အဓမ္မဝါဒမိုးပြာဂိုဏ်းသားဟု အစွပ်စွဲခံခဲ့ရသော ဆရာတော်ဦးဥတ္တမအကြောင်းတစေ့တစောင်း

me dainJune 23, 20125min29520

                         ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ၊ မွေးပြင်ကျေးရွာအုပ်စု၊ ကိုယ်ထူကိုယ်ထ  ကျန်းမာရေးဌာနဆေးခန်းဖွင့်ပွဲအတွက်  သာသနာပြုခရီးကြွရောက် ခဲ့သော ဆရာတော်ဦးဥတ္တမအား အောင်ပန်းမြို့နယ် သံဃာနာယကအဖွဲ့နှင့် နယ်မြေခံ လူအချို့မှ အဓမ္မဝါဒမိုးပြာဂိုဏ်းသားဟုစွပ်စွဲကာ ၁၆-၅-၂၀၁၂ ရက်နေ့တွင် လူဝတ်လဲ တရားစွဲဆိုခြင်းခံနေရပါသည်။

  – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – — – – – – – – – – – – – – – – – – – – – – –

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – — – – – – – – – – – – – – – – – – – – – – –

“ဆရာတော်ဦးဥတ္တမ၏ သာသနာပြုမှတ်တမ်း (Movie file)

(http://youtu.be/ONV5PX4EnjM)

  – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – — – – – – – – – – – – – – – – – – – – – – –

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – — – – – – – – – – – – – – – – – – – – – – –

 

ဆရာတော်ဦးဥတ္တမ  အလောင်းအလျာကို ခမည်းတော် ဦးဘိုကေ၊ မယ်တော် ဒေါ်တင်လှတို့မှ ၁၃၂၂ – ခု၊ တန်ခူးလပြည့်ကျော် ၁ဝ – ရက်၊ တနင်္ဂနွေနေ့တွင် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ကျောက်ပုံကျေးရွာတွင် ဖွားမြင်တော်မူခဲ့ပါသည်။

ငယ်နာမည်မှာ မောင်မြင့်ဦးဖြစ်၍ မွေးချင်းသုံးဦးရှိသည့်အနက် အကြီးဆုံး သားဖြစ်ပါသည်။

အခြေခံပညာများကို ကျောက်ပုံကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ သိမ်ဇရပ်မြို့အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းတို့တွင် သင်ယူ အောင်မြင်ခဲ့ပါသည်။ ဆက်လက်၍ မော်လမြိုင်တက္ကသိုလ်တွင် တတိယနှစ်အထိ မြန်မာစာဘာသာရပ်ကို သင်ယူဆည်းပူးခဲ့ပါသည်။

၁၉၈၅ – ခုနှစ်တွင် မခင်သန်းမြင့်နှင့် အိမ်ထောင်ပြုခဲ့ပြီး သမီးနှစ်ယောက် ထွန်းကားခဲ့ပါသည်။

၁၉၉၆ -ခုနှစ်မှ စတင်၍ တရားဓမ္မလေ့လာ ဆည်းပူးမှုအလုပ်တစ်ခုတည်းကိုသာ တစိုက်မတ်မတ် စတင်ပြုလုပ်ခဲ့ပြီး ၁၉၉၉ – ခုနှစ်တွင် တရားပြဆရာကြီး ဦးဂိုအင်ဂါထံ တွင် ဆက်လက်လေ့လာခဲ့ပါသည်။

တရားပြဆရာကြီး ဦးဂိုအင်ဂါ၏ တရားပြဌာနများတွင် တရားဝန်ဆောင် (Dhamma worker) အဖြစ် ပြုလုပ်ဆောင်ရွက်ရင်း တရားအားထုတ်ခဲ့ပါသည်။

၉-၈-၁၉၉၉ – ခုနှစ်တွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေဥမင်ဓမ္မသုခကျောင်း ဆရာတော်ဦးကောသလ္လကို ဥပဇ္ဈာယ်ပြု၍ ခဏ္ဍသိမ်တော်၌ ရဟန်းအဖြစ်သို့ ရောက်ရှိ တော်မူခဲ့ပါသည်။

၂၀၀၄ – ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ အင်္ဂပူရိရ်ရှိ ဆရာကြီးဦးဂိုအင်ဂါရိပ်သာတွင် ၁ – လခွဲ၊ မာဂဓတွင် ၁ – လကြာ ဘာသာရေးဆိုင်ရာ ဘာသာရပ်အသီးသီးကို လေ့လာခဲ့ပြီး ဟိမဝန္တာသို့လည်း ဆက်လက် သွားရောက်ကာ တရားဓမ္မများ လေ့လာအားထုတ်ခဲ့ပါ သည်။

အိန္ဒိယနိုင်ငံ၌ တစ်နှစ်ခန့်နေထိုင်စဉ်ကာလများအတွင်း ဗုဒ္ဓဒဿန၊ ဟိန္ဒူဒဿန၊ ကွန်ဖြူးရှပ်ဒဿန၊ မဟာယာနဒဿန၊ အိန္ဒိယ ဟိုက်ဒရာဘတ် (စ်)၊ အိုးရှိုးဒဿန စသည့် တရားသင်တန်းများကို တက်ရောက်လေ့လာခဲ့ပါသည်။

သိရီလင်္ကာ (ဆရာဝန်)ရဟန်းတော် ဦးနာဂီတနှင့် အတူတကွ မေမြို့ (ပြင်ဦး လွင်) ရေချမ်းစဉ်ကျေးရွာတွင် ၃ -လခန့် တောရဆောက်တည်ကာ ဓူတင်တရားများ အားထုတ်ခဲ့ပါသည်။

၂၀၀၁ – ခုနှစ်မှစ၍ ဆရာကြီးဦးဂိုအင်ဂါ၏ ကလေးသင်တန်းများကို နမူနာယူကာ  ဒကာ၊ ဒကာမတို့၏ ပင့်လျှောက်ဖိတ်ကြားမှုအရ မြန်မာပြည်အရပ်ရပ်ရှိ အ.လ.က၊ အ.ထ.က ကျောင်းများတွင် ကိုယ်ကျင့်တရားစာရိတ္တမြှင့်တင်ရေးသင်တန်းများကိုု ပို့ချပေးခဲ့ပါသည်။ စိတ်၏ငြိမ်းချမ်းခြင်း အခြေခံ အာနာပါနတရားအားထုတ်နည်းများကို လည်း လက်တွေ့ကျင့်သုံး သင်ကြားပို့ချခဲ့ပါသည်။

ဥပဇ္ဈာယ်ဆရာတော်ဖြစ်သည့် ရွှေဥမင်ဆရာတော်ဘုရားကြီး သက်ရှိထင်ရှားရှိစဉ်အခါက ဆရာတော်ဘုရားကြီး၏ လမ်းညွှန်ဩဝါဒအရ ဆရာတော်ဘုရားကြီး၏ ဇာတိရွာနှင့် အခြားဒေသများတွင် ဦးဥတ္တမကိုယ်တိုင်ဦးစီး၍ ယဉ်ကျေးလိမ္မာကလေးတရားသင်တန်းများကိုလည်း ဖွင့်လှစ်ကာ သာသနာပြုခဲ့ပါသည်။

၂၀၀၈-ခုနှစ်၊ ဇွန်လ ၂၀-ရက်ခန့်တွင် ဒကာ ၆-ဦးနှင့်အတူ ဆရာတော်ဦးဥတ္တမ ဦးစီး၍ ဖျာပုံခရိုင်၊ ကြက်ဖမွေးဇောင်းကျေးရွာ၊ ဗလသုခဘုန်းတော်ကြီးကျောင်းတွင် တည်းခိုသီတင်းသုံးနေထိုင်လျက် သက်ကယ်တောင်၊ ဘုန်းကြီးတောင်နှင့် အခြားရွာနီး သုံး၊ လေးရွာအပါအဝင် ရွာများသို့ ယာယီစာသင်ကျောင်းများ ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။

ထို့အပြင် ရွာပုံ ကြက်ဖမွေးဇောင်းကျေးရွာ၊ တွဲဖက် အ.ထ.ကကျောင်းကိုလည်း ပြန်လည်တည်ဆောက်နိုင်ရန် မတည်၍ စာရေးကိရိယာနှင့် ပဲ၊ ဆန်၊ ဆား အစရှိသော စားသောက်ကုန်ပစ္စည်းများအားပေးအပ်လှူဒါန်းခဲ့ပါသည်။

ကျန်းမာရေးအထောက်အကူအတွက် အတူလိုက်ပါသော ဒေါက်တာစိုးမိုးသန့် မှ လိုအပ်သော ဆေးပစ္စည်းနှင့် ကိုယ်တိုင်ကုသပေးခြင်း၊ ခြင်ဆေးဖြန်း ဆေးဝါးများ ပေးအပ်လှူဒါန်းတို့ကို လုပ်ကိုင်ပေးခဲ့ပါသည်။ ကျေးရွာမူလတန်းကျောင်းသုံးကျောင်းကို လည်း ယာယီဝါးကျောင်းများအဖြစ် ဆောက်လုပ်လှူဒါန်းခြင်းတို့ကိုနယ်မြေခံဆရာတော် ဦးပညာသာမိနှင့် ဒကာ၊ ဒကာမများပါ ပူးပေါင်းပါဝင်၍ ဆရာတော်ဦးဥတ္တမဦးစီးကာ ဖျာပုံခရိုင်၊ ပင်လယ်ကမ်းဒေသတွင် နှစ်ပတ်ခွဲခန့်ကြာ လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။

ယခုအခါ  ဆရာတော်သည် ပဲခူး၊ ၁၀-မိုင်ကုန်း၊ မဟာမြိုင်ဥယျာဉ်တွင် သီတင်းသုံးနေထိုင်လျှက်ရှိနေစဉ်အတွင်း ရှမ်းပြည်နယ်၊ ပင်လောင်းမြို့သို့ ကိုယ်ထူကိုယ်ထ  ကျန်းမာရေးဌာနဆေးခန်းဖွင့်ပွဲအတွက်  သာသနာပြုခရီးကြွရောက် ခဲ့သောခရီးစဉ်တွင် အောင်ပန်းမြို့နယ် သံဃာနာယက အဖွဲ့နှင့် နယ်မြေခံ လူအချို့မှ အဓမ္မဝါဒမိုးပြာဂိုဏ်းသား ဟုစွပ်စွဲကာ ၁၆-၅-၂၀၁၂ ရက်နေ့တွင် လူဝတ်လဲ တရားစွဲဆိုခြင်းခံနေရပါ သည်။

 

       “ဆရာတော်ဦးဥတ္တမဆောင်ရွက်ခဲ့သော သာသနာရေးမှတ်တမ်းများ”

(ထိုသို့ သာသနာပြုဆရာတော် ဦးဥတ္တမအား၊ မိုးပြာဂိုဏ်းသားဟု အဓမ္မစွပ်စွဲ၊ လူဝတ်လဲ၊ အကျဉ်းချ၊ ဖြစ်ရပ်သည် ဓမ္မလား၊ အဓမ္မလားဟု မေးမြန်စရာတွေ ဖြစ်နေပါသည်။)

20 comments

  • tharli kar

    June 23, 2012 at 6:55 pm

    သတင်းတွေဖတ်ဖြစ်ပေမယ့် ဝင်မန့်ချင်စိတ်မဖြစ်ပဲရှိတာမို့ပါ။ အခုသတင်းကတော့ ရေးချင်စိတ်ပေါက်လာတာမို့ပါ။ VCD ကိုကြည့်လိုက်မိတော့ ဦးဥတ္တမဟောထားတဲ့ တရားတွေက ထေရဝါဒအယူနဲ့ ဘယ်လိုများလွဲချော်နေသလဲဆိုတာ တွေးမိတယ်။ အဓမ္မဆိုပြီး စွပ်စွဲနိုင်လောက်တဲ့ ဟြေပြောပို့သချက်တွေ မပါတာလဲ တွေ့ရတယ်။ ကြည့်ရတာတော့ ပုဂ္ဂိုလ်ရေးဆန်တဲ့ စွပ်စွဲချက်တွေများဖြစ်နေမလားဗျာ။ ပုံတွေကို်ကြည့်ရင်လည်း သူဟောချက်တွေ အဓမ္မဖြစ်လောက်တဲ့ ပုံတွေမဟုတ်လောက်ဘူးနဲ့တူတယ်။ ဘာဖြစ်လို့လဲဆိုရင် လူကြီး၊ လူလတ်၊ လူငယ်တွေ စိတ်ဝင်တစားနဲ့ နားထောင်နေကြတာတွေရယ်၊ တရားထိုင်နေကြတဲ့ လူငယ်တွေရယ်ကိုကြည့်ရင် သိသာသလိုပဲ။ ဒါကို ဘာကြောင့်များ အဓမ္မလို့ပြော ရတာလဲဗျာ။ မြန်မာနိုင်ငံမှာ ကိုးကွယ်ယုံကြည်ထားတဲ့ ဗုဒ္ဓရဲ့တရားတွေဟာ စစ်မှန်ပါတယ်လို့ ဘယ်လိုပေတံမျိုးနဲ့များ တိုင်းတာနေကြတာလဲ။ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးမုန်းတီးမှုတွေဆိုရင်တော့ ကျေးဇူးပြုပြီး…ဘာသာရေးထဲစွဲမထည့်ဖို့ ပြောပါရမှာပါ။ ခုကာလက ဘာဖြစ်ဖြစ် ဘာသာရေးဘက်ကို ချည်းဦးတည်ချင်နေကြတာလည်း သတိထားဖို့လိုပါတယ်။

  • Passing By

    June 23, 2012 at 8:45 pm

    ကျွန်တော်လည်း နားမလည်ပါဘူး ။ အယူလွဲတယ်ဆိုတာ ဘယ်လိုလွဲတာလဲ .. ?
    ပြီးတော့ အယူအမှန်တွေဆိုတာရော ဘယ်လိုသက်သေပြနိုင်သလဲ .. ?
    သိပ္ပံနည်းကျပြသပေးနိုင် တာ၊ ဒါမှမဟုတ် ကြောင်းကျိုးကျ ရှင်းပြနိုင်တဲ့ အယူမှ အမှန်လို့ ကျွန်တော် တော့ သတ်မှတ်မိပါတယ် ..
    ပြီးတော့ အဓမ္မ အယူဆိုတာ .. ဘယ်လိုအယူတွေလဲ .. ? ကြောင်းကျိုးကျရှင်းပြနိုင်ရင် ရှင်းပြပေးလို့ရနိုင်မလား . ?

  • ကိုပါကြီး

    June 24, 2012 at 12:47 am

    ဂျပန်ခေတ်မှာ ကိုယ်နဲ့ မတည့်တဲ့သူကို တော်လှန်ရေးသမားဆိုပြီး သတင်းပေးလိုက်ရင် ဂျပန်ကင်ပေတိုင်က ရက်စက်စွာ နှိက်စက်ပြီ။

    အခုခေတ်မှာလည်း ကိုယ်နဲ့ မတည့်တဲ့သူ (ဓမ္မကထိက)ကို ထေရဝါဒနဲ့ မညီသူလို့ စောဒကတက်လိုက်ရင်
    ခေတ်သစ် ကင်ပေတိုင် (မဟန) က အဓမ္မဆိုပြီ တွယ်နေပြီ။

    ဂျပန်နည်းနဲ့ ခြယ်လှယ်နေတဲ့ မဟန ကင်ပေတိုင်တွေပဲ။

  • ဇောက် ထိုး

    June 24, 2012 at 6:52 am

    ကျွန်တော်သိတာလေး နည်းနည်းတော့ ပြောမယ်ဗျ။ ဒီနေ့ ဘယ်ဘာသာရေးပဲဖြစ်ဖြစ် ကျမ်းစာ နဲ့မညီရင် အဓမ္မပဲ။ ဘာသာရေးဆိုတာက ကျမ်းစာကို အခြေခံတယ်ဗျ။ ကျမ်းစာကို သက်သေပြုတယ်ဗျ။ ဘာသာရပ်က တော့ လက်တွေ့ကို အခြေခံတယ်ဗျ။ ဘာသာရပ်တွေ တိုးတက်ပေမယ့် ဘာသာရေးတွေဟာ လောကမှာ လုံးဝမတိုးတက်ဘူးလို့ထင်တယ်ဗျ။
    ကျောက်တောင်တွေ မိုင်းခွဲပြီး လမ်းတွေဖောက်လို့ လူသားအကျိုးများဖို့ တီထွင်ပေါ်ပေါက်လာတဲ့ ဗုံးတွေဟာ ဒီနေ့ လူတွေ ခြေကျိုးလက်ပြတ်တွေဖြစ်နေတယ်ဗျ။
    လူသားတွေငြိမ်းချမ်းဖို့ ပေါ်ပေါက်လာတဲ့ ဘာသာရေး တွေဟာလဲ ဒီနေ့လူသားတွေကို ဆင်းရဲမှုတွေ ပေးနေတယ်ဗျ။ ဒို့ဘာသာကွ။ ဘာသာရေးစစ်ပွဲကွ။
    ဥပမာ.. မြင်မိုရ်တောင်ရှိတာကို မယုံဘူး… ဘာကြောင့် မရှိနိုင်ဘူးဆိုရင်.. အဲဒါ အဓမ္မဖြစ်နိုင်တယ်ဗျ။
    ဘုရားက မြက်ရှစ်ဆုပ်ကျဲလိုက်တာ ၁၈=တောင်မြင့်တဲ့ ပလ္လင်ကြီးဖြစ်သွားတယ်ဆိုတာ မယုံရင်လဲ.. အဲဒါ အဓမ္မသတ်မှတ်နိုင်တယ်ခင်ဗျ။ ဒါလေးကတော့ ကျွန်တော် သိတာလေးပါခင်ဗျ။

  • mggwa

    June 24, 2012 at 9:52 am

    “ဥတ္တမဆရာတော်ကို ဥက္ကဌဆရာတော်တို့က အဓမ္မကျင့် အဲ ဆောတီး . . . အဓမ္မစွပ်စွဲခြင်း”

    သတင်းအစုံအလင်ကို လေ့လာသုံးသပ်ကြည့်တော့ အဟင်း . . . (လည်ချောင်းရှင်းသံ)
    ဘိန်းပစ်ပြီးအမှု ဆင်ထားသလိုပဲနော်။
    ဘယ်နှယ့် သူ့တရား Link မှာ နာကြည့်တော့ မိုးပြာဦးဉာဏနဲ့ ဘာမှကို မဆိုင်ဘူး။

    မယုံရင် http://www.ariyathitsa.org မိုးပြာ Link ကတရားတွေနဲ့ တိုက်ကြည့်။

    ဒါသက်သက် အဓမ္မကျင့် အဲ မွှားလို့ . . . အဓမ္မလို့ စွပ်စွဲပြီး လုပ်ကြံလိုက်တာလား။

    ဦးဉာဏတရားတွေထဲမှာ ဦးဥတ္တမ
    http://www.youtube.com/watch?v=ONV5PX4EnjM&feature=youtu.be
    ထဲကလို ကမ္မဋ္ဌာန်းထိုင်တယ်ဆိုပြီး
    အဲဒီလို အညောင်းထိုင်ခိုင်တာမျိုးတွေ မတွေ့ရပါ။
    ဦးဉာဏက အထိုင်ထဲမှာ အသိမရှာခိုင်းပါဘူး။
    အလုပ် (အမှု)ထဲမှာပဲ အသိရှာခိုင်းတာဗျ။

    အခုက အထိုင်ထဲမှာ အသိရှာနေတာကို မိုးပြာလို့စွပ်စွဲတော့ . . .
    မြန်မာထေရဝါဒီအစွဲကြီးတွေက ဘာနဲ့သွားတူနေလဲဆိုတော့ . . .

    ကိုယ့်မိန်းမကို ကိုယ်စိတ်မချတဲ့ လင်ကြီးလိုပဲဗျ။
    ကိုယ့်မိန်းမကို် စိတ်မချတာနဲ့ ဟိုလူနဲ့ သမုတ်ချင်၊ ဒီလူနဲ့ သမုတ်ချင် . . . ။

    အဲဒီလိုပဲ ကိုယ့်တရားကို ကိုယ်စိတ်မချတော့ . . .
    ကို်ယ့်တရားနဲ့ မတူတာနဲ့ပဲ . . . .
    ထစ်ခနဲရှိ ဒီမိုးပြာနဲ့ပဲ လာသမုတ်နေကြတယ်နော်။
    ကျုပ်ကလည်း ကြားတော့ ကြားထဲက မြင်ပြင်းက ကပ်လာတော့တာဗျ။

    ဘယ်နှယ့် ဒီခေတ်လို ICT ခေတ်ကြီးထဲမှာ ဒီရှေးရိုးစွဲ သီဟိုဠ်လက်ဖြစ် ကျမ်းကြီးတွေပဲ လေ့လာမှ တရားလို့ထင်နေကြတယ်။

    ကိုယ်လေ့လာချင်တာ လေ့လာမှာပေါ့။
    ထေရပဲ လေ့လာလေ့လာ ။
    မဟာပဲ လေ့လာလေ့လာ ။
    မိုးပြာပဲ လေ့လာလေ့လာ ။
    တိဗက်ပဲ လေ့လာလေ့လာ ။
    ဇင်ပဲ လေ့လာလေ့လာ ။
    လေ့လာတဲ့အတိုင်း သဘောကျတာရှိ ယူပြောချင်ပြောမှာပေါ့။
    ပြောရင်လည်း မဟာယာနတို့၊ မိုးပြာတို့၊ တိဇက်၊ ဇင် ဗုဒ္ဓဘာသာတွေနဲ့လည်း တူတာတွေ ပါချင်လည်းပါနိုင်တာပေ့ါ။
    အားလုံးက ဗုဒ္ဓတရားကိုပဲ ဦးတည်နေကြတာပဲလေ။

    အဲဒါကို သဝန်တိုတဲ့ လင်ကြီးလို . . .
    နည်းနည်းလေး ယောင်လို့တောင် သွားမတူလိုက်နဲ့
    အဓမ္မလို့ သမုတ်နေတော့တာပဲနော့။
    ဘယ်နှယ့် အိမ်လည်တောင် မထွက်ရဲတော့သလိုဖြစ်နေရပြီ။

    အခုကြားနေရတာတွေက

    ထေရဝါဒနဲ့ နည်းနည်း အဆင်လေးကွဲတာနဲ့ပဲ
    ဓမ္မစေတီဦးကောသလ္လလဲ မိုးပြာလို့ သမုတ်လိုက်
    ကျော်ဟိန်းကိုလည်း သမုတ်လိုက်နဲ့၊
    တော်တော်သဝန်တိုတဲ့ လင်ကြီးပဲ၊ ဟင်း . . . ။

    အဲဒီလို မိုးပြာကဟောတဲ့ အရိယသစ္စာဆိုကြီးနဲ့ တူတယ်ဆိုတိုင်းတာ
    အဓမ္မလုပ်နေကြမယ်ဆိုရင်
    သီတဂူဆရာတော်ကြီးတို့တောင် ဘယ်တော့ သမုတ်ခံရမလဲမသိ။

    ပရမတ္တသစ္စာနဲ့ အရိယသစ္စာ မတူကြောင်း . .. ။
    အရိယသစ္စာအတွက်သာ ဗုဒ္ဓပွင့်လာကြောင်း သီတဂူဆရာတော်ကြီးလည်းဟောနေတာပဲ။

    အရိယသစ္စာဟောတိုင်းသာ မိုးပြာလို့ စွပ်စွဲပြီးထောင်ချနေရင်တော့
    မြန်မာပြည်မှာ အရိယသစ္စာတရား ဘယ်ဘုန်းကြီးမှ မဟောရဲတော့သလို
    ဖြစ်နေတော့မှာပဲဗျ။

    ဗုဒ္ဓဘုရားတောင် ပြန်ပွင့်လာလို့ အရိယသစ္စာတရားဟောရင်တောင်
    ဒီသံဃနာယကဆိုတဲ့ ဘုန်းကြီးနေတဲ့ ဘုန်းကြီးတွေက ဘာလုပ်ကြဦးမလဲမသိ။ . . . ဟူး။
    သိတိုင်းပြောနေရတာ မကောင်းပါဘူးလေ။
    ရေငုံနေမှ ဖြစ်တော့မယ်။

    တော်ကြာ လင်ကြီးက ငါ့ပါ လင်ငယ်ပါဆိုပြီး သမုတ်ချင် သမုတ်နေမှာ။

    တော် P PPPPPPPP;။

  • mggwa

    June 24, 2012 at 10:16 am

    အော် . . . ဒါနဲ့ စကားမစပ် . . အဲ ဒါ စကားမှမဟုတ်တာ ..
    ကွန်မန့်ဆိုတော့ . . .
    ကွန်မန့်မစပ်လို့ ရေးရမှာပေါ့နော်။
    ကြုံလို့ ကျုပ်ခံပြင်းခဲ့တာလေး ပြန်ဖောက်သည်ချရသေးတာပ။

    “တောက် . . . ခံပြင်းလို့ပါဗျာ၊”
    http://myanmargazette.net/100730/uncategorized-other/copypaste
    စပ်မိရင် ဖတ်ကြည့်၊
    ဘယ်လောက် ထိ၊

  • realman

    June 24, 2012 at 10:43 am

    ဒါတွေဟာ ဘုရားသာသနာထဲကို လူအာဏာဝင်ရောနှောနေမှုတွေကြောင့်ဖြစ်ပါတယ်။
    ဘုရားသာသာနာကို လူအာဏာ ဝင်မရောတဲ့ သန့်သန့်လေးပဲ ဖြစ်သင့်ပါတယ်။
    http://myanmargazette.net/71745/uncategorized-other/copypaste
    မှာ အာဏာရှင်တစ်ပါတီ ဦးနေဝင်း လက်ချက်တွေကို ဖတ်ကြည့်ပါလို့ပဲ ထပ်တိုက်တွန်းပါတယ်။

  • realman

    June 24, 2012 at 10:44 am

    ဒါတွေဟာ ဘုရားသာသနာထဲကို လူအာဏာဝင်ရောနှောနေမှုတွေကြောင့်ဖြစ်ပါတယ်။
    ဘုရားသာသာနာကို လူအာဏာ ဝင်မရောတဲ့ သန့်သန့်လေးပဲ ဖြစ်သင့်ပါတယ်။
    http://myanmargazette.net/71745/uncategorized-other/copypaste
    မှာ အာဏာရှင်တစ်ပါတီ ဦးနေဝင်း လက်ချက်တွေကို ဖတ်ကြည့်ပါလို့ပဲ တိုက်တွန်းပါတယ်။

  • kai

    June 24, 2012 at 12:55 pm

    ဒီလိုတံဆိပ်ကပ်တာမှာ.. ရွာသူားတွေထဲတောင်..အများကြီးပဲ..
    စိတ်ပညာသဘောအရဆို.. ကိုယ်က..အားနည်းတော့.. အားသာ(တယ်ထင်)တဲ့ဖက်ကလူတွေကိုယ့်ဖက်ပါလာအောင်.. (ပါလာမလားဆိုပြီး) .. အုပ်စုခွဲခြားပြီးဘက်ကပ်တယ်ယူဆမိပါတယ်..

    အဲလိုနဲ့.. ကျုပ်လည်း.. မိုးပြာဖြစ်ဖူး….
    .. မွတ်ဆလင်လဲဖြစ်ခဲ့ဖူးပါကြောင်း… 🙂

    • pooch

      June 24, 2012 at 3:37 pm

      မိပြီ သူကြီး ခုမှပေါ်တယ်။ ခုနေတော့ သူကြီး freethinker ဖြစ်နေမယ် ထင်တာပဲ ။
      အထင်( ခရက်ဒစ်တူ… မာမီပု)။ 😀

    • စိန်ဗိုက်ဗိုက်

      June 24, 2012 at 3:43 pm

      မန်းဒလေး ဂေဇက် ဖောင်ဒါ အယ်ဒီတာ သဂျီးအုခိုင်ဟာ မိုးပြာမွတ်ဆလင်တစ်ဦးဖြစ်ခဲ့ဖူးကြောင်း ကိုယ်တိုင်ဝန်ခံခြင်း
      ဆိုပီး ပို ့စ်တစ်ပုဒ်ရေးတင်လိုက်ရင်တော့ ကွန်းမန် ့တစ်ရာလောက်ရပြီး ပွိုင့် နှစ်ရာကျော်ခိုင်မှာ မြင်ယောင်သေး..
      အဟေး..အဟေး..

  • htoosan

    June 24, 2012 at 2:42 pm

    အဟိ .. သူကြီး မွတ်ဆလင် ဖြစ်မယ်လို့ တံဆိပ်ကပ် ခံထားရလို့ ဒီမှာ လာရှင်းထားပါတယ် …….ဗျိုံ့
    😀 မမြင်လိုက်ကြမှာစိုးလို့ …. 😀

  • zarni

    June 24, 2012 at 3:01 pm

    သဂျီးကမွတ်ဆလင်လဲဖြစ်ခဲ့ဘူးတယ်ဆိုတော့ခုကျတော့ရောဘာဖြစ်သွားပြီလဲ သိချင်မိပါတယ်။ 🙂

  • kyeemite

    June 24, 2012 at 4:25 pm

    ဟုတ်တယ်ဗျို့..သူဂျီးကရီုဟင်ဂျာဒုက္ခသယ်စခန်းကနေ အမေဒိကန်ရောက်သွားဒါ

  • ကြောင်ကြီး

    June 25, 2012 at 11:07 am

    အဗ္ဗဒူလာသဂျီး အစ်နေ့ကြရင် အသားဂျင်း မှားမဝေနဲ့အုံးနော်..။ အမေရိကန်ရောက်တာကြာတော့ ဘယ်အသားဖြစ်ဖြစ် ဝေကောင်းဒယ်ဆိုပီး စိတ်ထင်ရာလုပ်နေမှဖြင့် ကျော်မကောင်းကြားမကောင်း ဖြစ်နေမယ်…. 😆

  • koko thant

    June 25, 2012 at 3:40 pm

    ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးတဲ့။ လူတွေထဲက ပြောခဲ့တာပါ။ ခုတော့ လူတွေမှာတော့ ဟုတ်သလိုလို စနေပါပြီ။
    ဒါပေမယ့် ဥပဒေအထက်မှာ သံဃာ့အများစု တော့ရှိနေပါသေးတယ်။
    ဘယ်သူတရားတယ်။ မတရားဘူး။ ဘယ်သူပြောတာမှ မယုံကြနဲ့။ တကယ်သိချင်ရင် ကိုယ်တိုင်ရှာကြည့်။
    ဦးဥတ္တမပြောတဲ့ စကားများ။ မျက်နှာအမူအရာ။ အထေ့အငေါ့ ပါမပါ။ မထိပြုံးတွေ ရှိ. မရှိ။ လေယူလေသိမ်း။ အားလုံးသိချင်သွားကြည့်ပေါ့။
    အဓမ္မလို့ စွပ်စွဲတဲ့ သူတွေရဲ့ တရားတွေ.. အဓမ္မတွေပါလို့ ပြောခဲ့ကြတဲ့ လူတွေ နဲ့ ရဟန်းတပါး ရဲ့ခွေတွေလဲ ရှိနေတာပဲ။
    ယှဉ်ကြည့်လိုက်.. ရှာကြည့်လိုက် ..ပြောတဲ့စကား။ လှောင်ပြုံးတွေ.. သရော်ပြုံးတွေ.. အသားမဲမဲ ထိပ်ပျောင်ပျောင်နဲ့ လူ ရယ်တာဆို သိပ်သိသာပါတယ်။ သူတော်ကောင်း အပြုံးလား။ သူယုတ်မာ အပြုံးလား။ သူများပြောတာ မယုံပါနဲ့ ကိုယ်တိုင်ရှာကြည့်ကြပါ။
    သွားကြားမှာ လျှာလေးထိုးပြီး မရယ်ချင်ပဲနဲ့လှောင်ချင်လို့ရယ်တဲ့အရယ် မျက်စိထဲကတောင် မထွက်ဘူး။ သူတို့ကိုယ်သူတို့တော့ ““တရားဖောင်ဒေးရှင်းတဲ့””
    ပြီးတော့ အလှူတွေခံ။ ငွေတွေ ပလူပျံအောင် ရဖို့အတွက် တဖက်သံဃာတွေကို နှိပ်ကွပ် ကြတယ်။ ပြီးတော့ မှားတယ်.. မှန်တယ် ဘာမှ မရှင်းနဲ့ အတင်းဆွဲချွတ်။
    အင်း.. ဘာမှ မပြောတော့ဘူး။ တောင်းပန်ပါတယ်ဗျာ.. ရှာပြီးတော့ ယှဉ်ကြည့်လိုက်ကြစမ်းပါ။ ဦးဥတ္တမနဲ့ အဲဒီအဖွဲ့အစည်း။ ကြည့်ရုံနဲ့ကို သိသာပါတယ်။ မျက်နှာအမူအရာနဲ့ ပြောပုံဆိုပုံ ဒါနဲ့ကို ခင်ဗျားတို့ တခါထဲ သိသွားစေရမယ်။ အဲဒီလောက်ကို ကွာတယ်။

    အပေါ်ယံအမြင်မှာကို မျက်စိနဲ့မြင်ပြီး နားနဲ့ကြားမိရုံနဲ့ ခွဲခြားနိုင်လောက်အောင် အဲဒီလောက်ကို ကွာတယ်။ ကဲ ဘယ်သူတရားလဲ .. ဘယ်သူမတရားလဲ… ကိုယ်တိုင်သာ ရှာကြည့်။
    အဓမ္မတိုက်ခိုက်ရေးဆိုပြီး. နိုင်ငံအတွင်း စာရွက်တွေကမ်း။
    တဖက်ရဟန်းတွေရဲ့ တချို့ပြောချက်တွေကို ဖြတ်ညပ်ကပ်လုပ်။
    ပြီးတော့ အပုတ်ထုတ်လုပ်ဖြေပြ။
    ပြီးတော့ သံဃာ့မဟာနာယက တင်။ တရားစွဲ။ လူတွေထဲ ကိုယ်ချင်းမစာနာ ရက်ရက်စက်စက် အရှက်ခွဲပြီး ထောင်ချဖို့ကြိုးစား။ လူအများအထင်ကြီးဖို့ကျတော့ သူတို့ကို အဓမ္မတိုက်ဖျက်ရေးဆိုင်းဘုတ်တပ်။
    သံဃာ့မဟာနာယက ရောက်တော့ မေးမြန်းခြင်း။ ဖြေရှင်းချက်တောင်းခံခြင်း မပြု။ တဖက်လူကို ဘာမှ တင်ပြခွင့်ကိုမပေးတော့ဘဲ အဓမ္မဖြစ်သည်တဲ့။
    အဓမ္မ ဆုံးဖြတ်မှုတွေကို ပြန်ကြည့်ရင် ဒီဖြစ်စဉ်တွေကို တွေ့ရမှာပါ။ တရားခံကွယ်ရာမှာ တရားခံမပါပဲ မမေးမြန်းပဲ အဓမ္မ ဆုံးဖြတ်တာတွေ။ မရှိတဲ့ ဥပဒေ (ပါဠိအတု)တွေနဲ့ ဆုံးဖြတ်ခဲ့တာတွေ သမိုင်းမှာ မှတ်တိုင်တွေ နည်းပါဘူး။

  • Ko out of...

    June 28, 2012 at 12:02 pm

    ကျွန်တော်ကတော့ဗျာ ပြဿနာ တခုကို အင်အားသုံးပြီး ဖြေရှင်းတာဟာ ဘယ်တော့မှ
    ထာဝရငြိမ်းချမ်းမှုကို ရမှ မဟုတ်ဘူးလို့ မြင်တယ်ဗျာ….

    ပြဿနာ ဖြေရှင်းသွားတဲ့ ဘုရားရဲ့သမိုင်းကြောင်းတွေထဲက မှတ်မိသလောက်လေး ပြော
    ရမယ်ဆိုရင်…

    တခါက… သုတ္တန်ဆောင်ရဟန်းနဲ့ ဝိနည်းဆောင်ရဟန်းတွေ စကားများကြရာ ကနေ နောက်ဆုံးဘုရားထံ ပြဿနာရောက်သွားတယ်..

    ဘုရားဖြေရှင်းပေးလည်း သူတို့က သဘောမပေါက်လို့ နောက်ဆုံး ဘုရားက တပါးတည်းတောကိုကြွသွားတယ်ဆိုတာ ..ပြဿနာကို ရှောင်တယ် မဟုတ်
    ပါဘူး..ဒါသူ့ရဲ့ရပ် တည်ချက်ကို ပြသွားတာဘဲ..
    ခေါင်းဆောင်ဆိုတာ အများရဲ့ နောက်လိုက်မဟုတ်ဘူး…ခေါင်းဆောင်ဆိုတာ ကိုယ်မြင်ထားတဲ့ vision နဲ့ ပန်းတိုင် goal အပေါ်မှာ မားမားမတ်မတ်ရပ်တည်ရတယ်…အများကတော့ လူနောက်ကိုဘဲ လိုက်ကြတာများတယ်..
    ဘုရားမြင်ပြသွားတဲ့ လောကရဲ့ အမြင်နောက်ကို မလိုက်သွားကြဘူး…

    ဘုရားက လူနောက်ကိုလိုက်တဲ့ ဘုရားမဟုတ်ဘူး…
    လူကိုယ်ကောင်ကိုကြည့်ပြီး ဘာတခုမှ မဆုံးဖြတ်ပေးဘူး..
    ဒါကြောင့် လူတွေမေးတဲ့ မေးခွန်းကို ဘုရားမဖြေခဲ့ဘူး…

    လူတွေက သူတို့သိချင်တာဘဲလျှောက်မေးနေကြတာဘဲ…ဘုရားဘာကိုဆိုလိုတယ်ဆိုတာ သိအောင် အရင်မကြိုးစားကြဘူး…

    ဒါဖြင့်ရင် ဘုရားဟာ လူအကြောင်းကို မပြောရင် ဘာအကြောင်းပြောလဲ?..ရောဂါ အကြောင်းကိုပြောတဲ့ လူဘဲလို့သိရင် လူတွေပြဿနာ မဖြစ်တော့ဘူးပေါ့..ဒါကြောင့် ရောဂါအကြောင်းကိုသာ သိအောင် အရင်လုပ်ပါ…တကယ်တော့ လူဆိုတာ အသုံးချခံ ပစ္စည်းလေးပါ..
    ပါးစပ်ကြီးနဲ့ ငါ့ကိုဆဲနေမှတော့ ဒီလူမဆဲရင် ဘယ်သူဆဲလဲလို့မေးရင် …
    ဆဲတဲ့ လူရဲ့ပါးစပ်ကို ဖြတ်ပြစ်ရမလား? နောက်တခေါက်မဆဲအောင် အမျှော် အကြောက်တရားတွေနဲ့ ယဉ်ကျေးအောင် လုပ်မလား?
    အဲဒီဆဲတတ်တဲ ဒေါသနဲ့တူတဲ့ရောဂါကို မြင်အောင်ချပြ မလား?
    ဘုရား မပွင့်ခင်က လူတွေက ဒုတ်ရမယ်၊ မုန့်ရမယ်ဆိုတဲ့ တရားလောက်သာ ဟောတတ်တာ
    အခုလည်း အဲဒီ အရိုင်းခေတ်တုံးက လူတွေနဲ့ ဘာများထူးသေးလဲ?…

    တကယ်တော့ ဘုရားသားတော် အဖြစ်ခံယူတဲ့ ရဟန်းတွေဆိုတာ လူတွေထက် ရောဂါနဲ့တူတဲ့ ဒေါသ အကြောင်းကို ပိုသိရမှာပေ့ါ…အခုတော့ ကိုယ်ရောဂါ ဖြစ်လို့ ဖြစ်မှန်းမသိတော့…
    ဪ…ရောဂါပျောက်အောင် ကုသပေးတဲ့ပညာ သူတို့ဆီမှာ တကယ်မရှိတော့ပါလားလို့ တွေးမိတယ်…
    ဝါဝါမြင်တိုင်း ရွှေမဟုတ်ဆိုတာကြားဖူးတယ်…အခုတော့ တကယ်ရွှေမဟုတ်ဘူးဆိုတာ ဒီမြင်ကွင်း ကနေ
    ကိုယ့်ရဲ့ အရည်အချင်းကို ထုတ်ပြသလိုတော့ ဖြစ်နေပြီ….

    ဘုရားကတော့ မေတ္တာ၊ဂရုဏာ၊မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မာစိုရ်တရား (၄)ပါးနဲ့ နေသွားကြဖို့ နည်းပေးခဲ့တာဘဲ… ရဟန်း အချင်းချင်းဆိုရင်လည်း ဝိနည်းသိက္ခာပုဒ်တွေနဲ့ အပြစ်ရှိတာရင်တောင်မှ ဒီ
    လို ကြမ်းကြမ်း တမ်းတမ်း မကိုင်တွယ်ရပါဘူး…

    ကျွန်တော်ကတော့ ဒီလို အင်အားနဲ့သုံးပြီး ပြဿနာဖြေရှင်းတာ အမှန်တရား မဟုတ်ဘူးဗျာ..
    ဒါကိုယ်နိုင်တာ ရှိသလိုရှုံးနှိမ့် တာမျိုးလည်းရှိနိုင်တယ်..ဥပမာ…အဓမ္မဝါဒ ဝိနိစ္ဆယကျမ်းစာအုပ်ရဲ့
    စာမျက်နှာ (၁၁၀)မှာ မိုးကုတ်ဆရာတော်ရဲ့ ပဋိစ္စသမုပါဒ် ရှေ့နောက်မညီမှု စသည်ဖြင့် အဓမ္မစာရင်း အမှတ်စဉ် (၁၂)
    မှာ ပါနေတာဘဲ….ဘာဖြစ်လို့ အင်အားနဲ့ မသုံးလဲ?…မိုးကုတ်က အင်အား သိပ်များနေလို့ ” အားမတန်
    မာန်လျှော့တာလား”?…တခြားဘာသာတွေလည်း မတူကြပါဘူး ဒါလည်း အားမတန်လို့မာန်လျှော့
    တာလား?..

    ဒါကြောင့် ရိုသားတယ် ရိုးသားတယ်ဆိုတာ တကယ်တော့ ”ဘောင်အတွင်းက ရိုးသားနေကြတာ” ပါ
    ဘောင်ကနေကျော်ရင်တော့ အေးငါ့တို့ ဘာသာ သာသနာ ကိုလာမထိနဲ့ဆိုတဲ့ စကားဟာ ငြိမ်းချမ်းရေး
    စကားသံ မဟုတ်ပါကြောင်း မြင်မိပါတယ်…

  • median

    June 28, 2012 at 9:08 pm

    ကျွန်တော်ကတော့ ဆရာတော်နဲ့ တရားဆွေးနွေးဘူးတယ်…ကျွန်တော်တို့ တရားအားထုတ်တယ်ဆိုတာ
    လေ့လာမှုအားရော..အားထုတ်မှု အပိုင်းမှာရော ဆရာတော်ကို ဘယ်မှီမလဲ?…

    ဆရာတော်က တရားကို ဘဝပေးပြီး အရူးအမူးရှာခဲ့တာ…ဆရာတော်ကအိန္ဒိယနိုင်ငံမှာ တစ်နှစ်ခန့်နေထိုင်စဉ်ကာလများအတွင်း ဗုဒ္ဓဒဿန၊ ဟိန္ဒူဒဿန၊ ကွန်ဖြူးရှပ်ဒဿန၊ မဟာယာနဒဿန၊ အိန္ဒိယ ဟိုက်ဒရာဘတ် (စ်)၊ အိုးရှိုးဒဿန စသည့် တရားသင်တန်းများကို တက်ရောက်လေ့လာခဲ့တယ်၊ ဂျိန်းတွေဘယ်လို တရားအားထုတ်ခဲ့တယ်..ဆရာဂိုအင်ကာထံမှာလည်း တရားတွေ တော်တော် အားထုတ်ခဲ့တယ်.. ဆိုတာကို ကြည့်ခြင်းအားဖြင့်….
    ဆရာတော်က အချိန်အများကြီးပေးဆပ်ခဲ့ရတယ်.. ဘယ်မိဘဆရာသမားကမှ ကိုယ့်ရဲ့ သားတပည့်တွေကို
    ဝမ်းပျက်ဝမ်းလျှောအဆိပ်အတောက်ဖြစ်စေတဲ့ အစားအစာကို မစားစေချင်ပါဘူး…
    အကောင်းဆုံး အစားအစာကို ရွှေးထုတ်ပြီး ကျန်းကျန်းမာမာ ရှင်ရှင်သန်သန်နဲ့ လူ့လောကရဲ့ ကောင်ကျိုး
    တွေကို အမှန် တကယ်စွမ်းဆောင်ပေးနိုင်တဲ့ သားသမီး တပည့်လေးတွေကိုမွေးထုတ်ပေးစေချင်တာပါ..

    အခုလည်းဆရာတော်ကို အဓမ္မဝါဒ ဆိုပြီးစွပ်စွဲတာ …ဆရာတော်နဲ့တွေ့ဘူးလား? ဆရာတော်ဟောတဲ့ တရားကို သေချာနားထောင်ဖူးလား လို့မေးချင်တယ်… သူတို့ပြောသလို လုံးဝမဟုတ်ဘူးဗျာ……ဆရာတော်က တကယ်ကို ရိုးသားပြီး ဘာတခုမှ မတည်ဆောက်ထားဘူး…

    သူတပါးကို ကိုယ့်ဘက်ပါအောင်လည်း မစည်းရုံး မသိမ်းသွင်း သလို..
    သူများဖက်ကိုလည်း မယိင်းမယိုင်ဘဲ ကျောက်တိုင်ပမာ အလား သူရဲ့ ရပ်တည်ချက်ကို မားမား မတ်
    မတ်ရပ်တည်ပြသွားတာဘဲ…ဒါကြောင့် ယခုလို ဆရာတော်လို သာသနာ့အာဇာနည် ပုဂိ္ဂုလ် မျိုးကို အချုပ်ခန်းမှာကြာကြာ ထိန်းသိမ်းထားတာလူတွေအတွက် အများကြီးနှစ်နာတယ်
    လို့မြင်ပါတယ်….

  • ကိုငြိမ်းအေး

    June 29, 2012 at 8:21 am

    လူသားတွေငြိမ်းအေးစေဖို့အတွက် ဦးဆောင်အကောင်အထည်ဖော်ဆောင်ပေးရမယ့် ဘာသာရေးခေါင်းဆောင်တွေရဲ့ ဖြေရှင်းနည်းများဟာ တရားဓမ္မနဲ့ ဖြေရှင်းမှုမျိုးပဲဖြစ်သင့်ပါတယ်။
    အခုလိုမျိုး ဖမ်းဆီး လူဝတ်လဲ တရားစွဲတဲ့ အကြမ်းဖက်မှုမျိုးတွေတော့ မဖြစ်သင့်ပါ။

    လူ့ငြိမ်းချမ်းရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဂေါတမဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင်တောင်မှ သူ့တပည့်ရဟန်းသံဃာတွေအပေါ် အခုလို အကြမ်းနှိပ်ကွပ်တာမျိုး မလုပ်ခဲ့ပါ။ တရားဓမ္မနဲ့ ဟောပြောပြီ။ တရားဓမ္မနဲ့ အပြစ်ပေးတာလောက်ပဲ ပြုခဲ့တာကို တွေ့ရပါတယ်။

    လူ့ငြိမ်းအေးရေးနဲ့ အကြမ်းဖက်ဖမ်းဆီးအရေးယူမှုဟာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းဆိုသလို မျိုးပါပဲ။

Leave a Reply