Professional နှင့် Personal

“ အလုပ်ထွက်စာပါအစ်ကို…”

ကျွန်တော်မော့ကြည့်လိုက်မိသည်… မွန်မွန်ဆိုသောမိန်းခလေးတစ်ယောက်…

ကျွန်တော့်ထက် တစ်နှစ်မျှသာငယ်သော်လဲ အလုပ်ရာထူးအရတလေးတစား “အစ်ကို”ဟု သူခေါ်လေ့ခေါ်ထရှိသည်…

 

“ ဘာလို့အလုပ်ထွက်ချင်ရတာလဲ… မွန်မွန်…”

 

“ ညီမဆက်မလုပ်ချင်တော့ဘူး… ရုံးထဲကလူတွေကိုလဲညီမရင်မဆိုင်ချင်တော့ဘူး…”

 

“ ရုံးကလူတွေက မွန်မွန့်ကို ဘာပြောလို့လဲ… မွန်မွန်အလုပ်မှာအဆင်ပြေနေသားနဲ့…”

 

မွန်မွန်ငြိမ်ကျသွားသည်… ထို့နောက်…

 

“ အားလုံးနဲ့ညီမအဆင်ပြေပါတယ်… ဒါပေမယ့်ဟိုနေ့ကဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး… ညီမအလုပ်ဆက်လုပ်ချင်စိတ်မရှိတော့လို့ပါအစ်ကို…”

ကျွန်တော်နားလည်လိုက်ပါပြီ… သူ့အလုပ်ထွက်စာကိုလက်ခံထားပြီး… နောက်ထပ်(၃)ရက်ခန့် စဉ်းစားစေလိုကြောင်းနဲ့ အကယ်၍အလုပ်မထွက်လိုသေးလျှင် ပြန်လာနိုင်သေးကြောင်းပြောပြီပြီး မွန်မွန်ကို အိမ်သို့ပြန်စေပါသည်…

အခန်းအတွင်းမှထွက်သွားသော မွန်မွန်ကိုကြည့်နေရင်း ကျွန်တော့်စိတ်ထဲတွင် မည်သည့်အခါမှပြန်မလာသောထွက်သွားခြင်းကို ခံစားမိလိုက်ပါသည်….

 

လွန်ခဲ့သော ဆယ်နှစ်ခန့်ကအဖြစ်အပျက် အကျိုးအကြောင်းတိုက်ဆိုင်သဖြင့် ဒီနေ့ကျွန်တော်တွေးလိုက်မိ၏…

အဲဒီနေ့က မွန်မွန်ဘာကြောင့်အလုပ်ထွက်သွားခဲ့သလဲ…

အဲဒီနေ့မတိုင်ခင် (၃)ရက်လောက်က မွန်မွန်ရုံးကနေခွင့်ယူခဲ့သည်… အကြောင်းကား ချစ်သူနှင့်လျှောက်လည်ရန်… ခွင့်တိုင်ခဲ့တဲ့ပုံစံကလဲ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ခွင့်ယူပါရစေတဲ့… ဒီနေရာမှာ သူမရပိုင်ခွင့်ကို တရားဝင်တောင်းခံခြင်းပင်ဖြစ်သောကြောင့် မပေးနိုင်စရာအကြောင်းမရှိခဲ့ပါ…

မွန်မွန်မှာ အားနည်းချက်တစ်ခုရှိပါသည်… အကြောင်းကားကြောက်တတ်ခြင်း… စိတ်အလွန်ပူတတ်ခြင်းပင်…

သူလေးစားရမည့်သူ၊ အထက်အရာရှိတစ်ဦးတစ်ယောက်အနားတွင်ရှိလျှင် အလုပ်ကိုစိတ်ဖြောင့်ဖြောင့်ဖြင့်မလုပ်တတ်ခြင်း…

မွန်မွန်ခွင့်ယူသွားသည့်နေ့တွင် အလုပ်မှသူဌေး၏အစ်မဖြစ်သူနှင့် ဗိုလ်ချုပ်ဈေးထဲတွင်ဆုံခဲ့သည်… မွန်မွန်ခွင့်နှင့်လာမှန်းလဲသိခဲ့သည်…

နောက်တစ်နေ့… ရုံးလာတော့ မွန်မွန်အနားတွင် သူဌေး၏အစ်မဖြစ်သူအနားရှိနေသဖြင့် အလွဲလွဲအချော်ချော်ဖြစ်လေ့ဖြစ်ထရှိသော မွန်မွန်စပြီးအလွဲကြီးလွဲပါတော့သည်…

အဲဒီနေရာမှာ… သူဌေးအစ်မဖြစ်သူက ရည်းစားနဲ့ကြ… ပလူးပလဲလုပ်တတ်ပြီး အလုပ်ကျတော့ သေချာဂရုတစိုက်မလုပ်ကြောင်း လူအများရှေ့မှာအပြောခံခဲ့ရသည်ဟု အကျိုးအကြောင်းသိရှိရသော်လည်း နောက်ကျသွားချေပြီ…

အလုပ်ကြိုးစားသော… အထက်အရာရှိကိုရိုသေလေးစားတတ်သော မွန်မွန်တစ်ယောက် အလုပ်တွင်မရှိတော့ချေ…

ဝန်ထမ်းကောင်းဖြစ်နိုင်သောသူတစ်ယောက်ကို ဆုံးရှုံးလိုက်ရပေသည်…

ကျွန်တော့်စိတ်ထဲစဉ်းစားအဖြေထုတ်မိသည်ကား… သူဌေးအစ်မဖြစ်သူပြောသောစကားမှာ…

မွန်မွန်ရည်းစားနှင့်လျှောက်လည်ခြင်းသည် သူ့ကိုယ်ရေးကိုယ်တာ (Personal)၊ ရုံးအလုပ်သည် သူ၏ (Professional)…

သူဌေးအစ်မတစ်ယောက်အနေနှင့်လဲ Professional Field ထဲကို Personal ဆွဲထည့်ပြီး ပြောဆိုခဲ့ခြင်းကား မည်သူ့အမှားနည်း…

စည်းကျော်ခဲ့သူကို မွန်မွန်ဟု ယနေ့အထိ ကျွန်တော်မသတ်မှတ်ခဲ့ပါ…

 

xxxxxxxxxxxxxxx

 

လွန်ခဲ့သော (၅)နှစ်ကျော်ခန့်က ကျွန်တော်အလုပ်လုပ်ခဲ့ဖူးသော ရုံးတစ်ရုံးတွင်…

စာရင်းကိုင်အမျိုးသမီးတစ်ယောက်နှင့် စီမံ (Admin) မှ အမျိုးသမီးတစ်ယောက်

တစ်ယောက်နှင့်တစ်ယောက်မတည့်ကြပါ… မျက်နှာချင်းမဆိုင်ချင်လောက်အောင် မုန်းတီးကြသည်…

အဲဒီအတွက် တစ်ယောက်နှင့်တစ်ယောက်အလုပ်ကိစ္စပင် မပြောပါ…ထို့ကြောင့် အလုပ်နှောင့်နှေးမှုမကြာခဏဖြစ်လေ့ရှိပါသည်…

သူတို့နှစ်ယောက်ကြားတွင် ရင်ကြားစေ့သူ (ကြားပွဲစား) မရှိပဲအလုပ်လုပ်မရပါ…

ဒါဆိုရင် သူတို့နှစ်ယောက်ဟာ Personal Feeling ကို Professional Field ထဲသို့ သယ်ဆောင်လာခြင်းအားဖြင့် အလုပ်ကိုထိခိုက်စေပါတော့သည်…

ထိုသူနှစ်ယောက်နှင့် ပတ်သက်ပြီး ဂိုဏ်းဂဏများကွဲကာ… ဝန်ထမ်းများအကြား စိတ်ဝမ်းကွဲမှုများဖြစ်ပေါ်လာသဖြင့်

နှစ်ဦးစလုံးတာဝန်မှရပ်စဲရသည်အထိဖြစ်ခဲ့ရပါသည်…

သူတို့နှစ်ယောက်လုံးအား စိတ်ဓာတ်နိမ့်ကျသူ… စိတ်ဓာတ်ခွန်အားမပြည့်ဝသူအဖြစ် ကျွန်တော်သတ်မှတ်ခဲ့သည်…

 

xxxxxxxxxxxxx

 

လွန်ခဲ့သည့် (၃)လခန့်က ကျွန်တော်နှင့်ဌာနအတူတူအလုပ်လုပ်နေသော နိုင်ငံခြားသူတစ်ယောက်ကို မျက်နှာခြင်းဆိုင်ရန်ဖြစ်ခဲ့ဖူးသည်…

အကြောင်းအရင်းကား ကျွန်တော်နှင့်တိုက်ရိုက်သက်ဆိုင်သောအလုပ်တစ်ခုအတွက်

Email တွင် CC ခံ မပို့သည့်ကိစ္စနှင့် ပတ်သက်ပြီး တစ်ဆင့်မြင့်ရာထူးလက်ကိုင်ရှိသူ နိုင်ငံခြားသူတစ်ယောက်အား

ပိုးဇိုးပက်စက်ပြောခဲ့ဖူးသည်…

နောက်ဆုံး Department Head နိုင်ငံခြားသားကိုယ်တိုင် ကြားဝင်တောင်းပန်မှ ပြီးဆုံးသွားသည်အထိပြသနာကြီးခဲ့သည်…

သို့သော်… ကျွန်တော်တို့ ဘီယာအတူတူသောက်ရင်း စကားတွေအများကြီးပြောဖြစ်ခဲ့ ကြသည်…

ကျွန်တော်တို့ ဆေးလိပ်အတူဖွာရင်း မိသားစုတွေအကြောင်း ဖလှယ်ခဲ့ဖူးသည်…

ကျွန်တော်တို့ ကော်ဖီအတူဖျော်ရင်း အမိနိုင်ငံတော်လှပကြောင်း ကြွားလုံးထုတ်ခဲ့ဖူးသည်…

မကြာမီအချိန်တွင်သူ့နိုင်ငံသို့သူ ပြန်သွားတော့မည်…

ကျွန်တော်တို့ရင်ထဲတွင် ဘာအာဃာတမှမရှိဘဲ နှုတ်ဆက်ခွဲခွာကြရဦးမည်…

ပြန်စဉ်းစားကြည့်ရင်ဖြင့်-

ကျွန်တော်တို့ Professional Field ထဲသို့ Personal Feel ကိုဆွဲသွင်းမလာကြခြင်းဖြစ်ပေသည်…

 

အချုပ်အားဖြင့်ဆိုရသော်…

ကျွန်တော်တို့ ဘယ်လောက်အထိ Personal နဲ့ Professional ကိုခွဲခြား မြင်ကြပါသလဲ…

လူတစ်ယောက်ကောင်းတာ…ဆိုးတာ သူ့ Personal ပါ… သူအလုပ်တော်တာ သူ့ Professional ပါ…

Professional နဲ့ မပတ်သက်သော Personal ကိုဆွဲထည့်လာလျှင်

ဆွဲထည့်လာသောသူတို့၏ သဘောထားသေးသိမ်ခြင်းဟုပင် အတိအလင်းခေါင်းစဉ်တပ်ရပေမည်…

အနီးစပ်ဆုံးဥပမာပြောပါ့မယ်… ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသားကိုလက်ထပ်တာ သူ့ Personal ပါ…

နိုင်ငံတော်အတွက် သူလုပ်ပေးခဲ့သော၊ သူအနစ်နာခံပေးခဲ့သော အရာအားလုံးသည် သူ့ Professional ပါ…

ဒါလေးကိုကွဲပြားအောင်ခွဲခြားထားနိုင်ဖို့… ယခုအချိန်တွင်လိုနေပြီထင်ပါသည်…

ကြောင်ဝတုတ်အပြင်မှာအရက်သမားတာတေလန်အောင်ဆိုးပေနေပါစေ…

သူရေးသောစာသည် လူတစ်ဦးတစ်ယောက်အပေါ်အကျိုးဖြစ်ထွန်းမည်ဆိုလျှင် သူ၏ Personal ဖြစ်သော အပေအတေအရက်သမားတစ်ယောက်ဘဝကိုမေ့ပြီး…

သူပြုဖူးသော အကျိုးဖြစ်ထွန်းမှု Professional ကိုလေးစားပေးပါ…

အရက်သမားတစ်ယောက်ရေးတဲ့စာများကွာ… ဘာလေးစားစရာရှိလဲဟူသော အတွေးမျိုးဖြင့် Personal ကို

Professional ဖြင့်ရောထွေးမသွားစေလိုသောကြောင့် ဒီစာကိုရေးပါသည်…

 

ဒီအတွေးဟာဖြင့် သိပ်ပြီးလစ်ဘရယ်ဆန်လှသည်ဆိုလျှင်ဖြင့်…

 

ကြောင်ဝတုတ်

၂၀၁၂၊ ဇွန်လ

72 comments

  • ကြောင်ဝတုတ်

    June 24, 2012 at 8:45 am

    လေးပေါက်ရဲ့အတွေးအမြင်လေးကိုဖြင့် ကိုးကားချင်ပါတယ်နော်…

    မိသားစုဈေးဝယ်ဈေးရောက်လုပ်ရာကနေ ကုမ္ပဏီခေတ်ရောက်လာလို့ ကုမ္ပဏီအသွင်သဏ္ဍာန်ပြောင်းခဲ့ပေမယ့် အတွင်းအနှစ်သာရမပြောင်းဘူးဆိုတဲ့
    အမြင်ပေါ့ဗျာ…
    လေးပေါက်ရေ… ကျွန်တော့အမြင်ပြောရရင် ကုမ္ပဏီရဲ့သူဌေးလုပ်သူတွေကပဲ မလေ့လာတာလား… အလုပ်သမားတွေကလဲ မလေ့လာလို့ သူဌေးတွေက မသိချင်ယောင်ဆောင်နေတာလားတော့ ကျွန်တော်မသိပါဘူး…
    ကုမ္ပဏီတစ်ခုရယ်လို့ဖြစ်လာရင် ဝန်ထမ်းနဲ့သူ၏တိုက်ရိုက်ပတ်သက်နေသောမိသားစုအပေါ် ကုမ္ပဏီမှတာဝန်ရှိတယ်ဆိုတဲ့ကိစ္စပါ…
    ဝန်ထမ်းနေမကောင်းဖြစ်ရင်… ဝန်ထမ်းနဲ့တိုက်ရိုက်ပတ်သက်သူမိသားစုမှာ နာရေးဖြစ်ရင် ကုမ္ပဏီမှ ထိုက်သင့်သလောက်တာဝန်ယူရမယ့်ကိစ္စပါ…
    ဒါဟာ ကုမ္ပဏီတည်ထောင်သူရဲ့ သမိုင်းပေးတာဝန်ပါ…
    အဲဒီလိုကိစ္စဟာဖြင့် အစိုးရဝန်ထမ်းတွေမှာလဲ အစိုးရကတာဝန်ယူပေးရတဲ့အနေအထား အတိအလင်းရှိပါတယ်… ဥပဒေတွေမှာပါပါတယ်…
    ဒါပေမယ့် တကယ်လက်တွေ့မှာဖြင့် အစိုးရရုံးတွေမှာ ဘယ်သူမှထုတ်မသုံးတတ်ကြပါဘူး…
    ခေတ်မမီတော့တဲ့အတွက်လဲဖြစ်နိုင်ပါတယ်….
    ဥပမာ… ဆေးခန်းတစ်ခါသွား ၁၀၀ဝကျပ်ခေတ်မှာ အစိုးရက မြန်မာငွေ ၂၅ကျပ် ပေးတယ်ဆိုတာမျိုး ခေတ်မမီတော့တဲ့ဥပဒေကြောင့် ဝန်ထမ်းတော်တော်များများ အဲဒီပိုက်ဆံကိုမထုတ်ရာကနေ… ထုတ်လေ့ထုတ်ထမရှိတဲ့အနေအထားမျိုး ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်…

    ကုမ္ပဏီအနေနဲ့ပြောရရင်လဲ ဝန်ထမ်းနဲ့ ဝန်ထမ်းရဲ့တိုက်ရိုက်ပတ်သက်တဲ့မိသားစုအတွက် ဆေးဖိုးထုတ်ပေးတယ်လို့ တရားဝင်ကြေငြာပြန်ရင်
    ဝန်ထမ်းတွေအနေနဲ့ ပိုက်ဆံပြတ်တိုင်း ဆေးခန်းသွားနေမှာလဲကြောက်ရှာတယ်ထင့်ပါ့နော်…
    အဲဒီတော့ ဝန်ထမ်းတစ်ဦး ဆေးရုံတက်ရရင်ဖြင့် ကုမ္ပဏီသူဌေးမှ ငွေထုတ်ပေးတာ၊ ဆေးဖိုးပေးတာဟာ သူဌေးတစ်ယောက်လုပ်ရမယ့်အလုပ်ပါပဲ…
    တကယ်တော့ အဲဒီကိစ္စဟာဖြင့် Personal မဟုတ်ပါဘူး… သူဌေးအနေနဲ့လုပ်ရမယ့် Professional ပါ…
    အပေါ်က ဂီဂီပြောထားသလိုပြန်ပြောရရင်ဖြင့် ကျွန်တော်တို့ဆီမှာ သူ့အရပ်နဲ့ သူ့ဇာတ်ကိုက်နေတော့ ဝင်း-ဝင်း အခြေအနေပေါ့ဗျာ…
    ဝန်ထမ်းကလဲ သူဌေးကို လွှတ်ပြီးကျေးဇူးတွေတင်… သူဌေးကလဲ ကယ်တင်ရှင်ကြီးလိုလိုနာမည်တွေရ… တကယ်တော့ အဲဒီကိစ္စဟာဖြင့် သူဌေးလုပ်ကို လုပ်ရမယ့် ကိစ္စပါ… သူလုပ်ရမယ့်အလုပ်အပေါ်မှာ နာမည်ကောင်းဝင်ယူတာကိုလဲ Power Abuse လုပ်တယ်လို့ခေါ်သေးတယ်နော်….

    နောက်တစ်ခုထပ်ပြောရရင်ဖြင့် ဝန်ထမ်းတစ်ဦးရဲ့ ကျန်းမာရေးနဲ့ နာရေးတစ်ခုခုမှာ သူဌေးအနေနဲ့ ကုမ္ပဏီကတရားဝင်ငွေကြေးတင်မကဘူး
    သူ့ကိုယ်ပိုင်ငွေကြေးထဲကနေ ဝန်ထမ်းအပေါ်မှာ ကူညီတာကိုကျတော့ ကျွန်တော်တို့က ကျေးဇူးတင်ရမှာပါ…
    ဒါပေသည့် အဲဒီကိစ္စကိုကျတော့ Personal လို့မခေါ်ပဲ Social လို့ခေါင်းစဉ်တပ်ပါတယ်ခင်ဗျ…

    အချုပ်ဆိုရသော်-
    ကျွန်ုပ်တို့သည်လဲ… Personal နှင့် Social ကိုပါကွဲဖို့လိုအပ်နေပြီလားနော်…

    ခင်မင်တဲ့-
    ညီလေးကြောင်ဝတုတ်

  • ညီလေးဝတုတ်
    ညီလေးပြောတာကို ဆက်ပြောပေးမယ်ဆိုရင်နောက်ဆုံးတော့ပိန္နဲပင်ကြီးဆိ ပြန်ရောက်သွားရော။
    ကျနော်တို့လိုမြန်မာပြည်က ပုဂ္ဂလိက ဝန်ထမ်းတွေကို ထိရောက်စွာ အကာအကွယ်ပေးထားတဲ့
    ဥပဒေ ၊ကျနော်တို့ကို ကာကွယ်စောင့်ရှောက်ပေးမယ့်အဖွဲ့အစည်းမရှိဘူးညီလေးရဲ့။
    လူူမူ့ဖူလုံရေးဆိုတာဖွဲ့ထားတယ်။
    ဆေးခန်းရှိတယ်။
    ဒါပေမယ့်တကယ်ဖြစ်လာရင်အပြင်မှာကိုယ့်ဘာသာကိုယ်ကုရတာပါဘဲ။
    ငွေမတတ်နိုင်တော့ မယူချင်ရင်တောင်မှပိုင်ရှင်အထောက်အပန့်ကိုယူရတာပါဘဲ။

    နောက်တကယ်လက်တွေ့ ရုံးပြင်ကန္နားတွေမှာသာ ကန်ပနီ ကန်ပနီနဲ့ ဘိုလိုပြောနေကြတာ
    တကယ့်အတွင်းအနှစ်သာရကအရင်အတိုင်းပါဘဲ။
    ဒါက တကယ်အဖြစ်မှန် ညီဝတုတ်ရေ
    ညီလေးတို့လို နိုင်ငံခြားကတိုက်ရိုက်လာအုပ်ချုပ်တဲ့ လုပ်ငန်းကို တွေကတော့သူ့မူ သူ့စည်းကမ်းနဲ့
    အတိအကျရှိကောင်းရှိုနိုင်ပါတယ်။
    မြန်မာပြည်သားတွေထောင်တဲ့ လုပ်ငန်းအတော်မျာများကတော့ ကျနော်ပြောတဲ့အတိုင်းပါဘဲ။
    ကျနော်ရေးဘူးတဲ့ ဆာသော်နဲ့ဘောစမျိုးများကို ညီလေးဖတ်ကြည့်ဘူးရင် သဘောပေါက်သွားမှာပါ။
    ညီလေးဝတုတ်တို့နဲ့အခုလိုပြောနေရခြင်းက တကယ်ပြောင်းစေချင်လို့။
    ကျနော်တို့ဆီမှာက စာရွက်ပေါ်မှာသာပြောင်းတာများနေတာကိုး။
    အဲတော့ ဝန်ထမ်းတွေက အလိုက်အထိုက်ကြည့်နေရတဲ့ဘဝမလွတ်သေးဘူး။
    ဒီမှာက အဖေကုမ္ပဏီထောင်ရင် မိန်းမက အမ်ဒီဖြစ်
    သားက ဒါရိုက်တာဖြစ်ပြီး ချွေးမ က စီအီးအိုသွားတာပါဘဲ။
    လုပ်ငန်းလုပ်တတ်တယ်မလုပ်တတ်ဘူးကနောက်မှ လာတဲ့ကိစ္စဖြစ်သွားတယ်။
    ညီလေးတို့ပြောနေတာတွေက တကယ်ဖြစ်သင့်တယ် နိုင်ငံတကာစံမှီတဲ့အနေအထား။
    တကယ်လက်တွေ ကျနော်တို့ကြုံနေရာတာက စာအုပ်ထဲမှာဘဲကောငးတဲ့အနေအထား။
    ကျနာ်တို့ဆီမှာက တစ်ခုနဲ့တစ်ခု ခွဲထားရမှာကို မလိုအပ်ဘဲဖြစ်စေ အကြောင်းကြောင်းအရဖြစ်စေ
    တွဲနေတော့ရှုပ်ကုန်ပါသကွဲ့။
    ဒီအခြေအနေကနေလွတ်အောင် ဘယ်လိုရုန်းထွက်ကြမလဲ ဝန်ထမ်းတွေ ပိုင်ရှင်ကိုအလဟဿကျေးဇူးမတင်ရအောင် ဘယ်လိုအကာအကွယ်ရအောင်လုပ်နိုင်မလဲ ဆိုတာလေးကို ဝိုင်းစဉ်းစားကြရအောင်ပါညီဝတုတ်ရေ။

    • ကြောင်ဝတုတ်

      June 25, 2012 at 9:24 am

      လေးပေါက်ရေ-
      အဲဒီအကြောင်းကို ကျွန်တော်ပိုစ့်တစ်ခုသပ်သပ်ထပ်ရေးပါ့မယ်…
      ပြောတိုင်း ဒီပိန္နဲပင်ကြီးဆီရောက်ရောက်သွားတာကဖြင့်မှန်ပါတယ်…
      သို့ပေမယ့် ပိန္နဲပင်ကြီးဆီရောက်သွားတာလဲ ကိုယ့်ပရောဂမကင်းဘူးဆိုတဲ့အကြောင်းနဲ့
      မြန်မာနိုင်ငံမှာ အလုပ်ရှင်နဲ့အလုပ်သမားကြားလိုအပ်ချက်လေးတွေကိုရေးပါဦးမယ်ဗျာ…

      အကြွေးမှတ်ထားလိုက်နော်…
      ဘာဖြစ်လို့လဲဆိုတော့ ပိန္နဲပင်ကြီဆီရောက်သွားရင်ဖြင့် ဒီပိုစ့်ရဲ့ ကျွန်တော့ဆိုလိုရင်းကို
      နဲနဲလေးလွဲသလိုလိုဖြစ်သွားလို့ပါ လေးပေါက်ရေ…

      ကြောင်ဝတုတ်

  • http://myanmargazette.net/65358/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories
    ဆာသော်နှင့်ဘောစမျိုး၏မဟာဗျုဟာများ
    http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:247685
    ဆာသော်နှင့်ဘောစမျိုးများတွေ့ဆုံခြင်း။

    မဖတ်ဘူးသူများဖတ်ကြည့်ရအောင်လို့ပါ

  • အရီး Khin Latt

    June 24, 2012 at 6:12 pm

    ဒီ Post က ထိပ်မှာတက်ပြီး ရှိနေသေးလို့ ပြန်ဝင်လာပါတယ်။ 😀
    ကျွမ်းကျင်လွန်းလို့ ဝေဖန်တာ မဟုတ်တာ ကိုတော့ ကြိုပြောပါမယ်။
    အများ နဲ့ အလုပ်လုပ် ရသူတိုင်း မရှောင်မလွဲ နိုင်တဲ့ အကြောင်းမို့ ဝင်ပြီး ထပ်ပြီး ဆွေးနွေး ချင်လို့ပါ။
    အခု ပြောတာလဲ မျက်မမြင်ပုဏ္ဏား ဆင်စမ်း ပြီး ကိုယ်စမ်း မိလိုက်တဲ့ အပိုင်းပါ။

    တကယ်တော့ Professional နှင့် Personal ဆိုတာ စကား လုံး အသုံးပေါ် မူပြီး ဦးတည်ချက် ကွဲ နိုင်ပါတယ်။

    (၁) တစ်ချို့ အလုပ် စည်းမျဉ်း/ စည်းကမ်း တွေမှာ (အထူးသဖြင့် ကျောင်းတွေမှာ) personal relationship နဲ့ ပါတ်သက်ပြီး ပြဌာန်းချက်တွေ ရှိပါတယ်။
    ဥပမာ –
    ကျောင်း က Staff နဲ့ ကျောင်းသား တွေ နဲ့ sexual or other intimate relationship မရှိရ။
    Thesis ဒါမှမဟုတ် Research လုပ် မဲ့ ကျောင်းသား နဲ့ သူ့ရဲ့ Supervisor ဟာ နီးစပ်တဲ့ ဆွေမျိုး မတော ်စပ် ရ ။
    စသဖြင့်ပေါ့။
    ဒါမှ သာ သူ့ ရဲ့ Professional အလုပ်ကို မထိခိုက်ဘဲ လုပ်နိုင်မှာမဟုတ်လား။

    (၂) တစ်ချို့ အလုပ် တွေ မှာတော့ အလုပ် ရင် လာပြီး အလုပ်လျှောက် သူရဲ့ Personal Value ကို ကြည့်ပြီး ခန့်ရသတဲ့။
    လူတစ်ယောက် နဲ့ တစ်ယောက် ရဲ့ Personal Value ကွာတာ ကို သိကြမှာပါ။
    ဥပမာ – ဌာန မှာ အရောင်း ခန့် မဲ့ သူဟာ
    စကားပြောကောင်း ရမယ်။
    Sweet ဖြစ်တဲ့ မျက်နှာထား ရှိရမယ်။
    ဟာသ ဉာဏ်ရှိရမယ်။
    ဘာကို မဆို အမြန် သိရှိနိုင်တဲ့ အစွမ်း ရှိရမယ်။
    တစ်နေရာထဲ မှာ ဖင်မြဲမြဲ နဲ့ နေရတာ ကို မကြိုက်သူဖြစ်ရမယ်။
    ရိုးသားရမယ်။
    ပေါင်းသင်းဆက်ဆံရေး ကောင်းရမယ်။
    စသဖြင့် တို့ပေါ့။
    ဒါမှ သာ သူ့ ရဲ့ Professional အလုပ်ကို ပျော်ရွှင်စွာ လုပ်နိုင်မှာမဟုတ်လား။

    (၃) တစ်ချို့ အလုပ်ရှင် တွေ ရဲ့ ဆောင်ပုဒ် ကတော့ “Build Friendships First and Business Later” တဲ့။
    ဒါကို တစ်ချို့က လက်ခံ တယ်။
    တစ်ချို့က လက်မခံဘူး။
    ဒါက လဲ အုပ်ချုပ် သူ ရဲ့ ပေါ် မူတည် မှာပါ။

    (၄) မောင်ဂီ ပြောခဲ့သလို Management Theory/ Style တွေ အမျိုးမျိုး ရှိပါတယ်။
    သီအိုရီ X ဆိုရင် – လူတွေဟာ ပျင်းတယ်၊ ဒါကြောင့် သူတို့ ကို အမြဲ တွန်းအား ပေးနေရမယ်။ အမြဲ အနီးကပ် စောင့်ကြည့် နေရမယ်။
    သီအိုရီ Y ကတော့ – လူဆိုတာ ရည်မှန်းချက် ရှိကြတယ်၊ သူတို့ ကို အမြဲ တက်ကြွ မှုရှိ နေ
    အောင် လုပ်နိုင်ရင် အလုပ်ဖြစ်တယ်။ သူတို့ဟာသူတို့ အသိစိတ် နဲ့ လုပ်ကြတယ်။ စောင့်ကြပ် နေစရာ မလိုဘူး။ သီအိုရီ X ရဲ့ ဆိုးကျိုး ရလာဒ် ကို ကြည့်ပြီး ဖြစ်လာပါတယ်။
    သီအိုရီ X/Y ကို ထုတ် သူ က တစ်ယောက်ထဲပါ။
    သီအိုရီ Z – ဂျပန် Management Style ပါဘဲ။ တကယ် လဲ လက်တွေ့မှာ အလုပ်ဖြစ် ပါတယ်။
    တကယ် လက်တွေ့ လုပ်နေသူ တွေကို Management Decision တွေ ထဲ မှာလဲ ပူးပေါင်းကာ ဝင်လုပ် စေခြင်းပါ။ မိသားစု ပုံစံ နဲ့ အလုပ်မှာလူတွေ ပိုမြဲအောင် ဆွဲဆောင် ထားတဲ့ အချက်တွေ ပါပါတယ်။

    အဲဒါတွေ အားလုံးမှာ လူတွေ လုပ်ရ မဲ့ အလုပ် Professional နဲ့ သူ့ ရဲ့ Personal Feeling/ Emotion တွေ၊ Relationship တွေ ဟာ လိုင်းပါးပါး လေးဘဲ ခြား ပြီး ထားတာပါ။
    အဲဒါတွေ ကို ကင်းကင်းရှင်းရှင်း ဖြစ် ရမယ် ဆိုတာ တကဲ့ လက်တွေ့မှာ ရှောင် နိုင်ဖို့ ခက်ပါမယ်။

    အဓိက ကတော့ ဘယ် အလုပ် ဘဲ လုပ်လုပ် ကိုယ် ပျော်တဲ့ အလုပ် သဘာဝ လား၊ ကိုယ်ပျော် နိုင်မဲ့ ဖြစ်မလား အရင် စဉ်းစား ရပါမယ်။
    ဒါက ကိုယ့် Personal Feeling/ Emotion ကို ရှေ့ထားပြီး အလုပ်လုပ်တာပေါ့။
    အဲဒီ ကိုယ့် Personal Feeling/ Emotion အတွက် ကိုယ့် Professional မှာ ရွေးချယ်ခွင့် မရှိဘူး၊ ပိုက်ဆံ ရဖို့ အတွက် သာ အဓိက ဆိုရင်တော့ ကိုယ့်ရဲ့ Personal Feeling/ Emotion ကို နောက်မှာ ထားဖို့ ပါဘဲ။

    အခု ကြောင်ဝ လေး ရဲ့ ဇာတ်လမ်း မှာ ပွဲကြည့်သူ အနေ နဲ့ ကြည့် ရင် နှစ်ယောက်စလုံး မှားပါ တယ်။

    အုပ်ချုပ်သူ အနေ နဲ့ ပုဂ္ဂိုလ်ရေးရာ ထိခိုက် တဲ့စကား မပြောသင့်ပါဘူး။
    အမှန်က ပုဂ္ဂိုလ်ရေးရာ ထိခိုက် တဲ့စကား ဆိုတာ အလုပ်ထဲ မှာ မပြော နဲ့ တစ်ခြားဘယ် မှာမှ မပြောသင့်ပါဘူး။
    ဘယ်သူမှ ကိုယ့်ပုဂ္ဂိုလ်ရေးရာ ထိခိုက် ရင် ကြိုက်မှာ မဟုတ်လို့ပါ။
    အဲလို ပြောတာ လုံးဝ ကို မှားပါတယ်။

    မိန်းကလေး အနေ နဲ့ ကတော့ ကိုယ့်အလုပ်ကို ကောင်းကောင်း လုပ်မပြနိုင်တာပါဘဲ။
    “နင် အနားမှာ မရှိ ရင် ငါ ကောင်းကောင်း လုပ်နိုင်တယ်၊ နင့်ရှေ့မှာ မို့”
    ဆို တာ ကတော့ အလုပ်သမား တစ်ယောက် အတွက် မပြသင့် တဲ့ Reason ပါဘဲ။
    ဒါဟာ သူ့ရဲ့ Personal Value မှာ အားနဲ ချက်ဖြစ် နေပါတယ်။
    ဒီတော့ သူ့ရဲ့ Professional အလုပ်မှာပါ ထိခိုက်ပါတယ်။
    ဒါကို အပြစ် ပြောတဲ့ အုပ်ချုပ်သူကို အမှား လို့ ပြောလို့ မရပါ။
    အဲဒါလေး ကို သတိထား ပြင်ရပါမယ်။
    မဟုတ် ရင် ဘယ်မှာ အလုပ်လုပ် က အနားမှာ လာရင် မှား ရော ဆိုတာ မဟုတ်ပါဘူး။
    ဒါဟာ မဟုတ်ပါဘူး။ ပြင်လို့ ရပါတယ်။
    သူ စိတ် မပျော် တော့တဲ့ နေရာ မှာ ဆက် မနေဘဲ ထွက် လိုက်တာ သူ့ အတွက် အကောင်းဆုံးပါဘဲ။
    ဒါပေမဲ့ နောက်တစ်ခါ ဒါမျိုးကြုံ လာရင် တော့ ကိုယ့်ဟာကို Strong ဖြစ်အောင် ပြင်ထားသင့်တယ်။

    ဒါထက် စကား စပ် လို့
    ဒီ ရွာထဲ မှာလဲ Personal Feeling တွေ Emotion တွေ မပါဖို့ Rule တွေ ရှိပါတယ် ခင်ဗျား။ 😉
    အဲဒါကို Professional ဆန်ဆန် လိုက်နာနေသလား။
    ဒါမှ မဟုတ် ကိုယ့် Personal Feeling/ Emotion နဲ့ ချိုးဖောက်နေသလား။
    စမ်းစစ်ကြည့်ကြပါ ကုန်လော့။ 😆

    • Azzurri

      June 25, 2012 at 12:42 pm

      လွန်ခဲ့တဲ့ ၆လလောက်က …
      http://en.wikipedia.org/wiki/Myers-Briggs_Type_Indicator
      အဲ့ဒါကို ရူးခါနီးလောက်အောင် လေ့လာဖူးတယ်ဆို အံ့ဩမလားဗျာ…
      အကျိလေးကို ရောင်းစားခဲ့တဲ့မတ်သတ်တွေပေါ့…
      ခိခုခိခု…

      အတည်ပြောရရင်…
      လုံးဝ မလွယ်တဲ့ ဟာတွေမို့ တချိန်တော့ ကျကျနနပြန်လေ့လာဦးမယ် မှတ်ပါတယ်..
      (စာအုပ်ထဲမှာပဲ ရှိတာပါတို့ မတူဘူး ဖင်ပိတ်ငြင်းတာတို့ကို စိတ်မထိခိယက်ခဲ့ရင် ပြန်ရှဲပါဦးမယ်…)

      စကားမစပ် … ကျနော်လည်း …ဆာဝီလျမ်အိုးချိ ဂိုဏ်းသား ဖြစ်ပါကြောင်း…

      တော်သေးဘီ
      ခင်တဲ့
      ဂီ

  • MaMa

    June 24, 2012 at 6:52 pm

    ဒီပိုစ့်ကို ဝင်ဖတ်နေတာ ၁၀၁ကြိမ်မြောက်တော့မယ်။
    ဉာဏ်မမီလို့ ပြောစရာ စကား၊ ရေးစရာ စာလုံးရှာမတွေ့လို့ မမန့်ဖြစ်တာ။
    (အမှန်က မန့်လိုက်တာလည်း ပျောက်သွားသေးတယ်)
    လုပ်ငန်းခွင်တစ်ခုမှာ ငွေရဖို့တခုတည်းကြည့်ရင် ရေရှည်မှာ နှစ်ဖက်လုံးအတွက် အဆင်မပြေနိုင်ပါ။
    လူအမျိုးမျိုးစိတ်အထွေထွေမို့ ဝန်ထမ်းအနေနဲ့လည်း ကိုယ့်ရဲ့အထက်အရာရှိ (သို့) အုပ်ချုပ်သူ (သို့) ပိုင်ရှင် ရဲ့ စိတ်နေသဘောထားကို ကြည့်ပြီး Professional ဆန်ဆန်ပဲ လိုက်နာသင့်သလား။
    မိသားစုပုံစံနဲ့ ဆက်ဆံ လုပ်ကိုင်သင့်သလား ဆန်းစစ်ဖို့လိုပါတယ်။
    ပိုင်ရှင် (သို့) အုပ်ချုပ်သူ (သို့) အထက်အရာရှိဘက်ကလည်း ဝန်ထမ်းရဲ့ အခြေအနေကို ကြည့်ပြီး သူ့သဘာဝနဲ့သူ ဆက်ဆံလုပ်ကိုင်မှသာလျှင် အဆင်ပြေနိုင်ပါတယ်။
    ဝန်ထမ်းအားလုံးကို တပြေးညီတပုံစံတည်း ဆက်ဆံလို့ မရပါဘူး။
    ထင်တာတော့ ခုခေတ်မှာ team work ပုံစံနဲ့ လုပ်ငန်းတစ်ခုအောင်မြင်အောင် စုပေါင်းတာဝန်ယူ လုပ်ကိုင်ဆောင်ရွက်တဲ့ ပုံစံကိုကျင့်သုံးခြင်းဖြင့် လုပ်ငန်းကြီးတွေကို အောင်မြင်စွာ လုပ်ဆောင်နေကြတာကို ကြည့်ခြင်းအားဖြင့် ….
    မလတ်ပြောသလို (သီအိုရီ Z – ဂျပန် Management Style ) ကို မှန်ကန်ကောင်းမွန်တယ်လို့ ယူဆမိပါတယ်။

  • ဖိုးထောင်

    June 24, 2012 at 7:42 pm

    ကိုကြောင်ဝတုတ် ရေးတာလေး သဘောကျပါတယ်ကြိုက်ပါတယ် ကျင့်ကြံနိုင်အောင်တော့ မဖြစ်မနေကြိုး စားရမှာပေါ့

  • ကြောင်ကြီး

    June 25, 2012 at 10:11 am

    အနော်လည်း သူများဒွေလို ပျံဝင်မယ်..ဖလတ် ဖလတ် (အတောင်ပံခတ်သံ)..။ ပရော်ဖက်ရှင်နယ်နဲ့ ပါစင်နယ် မရောသင့်ဆိုဒါ ခေတ်အမြင်ရှိသူဒိုင်း လက်ခံဂျဒဲ့ကိစ္စဗာ။ သို့သော် အချို့နယ်ပယ်တွေကြတော့ သီးခြားခွဲမြင်လို့ရဘူး။ ဥပမာ – မိန်းမလိုက်စားသူ မစ္စတာဂီကို ဟော်တယ်ရွမ်းဆားဗစ် မန်နေဂျာခန့်လိုက်ရင် မြန်မာစပိုင်ဗီဒီယိုကလစ်တွေ အင်တာနက်မှာ ပလူပျံလာလိမ့်မယ်၊ လောင်းကစားသမားကပေကို ဒိုင်လူဂျီးခန့်ရင် ဘောပွဲပျက်မယ်၊ အမူးသမားဗိုက်ဗိုက်ကို အရက်ဆိုင်တာဝန်ခံခန့်ရင် သူသောက်တာနဲ့ကုန်မယ်။ လက်တွေ့မှာလည်း လောင်းကစားတတ်သူကို ငွေသေတ္တာသော့ မပေးရဗူး။ ပါးစပ်မလုံသူကို အတွင်းရေးမှူး၊ အိပ်ချ်အာဝန်ထမ်း မခန့်သင့်ဗူး။ အလုပ်ထဲမှာ အဝတ်အစား မလုံမခြုံ မဝတ်ရဘူး။ ဝန်ထမ်းကိုယ်တိုင်က ပါစင်နယ်ဆိုပေမဲ့ အလုပ်နဲ့သိပ်ကွာဟလွန်းရင် ပြဿနာရှိဒတ်တယ်။ စောင့်ထိန်းရမှု အတိုင်းအတာကတော့ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းကိုလိုက်ပီး ကွာမယ်။ ဥပမာ – ကျောင်းဆရာတယောက် ကျင့်ဝတ်သိက္ခာသည် အရှေ့တိုင်း အနောက်တိုင်း ယဉ်ကျေးမှုလိုက်လို့ ကွာခြားတယ်။ အမေရိကန်မှာဆို ကျောင်းဆရာမလုပ်နေပေမဲ့ အပြင်မှာ သူလည်းဖြစ်ချင်ဒိုင်းဖြစ်နေဒါ၊ သူ့အရပ်နဲ့သူ့လူကြတော့လည်း ဟုတ်နေဒါဗဲ…. အရှေ့တိုင်းမှာ လူမှုရေးဖောက်ပျံမှုလို့ မြင်တာကို အနောက်တိုင်းမှာ လူ့သဘာဝလို့ လက်ခံထားဒါကိုး။ ပြန်ချုပ်ရရင် ပါစင်နယ်နဲ့ ပရော်ဖက်ရှင်နယ် သီးခြားစီ ခွဲမြင်သင့်ပေမဲ့ စည်းလွတ်ဝါးလွတ် မဟုတ်ရဗာဂျောင်းနဲ့ အဲဒီစည်းတားမှုကို တလွဲအသုံးချသူများစွာ ရှိလာဒဲ့အခါ စည်းပျက်ရဗာဂျောင်း ဆွေးနွေးဗာသီ။

  • weiwei

    June 25, 2012 at 3:05 pm

    ဒီပို့စ်စတက်လာတုန်းက တစ်ခါဝင်ဖတ်ဖြစ်တယ် .. အခု ပြန်ဝင်လာပြီး ဖတ်လိုက်တော့ ကွန်မန့်တွေနဲ့ ပိုကောင်းလာပါတယ် … အားလုံးပြည့်စုံအောင် ဆွေးနွေးထားပြီးသားမို့ ဘာမှ ထပ်မဆွေးနွေးလိုတော့ပေမယ့် …

    နေရာတိုင်းမှာ ပုံသေနည်းအတိုင်း ဖြစ်မလာနိုင်တာတော့ သေချာပါတယ် ..
    ကျွန်မလုပ်နေတဲ့အလုပ်မှာဆိုရင် personal နဲ့ professional က ရောထွေးနေပါတယ် …
    သိပ်ပြီး professional ဖြစ်လွန်းရင် အဆင်မပြေနိုင်တဲ့ အနေအထားတွေ ရှိနေပါသေးတယ် …

Leave a Reply