ပုဂ္ဂလိကပိုင်အဖြစ်ရယူထားသည့် ယခင်နိုင်ငံပိုင်စက်ရုံအချို့ကို ပြည်ပကုမ္ပဏီများ ရင်းနှီးမြှုပ်နှံလာကြောင်းသိရ စက်ရုံလေလံအောင်ထားသူအချို့ပြည်ပမှ သွယ်ဝှိက်မြှုပ်နှံလာသူများကြောင့် အမေရိကန်ဒေါ်လာသန်းချီ၍ အကျိုးအမြတ်ရ

klnJune 25, 20101min751

ပုဂ္ဂလိကပိုင် ပြုလုပ်ထားသည့် ယခင်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်မည့် အခြေအနေရှိနေကြောင်းနှင့် အချို့စက်ရုံအား ပြည်ပကုမ္ပဏီအချို့မှ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လာကြောင်း သိရပါသည်။ ထိုသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်သည့် လုပ်ငန်းရှင်အချို့၊ စီးပွားရေးလုပ်ငန်းအုပ်စုအချို့မှာ အမေရိကန် ဒေါ်လာသန်းချီ၍ အကျိုးအမြတ် ဖြစ်ထွန်းလာကြသည်ဟု ပုဂ္ဂလိက စီးပွားရေးဈေးကွက်အတွင်းမှ သတင်း ရရှိပါသည်။ ” နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်လုပ်လိုက်တော့ အချက်အချာကျတဲ့ နေရာမှာရှိတဲ့ ဧရိယာကျယ်ဝန်းတဲ့ စက်ရုံတွေတော်တော်များများကို လေလံဆွဲကြတယ်။ အဲဒီ စက်ရုံတွေထဲက တချို့စက်ရုံတွေမှာ နိုင်ငံခြားသားတွေ လာရင်းနှှီးမြှုပ်နှံမယ်လို့ လုပ်ငန်းရှင်တွေထဲမှာတော့ သိထားကြတယ်။ စက်ရုံတစ်ရုံဆိုရင် ပြည်ပက ရင်းနှီးမြှုပ်နှံမှုပြုလာတဲ့အတွက် အမေရိကန်ဒေါ်လာ သန်း ၁ဝ ဂဏန်းနီးပါးလောက်ကို အကျိုးအမြတ်ရသွားတယ်လို့ သိရတယ်။ လေလံဆွဲထားတဲ့ လုပ်ငန်းစု၊ လုပ်ငန်းရှင်ဆီကို ပြည်ပကုမ္ပဏီတချို့လာပြီး မြှုပ်နှံတယ်လို့ ကြားရတယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုပြုရန် စိတ်ဝင်စားမှု မြင့်မားသူများမှာ ဗီယက်နမ်၊ တရုတ်၊ ထိုင်းစသည်ဖြင့် စီးပွားရေးလုပ်ငန်းရှင်များဖြစ်ပြီး ဗီယက်နမ်အနေဖြင့်မူ လက်ရှိတွင် မြန်မာနိုင်ငံ၌ ဘဏ်လုပ်ငန်းတစ်ခုပင် လာရောက် အခြေစိုက်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် နောက်ပိုင်းမှစ၍ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံပိုင် သိမ်းဆည်းထားသော အိမ်ခြံမြေ၊ ဂိုဒေါင်များနှင့် ဆိပ်ကမ်းနေရာများကို ပုဂ္ဂလိကပိုင်အဖြစ် ပြုလုပ်ခဲ့ရာ၌ ပုဂ္ဂလိကပိုင်ပြုလုပ်ခဲ့သည့် အရေအတွက်အားလုံး၏ ၇ဝ ရာခိုင်နှုန်းဝန်းကျင်မှာ ပုဂ္ဂလိကလက်ဝယ်သို့ ရောက်ရှိခဲ့ပြီးဖြစ်ကြောင်းသိရသည်။