီးမှုမှာ အားနည်း နေဆဲဖြစ်သည်။
၅၈မိနစ်တွင် ညီညီမင်း ညာခြမ်းမှ ထိုးဖောက် ဖြတ်တင်ပေးရာမှ မျိုးဇော်ဦး အပိုင်ကန်ခွင့် ရခဲ့သော်လည်း ဂိုးသမား အစွမ်းပြ ပုတ်ထုတ် သွားခဲ့၍ နစ်နာခဲ့ရသည်။
မိနစ် ၆ဝတွင် နန္ဒလင်းကျော်ချစ် ဘယ်ခြမ်းမှ ဖြတ်တင်ပေးမှုအား ညီညီမင်း ပြေးဝင် ပိတ်သွင်းခဲ့ သော်လည်း ကန်ချက် မမှန်ခဲ့ဘဲ အခွင့်အရေး တစ်ကြိမ် နစ်နာခဲ့သည်။
၆၉မိနစ်တွင် ညာခြမ်းမှ ရရှိသည့် ပြစ်ဒဏ်ဘောမှ တစ်ဆင့် မော်လ်ဒိုက် ဂိုးရှေ့ ရှုပ်ယှက်ခပ် နေသည့် အနေအထားမှ ဖြိုးကိုကိုသိန်း အပိုင်ကန်ခွင့် ရခဲ့သော်လည်း ဂိုးစည်းနားရှိ မျိုးဇော်ဦးနှင့် ထိထွက်ခဲ့၍ နစ်နာခဲ့ရပြန်သည်။
၇၃မိနစ်တွင် နိုင်လင်းဦး နေရာတွင် သိန်းသန်းဝင်း ဝင်ရောက် ကစားခဲ့သည်။
ထို့အတူ ရဲဝင်းအောင် နေရာတွင် သက်နိုင် ဝင်ကစားခဲ့သည်။
မိနစ် ၈ဝတွင် နန္ဒလင်းကျော်ချစ် နေရာတွင် ကြည်လင်း ဝင်ရောက် ကစားခဲ့သည်။
သို့သော် မြန်မာတို့ ဂိုးရရန် ခက်ခဲနေခဲ့ပြီး ၈၅မိနစ်တွင် ညာခြမ်းမှ ရရှိသည့် ပြစ်ဒဏ်ဘောမှ တစ်ဆင့် မော်လ်ဒိုက် အသင်း ကျောနံပါတ် ၉က ဧရိယာအတွင်း လိမ်ခေါက် ကန်သွင်းကာ အဖွင့်ဂိုး စတင်ရရှိခဲ့သည်။
၎င်းဂိုးမှာ တိုက်စစ်ကို တောက်လျှောက်ဖွင့်ကစားနေသဖြင့် နောက်တန်း အားနည်းချက်ပေါ် မော်လ်ဒိုက်က အခွင့်ကောင်းယူကာ ကြိုးစားသွားသော ဂိုးဖြစ်သည်။
ထို့နောက်တွင် မြန်မာ လူငယ်တို့ ချေပဂိုး ရရှိရန် ကြိုးပမ်းကစား ခဲ့သော်လည်း စိတ်လောပြီး တစ်ဦးနှင့် တစ်ဦး အချိတ်အဆက် မမိဖြစ်ခဲ့ပြီး ဂိုးရရန် ဆက်လက် ရုန်းကန် ခဲ့ရသည်။
နာကျင် အချိန်ပိုတွင် မြန်မာတို့ ဘယ်ခြမ်းမှ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့သော်လည်း ကြည်လင်း ကန်တင်ပေးမှုအား နောက်ခံလူ ရှင်းနိုင်ခဲ့သည်။
ထို့နောက်တွင် ဂိုးမရတော့ဘဲ မော်လ်ဒိုက် အသင်းကသာ တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့သည်။

ကိုးကား : soccermyanmar.com

6 comments

  • ဘဲဥ

    June 20, 2012 at 3:18 pm

    မြန်မာနိုင်ဘီ ဒို့မြန်မာနိုင်ဘီ ဟီးးးးး :mrgreen:

  • စစ်ကဲ

    June 20, 2012 at 4:47 pm

    ဒီ အရှုံးသံသရာက ဘယ်တော့မှလွတ်မှာလဲ မသိဘူး

  • မောင်ပေ

    June 20, 2012 at 9:55 pm

    မြန်မာဘောလုံးအသင်း အကြောင်း ပြောရရင်
    ဘေးမှာ ရေသန် ့ကား နှစ်စီးလောက် ခေါ်ထားပြီးမှ ပြောချင်ပါတယ်ဗျာ ။

  • htoosan

    June 21, 2012 at 7:51 am

    မပြောရအောင် ရေကန်ထဲ သူတို့ကို ကန်ချလိုက်ရင်မကောင်းဘူးလား … နောက်တာနော် ကိုပေ..
    ခြေစမ်းပွဲဆိုတော့ အရံတွေခြေလည်း သိချင်လို့ နိုင်တာ မနိုင်တာ အပထား အရန်များနဲ့ ကစားတာလို့ထင်ပါသည် ။ ဘာဘဲဖြစ်ဖြစ် နောက်ဆုံးတော့လည်း အားပေးနေကြရတာဘဲ ဟုတ် ..
    ဒိုးစနစ်ရေ ကြိုဆိုပါတယ်ဆိုတာ ဒီမှာဘဲ ရေးလိုက်တော့မယ်နော် .

  • awra-cho

    June 21, 2012 at 3:07 pm

    ခြေစမ်းပွဲ ဆိုတော့ကာ နိုင်ဖို့ အဓိက မဟုတ်ပေဘူး၊ တကယ့်ပွဲလည်း နိုင်ဖို့မဟုတ်ပေဘူး၊ အဲလိုဖြစ်နေ ပါအုံးမယ်

Leave a Reply