ပါတီဝင်အင်အားစုဆောင်းခြင်း စည်းမျဉ်းများထုတ်ပြန်

klnJune 25, 20101min662

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများလိုက်နာရန် ရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၂၂ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်သည်။ နိုင်ငံရေးပါတီများအနေဖြင့် စည်းရုံးရေးများ ပြုလုပ်ရာတွင် ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်သည့် နေရာများတွင် စုဝေးခြင်းနှင့်ဟောပြောခြင်းနှင့် ထိုသို့ ဟောပြောရန်အတွက် ကော်မရှင်သို့ ‘အနည်းဆုံး ခုနစ်ရက်’ ကြိုတင်ခွင့်ပြုမိန့်လျှောက်ထားရန် လိုအပ်ကြောင်းထုတ်ပြန်သည်။ ပါတီဌာနချုပ်နှင့် ရုံးခွဲများတွင် ဟောပြောခြင်းများပြုလုပ်ပါက ခွင့်ပြုချက်မလိုဘဲ၊ ကော်မရှင်သို့အနည်းဆုံးခုနစ်ရက်အသိပေးရန် လိုအပ်ကြောင်း ပါရှိသည်။ ညွှန်ကြားချက်အရ ဟောပြောပွဲပြုလုပ်မည့်ပါတီအနေဖြင့် နေရာ၊ အချိန်၊ဟောပြောပွဲစတင်မည့် အချိန်နှင့် ( ခန့်မှန်း) တက်ရောက်မည့် အင်အား( ခန့်မှန်း)နှင့် ဟောပြောမည့်ပုဂ္ဂိုလ်များ၏ အမည်နှင့်လိပ်စာများ စသည်တို့ကို လျှောက်လွှာတွင်ဖော်ပြပေးရန်လိုအပ်ကြောင်းသိရသည်။ ၎င်းပြင် နိုင်ငံရေးပါတီများအနေဖြင့် ဟောပြောပွဲပြုလုပ်မည့်နေရာသို့ စီတန်းလှည့်လည်ခြင်း၊ ကြွေးကြော်ချီတက်ခြင်းမလုပ်ရန် ၊ပြည်သူများနှင့် ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်စေနိုင်သည့် လုပ်ရပ်မျိုးမပြုလုပ်ရန်တို့ကိုလည်း ညွှန်ကြားချက်တွင်ဖော်ပြထားသည်။ ပါတီများ၏ လက်ကမ်းစာစောင်၊ ဂျာနယ်များထုတ်ဝေရာတွင်လည်း ပြည်ထောင်စု တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ တရားဥပဒေစိုးမိုးမှု၊ နိုင်ငံတော်အကြည်ညိုပျက်ပြားမှု၊ တပ်မတော်ပြိုကွဲရေးကိုဖြစ်ပေါ်စေရန် ဟောပြောခြင်း၊ ရေးသားပုံနှိပ်ခြင်းတို့ကို မပြုလုပ်ရန်ညွှန်ကြားထားသည်။ နိုင်ငံရေးပါတီများအနေဖြင့် အဆိုပါညွှန်ကြားချက်များအားဖောက်ဖျက်လျှင် တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမှုအပြင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရလည်းအရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခြင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်သစ်ကျောင်းသားလူငယ်များ (မြန်မာပြည်) မှ ဇွန်လ ဒုတိယပတ်တွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ ရုံးခွဲများသို့ အလံကိုင်ဆောင်ကာ စီတန်းလှည့်လည်ခြင်းများပြုလုပ်ပြီးနောက်ပိုင်းထွက်ပေါ်လာခြင်းဖြစ်သည်။ အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဦးအုန်းလွင်က ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြင့် ဟောပြောပွဲများ မည်သို့လုပ်ဆောင်ရမည်ကို သိရသဖြင့် ကြေညာချက်ကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

2 comments

  • yannaingech

    June 25, 2010 at 6:51 am

    ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ လွတ်လပ်စွာဟောပြောခြင်း၊ စီတန်းလှည့်လည်ခြင်းများကို ခွင့်ပြုထားပါတယ်။ အခုအချိန်က ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်သေးလို့ထင်ပါတယ်။ တကယ်တမ်းတော့ လွတ်လပ်စွာဟောပြောခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ကို ထိခိုက်နေတာ အမှန်ပါပဲ။

  • chitsayar

    June 26, 2010 at 7:26 pm

    အောင်မာ အောင်မာ ရုက္ခစိုး က ခင်ဗျားလား? နိုင်ငံတော်ဥပဒေကို တောင်ပြော မြောက်ပြောနဲ ့

Leave a Reply