ခက်တော့ ခက်နေပါပြီလေ

စဆရ ႀကီးJune 25, 20121min32919

ခက်တော့ခက်နေပြီ… အတော်လေးကို ဂွကျတော့သည်။ ဘယ်လို့ဘယ်လိုမှကို မလုပ်တတ်တော့ပေ။ လက်တစ်ဖက်တွင် ကင်မရာကြီးကိုင်ပြီး ဟိုဘက်ဆွဲခေါ်ပါသွားလိုက်၊ ဒီဘက်ဆွဲခေါ်ပါသွားလိုက်နှင့်။ ဘေးမှဝိုင်းပြောနေကြသော်လည်း ကိုရင်ရှူံးခြေလက်တွေမှာ ခဲ(ဂဲ)ဆွဲခံထားရသည့်အလား.. လေထဲသို့ပင်မမြောက်၊ မျက်နှာဘယ်လိုထားရမယ်မှန်းမသိအောင်ပင်။ လူပုံအလယ်တွင်မှ ပေါင်းသင်းဆက်ဆံရေးညံ့လှသည့်အကြောင်း ဘွင်းဘွင်းကြီးပြလိုက်သလိုပင်။ ခက်ချေ၏။

——————————————————————————————————————–

(၁)

မန်နေဂျာမှ ထူးထူးဆန်းဆန်း ကိုရင်ရှူံးတို့အား အစည်းအဝေးခေါ်သဖြင့် ထူးပေ့ဆန်းပေ့ဟု ခံစားမိတော့သည်။ ယခုဆိုင်သို့ ကိုရင်ရှူံးရောက်သည်မှာ ၄ လခန့်ပင်ရှိတော့မည်။ ဆိုင်ရှိဝန်ထမ်းများအားလုံးနှင့်လည်း အတော်လေး သိကျွမ်းပြီးသည့်နောက် ဆိုင်ရှိဝန်ထမ်းများအကြောင်း၊ ဆိုင်မန်နေဂျာအကြောင်းနှင့် ဆိုင်၏အခြေအနေများကို အတော်လေး တီးမိ၊ ခေါက်မိ ရှိနေပြီဖြစ်သည်။ တစ်ခါဖူးမျှ ဝန်ထမ်းများနှင့်ရော၊ ဆိုင်အုပ်ချုပ်သူများနှင့်ပါ ထိုကဲ့သို့ တစ်ကူးတစ်က အစည်းအဝေးလုပ်သည်ဟု မကြားမိသေး။ မကြားမိဆို နှစ်နှင့်ပင်ချီနေပြီဖြစ်သည်။ ယနေ့တွင်မှ ဆိုင်စီမံခန့်ခွဲသူများနှင့် မန်နေဂျာသီးသန့် အစည်းအဝေးဟုဆိုသဖြင့် ကိုရင်ရှူံးလည်း ဘာများလဲဟု သိချင်လွန်းလှပေသည်။

ကိုရင်ရှူံးတို့စောင့်နေပြီး မကြာမီမှာပင် မန်နေဂျာသည် သူ၏ ခန့်ညားလှပသော ကတုံးဆံပင်ဖားလျားကြီးကို ဆံပင်တစ်ချောင်းမကျန်အောင် ခေါင်း(ကတုံး)ဖီးလျက် ဆတ်ကော့လတ်ကော့၊ ဗျက်ကနဲ ဗျက်ကနဲ ခြေလှမ်းများဖြင့်လှမ်းလာပြီး တစ်ယောက်ချင်းစီအား ၎င်းအကျွမ်းကျင်ဆုံး ဘာသာစကားဖြင့် နှုတ်ဆက်လေ၏။ တော်သေးသည်ဟုဆိုရမည်ပင်၊ စုစုပေါင်း ၆ ယောက်ရှိသော စီမံခန့်ခွဲသူများထဲတွင် ကိုရင်ရှူံးသည်လည်း ဘာသာစကားအရာတွင် မညံ့သူဖြစ်သည့်အလျောက် သူနှုတ်ဆက်သည့်ဘာသာစကားအား နှုတ်ဆက်ခြင်းဖြစ်ကြောင်း ကောင်းကောင်းကြီးနားလည်ပေသည်။ ထို့နောက်တွင်မတော့မူ ဘာမှန်းမသိသည့် စကားလုံးများဖြင့် အားပါးတရကြီးပြောနေသဖြင့် ၎င်းနှင့်မျိုးနွယ်တူသူများမှ စိတ်ဝင်တစားနားထောင်နေကြသည်ကို အားနာသောအားဖြင့် ကိုရင်ရှူံးလည်း တစ်အံ့တစ်ဩ၊ စိတ်ဝင်စားနေသယောင်ယောင်ဖြင့် ပါးစပ်ကြီးဟ၊ မျက်လုံးကြီးပြူးပြီး ငုတ်တုတ်ကြီးထိုင်ငိုက်ပေးနေတော့သည်။ နာရီဝက်ခန့် မနားတမ်း ရေပက်မဝင်အောင်ပြောပြီးသည့်နောက် မောသွားသဖြင့်ထင်၊ သူ၏ကတုံးဆံပင်ကြီးအား လက်ဖြင့်သပ်တင်လိုက်ရင်း ဝေ့ဝဲကြည့်လိုက်သည့်တစ်ခဏတွင်မှ ပါးစပ်အဟောင်းသားဖြစ်နေသော ကိုရင်ရှူံးကို မြင်မိသည့်နောက် ကုလားဖြူစကား မီးကျိုးမောင်းပျက်ဖြင့် ယခုလို ကိုရင်ရှူံးရှိနေသည်ကို မေ့ပြီးပြောမိသည့်အတွက် လွန်စွာမှပင် အားနာလှပါကြောင်း၊ ခုနက သူပြောခဲ့သည်များမှာ ဂလို၊ ဂလိုဖြစ်ကြောင်း၊ ဟိုကဲ့သို့၊ ဒီကဲ့သို့ဖြစ်ကြောင်း၊ အစရှိသဖြင့် နာရီဝက်ခန့် မမောတမ်း ပြန်ရှင်းပြနေသဖြင့် စုစုပေါင်းတစ်နာရီခန့်ကြာသွားလေသည်။ ကိုရင်ရှူံးလည်း ကြီးမားလှသော ဝဋ်ကြွေးကြီးကို ခံစားမိနေသယောင်ယောင်။

သူပြောချင်ရာများ ပြောပြီးသည့်နောက် အထူးအစီအစဉ်တစ်ရပ်ရှိကြောင်းပြောသဖြင့် အားလုံးမှာ ငိုက်မျည်းနေရာမှ ပြန်လည်ခေါင်းမတ်လာကြလေသည်။

(လစာများတိုးတာလား…)

(ဆုကြေးငွေများ ရလေသလား.. )

(…လား၊ ….လား၊ ….လား) ပေါင်းများစွာဖြင့် လှုပ်လှုပ်ရှားရှား အသက်ဝင်လာသောတွေ့ဆုံပွဲလေးကို အကဲခပ်မိသဖြင့်ထင်၊ မန်နေဂျာမှာ ပြောလက်စ စကားကို အတန်ကြာအောင်ဖြတ်ထားပြီး အားလုံးကို ဝေ့ဝိုက်ကြည့်လိုက်သည်။ ထို့နောက်တွင်မှ ဆိုင်တွင် ပျော်ပွဲစားမထွက်သည်မှာကြာပြီဖြစ်သဖြင့် ဝန်ထမ်းများအားလုံးကို ပျော်ပွဲစားထွက်ပေးမည့်အကြောင်းပြောသဖြင့် တစ်ယောက်တစ်မျိုးအကြံပြုကြလေသည်။ သူ့နည်းသူ့ဟန်ဖြင့် ဒူဘိုင်းရှိနာမည်ကြီး လူစည်ကားရာနေရာများကို ညွှန်းဆိုကြလေသည်။

မန်နေဂျာမှ အားလုံးပြောသမျှကို စိတ်အေးလက်အေးနားထောင်ပြီးမှ ၎င်းပျော်ပွဲစားထွက်ရန် စီစဉ်ထားသည့်နေရာမှာ Ajman Beach ဖြစ်ကြောင်း မှတ်ပလားကွဟူသည့် အားရအပြုံးကြီးဖြင့်ပြောလိုက်သဖြင့် အားလုံးမှ မတိုင်ပင်ထားရပါပဲ ပါးစပ်အဟောင်းသား ဖြစ်ရတော့သည်။

အကြောင်းမှာမူ….

ကိုရင်ရှူံးတို့ဆိုင်မှာ ယခုသွားမည့်နေရာပင် ဖြစ်သောကြောင့်တည်း။

(၂)

ပါတီဟုပင် အလွယ်တကူခေါ်ကြသည့် ၎င်းတို့ရိုးရာပျော်ပွဲရွှင်ပွဲ ကျင်းပပေးပုံကို ရှင်းပြပါအံ့။

အပျော်အပါးကိစ္စဖြစ်သည့်အားလျော်စွာ မိန်းကလေးများအား Sexy ဖြစ်စေမည့်ဝတ်စုံများ ဝတ်လာခြင်းမပြုရန်၊ မကောင်းမှုကြီးတစ်ခုဖြစ်သည့် အရက်သေစာများ သောက်စားလာခြင်း၊ ယူဆောင်လာခြင်းမပြုရန်၊ သီချင်းဖွင့်လျင် ပါတ်ဝန်းကျင် ဆူညံနိုင်စေသည့်အတွက် မည်သည့်အကြောင်းနှင့်မျှ သီချင်းမဖွင့်ရန်၊ သူတို့စီစဉ်ထားသည့် ဒံပေါက်ခေါ် ထမင်းအရောင်ဆိုးများဖြင့်လည်းကောင်း၊ ငါးကင်တူးတူးများဖြင့်လည်းကောင်း အားပါးတရစားကြပါရန်၊ ပါတီပြုလုပ်ပြီးနောက်တစ်နေ့ အလုပ်ဆင်းရမည့်သူများ အလုပ်ကို မပျက်မကွက်ဆင်းကြပါရန်၊ ပါတီရှိသည့်အတွက် ဆိုင်ကို စောစောပိတ်ခြင်းမပြုရန် အစရှိသည့် စည်းကမ်းချက်များဖြင့် ဆိုင်မှ တစ်နှစ်ကျော်ခန့်အကြာတွင် ပထမဆုံးအကြိမ် ပြန်လည်ပြုလုပ်ပေးသည့် ပျော်ပွဲ၊ ရွှင်ပွဲသဘင်ကြီးကို ကမ်းခြေတွင် အဘယ်သူမျှ မရှိသည့်အခါတွင်မှ ပျော်ပျော်ပါးပါး၊ အသံမထွက်ပဲ ကျင်းပလေတော့သည်။ လွန်စွာမှပင် ပျော်စရာကောင်းလှပါ၏။ ဆိုင်ရှိဝန်ထမ်းများမှာ ဆိုင်ပိတ်သိမ်းတာဝန်ကျသူတစ်ချို့မှ ထိုင်ခုံများပေါ်တွင် လှဲလျောင်းအိပ်ပျော်ရင်း မှာထားသည့်အစားအစာများ လာချိန်ကို စောင့်သူကစောင့်၊ ဟိုနားတစ်စု၊ ဒီနားတစ်စုဖြင့် လူမျိုးတူရာတူရာ တီးတိုး၊ တီးတိုး သဖန်းထိုးသူကထိုး၊ မှောင်ကြီးမည်းမည်းတွင် ပုံများထွက်လေမလားဟု ဓါတ်ပုံရိုက်သူကရိုက် (ကိုရင်ရှူံးအပါအဝင်)၊ တစ်နေကုန်မပြောခဲ့ရသမျှ ယခုမှပင်အားပါးတစ်ရ ပြောရသည့်အလား စကားဖောင်ဖွဲ့နေသူများကတစ်စုနှင့် အတော်လေးကို သိုက်သိုက်ဝန်းဝန်းရှိလှပေ၏။

ထိုကဲ့သို့နေနေရာမှ မကြာမီမှာပင် မန်နေဂျာသည် သူ၏စီးတော်ယာဉ်ကြီးဖြင့် ရောက်ချလာလေ၏။ အစားအသောက်များ၏ အရိပ်အယောင်တော့ မမြင်ရသေး။ သူသည်ကား ဘောင်းဘီလက်ရှည်ကြီးနှင့်၊ ရှပ်အကျီင်္ချိုင်းပြတ်နှင့်၊ ဝေါကနဲရှူးနှင့် မနေတတ်မထိုင်တတ်ပုံစံ၊ ရှက်ကိုးရှက်ကန်းဖြစ်နေသယောင်ဆောင်လျက် တစ်ယောက်ချင်းစီအား သူ့ဘာသာစကားဖြင့်လိုက်နှုတ်ဆက်လေသည်။ ဘယ်သူ၊ ဘယ်ဝါမှန်းလဲ သူလဲသေချာမမြင်ရပေ။ ဆိုင်ပိတ်ပြီဖြစ်သဖြင့် မီးများပိတ်ထားသဖြင့်ဖြစ်သည်။ ငြိမ်သက်နေသော သူ့ဝန်ထမ်းများကို အားမရသဖြင့်ထင်၊ အားလုံးကို အပေါ်တက်ကြရန်ပြော၏။ (ဒီနေရာတွင် သူ၏ ကတုံးဆံပင်ဖားလျားကြီးချထားသော သူ့ခေါင်းပေါ်သို့ ဆိုလိုခြင်းမဟုတ်ပေ၊ ဆိုင်ခေါင်မိုးပေါ်သို့တက်ရန်ပြောခြင်းဖြစ်သည်- စကားချပ်)

အားလုံးလဲ ပျော်ပျာ်ပါးပါး၊ ပျင်းရိပျင်းတွဲခြေလှမ်းကြီးများဖြင့် ဆိုင်အပေါ်ထပ်၊ ခေါင်မိုးပေါ်သို့ တက်ကြလေသည်။ သူက ဝန်ထမ်းတစ်ယောက်ကို ရေသန့်ဗူးခွံလွတ်ကြီးတစ်လုံးကို ယူလာခိုင်း၏။ ကိုရင်ရှူံးလဲ မြင်တော့ မြင်လိုက်ပါသည်။ ဘာအတွက်မှန်းတော့မသိ။ အပေါ်ထပ်ရောက်မှ သိရလေတော့သည်။ ထိုအရာသည်ကား ဗုံတစ်လုံးသာ ဖြစ်ချေတော့သည်တစ်မုံ့။ သူတို့ရိုးရာ သီချင်းများကို သူတို့လူမျိုးတစ်ချို့မှ ဆိုကြပြီး ထိုရေသန့်ဗုံ (ဒီလိုလဲမဟုတ်သေး) ဗုံသန့်ဗူး (ဒါလဲအဆင်မပြေ)၊ ရေဗုံဗူး (ဒါမှမှန်သွားတယ်) ကိုအားပါးတရတီးပြီး တစ်ယောက်ပီးတစ်ယောက် ကွေးကာကောက်ကာ ကကြလေတော့သည်။

ကိုရင်ရှူံးလည်း အတော်လေးကိုပင် တရားကျသွားတော့သည်။ သူတို့ပျော်ကြသည်ဆိုခြင်းမှာ ဂလိုပါလား………ဟု။

မှတ်မှတ်ရရ မှတ်တမ်းဖြစ်အောင် ဓါတ်ပုံများလိုက်ရိုက်တော့သည်။ ဘေးတစ်စောင်းရိုက်လိုက်၊ ရှေ့တည့်တည့်ကရိုက်လိုက်၊ နောက်ကနေရိုက်လိုက်နှင့် မှောင်မည်းမည်းတွင် ဘာမှလဲ သေချာမမြင်ရပေ။ ပုံဖြစ်ပြီးရော လိုက်ရိုက်နေတော့သည်။

အတော်လေးနေသောအခါ ကနေသူများလည်း မောသွားသဖြင့်ထင်၊ အကရပ်သော်လည်း ရေဗုံဗူးတီးသူမှာ မရပ်သေး၊ တစ်ဘုံဘုံနှင့် တီးနေသေးသည်။ ထိုအခါတွင် မောသဖြင့်နားကြသူများမှ ကိုရင်ရှူံး ကင်မရာတစ်ကားကားဖြင့် လတ်လျားလတ်လျားရှိနေသည်ကိုတွေ့သွားသဖြင့် ဟိုလူကဆွဲ၊ ဒီလူကဆွဲနှင့် ဇွတ်အတင်းကခိုင်းတော့သည်။ ဘယ့်နှယ့်.. သူတို့ပျော်ရွှင်နေကြပုံမှာ ကိုရင်ရှူံးမျက်စိထဲတွင်မတော့ အတော်လေးကို ဂွကျကျနိုင်နေသည်ကတစ်ကြောင်း၊ တစ်ခါဆို တစ်ခါဖူးသော်မျှ ခြေကွေး၊ လက်ကွေးလေးဖြင့်တောင် မကဖူးသူကို ဇွတ်အတင်းကခိုင်းတော့သည်။ မြန်မာလူမျိုးများမှာ အကများကို စိတ်မဝင်စားကြောင်းပြောသော်လည်းမရ၊ ငယ်ငယ်က ရှမ်းအိုးစည်သံတစ်ညံညံကြားရတိုင်း ကချင်စိတ်ဖြစ်ပြီး ကချင်သော်လည်း မကခဲ့ရသဖြင့် မကတတ်သောကိုရင်ရှူံးကိုမှ ကရက်ခိုင်းကြလေခြင်း..။

လူပုံအလည်တွင်မှ ကြောင်တောင်တောင်ကြီးဖြင့် ရပ်နေသော ကိုရင်ရှူံးမှာ ကင်မရာတစ်လုံးကို ကိုင်ထားပြီး ရယ်ရမလို၊ ပြုံးရမလိုမျက်နှာကြီးဖြင့်…

ရေဗုံဗူးသံမှာလည်း တစ်ဘုံဘုံဖြင့် မှောင်မည်းနေသော ညဉ့်ယံတွင် တစ်ချက်ချင်း ပီပီသသထွက်လျက်သား၊ ဝိုင်းကြည့်နေကြသူများမှ ကပါတော့လား၊ ကလိုက်ပါတော့လားဟူသည့်အသံများ ဆူညံလျက်သားနှင့်..

အင်း…………. ခက်တော့ခက်နေပါပြီလေ။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

19 comments

  • အရီး Khin Latt

    June 25, 2012 at 4:12 am

    ကိုရှုံး ဇာတ်လမ်း ဖတ်ရတာ အတော်ရီရပါ တကား၊
    ဒီလို စည်းကမ်း တွေ နဲ့ ပျော်ပွဲစားမျိုး အခုမှ ကြားဘူးတယ်။
    ပုံထဲ မှာ ကိုရှုံး ပါတယ်လား။ ကနေတဲ့ ပုံ ကိုလဲ တင်ပါဗျို့။ 🙂

  • မောင်ပေ

    June 25, 2012 at 8:47 am

    နောက်တစ်ပွဲကြရင် ဒီလိုလေးဆိုပြီးကဗျာ…
    you are ဂန်ကူကျီလီ
    they are ဂန်ကူကျီလီ…..
    🙂

  • kai

    June 25, 2012 at 9:22 am

    ယူနီဖောင်းမတူတော့..ရာထူးတက်သွားတာလား..
    ရာထူးကန့်လန့်ဖြစ်သွားတာလား.. သိချင်တာ..

    ဘာပဲဖြစ်ဖြစ်..” ရေဗုံ “ဆိုတာလေး.. မှတ်သားသွားကြောင်း..
    နောင်ဆို.. မြန်မာကနည်း.. ကွေးအောင်ခြေကွေးလက်ကွေးကလေးနဲ့. ပြလိုက်စေချင်ကြောင်း
    ( ဘာရယ်တော့မသိ. မြန်မာယောက်ျားတွေမူးပြီးကရင်.. အဲဒီဦးရွှေရိုးလိုလို..ကတတ်ကြလို့)

    • သူကြီးနဲ့မှ ရာထူးကန့်လန့်ဆိုတာ ကြားဖူးတော့တယ်
      ကျွန်တော်သည်ကား မူးတော့ မူးတတ်ပါ၏၊ တစ်ခါမှ အဲလိုမကဖူးတော့ ဘယ်လိုမှ မတတ်ပါကြောင်း။

  • mamanoyar

    June 25, 2012 at 9:28 am

    အင်း ရယ်ရတယ်နော်
    ဒါနဲ့ဝတ်စုံကွဲနေတာက စာရေးသူလားဟင်

  • kyeemite

    June 25, 2012 at 10:41 am

    ကိုရှုံးရေ…တကဲ့ဟာသမြောက်တဲ့ပျော်ပွဲရွှင်ပွဲပါဘဲ..
    ကနေတဲ့ပုံလေးတွေလည်းကြည့်ချင်ပါသဗျာ…

  • ကြောင်ကြီး

    June 25, 2012 at 10:52 am

    သိပ်ပျော်လွန်းလို့ စိတ်လွတ်ကိုယ်လွတ် ဖြစ်ပါဒယ်ဆိုပီး ကိုယ်လုံးတီးချွတ်ကလိုက်ရမှာ မောင်ရှုံးရေ..။ ရှေးမြန်မာမင်းတွေခေတ် သုံးတဲ့အမြောက်ကတော့ အကြီးဂျီးဆိုဗဲ…။ သူတို့က ဗုံးထုရင် နင်ဂလည်း အားကျမခံ အမြောက်နဲ့ပစ်ကွဲ့.. 😮

  • ညလေး

    June 25, 2012 at 1:42 pm

    “သူ၏ ခန့်ညားလှပသော ကတုံးဆံပင်ဖားလျားကြီးကို
    ဆံပင်တစ်ချောင်းမကျန်အောင် ခေါင်း(ကတုံး)ဖီးလျက် ဆတ်ကော့လတ်ကော့၊ ဗျက်ကနဲ ဗျက်ကနဲ…”
    မြင်ယောင်မိတယ်…..
    .အရေးအသားကတော့……ဆရာကြီးပါနော်….
    ဖတ်ပြီးရီသွားပါတယ်ဗျ…….

  • TNA

    June 25, 2012 at 2:25 pm

    ထူးခြားဆန်းပြားသောပျော်ပွဲ ရွှင်ပွဲလေးမို့ ရေဗုံကလေးနဲ့ ဝင်ရောက်အားပေးသွားပါတယ်။ ကနေတဲ့ ပုံကလေးများကော မတွေ့ရဘူးလား။

  • water-melon

    June 25, 2012 at 4:24 pm

    အယ် ကိုရှူံးအား မျက်မှန်ကြီးနဲ့တယ်ခန့်ပါလား
    အဟီ

  • Crystalline

    June 25, 2012 at 9:16 pm

    အတွေ့အကြုံလေးတွေက ဘာပဲဖြစ်ဖြစ်ပျော်စရာလေးပါ..ရေးထားတာကိုဖတ်ပြီး ဇာတ်ကောင်တွေနဲ့ မြင်ကွင်းကို မြင်ယောင်ပြီးရီလိုက်ရတာ.. 🙂

  • pooch

    June 25, 2012 at 11:55 pm

    နောက်ခါ ဒီပြန်လာရင် ရှမ်းအိုးစည်လေး ဝယ်သွား။ ပြီးရင် အားကျမခံ တီးပြလိုက်။
    အဆင်ပြေနေတာ မြင်ရတော့ ဝမ်းသာပါတယ်နော်။ 😀

  • ဖိုးထောင်

    June 26, 2012 at 9:16 am

    အရှုံးကလည်း ဓါတ်ပုံရိုက်မယ်ဆိုမှ ဘာလို့ ဗူးမော့သောက်လိုက်တာလည်း
    အရှုံးက ခေတ္တလူ့ပြည်ဆိုတော့ တို့က ဘယ်ကမှန်းတောင်မသိတော့ဘူး အဟင့် ရွှတ်

Leave a Reply