ဒုက္ခနဲ့မကင်းတဲ့ကဗျာ

သူရႆဝါJune 25, 20102min701

`ဒုက္ခနဲ့မကင်းတဲ့ကဗျာ´

အဲဒီလိုဆိုတော့ ဒုက္ခရောက်တော့တာပေါ့

ဘုရားသခင်နဲ့ သိပ္ပံပညာနဲ့ `ငြိ´ ခဲ့တုန်းကလည်း ဒီလိုပဲ

မိန်းမလှလေးတစ်ယောက်နဲ့ ထိတွေ့ဆက်ဆံရသလို

ဒုက္ခဟာ မချောမွေ့မှန်းတော့ သူသူငါငါလည်း အသိ

တစ်ခုခုပြေလည်သွားရင်တောင်

လောကကြီးကို ကျေးဇူးလှမ်းလှမ်းတင်ရတဲ့ဒုက္ခက မသေးဘူး

ဘတ်စ်ကားပေါ်တက်ရတာကအစ

သေကောင်ပေါင်းလဲဝေဒနာအဆုံး

ဒုက္ခနဲ့ပဲ နပန်းလုံးရတယ်

ကိုမိုးလှိုင်ညက .. ဒုက္ခ ခဏခဏရောက်ရင် ကမ္ဘာကျော်သွားတတ်ပါသတဲ့

ဘာထူးလို့လဲ အစ်ကိုရယ် …

ကမ္ဘာကျော်သွားရင်လည်း ဒုက္ခ ခဏခဏရောက်တော့တာပဲ

ဒုက္ခဟာသိပ်ပြီး ရှင်းရှင်းလင်းလင်းမရှိဘူး

ဒုက္ခရောက်တယ်ဆိုတာ …

ဒုက္ခက ကိုယ့်ဆီရောက်လာတာလား

ကိုယ်က ဒုက္ခဆီ ရောက်အောင်သွားတာလား

ဘာပဲဖြစ်ဖြစ် ကိုယ့်အနားမှာအမြဲရှိနေတယ်ဆိုတော့

ဒုက္ခဟာ မိတ်ဆွေစစ်စစ်ဖြစ်တယ်

ဒုက္ခက အမြဲတမ်းဆယ့်ငါးပဲရည်ပြည့်

ဒုက္ခကို ဆင်တူယိုးမှားအတုအပ သတိပြု

ဒုက္ခကို အဟောင်းဈေးပေးဝယ်လို့လည်းရသေးတယ်

သားရေကွင်းလေးဆွဲဖြတ်လိုက်သလောက် မလွယ်ကူဘူးဆိုတော့ ..

ညအိပ်ရာဝင်ပုံပြင်လောက် နားထောင်မကောင်းဘူးဆိုတော့ ….

ဒုက္ခဟာ နိစ္စဓူဝပဲ၊ ဒုက္ခဟာ အတိုင်းထက်အလွန်ပဲ၊ ဒုက္ခဟာ အကန့်အသတ်မရှိပဲ

ကဲ … ဘယ်လိုလုပ်မလဲ

ကျွန်တော်တို့ လူသားများ နေ့စဉ်နေ့တိုင်း ဒုက္ခနဲ့ စစ်တုရင်ထိုးကြ

ဒုက္ခဆီ ဖုန်းခေါ်ဆိုကြ၊ ဒီလိုနဲ့ ဒုက္ခကို အကောင်လိုက်မြင်ကြ

ဘယ်တော့မှမဆုံးတဲ့အလုပ်ဆိုတာ ဒုက္ခကိုနံပါတ်စဉ်တပ်ပေးရတာပဲ

အခုပဲကြည့် … ဒီကဗျာထဲမှာတင် ဒုက္ခတွေများနေတာ ….

သူရဿဝါ

ဇွန်လ ၂၅ ရက် ၊ ၂၀၁ဝ ခုနှစ်

One comment

  • chitsayar

    June 26, 2010 at 6:04 pm

    ဒုက္ခဘဲ ဖြစ်ဖြစ် သုခဘဲ ဖြစ်ဖြစ် ကိုယ်ကကြံစည်မှ ကိုယ့်စီ ရောက်တဲ့သဘောမှာ ရှိပါတယ်

Leave a Reply