ယွမ်ငွေနှုန်းရှင်အခြေအနေ ပြည်တွင်းဈေးကွက်ကိုချက်ချင်းမသက်ရောက်နိုင်

klnJune 25, 20101min460

အခုအခါ တရုတ်ယွမ်ငွေနဲ့ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းထားကို ပုံသေမဟုတ်တော့ဘဲ နှုန်းရှင်ဖြစ်လာမယ့်အခြေအနေဟာ ပြည်တွင်းဈေးကွက်ကို ချက်ချင်းအကျိုးသက်ရောက်မှာမဟုတ်ဘူးလို့ကုန်သည်လုပ်ငန်းရှင်အချို့ကသုံးသပ်ပါတယ်။ မန္တလေးကုန်စည်ဒိုင်ဒုတိယ ဥက္ကဋ္ဌဦးကိုကြီးက ‘လောလောဆယ်တော့ ဘာပြောင်းမလဲလိုက်ကြည့်နေတုန်းပဲ၊ နယ်စပ်ကုန်သည်တွေပြောတာတော့ချက်ချင်းဝုန်းဒိုင်းဆိုပြီးပြောင်းလဲမှာမဟုတ်ဘူး၊ ဖြည်းဖြည်းချင်းမှ အကျိုးသက်ရောက်လာနိုင်မှာပါ’ လု့ိတယ်လီဖုန်းနဲ့ ပြောပါတယ်။ တရုတ်ယွမ်ငွေနဲ့မြန်မာကျပ်ငွေလဲလှယ် နှုန်းထားက ယနေ့မှာကျပ် ၁၀ဝကို .၆၆၈နဲ့ .၆၆၉ ယွမ်ဝန်းကျင်ဖြစ်ပါတယ်။ ရန်ကုန်က စက္ကူလုပ်ငန်းရှင်တစ်ဦးက တော့ ‘ယွမ်ငွေလဲနှုန်း နှုန်းရှင်ဖြစ်မယ်ဆိုတာ သူတို့( တရုတ်) ရဲ့ အိတ်စပို့ဈေးကွက်နဲ့ ပိုဆိုင်မယ်ထင်တယ်’ လို့ဆိုပါတယ်။ ယွမ်ငွေနဲ့ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းကို ပုံသေမထားဘဲ အပြောင်းအလဲလုပ်ဖို့ တရုတ်ဗဟိုဘဏ်က ဇွန်လ ၂၁ရက်မှာ ပြောကြားကြောင်း အင်တာနက်သတင်းအချို့မှာ တွေ့ရတယ်။ ယနေ့ဇွန်လ ၂၂ရက်မှာ ယွမ်ငွေနဲ့ အမေရိကန်ဒေါ်လာလဲလှယ်မှုပုံသေထားတာကို ဖြုတ်ပယ်လိုက်တဲ့သတင်း အချို့အင်တာနက်မှာထပ်မံတက်လာတယ်။ ကုမ္ပဏီကြီးတစ်ခုရဲ့ မန်နေးဂျင်းဒါရိုက်တာလုပ်ငန်းရှင်တစ်ဦးက ‘ကျွန်တော်သိရသလောက်ကတော့ ယွမ်ငွေကို နှုန်းရှင်သတ်မှတ်မယ်လို့ ယတိပြတ်ပြောတာမတွေ့ရသေးဘူး။ flexible (အလျှော့အတင်း) ရှိမယ့်သဘောပဲ၊ ပြည်တွင်းမှာတော့ ချက်ချင်းမသက်ရောက်နိုင်ဘူးလို့ထင်တယ်၊ ဖြစ်လာခဲ့ရင်တော့ တရုတ်ပစ္စည်းတွေဒီမှာ ဈေးနည်းနည်းကြီးလာနိုင်ပါတယ်လို့ သူ့အမြင်ပြောပါတယ်။ လတ်တလောမှာ တရုတ်ယွမ်ငွေနဲ့ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းထားက တစ်ဒေါ်လာကို ၆.ရ ယွမ်ဝန်းကျင်ရှိကြောင်းသိရတယ်။ ငွေကြေးဈေးကွက်ကျွမ်းကျင်သူတစ်ဦးက ‘တရုတ်နဲ့ ရောင်းဝယ်နေတဲ့ ပြည်တွင်းကုန်သည်တွေအတွက်ပိုကောင်းလာနိုင်ပါတယ်၊ မျှမျှတတဖြစ်လာနိုင်တယ်’လို့ဆိုပါတယ်။ တရုတ်နိုင်ငံက ပြီးခဲ့တဲ့ဧပြီလကုန်အထိ မြန်မာမှာရင်းနှီးမြှုပ်နှံမှုဟာ နံပါတ်လေးနေရာမှာရှိနေပြီး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၁၃၃၃.၉၃သန်းဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့ CSO ရဲ့စာရင်းမှာတွေ့ရပါတယ်။