ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်သစ်များ ရှာဖွေ ဖော်ထုတ်မှုကို ရုရှားနိုင်ငံ အပါအဝင် ပြည်ပ ကုမ္ပဏီများ အကျိုးတူ ဆောင်ရွက်နေ ရတနာနှင့် ရဲတံခွန် သဘာဝ ဓာတ်ငွေ့မြေမှ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗသန်း တစ်ထောင်ကျော် ထုတ်ယူ ရောင်းချလျက်ရှိ

khinmintatthuJune 25, 20101min590

မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူရန် လုပ်ကွက်သစ်များ ရှာဖွေ ဖော်ထုတ်ခြင်းကို ရုရှား၊ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယားနိုင်ငံတို့ အပြင် အာဆီယံ ဒေသတွင်း နိုင်ငံများ ဖြစ်သော မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံတို့နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။ လက်ရှိတွင် ကမ်းလွန်သဘာဝ ဓာတ်ငွေ့မြေများ ဖြစ်သည့် မုတ္တမ ကမ်းလွန်ပင်လယ်ပြင်မှ ရတနာ သဘာဝ ဓာတ်ငွေ့မြေနှင့် တနင်္သာရီ ကမ်းလွန် ပင်လယ်ပြင်ရှိ ရဲတံခွန်သဘာဝ ဓာတ်ငွေ့မြေမှ နေ့စဉ် သဘာဝ ဓာတ်ငွေ့ ကုဗသန်းပေါင်း ထောင်ကျော်ခန့် ကို ထုတ်လုပ် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။ ကမ်းလွန် ရေနံမြေသစ်များကို တိုးချဲ့ ရှာဖွေရာတွင် ရခိုင်ကမ်းလွန် ပင်လယ်ပြင်၊ မုတ္တမကမ်းလွန် ပင်လယ်ပြင်၊ တနင်္သာရီ ကမ်းလွန် ပင်လယ်ပြင်များတွင် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ မလေးရှား၊ စင်ကာပူနိုင်ငံတို့မှ ကုမ္ပဏီများနှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ မုတ္တမကမ်းလွန် ပင်လယ်ပြင်တွင် လက်ရှိအနေဖြင့် ရတနာ သဘာဝ ဓာတ်ငွေ့ စီမံကိန်းကို ပြင်သစ်နိုင်ငံ တိုတယ် ရေနံကုမ္ပဏီ၊ အမေရိကန်နိုင်ငံ ယူနိုကယ်ကုမ္ပဏီ၊ ထိုင်းနိုင်ငံ PTTEPI ကုမ္ပဏီတို့က လာရောက် ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ မုတ္တမ ကမ်းလွန် ပင်လယ်ပြင်တွင် ဇောတိကကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ တနင်္သာရီ ကမ်းလွန် ပင်လယ်ပြင်တွင် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကို မလေးရှားနိုင်ငံမှ ပက်ထရိုနပ်ကုမ္ပဏီ၊ ဂျပန်နိုင်ငံမှ နိပွန်ကုမ္ပဏီ၊ ထိုင်းနိုင်ငံမှ PTTEPI ကုမ္ပဏီတို့က ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။ ယင်းအပြင် ရခိုင်ကမ်းလွန် ပင်လယ်ပြင် တွင်လည်း ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းကို တောင်ကိုရီးယားနိုင်ငံမှ ဒေဝူးကုမ္ပဏီနှင့် ကိုရီးယား ဂက်စ်ကုမ္ပဏီ၊ အိနိ္ဒယနိုင်ငံမှ ONGC Videsh ကုမ္ပဏီနှင့် GAIL ကုမ္ပဏီတို့က ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နေသည်ဟု သိရသည်။ အဆိုပါ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ၂၀၁၃ ခုနှစ်တွင် ပြည်ပနိုင်ငံများသို့ ရောင်းချသွားမည် ဖြစ်ကြောင်း ၂၀၁ဝ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။