ပို့ပြီးသား အီးမေးလ်ကို ဘယ်လို ပြန်ပြင်မလဲ…

zaylayJune 25, 20101min1152

ကျွန်တော်တို့ ကြားဖူးနေကျ မြန်မာစကားပုံတစ်ခုရှိပါတယ်။’ကြမ်းကျွံရင်နုတ်လို့ရတယ်၊စကားကျွံရင်နုတ်လို့ မရဘူး’ဆိုတဲ့ စကားပုံပါ။ဒီလိုပါပဲ အီးမေးလ်တွေကို အသုံးပြုကြတဲ့အခါ ကိုုယ့်ဆီကထွက်ပြီးသား အီးမေးလ် ကို ပြန်ယူပြီး စိတ်ကြိုက်ပြင်လို့ မရနိုင်ပါဘူး။ ဒါပေမယ့် တစ်ခုခုမှားယွင်းသွားတဲ့ သင့်အီးမေးလ်ကို ချက်ချင်း ပြန်ခေါ်ပြီး ပြင်ဆင် နိုင်မယ့်လုပ်ဆောင်ချက်တစ်ခုကို ဂူးဂဲလ်က ဖန်တီးပေး ထားပါတယ်။

ဒါကတော့ ဂျီမေးလ်ကနေ သင်ပို့လိုက်တဲ့အီးမေးလ်ကိုပို့ပြီး ငါးစက္ကန့်အတွင်းမှာ Undoလုပ်ပြီးပြန်ပြင်နိုင်မယ့် လုပ်ဆောင်ချက်ပါ။ ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ဖို့အတွက် သင့်ဂျီမေးလ်လိပ်စာရဲ့ ညာဘက် အခြမ်း အပေါ်ဘက်မှာရှိတဲ့ Setting ထဲက Lab ဆိုတာကို ကလစ်နှိပ်ပြီး ရွေးလိုက်ပါ။ Lab ထဲကမှ Undo send option ဆိုတာကိုရွေးပြီး Enable လုပ်လိုက်ပါ။ ပြီးရင် ကိုယ်ပြောင်းထားတဲ့ Setting ကို Save လုပ်ပြီးတာနဲ့ ဒီလုပ်ဆောင်ချက်ကို စသုံးလို့ရပါပြီ။

ဒီလုပ်ဆောင်ချက်ရဲ့အလုပ်လုပ်ပုံက သင်အီးမေးလ်တစ်စောင်ပို့လိုက်ပြီ ဆိုတာနဲ့ သင့်ကိုအသိပေးတဲ့ Your message has been sent ဆိုတဲ့ စာသားလေးပေါ်လာပါတယ်။ ဒီစာသားလေးရဲ့ဘေးမှာ Undo ဆိုတဲ့ လင့်ခ်လေး တစ်ခုပါပါတယ်။ သင့်အနေနဲ့ ခုနကပို့လိုက်တဲ့အီးမေးလ်ကို ပြန်ခေါ်ပြီး ပြန်ပြင်ချင်တယ်ဆိုရင် အဲဒီ Undo ဆိုတဲ့ လင့်ခ်လေးကို နှိပ်လိုက် ရုံပါပဲ။

အဲ …တစ်ခုရှိတာက သင်ပို့လိုက်တဲ့ အီးမေးလ်ကိုပြန်ပြင်၊ မပြင် ဆုံးဖြတ်ဖို့အတွက် ငါးစက္ကန့်ပဲအချိန်ရတယ် ဆိုတာပါပဲ။တကယ်လို့ ကိုယ့်မှာပြင်ဆင်စရာတွေရှိတယ်ဆိုရင် အီးမေးလ်ပို့ပြီးငါးစက္ကန့်အတွင်း Undoပြန်နှိပ် လို့ ပြန်ပြင်ကြည့်လိုက်ပေါ့။ ဒီနည်းလေးမှာ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်က အရမ်းကောင်းပေမယ့် ပြင်၊ မပြင်ဆုံးဖြတ်နိုင်ဖို့ ရတဲ့အချိန်ကတော့ နည်းလွန်းလှပါတယ်။

ဒါပေမယ့် လုံးဝပြင်လို့မရတော့တာထက်စာရင်တော့ ပြင်လို့ရတာက ကိုယ့်အတွက် အများကြီးကောင်းတာမို့ ဒီလုပ်ဆောင်ချက်လေးကို ကျွန်တော်တော့ နှစ်ခြိုက်မိပါတယ်။ ဂူးဂဲလ်ရဲ့ ဒီလုပ်ဆောင်ချက်လေးကို အသုံးချ လို့ အမှားကင်းစင်တဲ့ အီးမေးလ်တွေကို ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ….။

2 comments

  • zamte

    June 25, 2010 at 5:37 am

    စမ်းသပ်ကြည့်တာ အဆင်ပြေတယ်ဗျို့။ ကျေးဇူးပါ သူငယ်ချင်း။ နောက်ထပ်လည်း အသုံးတည့်နိုင်မယ့် ဂျီမေးလ်အသုံးပြုပုံ နည်းလမ်းလေးတွေ ဝေမျှပေးပါဦး။

  • lu ta lone

    July 5, 2010 at 10:33 am

    သတိမေ့တတ်တဲ့ ကုမ်ပဏီလူကြီးတွေအတွက် အသုံးဝင်မှာပါ…
    တခါတခါ ပို့လိုက်ဖို့ Send နှိပ်ပြီးမှ အာ မေ့သွားတယ် ဆိုတဲ့ လူကြီးတွေ အတွက် အထူးကောင်းမွန်မှာ သေချာတယ်…
    ကျေးဇူးပါ… Share အတွက်…

Leave a Reply