ပုဂ္ဂလိကပိုင်ကုမ္ပဏီတစ်ခုဖြစ်သော မြန်မာ့ကြယ်ငါးပွင့်သင်္ဘော လုပ်ငန်းက အမြတ်ရရေး ဦးတည်မည်ဟုဆို

klnJune 25, 20101min661

ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခုဖြစ်သွားသော မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းက အကျိုးအမြတ်ရရှိရေးကို ဦးတည်ကာ ဆောင်ရွက်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းနှင့်နီးစပ်သူ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းသည် နိုင်ငံပိုင်လုပ်ငန်းအဖြစ် ပြေးဆွဲစဉ်ကာလက ကမ်းရိုးတန်း ခရီးစဉ်တွင်သာ အရှုံးခံပြေးဆွဲမှုရှိ ခဲ့သော်လည်း ကွန်တိန်နာ လုပ်ငန်းတွင်မူ အကျိုးအမြတ် ရရှိမှုရှိခဲ့သည်။ သို့သော် ကမာ္ဘ့စီးပွားပျက်ကပ် ကြုံတွေ့ပြီးနောက်တွင် သင်္ဘောလုပ်ငန်းမှာ ဆုံးရှုံးမှုများရှိခဲ့ရာ မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းသည်လည်း အမြတ်ထက်အရှုံးမခံရရေးကို ဦးတည်လုပ်ဆောင်ခြင်းရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ပုဂ္ဂလိကပိုင်ကုမ္ပဏီ အဖြစ်သို့ ပြောင်းလဲပြီးနောက် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှပြေးဆွဲသော ခရီးစဉ်များအားလုံး၌ အကျိုးအမြတ်ရရှိရေးကို ဦးတည်ဆောင်ရွက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရှိ ရသည်။ ပုဂ္ဂလိကပိုင် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ ပြေးဆွဲသည့် ကိုကိုးကျွန်း၊ မြိတ်နှင့်ကော့သောင်း ခရီးစဉ်တွင် ခရီးသည်နှုန်းထားနှင့် ကုန်တန်ဆာခများ မူလထက်ခရီးစဉ် အလိုက်မြင့်တက်မှုရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် customer ထံသို့ သွားရောက်၍ဈေးကွက်လေ့လာခြင်း များ၊ ဈေးကွက်ရှာဖွေခြင်းများ ပြုလုပ်ကာ အမြတ်ရရှိရေးကိုနည်းလမ်း မျိုးစုံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ”စီးပွားရေးကုမ္ပဏီတစ်ခုဟာ နိုင်ငံပိုင်လုပ်ငန်းလိုတော့ အရှုံးခံပြီး လုပ်နိုင်မှာမဟုတ်ဘူး။ သူတို့ပေးရတဲ့လစာ၊ ရင်းနှီးရတဲ့ ငွေကြေးတွေပေါ် မူတည်ပြီး အမြတ်ရအောင်တော့ လုပ်မှာပဲ။ ဒါပေမယ့် နည်းမှန်လမ်းမှန်နဲ့ လုပ်နိုင်ဖို့တော့လိုမယ်” ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ခဲ့သည်။