လေးစားပါသည်…… ပြီးတော့မျှော်လင့်မိပါသည်။

VictoryJune 23, 20121min49719

နှမ်းဖြူးတဲ့သဘောလို့တော့မထင်ကြစေချင်ပါဘူး။ စိတ်ထဲတော်တော်ပြောချင်လာလို့ပါခင်ဗျ။

(ဟော့ အစ်ရှူးတွေကိုထပ်ဆင့်ပြောဆို ရေးသားခြင်းမျိုးဆိုပြီးထင်သွားမှာကိုလဲ နဲနဲရှက်မိလို့ပါနော်)

ဒီမိုဝေယံမှာတွေ့တဲ့ ဓာတ်ပုံလေးတွေက စကားပြောတာကိုပြောချင်လို့ပါ။

ယူကေဆိုတာ အင်အားကြီးနိုင်ငံ၊သမိုင်းကြီးခဲ့တဲ့နိုင်ငံ၊ရာဇမာန်ပြင်းထန်ခဲ့တဲ့၊

စည်းကမ်းစနစ်ကြီးတဲ့ ဗြိတိသျှ တို့ရဲ့နိုင်ငံ၊ အဆင့်အတန်းရှိရှိ သိုးဆောင်းဘာသာစကားကိုပြောကြတဲ့

နိုင်ငံ ဆိုတဲ့ ကိန်းခန်းတွေကြီးလှပါပေရဲ့ဗျနော်။

ခုတော့ အဲဒီနိုင်ငံက ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွမ်းက ကိုင်းနဲ့ထီးရွက်ပြုတ်ထွက်နေတဲ့ထီးမျိုး ရှိနေသတဲ့ဗျာ။

သူ့ကိုယ်ပိုင်ထီးဘဲထင်ပါရဲ့။

ဝန်ကြီးချုပ်နဲ့အမေစုထီးကိုသတိထားမိတော့ ပြုံးပြီးကြည့်ကြတာလေးကလဲမာန်မာနကင်းကြောင်း

ပြနေတာပါဘဲ။

အဲဒီဟာမျိုး ကိုလိုက်ပြီး ဂရုစိုက်လိုက်ကြည့်ပေးနေတတ်တဲ့ (ကိုယ်ရံတော်ခေါ်မလား)အချွေအရံ

မရှိနေတာကလဲ အာရှနဲ့တော့ ကွာပ။ ကွာပ။ ပေါ့ဗျာ။

အမေစုက ဒါကိုပြောတာပေါ့။(ဝက်မင်နစ်စတာပါလီမန် မိန့်ခွန်းမှာ)

ဒီမှာ ပုံမှန်ရနေတဲ့ လူ့အခွင့်အရေးဆိုတာ ကျမတို့နိုင်ငံမှာတော့ အသက်သွေးချွေးနဲ့တိုက်ယူ၊

တောင်းယူရတာမျိုးပါတဲ့။

~~

နောက်တပုံမှာတော့ ဝန်ကြီးချုပ်က လက်ဘက်ရည်လားကော်ဖီလား မသိ လာချပေးသူကို

တလေးတစားယူနေပုံပါ။

ဝန်ကြီးချုပ်နော်၊ “ကျနော်များရွှေနိုင်ငံကမှတ်ပုံတင်ရုံးကစာရေးမဟုတ်ဘူး”။ဟဲဟဲ။

ကျနော်တို့များတော့ ဟိုရုံးသွားလဲ အဟောက်ခံရ၊ ဒီရုံးသွားလဲ အဟောက်ခံရ၊ ဝဋ် လားမသိပါဘူးဗျာ။

~~

ဒါက အကြီးစား၊အဆင့်မြင့်စား မြင်ကြည့်ချက်ပါ။

အဲ.. နဲနဲလေး အသေးစားမြင်ချက်လေးကတော့ အမေစုညာဘက်ဘေးက ကလေးလေးပါဘဲ။

ဒုတိယနဲ့တတိယ ၂ပုံ စလုံးမှာ သူက တကဲ့ ကမ္ဘာကျော်ပုဂိ္ဂုလ်ကြီး (အမေစု)သော ဘာသော ဆိုတာထက်

စားပွဲပေါ်ကမုန့်ကို ပိုစိတ်ဝင်စားနေတာကလဲ ကလေးတို့ရဲ့ သဘာဝလေးကလဲ ပြုံးချင်စရာပေါ့ဗျာ။

~~

အခုလိုခေါင်းဆောင်မျိုးတွေကိုလေးစားမိပါတယ်။

အဲဒီဟာကိုကြည့်ရုံနဲ့ ကိုယ်ကျိုးရှာသမားတွေနဲ့ကွာဟပုံကိုမြင်ရတယ်မဟုတ်ပါလား။

တဆက်ထဲမှာဘဲ နောက်နောင်မှာလဲ ဒီလိုခေါင်းဆောင်မျိုးတွေ ကျနော်တို့နိုင်ငံမှာရောကမ္ဘာမှာပါ

(ပိုမို)ရရှိလာဖို့လဲမျှော်လင့်မိပါတယ်။

အဲ ..တခုတော့ရှိပါတယ်။ မြန်မာမိသားစုနဲ့ယူကေမှာတွေ့ဆုံမိန့်ခွန်း၊အမေးအဖြေပြောတုန်း

အမေစုရဲ့စကားလေးကိုထပ်ဆင့်ပြောပါရစေ။

“သူတပါးကိုအားကိုးတာမျိုးကိုကျမ သဘောမကျပါဘူး၊ကိုယ့်အားကိုယ်ကိုးကြပါတဲ့”

ဟုတ်ပါတယ်ဗျာ။

ကျနော်တို့များတယောက်ယောက်က အင်အားရှိတယ်ဆိုတာနဲ့ပြေး အားကိုးဖို့ဘဲစဉ်းစားကြတော့တာ။

ပြီးတော့ အဲဒီလူကိုလဲဘာမဆိုလုပ်ပေးနိုင်တယ်လို့လဲထင်ကြပြန်တယ်။

တခါတုန်းက ရေဆူဆရာတော်လို့နာမည်ကြီးတဲ့ တောင်တန်းသာသနာပြုဆရာတော်ဦးဥတ္တမသာရ

ဆရာတော်ကြီအမိန့်ရှိဘူးပါတယ်။

နဲနဲအားကိုးရလောက်တယ်ဆိုတဲ့နာမည်ကြီးလာတာနဲ့လူတွေရဲ့အခိုင်းခံဘဝရောက်ရတော့တာပါဘဲ။

ကျုပ်ကိုရေတွင်းပေါ် ဘောင်ထိုးပြီး ပရိတ်ရွတ်ခိုင်းတယ်ဗျာ။

ရေတွင်း ထဲ ကျရင် ဘယ်နဲ့လုပ်မလဲ တဲ့။

ခုလဲ အမေစုပြောနေပါပြီ ကိုယ်အားကိုယ်ကိုးပြီး အားလုံးဝိုင်းဝန်းလုပ်ဆောင်ကြဖို့လိုပါတယ်တဲ့။

ခေါင်းဆောင်ကောင်းတော့ ရှိနေပါပြီ။

ကျနော်တို့လဲ နောက်လိုက်ကောင်းဖြစ်ဖို့လိုတဲ့ အချိန်ပါ။

“ရန်ဖြစ်ရင်းနဲ့ ဆဲဆိုရင်းနဲ့” တော့ နောက်လိုက်ကောင်းမဖြစ်လာဘူးနော်။

စကားစပ်လို့ပြောရရင်မှန်ကန်သောငြင်းခုံဆွေးနွေးမှုကတော့ လိုကိုလို ပါတယ်။

လောကအကျိုးစီးပွါး၊ အများရဲ့အကျိုးစီးပွါး ကိုကိုယ်စားပြုရပါမယ်။

အယူအဆငြင်းခုံမှုတခုဟာ လောကအကျိုးစီးပွါးရည်မှန်းချက်အတွက်ဆိုရင် လမ်းကြောင်းမတူရင်တောင်

ဆုံမှတ်တူတာမို့ ကောင်းသော ဖြစ်စဉ်ပါ။

ကိုယ်ကျိုးစီးပွါးအတွက် (မိမိအကျိုး၊ရပ်တည်ချက်၊မာန)အတွက် ငြင်းခုံမှုကတော့

လတ်တလော”နိုင်” ရင်တောင် အဆုံးမှာ အမုန်းတရားတွေနဲ့

ဆုံးရှုံးမှုတွေသာ ရလာဒ်ဖြစ်နေတတ်ပါတယ်။

ကျနော်တို့နောက်လိုက်ကောင်းမဖြစ်ရင်တော့ ခေါင်းဆောင်မကောင်းတဲ့ သူတွေနဲ့ ပြန်တွေ့ရလိမ့်မယ်။

ပန်းပုဆရာက မလိုအပ်တဲ့သစ်သားအပိုတွေကိုထွင်းထုတ်လိုက်လို့ ပန်းပုအရုပ်ကလေးတရုပ်ပုံပေါ်ပါတယ်။

မင်းသားလား ဘီလူးလားဆိုတာက ပန်းပုဆရာရဲ့ စိတ်နှလုံးရည်မှန်းချက်အရ ပေါ်ပါတယ်။

ကျနော်တို့ဘဝ “ရုပ်လုံး”ကို

ကျနော်တို့ နှလုံးသား ဘယ်လိုထားပြီး ထွင်းသင့်ပါသလဲ ပေါ့ဗျာ။

သူတို့တွေ နမူနာထွင်းပြနေတာကို ကြည့်ရင်းအားကျမိပါရဲ့။

နှလုံးသားလှလှ နဲ့ ထု၊ ရုပ်လှလှများပြု ..  နိုင်ကြရင် တကဲ့ရွှေနိုင်ငံကြီး လှပမှာတော့အသေအချာ။

ကျနော်တို့လဲ ပြုပြင်ကြပါစို့ဗျာ။

~~

အားလုံးကိုလေးစားပါတယ်။

(ဓာတ်ပုံတွေကို ဒီမိုဝေယံဝက်ဆိုဒ်မှရယူပါတယ်။ ကိုဒီမိုကိုလည်းကျေးဇူးတင်မှတ်တမ်းတင်ပါတယ်။

ခရက်ဒစ်တူ http://www.demowaiyan.org/2012/06/blog-post_4820.html ပါခင်ဗျ)

19 comments

  • ဘဲဥ

    June 23, 2012 at 11:01 am

    လေးစားသင့်တဲ့ အပြုအမူလေးတွေပါ
    တစ်ယောက်ကိုတစ်ယောက် လေးလေးစားစား ဖော်ဖော်ရွေရွေဆက်ဆံပုံတွေကိုတွေ့ရတာ အားကျ အတုယူဖို့ကောင်းတယ်

  • Thel Nu Aye

    June 23, 2012 at 11:30 am

    ပြောမနေပါနဲ့တော့။ ဒီမှာကတော့ နဲနဲလေးအာဏာရှိတယ်လို့ သူတို့ကိုယ်သူတို့ယူဆထားသူတွေ ( မဖြစ် စလောက်လုပ်ပိုင်ခွင့်ရှိသူတွေ ) ရဲ့ ဆက်ဆံရေးကတော့အများသိတော်မူကြတဲ့အတိုင်းပါပဲ။ မပြည့်တဲ့ အိုးဘောင်ဘင်ခတ်တာပေါ့ရှင်။

  • စိန်ဗိုက်ဗိုက်

    June 23, 2012 at 11:42 am

    လေးစားမိပါသည်..မျှော်လင့်မိပါသည်..
    ဒါပေသိ..
    မျှော်လင့်တဲ့အတိုင်းဘယ်နေ ့ဖြစ်လာမလဲ မရေရာသေးဘာ..
    တိန်..

  • ဒီပုံလေးတွေက သဘောကျစရာကောင်းသလို အတုယူစရာကောင်းပါတယ်။
    အာရှမှာဖြစ်နေတာက ဖားတတ်သောနောက်လိုက်နဲ့အဖားခံချင်သောဆရာ ကွက်တိ မိနေလို့ပါ။
    ဖားတတ်သောနောက်လိုက်က နေရာတကာမှာရှိနေတော့ အစက အဖားမခံရတဲ့ဆရာလဲ
    ဖားပါများတော့ အဖားခံရတာကို ကြိုက်သွားတာလဲမြင်တွေ့ဘူးပါတယ်။
    ခေါင်းဆောင်ကောင်းရဘို့ နောက်လိုက်ကောင်းတွေလိုတယ်ဆိုတာ အတိအကျပါဘဲ။

  • Victory

    June 23, 2012 at 2:52 pm

    ကိုဘဲဥရေ
    ကျနော်တို့လဲတခါတရံ ကိုယ့်ထက်နိမ့်ပါးသူ ဒါမှမဟုတ်တန်းတူတွေပေါ်မှာ
    လေးစားစွာဆက်ဆံမိရဲ့လားလို့ပြန်တွေးမိသွားတဲ့ ဓာတ်ပုံတွေပါဘဲ။ကျေးဇူးပါ။

    မသဲနုအေးပြောတာလဲမှန်ပါတယ်။ မှန်မှန်ကန်ကန်လုပ်ပေးတတ်တဲ့လူတွေ နဲနေသေးတာ
    တော့အမှန်ပါ။ သူတို့(မမှန်ကန်သူတွေ) သတိထားမိစေချင်တဲ့ စေတနာဖြစ်မိသွားလို့ပါခင်ဗျာ။ကျေးဇူးနော်။

    ကိုစိန်ဗိုက်ဗိုက်ရေ
    မဖြစ်လို့တော့ပြောလို့မရဘူးဗျနော်။
    ကျနော်မမျှော်လင့်ခဲ့တဲ့ (နဲနဲ)လွတ်လပ်စွာဆိုတဲ့ဟာလေးတွေ အခုရလာနေပြီဆိုတော့
    နောက်ပိုင်းလဲ ဖြစ်လာနိုင်တာမျိုးလို့ ယုံကြည်ကြည့်ပါရစေ။ကော်မန့်အတွက်ကျေးဇူးပါဘဲ။

    ကိုပေါက်(မန်းဒလေး/မန်းဂေဇက်)ရေ
    ကျနော်ရဲ့ ဆိုလိုရင်းကို နားလည်ပေးလိုက်တာကို ဝမ်းသာမိပါတယ်ခင်ဗျ။
    အောက်လက်ငယ်သားကြောင့် ပျက်စီးသွားရတဲ့ ခေါင်းဆောင်တွေလဲ အများကြီးရှိခဲ့တာပေါ့ဗျာ။
    “ဆရာ” မွေးတာက တပည့်မွေးတာထက် လောကကို ပိုပြီးအကျည်းတန်စေ၊ (သို့) ပျက်စီးစေတယ်လို့
    ထင်မိတယ်ဗျာ။
    နဂိုက ၁ ကျပ်ဖိုးအာဏာက (ဆရာမွေးသူ)ရဲ့လုပ်ရပ်ကြောင့် ၁ဝ ဖြစ်သွားရတာတွေက ကျနော်တို့
    ရွှေနိုင်ငံကြီး ရွှံ့ဖြစ်အောင်လုပ်လိုက်ပုံရပါရဲ့။
    အုပ်စုဖွဲ့ကြ၊ ဆရာတပည့်တွေပင်းကြ၊ကိုယ်ခေါင်းဆောင်မလုပ်ရရင်ဖျက်လိုဖျက်စီးလုပ်ကြ၊ဆိုတာတွေက
    မြန်မာတွေရဲ့ စည်းလုံးညီညွတ်မှူပျက်ပြားစေခြင်း အကြောင်းတရားတွေထင်ပါရဲ့။
    လူဆိုတာပါတ်ဝန်းကျင်ရဲ့ သင်ကြားမှုကိုလိုက်တတ်လေတော့ ရှေ့ကအဲဒီလိုတွေလုပ်ပြီး အဆင်ပြေ
    ကောင်းစား သွားတာတွေ့ရင် ကိုယ်လဲလိုက်ကိုလုပ်တော့တာပါဘဲ။
    အဲဒါနဲ့ သူကြီးအိမ်ရှေ့ အရက်လာထဲ့ကြပါဆိုတဲ့ အိုး က အားလုံး “ရေ” ချည်း ဖြစ်ပြီး တိုင်းပြည်လဲ
    ဖွတ်သထက် ညစ် လာပါရောနော်။
    မှန်မှန်ကန်ကန် ခေါင်းဆောင်မှုပေးဘို့လိုနေတဲ့အချိန်မှာ အမေစုလိုနိုင်ငံတကာအဆင့်ခေါင်းဆောင်
    တယောက် ရလိုက်တာဟာ ကျနော်တို့အားလုံးရဲ့ ကုသိုလ်လို့ပြောရမှာပါ။
    “ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်တွေရှိကြပြီး အားလုံးတူတူလက်တွဲလုပ်ဆောင်မှ အောင်မြင်မှုရမယ်”လို့
    အမေစုကပြောလေ့ရှိပါတယ်။
    တန်ဖိုးရှိလှတဲ့ ခေါင်းဆောင်ကို ကျနော်တို့နဲ့ “တန် အောင်” နေဖို့ လိုတာပေါ့ဗျာ။
    ကျေးဇူးတင်ပါတယ်။

    • M T

      June 23, 2012 at 10:38 pm

      Victory ကလေးငယ် ချစ်စဖွယ် အဲ အဲ ယောင်တွားတယ် စောတီး

      (ကိုယ်ကျိုးစီးပွားအတွက် (မိမိအကျိုး၊ရပ်တည်ချက်၊မာန) အတွက် ငြင်းခုံမှုကတော့ လတ်တလော “နိုင်”ရင်တောင် အဆုံးမှာ အမုန်းတရားတွေနဲ့ ဆုံးရှုံးမှုတွေသာ ရလဒ်ဖြစ်နေတတ်ပါတယ်။)

      မှန်လိုက်လေ ကိလေသာ မကင်းတဲ့ လူသားတွေဆိုတော့ အဲဒီလို ငြင်းခုံလို့ ရှုံးတာကို မကျေနပ်ရင် ကိုယ်တိုင်လည်း သူများကို စောင်းပြောတာတို့ ငြင်းတာတို့ မလုပ်သင့်ဘူးပေါ့ဗျာ။ လူဆိုတာ ကိုယ်လုပ်တာ ကိုယ်အသိဆုံးပဲ မဟုတ်လား။

  • ahnyartamar

    June 23, 2012 at 11:33 pm

    ဒေါ်စု ကထီးအရွက် ပြုတ်ထွက်နေတာကြည့်ပြီးရီနေတာထင်တာပဲ၊ တော်တော်အပြစ်ကင်းပြီး ကြည်လင်နေတဲ့ပုံဗျာ။ ကျုပ်ဖြင့် အဲဒီပုံကို ခဏခဏပြန်ကြည့်မိတယ်။ ဒေါ်စုရီနေတာ သဘောကျလို့။

  • YE YINT HLAING

    June 23, 2012 at 11:48 pm

    ကို Victory ရဲ့ ကြည့်တတ် မြင်တတ် ရေးတတ် တင်တတ် တဲ့ ပို့ ( စ ) ကောင်း တပုဒ်ကို အားပေးသွားတယ်ဗျာ!

  • Victory

    June 24, 2012 at 8:04 am

    ကိုအမ်တီရေ
    ကျနော်ဘယ်သူကိုမှ ဘာအတွက်နဲ့မှစောင်းပြောစရာအကြောင်းမရှိပါ။
    မိတ်ဆွေအထင်မှားနေပုံ (သို့) လူမှားနေပုံ ရပါတယ်နော်။
    —-
    ကိုအညာတမာရေ
    ပြည့်ဝသူတွေမြင်မိတော့ မပြည့်ဝသေးတဲ့ ကိုယ့်နှလုံးသားဝမ်းစာကိုဖြည့်ဖို့လိုသေးမှန်း
    သတိရမိတယ်လို့ပြောလိုပါတယ်။စိတ်ရှင်းတဲ့သူတွေရဲ့အပြုံးတွေကတော့
    ကျက်သရေရှိလှတယ်မဟုတ်လားဗျာ။ကျေးဇူးတင်ပါတယ်နော်။
    —–
    ကိုရဲရင့်လှိုင်ရေ
    အဲဒီထီးအကြောင်းကတော့ ကိုဒီမိုရဲ့ မူရင်းဆိုဒ်မှာလဲရေးထားပါတယ်။
    ကလေးလေးကိုတော့ ကျနော်ကပြုံးမိလို့။တယောက်ထဲပြုံးရတာအားမရလို့
    တူတူပြုံးရအောင်တင်ပေးမိပါကြောင်း။ အားပေးလို့ကျေးဇူးပါဗျာ။

  • Mလုလင်

    June 24, 2012 at 8:00 pm

    ဒီပုံလေးတွေ သဘောကျ နေတာဗျာ ..။ ထီး ရွက်ထိပ်က ထီးရိုးနဲ့ ချိတ်ထားတာလေး ပြုတ်ထွက်သွားတာရယ် … ကလေးလေး တွေရယ်။ သဘာဝ ကျကျ ဟန်ချက်ညီပါပေတယ်။

  • blackchaw

    July 8, 2012 at 8:07 pm

    နောက်ကြောင်းပြန်လိုက်ပြီး အားပေးခဲ့ပါတယ် ကိုဗစ်ထရီရေ့။

  • MaMa

    July 8, 2012 at 9:37 pm

    ဓာတ်ပုံတစ်ပုံက ပေးတဲ့ အဓိပ္ပါယ်တွေ အများကြီးတွေ့လိုက်ရတယ်။
    သတင်းဓာတ်ပုံ ပီသပါပေတယ်။
    အားပေးပါတယ် Victory

  • padonmar

    July 8, 2012 at 10:21 pm

    Victory ရေ
    နောက်က ကောင်းတဲ့ မြင်ဆရာလေးတွေ့မှ ဒီရှေ့က ဓာတ်ပုံဝေဖန်ချက်လေးလွတ်သွားတာသိလိုက်ရတယ်။
    ဒါမျိုး လူများများမသိလိုက်ဘဲ ပျောက်သွားတဲ့ ပို့စ်ကောင်းလေးတွေ ဘယ်လောက်များရှိပါလိမ့်။

  • Victory

    July 9, 2012 at 8:09 am

    ကိုအမ်လုလင်ရေ
    တော်တော်ကောင်းတဲ့စဉ်းစားစရာလေးတွေပါ။
    ဘာလို့လဲဆိုတော့ စဉ်းစားရင်းပြုံးရလို့ပေါ့ဗျာ။

    ကိုဘလက်ချောရေ
    မန်းဂေဇက်ရဲ့ အဓိကအင်အားတွေထဲက ထင်ရှားတဲ့အင်အားဖြစ်တဲ့ ကိုဘလက်ချောကကျနော့စာ
    တွေကို အကုန်ပြန်လှန်ဖတ်ပေး၊ကော်မန့်ပေးနေတာတွေ့လိုက်ရလို့ ဝမ်းသာကြည်နူးအထူးပီတိ
    ဖြစ်မိရင်း ကျေးဇူးလွန်စွာတင်ပါသည်လို့။
    —-
    မမရေ
    ဓာတ်ပုံကနေ စကားတွေပြောနေတာများ ပြီးကိုမပြီးနိုင်တော့ပါဘူး။ကြည့်မိတိုင်းကို
    စကားအသစ်တွေတွေ့နေတုံးပါဘဲမမရေ။
    အားပေးမှုအတွက်ဝမ်းသာကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ။

    မpadonmar ရေ
    ပြန်လည်ကြည့်ပြီး အားပေးလို့ကျေးဇူးတင်ပါသည်ခင်ဗျ။

  • maungmoenyo

    July 9, 2012 at 9:04 am

    မောင်မိုးညို အမေရိကရောက်ခါစက ဆောင်းရာသီအိုလံပစ်တခုနဲ့ ကြုံရပါတယ်။ သမ္မတဘုရှ် ကပွဲကြည့်ပရိသတ်ကြားထဲ ပြိုင်ပွဲဝင်ကလေးမတယောက်နဲ့ဝင်ထိုင်ကြည့်တော့-ကလေးမကပြောတယ်..။ သူ့အမေဆီcell phone နဲ့ဆက်စကားပြောမလားလို့သမ္မတကြီးကိုမေးတော့၊ သမ္မတကြီးက မဆိုင်းမတွဘဲ “oh. I am honored to to talk to your Mom” ဆိုတဲ့စကား…… မောင်မိုးညို ကိုမျက်ရေလည်စေမိပါတယ်။ အော် … “ပြည်သူ့ခေါင်းဆောင်”…။
    မြန်မာခေါင်းဆောင်ကြီးတွေအတွက် …… သင်္ခန်းစာယူစရာ၊ ကြည်နူးစရာ၊ အားကျစရာ၊ ပြီးတော့ လူထုထဲဆင်တယ်ဆိုတဲ့ စကား..တကယ့်ရင်ထဲကစကား..ဖြစ်ပါစေသော်ဝ်…။

  • Wai Phyoe

    July 9, 2012 at 9:54 am

    မိုက်တယ်ဗျာ ပို့စ်ကရေလည်ခိုက်တယ် မြင်တတ်ပြောတတ်တယ်ဗျာ ဒါပေမဲ့ဒီနေရာမှာပေါ့နော် အပေါ်ကကွန့်မန့်တွေကို ဖတ်ကြည့်တာ မြန်မာခေါင်းဆောင်တွေကိုပဲအတုခိုးဘို့ပြောသွားတယ်နော်
    အမှန်တကယ်တော့မပာုတ်ဘူးဗျာ မြန်မာပြည်ကလူတိုင်းလူတိုင်းက စိတ်ဓါတ်တွေတော်တော်ပျက်ယွင်းနေပြီဗျ။ ကျွန်တော်လည်းအပါအဝင်ပေါ့။ကြုံခဲ့ကျရတဲ့ atmosphere ကလည်း တော်တော်ဆိုးတာကိုဗျ့ ။နေရာလေးနည်းနည်းရတာနဲ့ စိတ်ကြီးဝင်တာပေါ့နော်။ကျွန်တော်လည်းအဲ့လိုအမြဲဖြစ်ဖြစ်လို့မနည်းထိန်းရတာ အမှန်တိုင်းဝန်ခံလိုပါတယ်။
    ဘာမပာုတ်တဲ့ ရာထူး နေရာလည်းတစ်ခုရတာနည်း ကိုယ့်အောက်ကလူကို ကျွန်လိုဆက်ဆံတတ်တာ မြန့်မာခေါင်းဆောင်းတွေမှမပာုတ်ပါဘူး ၊ တစ်နိင်ငံလုံးနီးပါးပါပဲဗျာ။အဲ့တော့က အကုန်လုံးအတုခိုးသင့်တယ်လို့ထင်ပါတယ်

  • kyeemite

    July 21, 2012 at 8:34 am

    သူတို့ ဆီကကလေးတွေ ကြည့်လိုက်တော့ နိုင်ငံ့ထိတ်သီးခေါင်းဆောင်ကြီးတစ်ဦး
    နဲ့ အတူရှိနေရတာ သာမန်သူငယ်ချင်းတစ်ယောက်နဲ့ အတူရှိနေသလိုပဲ..
    ထူးထူးခြားခြားအတန်းရှင်းပေးနေတာ(တောင့်တောင့်ကြီး)မတွေ့ရဘူး..
    ကျုပ်တို့ ရွှေနိုင်ငံမှာလို ဇတ်တိုက်ထားတဲ့ ပုံစံမဟုတ်ဘဲ ပေါ့ပါးလွတ်လပ်နေကြတာ
    သတိထားမိတယ်…အဲဒါ အခြေခံပညာရေးအဆင့်ကလေးတွေနော်…
    အင်း..အခြေခံအဆင့်ကစ ပြုပြင်ကြရအုံးမှာပါလားလို့တွေးမိပါရဲ့…ဒီမှာတော့
    ကလေးတွေကို အကြောက်တရားနဲ့ ပုံစံချထားလို့…အဲလိုလူကြီးမပြောနဲ့
    အတန်းပိုင်ဆရာမတောင် စေ့စေ့မကြည့်ရဲ..မေးခွန်းမမေးရဲ….
    ကျုပ်တို့ကိုယ်တိုင်တောင် အဲဒီလိုဘောင်တွေအောက်က လာတာဆိုတော့
    အခုကြီးမှ..လူတောတိုးရဲအောင်..မနဲ ပြန်လေ့ကျင့်နေရပါတယ်…
    ဘာရယ်မဟုတ် ဓါတ်ပုံထဲက ကလေးတွေရဲ့ မုဒ် ကိုတွေ့ပီး စဉ်းစားမိတာလေးပါ..
    ကိုဗစ်ထရီ ပြန်တင်ပေးတာကျေးဇူးပါဗျာ…
    ခင်တဲ့…

  • Victory

    July 21, 2012 at 11:08 am

    ဆရာကိုမိုးညိုရေ
    ပြန်စာနောက်ကျလို့ ခွင့်လွှတ်ပါ။
    တော်တော်ကောင်းတဲ့ ကော်မန့်လေးပါဘဲ။။
    ဘယ်လိုရာထူးမြင့်မားပါစေ နိုင်ငံရပ်ခြားမှာတော့ “ပြည့်ဝ” မှုကိုပြရတာက
    “အမှန်တယ် ကြီးကျယ်” မြင့်မြတ်ကြောင်း ပြခြင်းလို့ နားလည်ထားကြပါတယ်။
    သာမန်ပြည်သူပြည်သားများက အထူးတလည်ကြီး လေးစား”ပြ” နေရတာကို
    ကြောင်လွန်းတယ်လို့ ကျနော်လဲတွေးမိပါတယ်။
    ကော်မန့်အတွက် လေးလေးစားစား ကျေးဇူးပါခင်ဗျ။
    ~~~~~~~~~~~~~~~~~~~

    ကိုဝေဖြိုးရေ
    ကောင်းသော အတွေးအခေါ်လေး တင်ပြမှုအတွက် ကျေးဇူးပါ။
    မှန်ပါတယ်။ လူတိုင်း ဇာတိ ပုည ဂုဏ်မာန ဆိုတာတွေ ရှေ့တန်းတင်ပြီး
    ငါ့ ဘာမှတ်လို့လဲကွ လို့ ဆိုတော့ လောကမှာ စကားများ ရန်ဖြစ် စစ်ဖြစ်တဲ့ အထိ
    ရောက်သွားတာမို့ မကောင်းတဲ့ ရလာဒ်တွေသာ ဖြစ်တာပေါ့ဗျာ။
    တဦးချင်း ပြုပြင်ဘို့ လွန်စွာအရေးကြီးကြောင်း ဆိုတာကိုလုံးဝ သဘောတူပါတယ်လို့။
    လေးစားစွာ။
    ~~~~~~~~~~~~~~~~~~~

    ကိုကြီးမိုက်ကြီးရေ
    ကော်မန့်လေးအတွက်ကျေးဇူးပါ။
    ကျနော်လဲ အဲဒီ ပညာရေးမျိုးကိုလိုလားပါတယ်။
    တပည့်ရဲ့ မေးခွန်းမေးခွင့် မေးရဲလာအောင်လုပ်ပေးဘို့ မေးတတ်လာအောင် သင်ပေးဘို့
    ဖြေပုံဖြေနည်းကိုပါ လက်တွေ့ပြသဘို့ စဉ်းစားပုံစဉ်းစားနည်းတွေကိုသင်ပေးဘို့ ဆရာတွေ
    ကိုယ်တိုင်လည်း ပညာ ပြည့်ဝ နှလုံးလှ ဖို့ လိုအပ်တယ်လို့ ထင်မြင်မိပါတယ်။
    ခင်မင်စွာဖြင့်

  • AKKO

    July 21, 2012 at 11:34 am

    Victory ရေ အရမ်းကောင်းတဲ့ ပို့စ်လေးပါပဲဗျာ လက်မထောင် အားပေးပါတယ် ။
    ဒီပို့စ်ဖတ်နေရင်း စကားပုံလေးတစ်ခုကို သတိရမိသွားတယ် မပြည့်တဲ့အိုးဘောင်ဘင်ခတ်တယ် တဲ့လေ ။
    မာန်မာနကင်းမှ ပြည်သူတွေနဲ့ တသားတည်း ရှိပြီး ပြည်သူတွေရဲ့ လိုအပ်ချက်ကို မိမိရဲ့ လိုအပ်ချက်ကို တွေ့မြင်နိုင်မှာပါ ။ ပြည်သူတွေရဲ့ ခံယူချက်လည်း တသားတည်းရှိမှာပါ ။ အပေါ်စီးကကြည့်နေသရွေ့တော့ အောက်ကလူတွေအားလုံး သေးနေတယ် ၊ အရွယ်ငယ်တယ်ထင်ပြီး ၊ ခေါင်းတက်နင်းချင်းစိတ်တွေပဲ ပေါက်နေမယ်ထင်တယ် ။

Leave a Reply