ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်သစ်များ ရှာဖွေဖော်ထုတ်မှုကို ရုရှားနိုင်ငံအပါအဝင် ပြည်ပကုမ္ပဏီများ အကျိုးတူဆောင်ရွက်နေ ရတနာနှင့် ရဲတံခွန်သဘာဝဓာတ်ငွေ့မြေမှ နေ့စဉ် သဘာဝဓာတ်ငွေ့ကုဗသန်းတစ်ထောင်ကျော် ထုတ်ယူရောင်းချလျက်ရှိ

klnJune 25, 20101min861

မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့များ ထုတ်ယူရန် လုပ်ကွက်သစ်များ ရှာဖွေဖော်ထုတ်ခြင်းကို ရုရှား၊ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယားနိုင်ငံတို့အပြင် အာဆီယံဒေသတွင်း နိုင်ငံများဖြစ်သော မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံတို့နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ကမ်းလွန်သဘာဝဓာတ်ငွေ့မြေများဖြစ်သည့် မုတ္တမကမ်းလွန်ပင်လယ်ပြင်မှ ရတနာသဘာဝ ဓာတ်ငွေ့မြေနှင့် တနင်္သာရီကမ်းလွန်ပင်လယ်ပြင်ရှိ ရဲတံခွန်သဘာဝ ဓာတ်ငွေ့မြေမှ နေ့စဉ်သဘာဝဓာတ်ငွေ့ ကုဗသန်းပေါင်းထောင်ကျော်ခန့် ကို ထုတ်လုပ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ကမ်းလွန်ရေနံမြေသစ်များကို တိုးချဲ့ရှာဖွေရာတွင် ရခိုင်ကမ်းလွန်ပင်လယ်ပြင်၊ မုတ္တမကမ်းလွန် ပင်လယ်ပြင်၊ တနင်္သာရီကမ်းလွန် ပင်လယ်ပြင်များတွင် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ မလေးရှား၊ စင်ကာပူနိုင်ငံတို့မှ ကုမ္ပဏီများနှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မုတ္တမကမ်းလွန် ပင်လယ်ပြင်တွင် လက်ရှိအနေဖြင့် ရတနာသဘာဝ ဓာတ်ငွေ့စီမံကိန်းကို ပြင်သစ်နိုင်ငံ တိုတယ်ရေနံကုမ္ပဏီ၊ အမေရိကန်နိုင်ငံ ယူနိုကယ်ကုမ္ပဏီ၊ ထိုင်းနိုင်ငံ PTTEPI ကုမ္ပဏီတို့က လာရောက် ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းများ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ မုတ္တမကမ်းလွန်ပင်လယ်ပြင်တွင် ဇောတိကကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တနင်္သာရီ ကမ်းလွန်ပင်လယ်ပြင်တွင် ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းကို မလေးရှားနိုင်ငံမှ ပက်ထရိုနပ်ကုမ္ပဏီ၊ ဂျပန်နိုင်ငံမှ နိပွန်ကုမ္ပဏီ၊ ထိုင်းနိုင်ငံမှ PTTEPI ကုမ္ပဏီတို့က ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ ယင်းအပြင် ရခိုင်ကမ်းလွန်ပင်လယ်ပြင်တွင်လည်း ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းကို တောင်ကိုရီးယားနိုင်ငံမှ ဒေဝူးကုမ္ပဏီနှင့် ကိုရီးယား ဂက်စ်ကုမ္ပဏီ၊ အိနိ္ဒယနိုင်ငံမှ ONGC Videsh ကုမ္ပဏီနှင့် GAIL ကုမ္ပဏီတို့က ရင်းနှီးမြှုပ်နှံဆောင် ရွက်နေသည်ဟု သိရသည်။ အဆိုပါ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ၂၀၁၃ ခုနှစ်တွင် ပြည်ပနိုင်ငံများသို့ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

One comment

  • chitsayar

    June 26, 2010 at 7:36 pm

    လက်ရှိတွင် ကမ်းလွန်သဘာဝဓာတ်ငွေ့မြေများဖြစ်သည့် မုတ္တမကမ်းလွန်ပင်လယ်ပြင်မှ ရတနာသဘာဝ ဓာတ်ငွေ့မြေနှင့် တနင်္သာရီကမ်းလွန်ပင်လယ်ပြင်ရှိ ရဲတံခွန်သဘာဝ ဓာတ်ငွေ့မြေမှ နေ့စဉ်သဘာဝဓာတ်ငွေ့ ကုဗသန်းပေါင်းထောင်ကျော်ခန့် ကို ထုတ်လုပ်ရောင်းချပေးလျက်ရှိပြီး ဘီလူးကျွန်း ရှိ ခြောက်ဆယ့်လေးရွာအား တစ်အိမ်ထောင် လျှင် ရေနံဆီ နှစ်ဆယ်သားနှုန်း ဖြင့် ရောင်းချပေးလျှက် ရှိပါသည်။

Leave a Reply