ငါ…
သူတပါး..
ယောကျာ်း..
မိန်းမ.. မဟုတ်ဘူး။
ဒီအမြင်ကို ပီပီပြင်ပြင် တကယ်မြင်အောင် ရှုပွားဖို့
ဗုဒ္ဓတရားမှာ ညွှန်ကြားထားတယ်။
ဘာ့အတွက် ရှုပွားရမှာလဲ။
ဘယ်အရာကို ရှုပွားရမှာလဲ။
ဘုရားညွှန်ပြတာ မှန်ပေမယ့်..
ဘယ်အရာကို ရှုပွားရမှာလဲဆိုတာတော့
မတူပဲနဲ့ မူကွဲတဲ့ အမြင်လေးတွေလဲ ရှိနေတယ်။

ဒီခန္ဓာကိုယ်ကြီးဟာ“ငါ”မဟုတ်ဘူး။ “သူ”လဲ မဟုတ်ဘူး။ “ယောကျာ်းလဲ”မဟုတ်ဘူး။
“မိန်းမလဲ” မဟုတ်ဘူး။
အရိုးတွေ အသားတွေ အကြောတွေ စုပေါင်းစပ်ပေါင်းတည်ဆောက်ထားတဲ့ ဓာတ်ကောင်ကြီးပဲ။ ငါဆိုတာ ခန္ဓာကိုယ်မှာ ရှာကြည့်.. ဘယ်နေရာက ဘယ်ဟာကို “ငါ”လို့ပြောမလဲ။
လက်က “ငါ”လား။ မျက်စိက “ငါ”လား။ ဘာမှ မဟုတ်ဘူး။ ဓာတ်ကြီးတွေရဲ့ အစုအဝေးကောင်ကြီး။ ဒီဓာတ်အစုအဝေးကြီးကို ငါလို့ထင်နေကြတာ။ သူလို့ထင်နေကြတာ။ ယောကျာ်းကြီးလို့ထင်နေကြတာ။ မိန်းမကြီးလို့ထင်နေကြတာ။
တကယ်တော့ အသား. အရိုး. အကြော. စတဲ့ ၃၂-ကောဋ္ဌာသအစုအဝေးကြီးပါ။ အစု အပုံကြီးပါ။
ကဲ မမှန်လား။ ဘယ်သူငြင်းမလဲ။

အဲဒါမြင်တော့ ဘာဖြစ်မှာတုန်း.. ဒီခန္ဓာကိုယ်ကြီးကို “ငါ”မဟုတ်ဘူးလို့ မြင်တော့ ဒီခန္ဓာကိုယ်ကြီးကို မတပ်မက်တော့ဘူး။ အထင်မကြီးတော့ဘူး။ မစွဲလမ်းတော့ဘူး။
ဒီခန္ဓာကိုယ်ကြီးကို မစွဲလမ်းတော့ တဏှာမဖြစ်တော့ဘူး။ တဏှာမဖြစ်တော့ နောက်ထပ် ခန္ဓာရဖို့ အကြောင်းမရှိတော့ဘူး။ ခန္ဓာမရတော့ဘူးဆိုရင် ခန္ဓာကြောင့် ဖြစ်တဲ့ ဒုက္ခတွေငြိမ်းပြီပေါ့။
ဒီခန္ဓာကိုယ် ဒုက္ခငြိမ်းတာ နိဗ္ဗာန်ဆိုတယ် မဟုတ်ပါလား။
ဒီဘဝသေပြီးနောင်မှာ ဒီခန္ဓာကိုယ်ကြီးမရတော့ဖို့ ကျိုးစားရမှာက
ဒီခန္ဓာကိုယ်ကြီးကို “ငါ”မဟုတ်။ သူမဟုတ်။ ယောကျာ်းမဟုတ်။ မိန်းမမဟုတ် ရှုပွားရေး.. ဒို့အရေး.. ဒို့အရေး.. ဒို့အရေး…
ဒီခန္ဓာကိုယ်ကြီးမဖြစ်တော့ဖို့အရေး ဒို့အရေး.. ဒို့အရေး.. ဒို့အရေး…
မှတ်ချက်တခုတော့ ပြုခဲ့မယ်။
ဒီခန္ဓာကိုယ်ကြီးရှိနေလို့ ဒီကောင်ကြီးရှိနေလို့ ဒုက္ခတွေခံစားနေရတာဆိုရင်. ဒီခန္ဓာကိုယ်ကောင်ကြီး မရှိရင် သုခဆိုတဲ့ ငြိမ်းချမ်းမှုကိုကော ဘယ်သူက ဘယ်လိုခံစားမှာလဲ။ ဒါက အဖြေရှာရမယ့် ပြဿနာ။

ကဲ… နောက်တနည်းကိုကြည့်။ ခန္ဓာကိုယ်ကောင်ကြီးမရှုနဲ့။
လူ့စိတ်မှာလာကပ်တဲ့ လောဘတို့ ဒေါသတို့ မာနတို့ကို
ငါ-မဟုတ်။
သူ=မဟုတ်။
ယောကျာ်း=မဟုတ်။
မိန်းမ=မဟုတ်။ လို့ရှုပွား။
ဒီခန္ဓာကိုယ်ကြီးကို ရှုမှာလား။ မဟုတ်ဘူး။
ဘာကိုရှုမှာလဲ… လူ့စိတ်ကို ဝင်ဝင်ရောက်လာတတ်တဲ့
လောဘ.. ဒေါသ.. မောဟ.. မာန.. စတဲ့ ကိလေသာတွေကိုရှုရမှာ။

ကဲ.. လူတစ်ယောက် ဒေါသတွေထွက်နေတယ်။
ကဲ.. ဦးပေကြီး ဒေါသတွေ ထွက်နေတယ်ဆိုပါစို့….
“ဟေ့ ငါ ငပေတဲ့ကွ.. ဘယ်ခွေးမှ လူမထင်ဘူးနော်။ သတ္တိရှိရင် ထွက်ခဲ့ကြ။
မိုးချုပ်ရင် နေဝင်စေရမယ်ဟေ့။ ငါ ဦးပေတဲ့ကွ”
အဲဒီလို ဒေါသတွေ ဦးပေမှာ ထနေတော့ ဦးပေကလဲ သူကိုသူ ငါဦးပေကွဟေ့ ဆိုပြီး ဒေါသကြီးကို ငါထင်နေတယ်။

ပတ်ဝန်းကျင်က ကိုဗိုက်လေးတို့ သူကြီးခိုင်တို့ကလဲ ဦးပေကြီးကြမ်းနေတယ်လို့ ထင်ကြတယ်။

ကဲ စဉ်းစားကြည့်ကြစမ်း…

ကြမ်းနေတာ .. ဦးပေလား.. ဒေါသလား။ ဦးပေက ကြမ်းနေတာဆိုရင် ဦးပေအမြဲကြမ်းနေမှာပေါ့။ ဦးပေ အမြဲကြမ်းနေသလား။ ဘယ်ကြမ်းမလဲ။ သူ့စိတ်မှာ ဒေါသ ကိလေသာဝင်လာမှ အဲဒီဒေါသက ဦးပေယောင်ဆောင်ပြီး ကြမ်းတာ။

ဦးပေကလဲ… ဒေါသကို ငါဦးပေလို့ထင်နေတယ်။ ပတ်ဝန်းကျင်က ဦးဗိုက်တို့ ဦးခိုင်တို့ ကလဲ ဒေါသကို ဦးပေကြီးလို့ထင်နေကြတယ်။
ဦးပေကြီးလို့ မြင်နေကြတယ်။ အဲဒါ အမြင်မှားတာပဲ။
မိစ္ဆာဒိဋ္ဌိ… မိစ္ဆာ=ဆိုတာ မှားမှားယွင်းယွင်း။ ဒိဋ္ဌိ=ဆိုတာ မြင်တာ။

တကယ်တော့ ဒေါသဆိုတဲ့ ကိလေသာ ဦးပေစိတ်မှာ ဝင်မလာဘူးဆိုရင် ဦးပေကြမ်းလို့ရပါ့မလား။
ဒီလိုဆိုရင်.. ဦးပေ စိတ်တွေဆိုးနေတဲ့အခါ အဲဒီစိတ်ဆိုးနေတာဟာ ဦးပေလား။
ဒေါသ ကိလေသာလား။
ဦးပေစိတ်မှာ ဝင်ရောက်သောင်းကျန်းနေတဲ့ ဒေါသ ဆိုတဲ့ ကိလေသာကို
ငါ ဦးပေလို့ ပြောလို့ရပါ့မလား။
ဒေါသ ကိလေသာကြီးကို သူလို့ကော ပြောရပါ့မလား။
အဲဒီဒေါသဆိုတာကြီးကို ယောကျာ်းကြီးလို့ ပြောရပါ့မလား။
အဲဒီဒေါသဆိုတာကြီးကို မိန်းမကြီး လို့ပြောရပါ့မလား။

သေသေချာချာ စဉ်းစား။
ဒေါသ တို့ မာန တို့ လောဘတို့ ဆိုတာ ကိလေသာ။ လူ့စိတ်ရဲ့အညစ်အကြေး လူ့စိတ်ရဲ့ဂျီးတွေနော်။

တကယ်တော့ လောဘတို့ ဒေါသတို့ မာန တို့စတဲ့ ကိလေသာတွေဟာ ငါလဲ မဟုတ်ဘူး။
သူလဲ မဟုတ်ဘူး။
ယောကျာ်းလဲ မဟုတ်ဘူး။
မိန်းမလဲ မဟုတ်ဘူး။
သူတို့ဟာ ကိလေသာ။ စိတ်ရဲ့အညစ်အကြေး။ စိတ်ရဲ့ ဂျီး

အဲဒီလို ဒေါသကို ဒေါသလို့မြင်။ လောဘကိုလဲ လောဘလို့မြင်လို့ ဒါတွေကတော့ ငါမဟုတ်ဘူးဆိုတာ ကွဲကွဲပြားပြားမြင်သွားရင် ငါမဟုတ်တာ သေသေချာချာ သိသွားပြီဆိုရင် ငါမဟုတ်တာကြီးကို ငါ့ဆီမှာ မဝင်အောင်ကျိုးစား။

ဘုရားကို ဒေဝဒတ်က ကျောက်မောင်းနဲ့ဆင်ချတော့… ဘုရားက ဘယ်လိုမြင်လိုက်မလဲ…
ငါဘုရားကို ကျောက်မောင်းနဲ့ဆင်ချတာ ဒေဝဒတ်မဟုတ်ဘူး။ ဒေဝဒတ်မှာ ဒေါသကိလေသာတွေ.. ဘုရားလုပ်ချင်တဲ့ လောဘကိလေသာတွေ.. သူ့ကိုသူ ငါဘုရားနဲ့ယှဉ်ပြိုင်ချင်တဲ့ မာန ကိလေသာတွေဝင်အပူးခံနေရလို့ အဲဒီကိလေသာတွေက ဒေဝဒတ်ကိုခိုင်းလို့ ဒေဝဒတ်ခမျာ ကိလေသာခိုင်းတဲ့အတိုင်း ငါဘုရားကို ကျောက်မောင်းဆင်ချလိုက်တာပဲ။
ဒေဝဒတ်က ကိလေသာခိုင်းတဲ့အတိုင်းလုပ်နေရတဲ့ ကိလေသာရဲ့ကျွန်ဖြစ်နေရရှာတယ်။ ဒေဝဒတ်ကို သနားတော်မူရှာတယ်။ ဒေဝဒတ်ကို နာမသွားဘူး။ စိတ်မဆိုးဘူး။ ဒါဘာကြောင့်လဲ ဒေဝဒတ်နဲ့ ကိလေသာ ဘုရားခွဲမြင်လို့။ ဘုရားကိုယ်တိုင်ကလဲ လောဘ ဒေါသ ကိလေသာတွေကို အဝင်မခံတော့လို့…

အဲဒီလို တဦးနဲ့တဦး လူနဲ့ကိလေသာ ခွဲမြင်ကြမယ်ဆိုရင်…
ဘယ်သူက ဘယ်သူကိုမှ နာနာကြည်းကြည်း နာနေကြမှာ မဟုတ်ပါဘူး။
သူ့ခမျာ ဒေါသတွေဝင်နေလို့ ဆဲနေရှာတာပါ။ ရိုက်ခွဲနေရှာတာပါ။ ဒေါသမရှိတော့ရင်သွားရင် ပြီးသွားမှာပါ။

နတ်ကတော် နတ်ပူးပြီးဆဲနေတော့ ဘယ်သူစိတ်ဆိုးပြီး ပြန်ဆဲလို့လဲ။ နတ်ပူးလို့ နတ်ကဆဲနေတာ.. လူကဆဲနေတာမှ မဟုတ်ဘဲ ဆိုပြီး ဟဲဟဲ ဟဲဟဲ တဲ့တောင်ရယ်နေကြသေး။

ဦးပေက ဒေါသတွေ ဝင်လာလို့ ဦးဗိုက်ကို ဆဲမိတော့မယ်ဆိုရင်.. အဲ ငါ့ထံမှာ ဒေါသတွေဝင်လာနေပါလား။ ငါတော့ ဒေါသခိုင်းတိုင်းမဆဲဘူး။ ဒေါသမရှိမှ အေးဆေးပြောမယ်လို့ သတိပြု။

ဦးဗိုက်ကလဲ ဦးပေက ဆဲခဲ့တဲ့အခါဆိုရင်တောင်မှ ငါ့ဆဲတာ ဦးပေမဟုတ်ပါဘူး။ ဒေါသတွေဝင်နေလို့ ဒေါသက ဆဲတာပါ။ ဦးပေက ငါ့ကို ချစ်ပါတယ်လို့ နားလည်ပြီး ဒေါသနဲ့ ဦးပေခွဲမြင်။

ဒါဆိုရင်.. လူမှာငြိမ်းချမ်းမှုတွေ မရနိုင်ပေလား။

ကဲမတူပဲနဲ့မူကွဲ တဲ့ အမြင်နှစ်ခု။
တစ်ခုက.. ဦးပေဆိုတဲ့ လူယောကျာ်းကြီးကို ငါမဟုတ်။ သူမဟုတ်။ ယောကျာ်းမဟုတ်.။ မိန်းမ မဟုတ်လို့ မြင်အောင်ရှုပွားတာ။ ခန္ဓာကိုယ်ရွံမုန်းပြီး ခန္ဓာကိုယ်ဆုံးလို့… ဘာမှမဖြစ်တော့ရာ နိဗ္ဗာန်ရဖို့။

နောက်တခုက လူ့စိတ်မှာ လာဖြစ်တတ်တဲ့ ဒေါသတို့ မာနတို့ ကို ငါမဟုတ်ဘူး။ သူလဲမဟုတ်ဘူး။ အဲဒီဒေါသတို့ မာနတို့ဟာ ယောကျာ်းလို့လဲ ပြောမရဘူး။ မိန်းမလဲ မဟုတ်ဘူးလို့ ရှုပွားတာ။
လူနဲ့ ကိလေသာ ခွဲမြင်ပြီး.. လူမဟုတ်တဲ့ ကိလေသာ လူမှာမစိုးမိုးနိုင်အောင် လူကို လူလို့မြင်အောင်… ကိလေသာကိုလဲ ကိလေသာလို့မြင်အောင်ရှုလို့.. လက်တွေ့ လူ့ဘဝငြိမ်းအောင်

လူနဲ့ကိလေသာ ကွဲပြားပြီး လူကိုလူလိုမြင်ဖို့။ ကိလေသာကို ကိလေသာလို မြင်ဖို့.. လူကနေ ကိလေသာကိုခွဲခြားပြီးခွာဖို့…ကိလေသာဟာ လူကို ဒုက္ခပေးတဲ့အရာလို့သိမြင်ဖို့…အဲဒီလိုသိမြင်မှ ကိလေသာကို သတိထား ပယ်သတ်ပြီး ကိလေသာကင်းစင်တဲ့ လူဖြစ်ဖို့…
လူနဲ့ ကိလေသာ ကွဲပြားစွာမြင်ဖို့အရေး ဒို့အရေး. ဒို့အရေး.. ဒို့အရေး..

လူ့အဆင့်အတန်း အနိမ့်ဆုံးလူဟာ ပုထုဇဉ်။
ပုထုဇဉ်ဆိုတာ လူမှာ ကိလေသာ အပြည့်ရှိသူ။
လူ့အဆင့်အတန်းအမြင့်ဆုံးလူဟာ ရဟန္တာ။
ရဟန္တာဆိုတာ လူမှာ ကိလေသာ လုံးဝမရှိသူ။
လူဟာ ကိလေသာကင်းတဲ့ ရဟန္တာဖြစ်ပြီဆိုရင်..
နိဗ္ဗာန်ကို မျက်မှောက်ပြုနေပြီတဲ့။
ဒီလိုဆိုရင်… နိဗ္ဗာန်ဆိုတာ….

နိဗ္ဗာန်ကို ရရှိခံစားနိုင်တာက “ရဟန္တာ”
ရဟန္တာဆိုတာက “ကိလေသာ မရှိတဲ့ လူ”
ကိလေသာဆိုတာက လူ့စိတ်မှာ လာဖြစ်တတ်တဲ့ လောဘ. ဒေါသ. မာန ။
ဂွကျတာက.. အဲဒီဒေါသတို့ မာနတို့က လူမှာဝင်ပူးပြီး လူနဲ့ခွဲမရအောင် တသားတည်းရောနေတဲ့အရာ။

လူမှာ လောဘမရှိရင်.. ခိုးမရဘူး။
လူမှာ ဒေါသမရှိရင် ရိုက်မရဘူး။
လူမှာ မာန မရှိရင် ပြိုင်မရဘူး။
ကိလေသာဟာ လူမဟုတ်ဘူး။
ဒီနေ့ ကမ္ဘာကြီးမှာ လူတွေစစ်ဖြစ်နေကြတယ်တဲ့။ တကယ်သေချာကြည့်ပါ။
စစ်ဖြစ်နေတာ လူလား…… ဒေါသလား။

နယ်မြေတွေ ချဲ့ထွင်ချင်ကြလို့တဲ့..
နယ်မြေချဲ့ထွင်ချင်တာ
လူလား.. လောဘလား.. အတူလား.. တခြားစီလား။

တနိုင်ငံနဲ့ တနိုင်ငံ လက်နက်တွေပြိုင်ဆိုင်ချင်နေကြတယ်။
အဲဒီလိုပြိုင်ချင်နေကြတာ လူလား.. မာန ကိလေသာလား။
လူတွေမှာ ဒေါသတွေမရှိတော့ရင်… မရှိခဲ့ရင်… မရှိခဲ့ရင်…

About ဇောက် ထိုး

ဇောက် ထိုး has written 44 post in this Website..