စိတ်ချမ်းသာတဲ့ ကိုယ့်အိမ်၊ကိုယ်ယာ

ခင္ခJune 21, 20121min1178

မန္တလေးမှာဒီမနက်စောစော အိမ်ရှေ့ထွက်ထိုင်စဉ် မိုးလေးအုံမှိုင်းနေလို့ လွန်ခဲ့တဲ့ တစ်ဆယ့်ငါးနှစ်ကျော်လောက်တုံးက မှော်ဘီ၊မြောင်းတကာမှ ၅မိုင်လောက်သွားရတဲ့ ရွာလေးတစ်ခုက မူလတန်းအဆင့်စာသင်ကျောင်းလေးမှာ လုပ်အားပေး စေတနာဝန်ထမ်း  ကျောင်းဆရာအလုပ် လုပ်ခဲ့စဉ်က တွေ့ကြုံခဲ့ရတာလေးကို  သတိရရင်း၊တွေးနေမိတာလေးကို ရေးချင်စိတ်ပေါက်တာနဲ့ရေးဖြစ်တာပါ။

အဲဒီအချိန်တုံး ကျွန်တော်လုပ်အားပေးသွားလုပ်တဲ့ မူလတန်းကျောင်းရဲ့ မလှမ်းမကန်းမှာ အဖိုးနဲ့အဖွား နှစ်ယောက်တည်းနေတဲ့ အိမ်ခြံဝင်းလေးရှိတယ်။ အဲဒီတုံးက အဖိုးရဲ့အသက်က ၇ဝနှစ်၊ အဖွားရဲ့အသက်က ၆၈ နှစ်စီလောက်ရှိတယ်။အဖွားက အိမ်ရှေ့ခြံထောင့်မှာ အရပ်ထဲက လိုတာလေးဝယ်ရရုံ ကုန်စုံအိမ်ဆိုင်လေးဖွင့်ထားတယ်။ ငရုပ်သီး၊ကြက်သွန်၊ အာလူး စတဲ့မီးဖိုချောင်သုံး ပစ္စည်းလေးတွေနဲ့ မုန့်ထုပ်လေးတွေ၊ဆေးပေါ့လိပ်တွေ စသည်ဖြင့်ပေါ့။ အဖိုးကတော့ မှော်ဘီ၊မြောင်းတကာက ဆန်ဂိုဒေါင်မှာ တာလီစာရေးလုပ်တယ်၊တာလီစာရေး ဆိုတာ ဂိုဒေါင်ကဆန်အိတ်ကို ကားပေါ်တင်တဲ့အခါ ဆန်အိတ်ထမ်းတဲ့သူက လက်ထဲမှာ တုတ်ချောင်းလေးကိုင်ပြီး ထမ်းသွားရင်း ကားပေါ်တင်ခါနီးမှာ အဲဒီတုတ်ချောင်းကို သတ်မှတ်ထားတဲ့တုတ်ချောင်းပုံထဲပစ်ထဲ့သွားတယ်။ အဲဒီတုတ်ချောင်းတွေကို ရေတွက်လိုက်ရင် ကားပေါ်တင်တဲ့ဆန်အိတ်အရေအတွက် ရတာလေ။ ပြီးရင်အဲဒီတုတ်ကလေးတွေ ရေတွက်စာရင်းသွင်းတဲ့သူကို တာလီစာရေးလို့ခေါ်တယ်။ အဖိုးက အဲလို တာလီစာရေးလုပ်တယ်။ မနက်ဆို ထမင်းကြမ်းကို မြေပဲနဲ့ထမင်းဆီစမ်းလုပ်ပြီး ရေနွေးကြမ်းနဲ့ အဖိုး၊အဖွား ၂ယောက်စားပြီးရင် အဖိုးကစက်ဘီးလေးစီးပြီး အလုပ်လုပ်တဲ့ဆန်ဂိုဒေါင်ကိုသွားတာပေါ့၊ အဖိုးအလုပ်က တနင်္ဂနွေနေ့နားရတယ်။

အဖိုးနားတဲ့တနင်္ဂနွေနေ့တစ်ရက် ကျွန်တော်လည်းပျင်းတာမို့ နေ့လည်ဖက် အဖိုးတို့အိမ်ကို အလည်သွားရင်း ရေနွေးသောက်၊လ္ဘက်စားလို့ စကားစမည်းပြောဖြစ်ခဲ့တယ်။ အဲဒီမှာကျွန်တော်က အဖိုးကို သားသမီးတွေရှိလားလို့မေးရုံရှိသေးတယ် အဖိုးနဲ့အဖွားရဲ့ မျက်နာဟာပြုံးရွှင်သယောင်ဖြစ်ပြီး အဖိုးက ရှိတာပေါ့ဆရာရာ သားတစ်ယောက်၊ သမီးနှစ်ယောက်ရှိတဲ့အကြောင်း၊ အိမ်ထောင်တွေရလို့ မြေးတွေတောင်ရှိနေပြီဖြစ်ကြောင်း ၊ သားက မှော်ဘီမှာကျောင်းဆရာလုပ်နေကြောင်း၊ချွေးမကလည်း ကျောင်းဆရာမဖြစ်ကြောင်း၊ သမီးနှစ်ယောက်ကတော့ ရန်ကုန်မှာနေကြပြီး တစ်ယောက်က ဆရာဝန်ဖြစ်လို့ ကျန်တစ်ယောက်က ဆောက်လုပ်ရေးရုံးမှာ အင်ဂျင်နီယာဖြစ်ကြောင်း၊ ပညာတတ်တွေဖြစ်ပြီး အလုပ်အကိုင်တွေလည်း အဆင်ပြေနေကြကြောင်း မနားတမ်း ဂုဏ်ယူစွာဖွဲ့နွဲ့ပြောပြပါတယ်။ အဖိုးပြောနေတာကို အဖွားကလည်း ဝင်ပြောနဲ့ပေါ့။ဪ မိဘတွေများ သားသမီးတွေ အဆင်ပြေနေကြတာကို ဝမ်းသာဂုဏ်ယူနေတတ်ကြတာလို့ တွေးမိခဲ့ပါတယ်။

ဒါနဲ့ ကျွန်တော်က သူတို့တွေ အဲလိုအဆင်ပြေနေကြတာ အဖိုးနဲ့အဖွားကို သူတို့နဲ့အတူလိုက် နေဖို့သား၊သမီးတွေက မခေါ်ဘူးလားလို့ စပ်စုမေးကြည့်တော့ အဖွားက ခေါ်ပါ့ဆရာလေးရေ ခေါ်ပါ့တဲ့၊ အဲဒီမှာအဖိုးက သူတို့က သူတို့နဲ့ လာနေဖို့ခဏတမ်းခေါ်ပါတယ် အထူးသဖြင့် မှော်ဘီကသားနဲ့ချွေးမက သူတို့နဲ့လာနေဖို့၊ သူတို့အိမ်မှာလည်း လူကြီးရှိတာမဟုတ်လို့ အဖေနဲ့အမေလာနေရင် ပိုတောင်ကောင်းအုံးမယ်ဆိုပြီး ခဏတမ်းခေါ်တယ်တဲ့၊ အဖွားကုန်စုံအိမ်ဆိုင်လေးက လိုတဲ့ပစ္စည်းကို ဆန်သယ်တဲ့ကားနဲ့ အဖိုးက သားဆီစာနဲ့ငွေနဲ့ အကြုံပါးလိုက်ရင်၊ နောက်ရက်ဆန်ဂိုဒေါင်လာတဲ့ကားကြုံနဲ့ ချွေးမကဝယ်ပြီးပြန်ထဲ့ပေးလိုက်တဲ့ အခါတိုင်း သူတို့နဲ့လာနေဖို့ စာရေးပြီးခေါ်တာလည်း အကြိမ်မနည်းဘူးတဲ့လေ။

ကျွန်တော်ကဒါဆို အဖိုးနဲ့အဖွား သွားနေလိုက်ပေါ့၊ အဲလိုသွားနေရင် အဖိုးလည်းစက်ဘီးလေး မောင်းပြီးအလုပ်သွားစရာမလိုသလို အဖွားလည်း အိမ်နောက်ဖေးမှာအလုပ်လုပ်နေတုံး ဈေးဝယ်လာရင် အပြေးလေးထွက်လာစရာမလိုတော့ဘူး မပင်ပန်းတော့ဘူးပေါ့လို့ပြောတော့။ အဖိုးကပြန်ပြောတဲ့စကားကို ဒီနေ့သတိရတွေးနေမိတာပါ။

အဖိုးပြောတဲ့စကားက ဆရာရယ် ကိုယ်ဖာကိုယ်နေတော့လည်း ကိုယ်စားဖို့သောက်ဖို့ စရိတ်လေးတော့ရှာရတယ်ဆိုပေမယ့်  သူတို့နဲ့သွားနေတဲ့အခါ  မိဘကအသက်ကြီးပြီမို့ ဘာမှမလုပ်ဘဲနေစေပြီ အိပ်လိုက်၊ စားလိုက်၊ စာဖတ်လိုက်၊ ဘုရားရှစ်ခိုးလိုက် သက်တောင့် သက်သာနေရပါတယ်၊ ဒါပေမယ့် ကြာလာတော့ ကိုယ်ကသူတို့အတွက်လူပိုများ ဖြစ်နေမလား ဆိုတဲ့အတွေးတွေ တွေးမိပြီးနေရတာ စိတ်ကျဉ်းကျပ်သလိုဘဲလေ၊ ဘာဘဲဖြစ်ဖြစ် ကိုယ့်အိမ်ကိုယ်ယာမှာ နေရတာလောက်တော့ စိတ်ချမ်းသာမှု့က ဘယ်တူမလဲတဲ့လေ။

ရွာသားအပေါင်းလည်း ကိုယ့်အိမ်၊ကိုယ့်ယာမှာ ကျန်းမာလို့ စိတ်ချမ်းသာပြည့်စုံစွာ နေနိုင်ကြပါစေလို့ဆန္ဒပြုရင်း။

 

 

8 comments

  • mamanoyar

    June 21, 2012 at 1:02 pm

    အဖိုးနဲ့ အဘွားက သူ့အိမ်လေးကို မခွဲနိုင်လို့နေမှာပေါ့

  • MaMa

    June 21, 2012 at 1:57 pm

    (ဘာဘဲဖြစ်ဖြစ် ကိုယ့်အိမ်ကိုယ်ယာမှာ နေရတာလောက်တော့ စိတ်ချမ်းသာမှု့က ဘယ်တူမလဲတဲ့လေ။)
    မှန်လိုက်တာ စာရေးသူရယ်။
    အဖိုးနဲ့ အဖွားက ကျန်းမာနေသေးတော့ ကိုယ့်အိမ်ကိုယ့်ယာမှာ နေ့စဉ်လုပ်ငန်းကိုင်ငန်းလေးတွေလုပ်ပြီး နေရတာကိုက စိတ်ချမ်းသာစရာပေ့ါ။
    ဒါပေမယ့် အဖိုး (သို့) အဖွား တစ်ယောက်ယောက် မကျန်းမာရင် (သို့) ခွဲထွက်သွားရင်တော့ တစ်ယောက်တည်းနဲ့ ရပ်တည်နိုင်မှာ မဟုတ်လို့ ကိုယ့်အိမ်ကိုယ့်ယာ ဘယ်လိုပင်ပျော်ပိုက်ပါသော်လည်း စွန့်ခွာထွက်သွားရဦးမှာ……..
    🙁

  • Mon Kit

    June 21, 2012 at 2:00 pm

    ဟုတ်တာပ… ကိုယ့်အိမ်ကိုယ့်ယာ လောက်စိတ်ချမ်းသာတာ ဘယ်ရှိမလဲ….
    ရှေးလူကြီးသူမ တွေဆို ပိုအစွဲအလန်းကြီးတယ်… ကိုယ့်အိမ်ယာက်ို ခင်တွယ်တဲ့အပြင် သေရင်တောင် ဇာတိချက်ကြွေ မွေးရပ်မြေကို ပြန်ပီး ခေါင်းချ ချင်ကြတယ်…

  • စိန်ဗိုက်ဗိုက်

    June 21, 2012 at 2:09 pm

    အိမ် ဆိုတာထက်..
    ကျောတစ်ခင်းစာ မနဲရှာနေရသူပါဗျာ..
    ရွာထဲက အုပေဆိုတာတော့ အိမ်တွေပေါသဗျာ..
    စာကလေးအိမ်တို ့ နှံပီစုတ် အိမ်တို ့ တစ်လုံးပြီးတစ်လုံး ကိုယ်တိုင် ဆောက်လုပ်ရောင်းချနေတယ်ဆိုဘဲ..
    မရှိတဲ့လူတွေ အုပေဆီမှာ အိမ်လျှောက်ထားနိုင်ပါကြောင်း

  • ဦးဦးပါလေရာ

    June 21, 2012 at 2:17 pm

    ကိုယ့်အိမ် ကိုယ့်ယာဆိုတာ အိပ်ဖို့ ထိုင်ဖို့ နေရာဆိုတာထက် အများကြီးပိုတဲ့ အဓိပ္ပါယ်မျိုး ရှိပါတယ်။
    ကိုယ့်အိမ်နီးချင်း၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လူမှု့ဘဝ၊ ကိုယ်ဆွမ်းလောင်းနေကျဘုန်းကြီး၊ ကိုယ်မြင်နေကျ မြင်ကွင်း၊ ကိုယ်ရှုရှိုက်နေကျ လေညင်း….
    အဲဒါ… အဲဒါ… တွေ ကို ပေါင်းပြီး နားလည်ရပါတယ်။

    အထူးသဖြင့်တော့ မြို့စွန်ကျေးလက်ကလူတွေဟာ ထောင်ကျနေတာနဲ့တူတဲ့ မြို့ထဲတိုက်ခန်းတွေမှာ မနေနိုင်ပါဘူး..။
    အတင်းခေါ်ထားရင်လဲ ပျင်းပြီး ရောဂါရ မြန်မြန်သေတာများတယ်…။

    ဒါကြောင့် နယ်ကမိဘတွေကို မြို့ထဲကတိုက်ခန်းမှာခေါ်ထားချင်ရင် အရင်ဆုံးအင်တာနက်သင်ပေးပြီး အင်တာနက်လိုင်းရယ် ကွန်ပျူတာရယ် ဝယ်ပေး ထားသင့်တယ်…။

  • Thel Nu Aye

    June 21, 2012 at 4:16 pm

    သားတွေ ချွေးမတွေမျက်နှာကြည့်နေရတာထက် ကိုယ်တွေအဖိုးကြီးအဖွားကြီးအေးတူပူမျှနေရတာဟာ စိတ်ချမ်းသာစရာအကောင်းဆုံးပဲလေ။ ကိုယ့်အိမ်လေးမှာကိုယ်ဘုရင်ပဲပေါ့။ သားအိမ်လိုက်နေရင် သူတို့ဘုရင်လေ။

  • မွန်မွန်

    June 21, 2012 at 4:45 pm

    ဟုတ်တယ်…တစ်ခါတစ်လေ တစ်သမတ်တည်း ဖြတ်သန်းနေရတဲ့ ဘဝမှာ မွန်းကျပ်မှုတွေကြုံလာခဲ့ရင် ဇာတိမြို့အိမ်လေးက အမေ့ရင်ခွင်ကို ခဏလေးဖြစ်ဖြစ်ပြန်ချင်တယ်…။

    အမေ့ကို လာနေဖို့ ခေါ်ရင်လည်း တစ်နေကုန် တစ်ယောက်တည်း ကျန်ခဲ့မှာကို သနားမိတယ်။ ဘာပဲဖြစ်ဖြစ် နယ်မှာက အိမ်နီးနားချင်းဆိုတာ မိသားစုပဲလေ။ အလုပ်တစ်ဖက်နဲ့ သမီးထက်တော့ ပိုဂရုစိုက်နိုင်မှာပဲလို့ ထင်မိတယ်။ အမေနေမကောင်းရင်တောင် အလုပ်ပျက်ခံပြီး ပြုစုပေးနိုင်ပါ့မလားလို့ တွေးမိတယ်။ ရုံးတစ်ရက်ပျက်ရင် နစ်နာမှာက မနည်းဘူးလေ။ တစ်ခါတစ်လေလည်း ငါမှားပြီလားလို့ တွေးမိတယ်။

  • သားဦး၊မြေးဦး

    June 23, 2012 at 9:27 am

    ကိုခင်ခရေ ကျနော့်အဖွားတွေလဲ သူတို ့မွေးရပ်မြေမှာဘဲ
    သေတဲ့ထိနေသွားမယ်တဲ့ဗျာ။ကျန်းမာရေးအတွက်မြို ့ကို
    ခေါ်ထားမယ်ဆိုတာ ကို မရဘူးဗျာ။

Leave a Reply