မြတ်ဗုဒ္ဓဆံတော်နဲ့ နားရွက်တော် အနေအထား

မေး။ ။ ဗုဒွ၏ဦးခေါင်းထက်မှာ ဆံတော်တကယ်ထုံးတာလား။ ပုံတော်တွေထဲမှာပဲ ရှိတာလား။ ဦးခေါင်းထက်က အဖု့အဖု့လေးတွေက ဘာကြောင့်လဲ။ နားရွက်တော်က လူသာမန်ထက် ဘာကြောင့်ရှည်နေရပါသလဲ။ ဘုရားရှင်က လူသာမန်နဲ့နှိုင်းလို့ မရတာကို လက်ခံပါတယ်။ ဘာသာခြားများက မေးလာလျှင် အကျိုးအကြောင်း ခိုင်ခိုင်လုံလုံ သိချင်လို့ပါဘုရား။

ဖြေ။ ။ ဗုဒ္ဓရဲ့ဆံတော်နဲ့ပတ်သတ်ပြီး ဖြေပေးရမယ်ဆိုရင် မြတ်ဗုဒ္ဓကို အဂ္ဂိဘာရာဒွါဇပုဏ္ဏားနဲ့ သိင်္ဂါရဝပုဏ္ဏားတို့က ဦးပြည်းကတုံးစုတ် လို့ နှိပ်ချပြောဆိုခဲ့ဖူးပါတယ်။ ဒါပြင် မြတ်ဗုဒ္ဓကိုယ်တိုင်လည်း ဆံပင်မုတ်ဆိတ်တို့ကိုရိတ်ပြီး ဖန်းရည်ဆိုးအဝတ်ကိုဝတ်ကာ ရဟန်းပြုခဲ့၏ဟု သစ္စကဆရာကြီးကို မိန့်တော်မူခဲ့ပါတယ်။

ရဟန်းသံဃာများ ဆံပင်ထားခြင်းပတ်သတ်ပြီး ဆဗ္ဗဂ္ဂီရဟန်းတွေ ဆံပင်အရှည်ထားတာမြင်တဲ့အခါ လူအများက ဒီလိုဆံပင်ရှည်ထားရင် လူတွေနဲ့အတူတူဖြစ်နေမှာပေါ့လို့ ပြောဆိုကဲ့ရဲ့ကြတဲ့အတွက် မြတ်ဗုဒ္ဓက ကာလအားဖြင့်(၂)လရှိသောဆံပင်၊ ပမာဏအားဖြင့် လက်နှစ်သစ်ရှိသော ဆံပင်အရှည်ထိသာ ငါဘုရားရှင် ခွင့်ပြုတော်မူ၏လို့ မိန့်တော်မူခဲ့ပါတယ်။

ယခုခေတ် မြန်မာရဟန်းတော်များက များသောအားဖြင့် တစ်ပါတ်တစ်ကြိမ် ရိတ်ကြပါတယ်။ ထိုင်းနိုင်ငံကတော့ လပြည့်၊ လကွယ်နေ့တိုင်း သံဃာအားလုံး ရိတ်ကြတယ်လို့ သိရပါတယ်။ သီရိလင်္ကာ၊ လာအို၊ ကမ္ဗောဒီယားတို့ကတော့ တစ်လလောက်ထိ ဆံပင်အရှည်ထားတဲ့ သံဃာများရှိသလို တစ်ပါတ် တစ်ကြိမ်လည်း ရိတ်ကြပါတယ်။

မြတ်ဗုဒ္ဓရဲ့ညီတော်ဖြစ်တဲ့ ရှင်နန္ဒမထေရ်ဟာ မြတ်စွာဘုရားရှင်နဲ့ အရပ်အမောင်းတူတဲ့အတွက် မြတ်စွာဘုရားသင်္ကန်းကို တစ်ရက်မှာဝတ်ရုံလာတဲ့အခါ သံဃာများက ရှင်နန္ဒမထေရ်ကို မြတ်စွာဘုရားရှင်ဟု အမှတ်မှားခဲ့ကြပါတယ်။ ရဟန်းသံဃာများသာ ခေါင်းရိတ်ရပြီး မြတ်ဗုဒ္ဓက ဦးခေါင်းမရိတ် ဘူးဆိုရင် ရှင်နန္ဒနဲ့မြတ်စွာဘုရားဟာ မှားစရာအကြောင်း မရှိပါဘူး။ ဒါကြောင့် စာပေများတွင် ဖော်ပြထားတာများကို ထောက်ဆကြည့်ပါက မြတ်ဗုဒ္ဓရဲ့ဦးခေါင်းမှာ သာမာန်ရဟန်းများကဲ့သို့ ဆံတော်များပင် ရှိနေမှာပါ။

နှောင်းခေတ်ကျမ်းတွေဖြစ်တဲ့ ဇာတ်အဋ္ဌကထာတို့မှာတော့ မြတ်ဗုဒ္ဓရဲ့ဦးခေါင်းပေါ်မှာ ရစ်ခွေနေတဲ့ လက်နှစ်သစ်လောက် ဆံပင်ရှည်ရှိတယ်။ မုတ်ဆိတ်မွှေးလည်း အနေတော်မျှ ရှိတယ်။ အသက်ထက်ဆုံး ဆံပင်နဲ့မုတ်ဆိတ်တို့ဟာ ထိုထက်ပိုမရှည်ဘဲ ရှိနေကြတယ်လို့ ဖွင့်ဆိုပြထားပါတယ်။

မြတ်ဗုဒ္ဓပုံတူ ဆင်းတုတော်ကို ထုလုပ်ကြတဲ့ ပန်းပုဆရာတွေထဲမှာ တချို့က ဆံပင်ကို ပယ်ထားပြီး တချို့က ညာဘက်ကို ရစ်ခွေနေတဲ့ လက်နှစ်သစ်ဆံပင်ပုံပါတာကို တွေ့ရပါတယ်။ တချို့ဆင်းတုတော်တွေရဲ့ အလယ်တည့်တည့်မှာ မြတ်ဗုဒ္ဓရဲ့ သဗ္ဗညုတဉာဏ်ကို ကိုယ်စားပြုတဲ့အနေနဲ့ ဆံပင်ပေါ်က သန်လျက်ပုံ ရှည်ရှည်မျှောမျှော တစ်ခုပါနေတာကို တွေ့ရပါတယ်။ ဒါကတော့ ပထမမေးခွန်းဖြစ်တဲ့ ဗုဒ္ဓဆံတော်နဲ့ ပတ်သတ်ပြီး သိရှိသမျှကို ဖြေပေးလိုက်တာပါ။

ဒုတိယမေးခွန်းဖြစ်တဲ့ ဗုဒ္ဓရဲ့နားရွက်တော်နဲ့ပတ်သတ်ပြီး ဖြေပေးရမယ်ဆိုရင် မြတ်ဗုဒ္ဓမှာ သာမာန်လူတို့ ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့မတူသော လက္ခဏာကြီး(၃၂)ပါးဆိုတာ ရှိပါတယ်။ အဲဒီ(၃၂)ပါးထဲမှာတော့ နားရွတ်တော်ဆိုတာ မပါရှိပါဘူး။ လက္ခဏာတော်(၈၀)ထဲမှာတော့ အာယတ ရုစိရကဏ္ဏတာ-ရှည်ပြီး လှပတင့်တယ်သော နားရွတ်တော်ရှိခြင်းဆိုတာတော့ တွေ့ရပါတယ်။ သာမန်လူတို့ထက် ထူးခြားစွာရှိပေမဲ့ အချိုးအစားကျပြီး ကြည့်ကောင်းရုံ အနေအထားလောက်ပဲ ရှိမှာပါ။ ကြည်လို့မကောင်းအောင် ပခုံးတော်ကိုထောက်နေတဲ့ အနေအထားထိတော့ ရှည်လိမ့်မယ်လို့ မထင်ပါ။

ပန်းပုဆရာတွေက အောက်ကျိုးမကျအောင် နားရွတ်တော်ကို ပခုံးမှာ ထောက်ပေးထားခြင်း ဖြစ်နိုင်ပါတယ်။ တချို့ဆင်း တုတော်တွေဆို နားရွက်တော် အလွန်ကြီးမားတာမျိုးတွေရှိသလို နားရွက်အောက်တည့်တည့်မှာ နားရွက်အနေအထား မရွေ့အောင် သံချောင်းရှည်တွေ ထည့်ထားတာကို တွေ့ရပါတယ်။ ဒါကြောင့် တချို့ဆင်းတုတော်များမှာ မြတ်ဗုဒ္ဓရဲ့ နားရွက်တော် ကြည့်မကောင်းဖြစ်နေတာမျိုးသည် ပန်းပုပညာရှင်များရဲ့ ပညာစွမ်းရည်နဲ့ စိတ်ကူးပိုင်းတို့နဲ့သာ သက်ဆိုင်ပါတယ်လို့ ထင်မြင်မိပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။

(မ၊ ၂၊ ၄၂၄။ သုတ္တနိ၊ ၂၉၇။ ဝိ၊ ၄၊ ၂၄၀။ မ၊ ၁၊ ၃၀၃။ မ၊ ၂၊ ၄၂၄။ ဇာ၊ ဋ္ဌ၊ ၁၊ ၇၄။)တို့တွင် အကျယ်ကြည့်လိုပါက ကြည့်ရှု့နိုင်ပါတယ်။

စာဖတ်ပရိသတ်အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်……။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

sanninaymin@gmail.com

ကိုလံဘိုမြို့။ သီရိလင်္ကာနိုင်ငံ။

2 comments

  • မောင်ပေ

    June 24, 2012 at 12:43 pm

    မှန်လှပါ…
    အကျိုးကျေးဇူး ကြီးမားလှပါတယ် ဘုရား။
    သာဓု သာဓု သာဓု

  • မဟာရာဇာ အံစာတုံး

    June 24, 2012 at 1:13 pm

    မှန်လှပါ ဘုရား ..
    အရှင်ဘုရား ရေးသားပြီး တင်ပေးလို့
    တပည့်တော်တို့ ဗဟုသုတ အဖြစ် ဖတ်ရှုခွင့် ရပါသည် ဘုရား …

    အခု ဒီပို့စ်ထဲမှာ တပည့်တော် အနေနဲ့ မရှင်းလင်းတဲ့ အချက်လေးတွေကို လျောက်ထားပါရစေဘုရား ..
    မြတ်စွာဘုရားရှင်နဲ့ ညီတော်နန္ဒက အရပ်အမောင်း တူတယ်ဆိုတဲ့ အချက်ကို တပည့်တော် အနေနဲ့ သိပ်ပြီး မရှင်းလင်းပါ ဘုရား ..
    ပြီးတော့ တပည့်တော် ဖတ်မိသလောက် ဗုဒ္ဓစာပေတွေထဲမှာတော့ မြတ်စွာဘုရားရှင်ဟာ ဆံတော်ပယ်ပြီး ကတည်းက ဦးခေါင်းရိတ်ရခြင်း မရှိဘူးလို့လည်း မှတ်သားခဲ့ဖူးပါ ဘုရား …။
    တပည့်တော် မေးလျောက်ထားတာတွေကို အလျဉ်းသင့်ရင် ပြန်လည် ဖြေကြား ပေးစေချင်ပါသည် ဘုရား …

    ရိုသေစွာဖြင့် …

Leave a Reply