၁၉၉၈ ခုနှစ် ၆ လပိုင်း
( ၁၃ ) ရက်နေ့ မှာ ဘယ်တော့ မှ အချစ် အတွက် ကံ မကောင်း နိုင်မဲ့ လူတယောက်ကို မင်းရှိတဲ့ ကျောင်းနဲ့ မင်းရှိတဲ့ မြို့က ကြိုဆိုခဲ့တယ် ။ မေဂျာ တူ ပေမဲ့ စာသင် ခန်း မတူတဲ့ မင်းကို တရုတ် နှင်းဆီ ပင် လေး အကာအကွယ် ယူပြီး ငါ နေ့တိုင်းကြည့်ခဲ့တယ်။ တနေ့ ငါ့ဘေးကို ကျောင်းသား တယောက် ရောက်လာတယ်။ ပြီးတော့ သူက မင်းရှိရာ ကို လက်ညှိုး ထိုးပြီး အဲဒါ ငါ့စော် တဲ့ ။ ငါ မယုံ ခဲ့ပါဘူး။ ယုံလည်း မယုံချင်ဘူးကွာ။ နောက်တော့ သူကော မင်းပါ ငါ့သူငယ် ချင်းတွေဖြစ်လာတယ်နော် ။ ဒို့တွေ စာ အတူတူ ကျက်ခဲ့တဲ့ နေ့ရက်တွေထဲက တရက်ကို ငါ့တသက် လုံးမေ့တော့ မှာ မဟုတ်ဘူး ။ ဆောင်းရက် တွေထဲ က တရက်လေ ။ မင်း အအေးမိချင် နေတယ်လို့ ပြောပြီး ခဏကြာ တော့ အနွေးထည် ချွတ်တယ် ။ ငါက ပြန်ဝတ် ဖို့ ပြောတော့ မင်းက ဟင့်အင် မဝတ် ချင်ဘူးတဲ့ ။ ငါလည်း စိတ်မရှည် လို့ ထဝတ်ပေး မိပြီးမှ ပတ်ဝန်းကျင် ဆိုတာ သတိဝင်လာ ခဲ့တယ်။ မင်းမှာ ပိုင်ရှင် ရှိတယ်လေ ။ ငါ့ဘဝ မှာ ငါအရှက် ဆုံး နေ့ရက်တရက် ကို မင်းကို ပြောပြဦးမယ်။ အိမ်က ကျောင်းစရိတ် လုံးဝ မထောက် ပံ့နိုင်တဲ့ ငါ့ကို ကျောင်းအားချိန်တွေမှာ ကျောင်းစရိတ် ရှာတဲ့ ငါ့ကို ထောက်ပံ့ဖို့ဆိုပြီး တမြို့တည်းသား သူငယ်ချင်း မဟုတ်သူက ငါ့ကို အသိမပေးပဲ အလျှု ငွေတွေလိုက်ကောက်နေတယ်လို့ မင်းပြောလာတုန်းကပေါ့ ။ ငါအရမ်း ဝမ်းနည်းခဲ့ရတယ် ။ မင်းလည်း အဲဒီ နောက် ပိုင်းကစပြီး ငါ့အပေါ် မှာ ဂရုဏာ ပိုထားသလိုပဲ ။ မင်းမှတ်မိ သေးလား? တရက် ပုံဆွဲခန်း ထဲ မှာလေ မင်းငါ့ အနားရောက်လာပြီး ငါ့ကွန်ပါဘူး ကို ဖွင့်တယ် ။ ခဲတံ ငှါး မလို့ လို့ မင်းပြောခဲ့တယ် ။ ပြီးတော့ ပိုက်စံ ( ၂၀၀၀ ) ကို သေးသေး လေးတွေ ကျစ်ပြီး မင်းထည့် ပေးသွားတယ် ။ ဘော်ဒါလိုင်း တားဖို့ ခဲတံ ရှာမှ ငါသိတယ် ။ ငါ ငွေ အရမ်း လိုနေခဲ့တဲ့အချိန် ပါ ။ ဒါပေမဲ့ မင်းကို ငါ သိသိချင်းပြန်ပေး ချိန်မှာတော့ မင်းက မငြင်းရဘူး ယူရမယ်တဲ့ ။ ငါမှတ်မိ တယ် အဲဒီနေ့က စက်အစိတ်အပိုင်း ပုံလေးက အမှတ် ( ၁၀၀ ) ရတယ်။ ကျောင်းဆင်းချိန် အပြန်လမ်း လူရှင်းတဲ့ နေရာ ရောက်တော့ ငါ သီချင်း တပိုင်းတစ ကို အကျယ်ကြီး အော်ဆို ခဲ့တယ်။ မင်းလောက် ကိုယ့်အပေါ် ဘယ်သူမှ မကောင်းဘူး ဆိုတဲ့ သီချင်းလေ ။ မင်းအတွက် ငါနေတဲ့ ဘုန်းကြီး ကျောင်းက ခရေပင်ပေါ်ကို ညဘက် ဓာတ်မီးနဲ့တက်ပြီး ခရေပန်းတွေ ခူးပေးခဲ့တယ်။ မင်းကို ပေးခဲ့တဲ့ ခရေ ပန်းတွေက အကြွေပန်းတွေ မဟုတ်ခဲ့ပါဘူးကွာ ။ ညဘက် တက်ခူးခဲ့ရတာကလည်း ငါ့မှာ အချိန်မရှိခဲ့လို့ပါ။ ပြီးတော့ မင်း ငါ့ကို အသားကပ် စတစ်ကာ ပုံလေးတွေ တကိုယ်လုံး ကပ်တဲ့ နေ့လေး ကို ငါမေ့မရဘူး ။ အဲဒီနေ့ က မင်းပျော်သလို ငါလည်း အရမ်း ပျော်ခဲ့တယ် ။ ညနေရောက်တော့ ဆံပင်တွေရှည်နေတဲ့ငါ့ကို ဆံပင် ဖြတ်ဆိုင်လိုက်ပို့တယ် ။ မင်းက ဆံပင်ညှပ် ဆရာကို တိုင်တန်းနစ် မင်းသားကေ ညှပ်ပေးလို့ ပြောခဲ့တယ်။ အဲဒီ ဆံပင်ပုံစံ ငါမထားချင်ပေမဲ့ အချိန်အကြာထားခဲ့တယ်။ ငါနဲ့ မလိုက်ဖက် မှန်း သိပေမဲ့ မင်းလိုချင်တဲ့ ပုံစံလေ ။ အဲဒီ နေ့ ညနေက စပြီး မင်း နဲ့ မင်းပိုင်ရှင်နဲ့ အဆင်မပြေမှု လေးတွေ ရှိတယ်ဆိုတာ ငါသိပါတယ်။ ဒါကြောင့် လည်း ရက်အနည်းငယ် ငါ တယောက် တည်းနေခဲ့တာပေါ့ ။ တဘက် မှာ လည်း ငါ့ ဘဝ ငါ့အခြေအနေ က ရှိသေးတယ်လေ ။ တည မှာတော့ ငါနေတဲ့ နေရာကို မင်းပိုင်ရှင် ရောက်လာတယ် ။ ပြီးတော့ သူ့ အိမ်ခေါ်ပြီး သူ့မိသားစုနဲ့လည်း မိတ်ဆက်ပေးတယ်။ နောက်တော့ ဒို့( ၂ ) ယောက် သူ့အိမ် ရှေက ကားအမိုး ပေါ်မှာ စကားပြောခဲ့တယ်။ ငါကတော့ နားထောင် သူပေါ့ ။ သူပြော သမျှ အကြောင်းအရာတွေ က သူမင်းကို သိပ်ချစ်တဲ့ အကြောင်း တွေပါ။ ငါ ဘာမှ မပြောနိုင်ခဲ့လို့ နားထောင်ပြီးပြန်ခဲ့တယ်။ ငါလည်း ယုံကြည် ပါတယ် ။ သူမင်းကို တကယ်ချစ်တယ်ဆိုတာကိုလေ။ ခုချိန်မှာ ငါမမေ့နိုင်လို့ဆယ်စုနစ် တခုကျော်ကြာ မြိုသိပ်ထားရတာ ပင်ပန်းလွန်းလို့ မင်းကိုငါ မမေ့နိုင်တဲ့ အကြောင်း တွေ ထပ်ပြောပါရစေ။ ကျောင်း ( ၁၀ ) ရက် ပိတ်လို့ သူငယ်ချင်း တယောက်က သူ့ရွာကို အလည် ခေါ်လို့ ငါလိုက် သွားခဲ့တယ် ။ ရေသစ် မြေသစ် မို့ ထင်ပါရဲ့ ငါဝမ်းတွေ သွားတယ်။ရွာ ထုံးစံ အတိုင်း သူငယ်ချင်းအမေက ငါ့ကို ဆီထဲကို နနွန်း ခပ်ပြီးတိုက်တယ်။ သက်သာလာ တော့ ကျောင်းဖွင့်ချိန် ထက်စောပြီး ကျောင်းကို ပြန်ခဲ့တယ်။ အဆောင် နေ ကျောင်းသားတွေ ပြန်မရောက်သေးတာမို့ အိမ်မပြန်ပဲ အဆောင် မှာ တယောက် တည်းကျန်နေတဲ့ သူငယ်ချင်း ကိုအဖော်လုပ်ပြီး သူ့အဆောင် မှာပဲ ဆက်နေလိုက်တယ်။အဲဒီအချိန်မှာ ဝမ်းကရပ်ရာက နေ လုံးဝ မသွားတော့ဘူး။ တရက်ပြီး တရက်ကုန်လာတယ် ။ နှုတ်ခမ်းမှာလည်း အပူဖုတွေဖြစ်တယ်။ ဖျားလည်းဖျားလာပြီးအစာမစားနိုင် ဖြစ်လာပြီး အားနည်းလာတယ် ။ အဲဒီနေ့ မနက်က အိပ်ယာထဲလှဲနေရင်း အိပ်မက် မက်တယ် ။ အိပ်မက်ထဲမှာ မင်းငါရှိရာကို လာနေတယ် ။ အိပ်မက်ကနိုးတော့ ငါမင်းကို လွမ်းလိုက်တာကွာ ။ ဒါပေမဲ့ သိပ်မကြာပါဘူး ။ သူငယ်ချင်း က ငါနိုးပြီ မှန်း သိလို့ အသံကျယ်ကျယ် နဲ့ လှမ်းအော်ပြီး ပြောတယ် ။ အဆောင် ရှေမှာ မင်းရောက်နေတယ်တဲ့ ။ မင်းနဲ့အတူ တခြားငါ့သူငယ်ချင်း မိန်းကလေး ( ၃ ) ယောက်ပါလာခဲ့တယ်။ ပြီးတော့ ငါ့ခုတင်ရှိရာကို မင်းရောက်လာပြီး ငါ့အဝတ်အစား တွေကိုလဲ ပေးတယ် ။ မင်းယူလာတဲ့ ဆေးဝါးတွေနဲ့အစား အစားတွေ ပြပြီး ငါ့ကို ( ၅ ) မိနစ် ဆန်ပြုတ်တိုက်တယ် ။ မင်းပေးတဲ့ ဆေးဝါးနဲ့ အဟာရ တွေ ကြောင့်ပဲ ငါပြန်ပြီး ကျန်းမာလာခဲ့တယ်။ အဲဒီနေ့ က ကဗျာ လေး တပုဒ် ကို ငါ့ရင်ထဲ မှာ ရေးခဲ့မိတယ်။မင်းမသိခဲ့တဲ့ ကဗျာလေး တပုဒ်ပေါ့။

လေဟာနယ်ဖြစ်နေတဲ့ ငါ့နှလုံးသားကို
မင်းက ဖိအားပေးခဲ့ပြီ
ငါ့ စိတ်နံရံတွေ တဘုန်းဘုန်းလဲ
မင်းပဲ
မင်းပဲ အရာရာ
ငါဘာမှ နားမလည်
ငါဘာမှ နားမလည် ချင်တော့
တကယ်တော့ ငါ့ဘဝဟာ
ကြယ်တွေ စုံ နေပေမဲ့ လမိုက်ညကြီးပါ။
ပိတ်မှောင် နေတဲ့ သန်းခေါင်ည မျိုးကြီးပေါ့။
ခုတော့ မင်းက ငါ့ဘဝရဲ့ လမင်းကြီး အဖြစ် သာတယ်။
ငါပျော်ရွှင်ပါတယ် ။
ဒါပေမဲ့
ကြယ်တွေ မမြင်အောင်ပေါ့။ ။

About Yunn Nady

Yunn Nady has written 2 post in this Website..