ရသေ့စိတ်ဖြေ၍ အကောင်းမြင်ဝါဒဖြင့် ကြည့်လေသော်

သူရႆဝါJune 22, 20121min1452

ရသေ့စိတ်ဖြေ၍ အကောင်းမြင်ဝါဒဖြင့် ကြည့်လေသော်
– သူရဿဝါ –

ပြောနေ ဆိုနေကျ အတိုင်းပင် ခေတ်သည်ကား .. ဟူ၍ အစပြု ပါမည်။ ခေတ်သည်ကား လူမှု အခြေပြု ခေတ်မှသည် နည်းပညာ အခြေပြု ခေတ်ဆီသို့ ရွေ့လျား သွားခဲ့ပြီ။ အိုင်တီ – သတင်း အချက် အလက်နှင့် နည်းပညာ ခေတ်၊ အိုင်စီတီ – သတင်း အချက် အလက် နည်းပညာနှင့် ဆက်သွယ်ရေးခေတ်။ အီလက် ထရွန်းနစ် ကလည်း ဒီခေတ်မှာ ချန်ထား ခဲ့လို့ မရ။ အီးဘွတ်ခ်၊ အီးအက်ကျူကေးရှင်း၊ အီးလိုင်ဘရီ၊ အီးဂါးဗားမန့်၊ အီးဘန့်ခ်ကင်း စသည်ဖြင့် အီးအခြေပြု လုပ်ငန်းတွေလည်း ထွန်းကား တိုးတက်ရန် ကြံစည် နေပြီ ဆိုတော့ အရေးပါသည်။ ဒီတော့ မောင်ဝါဝါတို့ အီးခေတ်နှင့် အိုင်ခေတ် ကြားထဲတွင် သင့်တင့် လျှောက်ပတ်စွာ နေတတ်ကြဖို့ ကြိုးစားရသည်။

ခေတ်သည်ကား .. ခေတ်သည်ကား ဟူ၍ ရေးနေမိ သဖြင့် ပညတ်သွားရာ ဓါတ်သက် ပါသလားတော့ မသိ။ ခေတ်သည် ကားကား ယားယား ဖြစ်၍ လာပြန် လေသည်။ နည်းပညာ ခေတ်မှသည် နည်းပညာ ပစ္စည်းခေတ် ဖြစ်လာ၍ အိုင်တီပစ္စည်းများ (IT Gadgets)၊ အီလက်ထရွန်းနစ် ပစ္စည်းများ (Electronic Gadgets) များ ခေတ်စား၍ လာနေသည်။ ခေတ်စားသည့် အတိုင်းပင် ပညာရှင် များကလည်း တစ်ဆင့်ပြီး တစ်ဆင့် တိုး၍ တီထွင် ဖန်တီး နေကြ၏။ ယခင်က ကွန်ပျူတာ များကို ဖလော်ပီဒစ်ခ် (Floppy Disk) များဖြင့် သုံးကြရာမှ ဟာ့ဒစ်ခ် များသို့ ပြောင်းလဲ အသုံးပြု လာကြသည်။ ထို့နောက် Data Traveller အဖြစ် မန်မိုရီစတစ်ခ် များ၊ စီဒီ ဒီဗီဒီ အခွေများ တီထွင် အသုံးပြု ကြပြန်သည်။ ဒက်စတော့ပ် ပီစီ ကြီးများမှ သွားလေရာ သယ်သွား နိုင်သော Laptop Notebook များ ပေါ်လာသည်။ ပြီးတော့ Notebook များထက် ပို၍ သယ်ဆောင်ရ လွယ်ကူသော Net Book ကွန်ပျူတာ အသေးလေးများ ခေတ်စား ပြန်၏။ အို .. နည်းပညာ ခေတ်၏ အံ့ဩဖို့ ကောင်းအောင် တိုးတက်မှုကား ဆိုဖွယ်ရာ မရှိတော့ပြီ။

ထိုသို့ တဆင့်ပြီး တဆင့် ခေတ်မှီ တီထွင် လာကြသည် များ၏ နောက်တွင် မိုဘိုင်းလ် ပစ္စည်း (Mobile Gadgets) များကိုလည်း ချန်ထား ခဲ့၍ မရ။ ယခင်က ထူထူထဲထဲ ဖုန်းဟန်းဆက် ကြီးများမှသည် ပိုမို ပါးလွှာသော ဟန်းဆက် လေးများ ဖြစ်သည်အထိ ပြုပြင် ပြောင်းလဲ တီထွင် ခဲ့ကြသည်။ ထို့နောက် ခလုပ်ကို တဂျောက်ဂျောက် နှိပ်ရသော ဟန်းဆက် များမှ ခလုပ်များ မပါတော့ဘဲ လက်ကိုင် ဖုန်း၏ မျက်နှာပြင်ကို ပွတ်ရုံဖြင့် အလုပ်ဖြစ်သော Touch Screen ခေါ်သည့် ဖုန်းများကို တီထွင် ကြပြန်သည်။ မောင်ဝါဝါ ကတော့ အဲဒီလို ဖုန်းလေးတွေကို တော်တော် သဘောကျသည်။ လက်မဖြင့် ဖန်သားပြင် တစ်ခုကို ပွတ်နေရုံနှင့် အလုပ်ဖြစ် နေသည် ဆိုတော့ သဘော မကျဘဲ နေမလား။ ထိုသို့ ပွတ်လျှင် အလုပ်ဖြစ်သည့် မိုဘိုင်းလ် ဖုန်းတွေ ပေါ်လာတော့ ကမ္ဘာကျော် ဂိမ်းကုမ္ပဏီ များကလည်း အကွက်မြင်သည်။ ပွတ်ပြီး ကစားမှ ရသော ဂိမ်း ကစားနည်း တွေကို မိုဘိုင်းလ် ဗားရှင်း အဖြစ် တီထွင် ထုတ်လုပ် ကြသည်။

အခုတော့လည်း ထိုသို့ ပွတ်သော ဖုန်းများမှာ အတော်ကို လူကြိုက်များ နေလေသည်။ လူငယ် လူရွယ် ကောင်လေး ကောင်မလေး များမှစ၍ လေးဆယ်ကျော် ငါးနှစ်တွင်း ဦးဦး ဒေါ်ဒေါ် များကပါ အားကျမခံ ပွတ်ကြ လေသည်။ အားလုံးမှာ ထို ပစ္စည်းလေးများ တကိုင်ကိုင်နှင့် ထိုင်နေရင်း ပွတ်ကြ၊ လမ်းသွားရင်း ပွတ်ကြ၊ လက်ဖက်ရည် ဆိုင်ထဲလည်း ပွတ်၊ ဘီယာ ဆိုင်ထဲလည်း ပွတ်၊ အလှပြင်ခန်း ထဲတွင်လည်း ပွတ် .. စသည်ဖြင့် သူနိုင်ကိုယ်နိုင် အပွတ်ပြိုင်နေ ကြသလို ပါပေ။ ထိုသို့ အထက်တွင် ပြောခဲ့ ပြီးသော အိုင်တီ ပစ္စည်းများ၊ မိုဘိုင်းလ် ပစ္စည်းများ စသည် တို့ကို အားလုံး နီးပါး ကိုယ်ပိုင် ဟန်ဖြင့် ထုတ်လုပ်ကာ နာမည်ကြီး၍ ဈေ းကွက်ကို သိမ်းပိုက် ထားသော နည်းပညာ ကုမ္ပဏီကြီး တစ်ခု ရှိသည်။ ပန်းသီး အမှတ်တံဆိပ် (Apple) ဟု ခေါ်လေသည်။

၎င်း အက်ပဲလ်သည် ၎င်းတို့ ထုတ်လုပ်သော Gadgets များကို သူများနှင့် မတူ၊ တမူ ထူးခြားအောင် အိုင် နာမည် တပ်၍ အိုင်ပေါ့၊ အိုင်ပက်ဒ်၊ အိုင်ဖုန်း စသည်ဖြင့် အတော်များများ ထုတ်လုပ် လေသည်။ သီချင်းတွေ နားထောင်သော ကိရိယာ လေးကို အိုင်ပေါ့ ဟူ၍ အမည်ပေး ထုတ်ဝေ စဉ်ကလည်း အုန်းအုန်း ကျွက်ကျွက် လူကြိုက်များ ခဲ့သေးသည်။ ပြီးတော့ အိုင်ပက် ဟူသော မာလ်တီ မီဒီယာ အိုင်တီ အီလက် ထရောနစ် ပစ္စည်း တစ်ခုကို ထုတ်လုပ် ပြန်သည်။ ၎င်းကို မောင်ဝါဝါ ကတော့ အိုင်ပွတ် ဟုသာ ခေါ်သည်။ ဟုတ်၏ .. သူသည်လည်း ပွတ်ပြီး အလုပ် လုပ်ရတာကိုး။ ထို အိုင်ပွတ်မှာ သီချင်းလည်း နားထောင်လို့ ရသည်၊ စာအုပ်လည်း ဖတ်လို့ရသည်၊ ဂိမ်းလည်း ဆော့လို့ ရသည်။ တစ်ခုတည်း တစ်မျိုးတည်းနှင့် ဒီလောက် စုံအောက် လုပ်လို့ရတာ ဘယ်လောက် ကောင်းထားသလဲ။ အဲ .. ကိုယ်က ပိုင်နိုင် ကျင်လည်စွာ ပွတ်တတ် ဖို့ပဲ လိုသည်။ အခုဆို New iPad တွေ ဘာတွေတောင် ထပ်ထွက်၍ နေပြီ။ ဟိုတလောက မောင်ဝါဝါ့ သူငယ်ချင်း ကဗျာဆရာ တစ်ယောက်၏ အင်တာနက် သုံးလို့ရ၊ ဖုန်းလည်း ပြောလို့ ရသည် ဟူသော 3G စနစ်ပါ iPad ကို ကြည့်၍ မောင်ဝါဝါမှာ လိုချင် လွန်းသဖြင့် မျက်စောင်း တခဲခဲ။ သူ ပိုက်ဆံ ပြတ်သည့် အချိန်ကို စောင့်၍ အပေါင်ခံ လိုက်ဦးမည် ဟုပင် တွေးထားသည်။ ထိုသို့သော ပစ္စည်းတွေ၏ ဗားရှင်း မြင့်လာ သလို ဈေ းကလည်း လိုက်၍ မြင့်လာ၏။

iPhone ဆိုတာလည်း ဒီလိုပါပဲ။ ထိုသို့ အလားတူ ပွတ်ရသော အိုင်ဖုန်းဖြင့် ဖုန်းပြော၍ ရသည်၊ ထို့အပြင် ဂိမ်းတွေ၊ သီချင်းတွေ၊ အီးဘုတ်ခ်တွေ အကုန် သုံး၍ ရသည်။ ထို iPhone သည်လည်း ဖုန်းလောကတွင် အတော်ကြီး အောင်မြင် လေသည်။ အောင်မြင်သည့် အတွက်လည်း iPhone မှ အစပြု၍ ဗားရှင်း အဆင့်ဆင့် ထုတ်လာတာ အခုဆို iPhone 4 ဆိုလား .. iPhone 5 ဆိုတာလားတောင် ထုတ်လုပ် ရောင်းချ နေပြီတဲ့။ ပိုက်ဆံ တတ်နိုင်သော သူများ iPhone လေးတွေ တစ်ကိုင်ကိုင်နှင့် ဟိုဟိုဒီဒီ လမ်းသလား ကြသည်။ မောင်ဝါဝါ သည်လည်း အက်ပဲလ်၏ အိုင်ပရောဒတ် များကို သဘောကျသူ ဖြစ်သဖြင့် အဆိုပါ အိုင်ဖုန်း၊ အိုင်ပက်ဒ်၊ အိုင်ပေါ့ စသည် တို့ကို အလွန် လိုချင်သည်။ သို့သော် ကိုယ့်ဟာ ကိုယ်တောင် တစ်လ တစ်လ လောက်အောင် မနည်းသုံး နေရတာ ဆိုတော့ ဒါတွေကို အိပ်မက်ပင် မမက်နိုင်။ ဒီတော့ မောင်ဝါဝါ ဘာလုပ် ပါသနည်း။

မောင်ဝါဝါက အကောင်းမြင် သမား၊ ဒီလိုမရတော့ ရသလို လုပ်တာပေါ့ဟု အကောင်းဖက်က တွေးသည်။ အိုင်ဖုန်းနှင့် ပုံစံတူ ဝင်သော ဟာတွေတော့ ဝယ်မကိုင်ချင်။ ဈေ းပေါ သော်လည်း အတုကြီးမှန်း သိသွားလျှင် ရှက်စရာ။ ဒီတော့ ရှိတာလေးနှင့် ရသေ့စိတ်ဖြေ တွေးပြီး လုပ်ရမည်။ ကိုယ့်မှာ ရှိတဲ့ ပစ္စည်းတွေကို ကြည့်တော့ Memory Stick ဆိုတာ ဈေ း အကြီးဆုံး။ ဒါနဲ့ပဲ မောင်ဝါဝါ မန်မိုရီ စတစ်ကို ကွန်ပျူတာမှာ ထိုးလိုက်သည်။ ၎င်း မန်မိုရီစတစ် ပေါ်လာသော အခါတွင် အထဲရှိ ဒေတာ ဖိုင်များကို မောင်ဝါဝါ နာမည် လိုက်ပြောင်းသည်။ Music ဆိုလျှင် iMusic ပေါ့။ ထို့အတူပဲ Photo ဆိုလျှင် iPhoto၊ Software ဖိုင်ဆိုလျှင် iSoftware ဆိုပြီး ရှိသမျှ ဖိုင်အားလုံးကို အမည်ရှေ့တွင် အိုင်တွေ တပ်ပစ် လိုက်သည်။ ဘယ်ရမလဲ .. အိုင်ဝါဝါ .. အဲ.. မောင်ဝါဝါ ပဲလေ။ စိတ်တိုင်းကျ အိုင်တွေ တပ်၍ ပြီးသွားသော အခါတွင် မောင်ဝါဝါ စိတ်ကျေနပ် စွာဖြင့် မန်မိုရီ စတစ်ကို ကွန်ပျူတာမှ ဆွဲထုတ်ကာ ၎င်းစတစ်၏ ကိုယ်ထည် ပေါ်တွင် စာရွက်နှင့် တိပ်ကို ကပ်ကာ iStick ဟူ၍ ခပ်တည်တည် ခပ်တင်းတင်း ကပ်ထား လိုက်လေသည်။

ကိုင်း … ဘယ်သူ ဘာပြောမလဲ။ ဘာတတ်နိုင် သေးလဲ။ အခုတော့ မောင်ဝါဝါ သည်လည်း အိုင်ဖုန်း၊ အိုင်ပက်ဒ်၊ အိုင်ပေါ့တို့ မကိုင်နိုင် သော်လည်း အိုင်အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် အားလျော်စွာ အိုင်စတစ် (iStick) ကို ခန့်ခန့်ညားညား ကို်င်နိုင်ခဲ့ချေပြီ တကား။

၂၂ – ဇွန် – ၂၀၁၂
Net Guide Journal
Volume (2), Issue (39)

2 comments

  • မောင်ပေ

    June 22, 2012 at 10:45 am

    🙂
    ကျုပ်လဲ ညမှ Iဘီယာ သွားဂလုရင်း
    ဘယ်ဘော်ဒါ့ Iဖုန်းကို အပေါင်ခံလို့ရမလဲ
    စဉ်းစားတော့မယ်။

  • thar ag

    June 22, 2012 at 10:50 pm

    ကို ပေတော့ ဘီယာဆိုင်ပှာ သွားပြီးပွတ်တော့မယ်နဲ့တူတယ် အရမ်းလဲမပွတ် နဲ့ဦးနော်

Leave a Reply