ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ 24-6-12က MRTV 4ရဲ့ မနက်ပိုင်းသတင်းတပုဒ်မှာ ပါတဲ့ သတင်းတပုဒ်က ကျွန်မကို အတွေးတွေပွားစေခဲ့ပါတယ် ။ကမာ္ဘအေးဘုရားလမ်းက အမှိုက်ပုံးပျောက်တဲ့ သတင်းပါ ။ ကြားခါစကတော့ ကိုးလို့ကန့်လန့်ကြီး ဘယ်နှာ့ အမှိုက်ပုံးပျောက်တဲ့အကြောင်း သတင်းထဲ ထည့်လွှင့်ရသလဲပေါ့ … ။ သတင်းကြော်ငြာသူလေးက .. မျက်နှာ ချိုချို နှာသံလေးနဲ့ ကြော်ငြာသွားတော့ ….. သူ ့မျက်နှာလေး လိုက်ငေးနေတာနဲ ့ပဲ သတင်းအစဆုံးဂဃနဏ မမှတ်မိပါဘူး … ။

ဒါကတော့ ကမ်းနားလမ်းပေါ်က အမှိုက်ပုံးပေါ့ … ည မှောင်မှောင်ထဲ မမြင်မစမ်းနဲ့ ရိုက်လာတာ … :P

ကျွန်မက မိုးလင်းမိုးချုပ်အလုပ်သွားပြန်လုပ်ရပေမယ့် …အောက်ကြည့်မြင်တိုင်လမ်းပေါ်က … လမ်းထောင့်တစ်နေရာမှာ ဖိုက်ဘာအမှိုက်ပုံးအစိမ်းကြီးတပုံးရောက်နေတာကိုတော ဇွန်လ16ရက်နေ့လောက်ကတည်းက ညဘက်ကြီးပေမယ့် … သတိထားခဲ့မိပါတယ် … ။ ဓါတ်ပုံတောင် အမှောင်ထဲမှာ ရိုက်ဖြစ်ခဲ့သေးတယ် …. ။ ဘီးတပ်အမှိုက်ပုံးကြီးလာချပေးထားတာ … ဝမ်းသာစရာပေမယ့် … သယ်ရလွယ် ၊ တွန်း ရလွယ်တာကြောင့်လည်း .. ဘယ်တော့များမှ  ဘယ်သူတွေ မသွားမလဲဆိုတဲ့ အတွေးဖြစ်မိတာအမှန်ပါ … ။ ဒီလို အတွေးမျိုးဖြစ်မိတဲ့ ကိုယ့်စိတ်ကိုယ်တောင် ရှက်မိပါတယ် …. ။ မနက်ရုံးကားသွားစီးလျှင်ပဲဖြစ်ဖြစ် ၊ ညဘက်ပြန်လာလျှင်ပဲ ဖြစ်ဖြစ် … အမှိုက်ပုံးကြီးရှိသေးရဲ့လားလို့ ဖြတ်သွားတိုင်း လှမ်းကြည့်ရတာ … အလုပ်တစ်ခုလို ဖြစ်လာခဲ့တယ် …. ။ အောက်ကြည့်မြင်တိုင်လမ်းကအမှိုက်ပုံးကြီးကတော့ .. ယနေ့ထိရှိနေဆဲပါပဲ .. ကားလမ်း ဟိုဘက် ဒီဘက် တစ်ခါတစ်လေ ရွေ့နေတာမျိုးဖြစ်ပေမယ့် .. အဝေးကြီးတော့ မရွေ့ဘူးပဲ … ။ အောက်ကြည့်မြင်တိုင်လမ်းမှာ ဖရဲသီးဒိုင်ဆိုင်တွေ အရင်ကဆို အရမ်းကို စည်းမဲ့ကမ်းမဲ့ နိုင်လွန်းတယ် ။ ဖရဲသီးပုပ်တွေကို လမ်းထောင့်မှာ ပုံလိုပုံထား ၊ ပ စ်လို ပစ်ထားတဲ့အခါဆို လမ်းသွားလမ်းလာတွေအတွက် သိပ်ဆိုးလွန်းတဲ့ အနံ့တွေကြောင့် စိတ်အနှောက်ယှက်ဖြစ်ရပါတယ် ။ အခုလို အမှိုက်ပုံးကြီးလာထားပြီးနောက်ပိုင်းမှာတော့ … လမ်းပေါ်မှာ … ဖရဲသီးပုပ်တွေကို မတွေ့ရတော့သလို ၊ ဖရဲသီးပုပ်နံ့လည်း မရတော့ပါဘူး ။ အမှိုက်ပုံးကြီးမှာလည်း  နံပါတ်တွေ တပ်ထားတာ မြင်ခဲ့ရပါသေးတယ် ။ရှမ်းလမ်းမှတ်တိုင်က အမှိုက်ပုံးကတော့ … ဓါတ်တိုင်နဲ့ ပူးပြီး သံကြိုးချည်ထားတာ တွေ့ရလို့ သဘောကျမိသေးတယ် … ။

အမှိုက်ပုံးကြီးရှိနေတာ ကောင်းတဲ့ ကိစ္စလို့ တွေးပြီး .. တို့နိုင်ငံမှာ တစတစ ပြုပြင်ရေးတွေ လုပ်နေတာ …ကောင်းလေးစွလို့တွေးမိတာ ဘယ်နှစ်ရက်မှ မကြာသေးဘူး … အခုလို နိုင်ငံကျော်မီဒီယာကနေ … အမှိုက်ပုံးပျောက်တဲ့ သတင်းပါလာပကောလား ….. ။ စည်ပင်သာယာက မြို့နယ် ၃၃ခုမှာ … အမှိုက်ပစ်ဖို့ အခက်ခဲ ရှိတဲ့နေရာတွေ ၊ အမှိုက်ပုံတွေနဲ့ ဝေးတဲ့ နေရာတွေအတွက် … အမှိုက်ပုံးတွေ ထားပေးတာပါတဲ့ … အမှိုက်ပုုံးထဲက အမှိုက်သိမ်းချိန်ကိုလည်း ညနေပိုင်းနဲ့ … မနက်ပိုင်းတွေ  သူ့အချိန်နဲ့သူ အချိန်မှီသိမ်းဆည်းပါသတဲ့ …. ။ ပျောက်သွားတဲ့ အမှိုက်ပုံးရဲ့ တန်ဖိုးကတော့ ..သုံးသိန်းကျော် (သတင်းကြော်ငြာသူက အတိကျပြောပါတယ် ကျွန်မက မမှတ်မိလို့ပါ ) ဖြစ်ပြီး …. ဇွန်လ 18 ရက်နေ့က ပျောက်သွားတာပါတဲ့လေ … ။ ဗဟန်းမြို့နယ်တွင်း ပျောက်ဆုံးတာဖြစ်တာကြောင့် ရဲစခန်းမှာ အမှုဖွင့်ထားပါတဲ့အကြောင်း ကြားခဲ့မိပါတယ် …. ။

တယ်လည်း ဆိုးတဲ့ လူတွေပါပဲ …..လူတွေ စည်းမဲ့ ကမ်းမဲ့ လုပ်တတ်ကြလွန်းလို့ …. အလေ့ကျင့်လေးပျောက်အောင် အမှိုက်ပုံးလေးတွေ ချထားပေးပါတယ် … ထားတဲ့ အမှိုက်ပုံးအရည်ကျိုရောင်းဖို့ ဖျောင်တဲ့ လူကလည်း ရှိသေးတယ် … ။ တခြားနိုင်ငံတွေမှာတော့ မသိဘူး ဒီနိုင်ငံမှာ ဒီလို စိတ်ဓါတ်ရှိနေတာကိုက ရှက်ဖို့ အလွန်ကောင်းနေတာပါ … ။ သဂျီးပြောတဲ့ စနစ်ကြောင့်မဟုတ်ဘူး …. ဆိုတဲ့ အသွင်ပြင်တော့ .. ဆောင်နေပါပြီ ။ လမ်းသွားတိုင်းပဲဖြစ်ဖြစ် ၊ကားစီးပဲဖြစ်ဖြစ် လမ်းပေါ်က လူတွေကို သတိထားကြည့်ခဲ့မိတယ် …. ။ လွယ်လွယ် အမှိုက်ပစ်တဲ့ အကျင့် စွဲကပ်နေကြတာ ….. ကလေးတွေတင်မကဘူး … အသက်ကြီး အရွယ်ကြီးတွေအထိ .. အရွယ်စုံ ဆိုဒ်စုံပါပဲ … ။ အများပိုင်လမ်းပေါ် အမှိုက်ချတာ .. ကျွန်မအိမ်ရှေ့ အမှိုက်ပစ်တာ မဟုတ်လို့ …. သွားတားပိုင်ခွင့်မရှိပေမယ့် … ဒီလို လုပ်ရပ်တွေကိုတော့ ရှံ ့ချရွ ံ့မုန်းမိပါတယ် ။ ကိုယ့်ရဲ့ အမှိုက်ကို လက်ထဲမှာ ကိုင်ထားတာ ရှက်စရာမဟုတ်ပါဘူး … လမ်းပေါ်မှာ လက်လွတ်စပယ် ပစ်လိုက်တာကမှ ရှက်စရာဆိုတဲ့ အတွေးမျိုးရှိစေချင်တယ် …. ။ ဆန္ဒက ဆန္ဒပါပဲ … လမ်းပေါ်က အမှိုက်ပစ်တဲ့ လူတိုင်းကို လက်တို့ ပြီး သွားပြောလို့မှ မဖြစ်တာ ….. ကျွန်မရဲ့ ဆန္ဒတွေ .. အတွေးထဲမှာပဲ … ရစ်ဝဲနေခဲ့မိတော့တယ် ။

အရင်ကတော့ အမှိုက်ပစ်စရာ အမှိုက်ပုံးမရှိလို့ ပစ်ချရပါတယ်ဆိုတဲ့ ဆင်ခြေမျိုး အမှိုက်ပစ်တဲ့ လူတွေ ပြောခဲ့ကြတယ် ။ အခုတော့ရော .. အမ ှိုက်ပုံးတွေ ရှိနေပါလျှက် …. အမှိုက်သယ်ရမှာ ဂုဏ်ငယ်တယ်ထင်သလား ၊ ရှက်များ ရှက်နေကြသလားပဲ … လမ်းလည်ခေါင် အမှိုက်ချတဲ့ လူတွေ ဒုနဲ့ ဒေးရှိသေးတယ် ။ ဆုပေးဒဏ်ပေးစနစ်နဲ့ အမှိုက်မပစ်ရဆိုတာမျိုး လုပ်လျှင် လည်း ခဏပဲ ရမယ် .. နောက်ပိုင်းခွေးမြီးကောက် ကျည်ထောက်စွပ်တဲ့ စိတ်ဓါတ်မျိုးတွေနဲ့ ပြန်ပစ်ကြဦးမယ် ။ လူတွေရဲ့ စိတ်ဓါတ်နဲ့ ဆိုင်တဲ့ ကိစ္စ ၊ သူတို့ စိတ်ထဲ တကယ်စွဲပြီး လိုက်နာကျင့်သုံးနိုင်မှသာ …. အရာထင်လိမ့်မယ် ။

လမ်းသွားရင်း .. လူတိုင်း လူတိုင်း အမှိုက်ပစ်စရာ ကိစ္စကြုံရစမြဲပါ … ချွေးထွက်လို့ Tissue နဲ့ သုတ်လျှင်တောင် သုတ်ပြီးသား ဒီဟာက အမှိုက်ဖြစ်သွားသေးတာပဲလေ …. ။ကိုယ့်အမှိုက်လေး ကိုယ်သိမ်းဖို့ … သယ်ရလည်း လွယ် ပေါ့လည်း ပေါ့ပါးတဲ့ …recycle အိတ်ပါးလေးတွေ ဆောင်ထားသင့်ပါတယ် … ။ ကိုယ့်ဆီကအမှိုက် ကိုယ်တာဝန်ယူသင့်တာကြောင့် အမှိုက်ပုံးရှိတဲ့နေရာထိတော့ ..သွားပို့သင့်တယ်မဟုတ်ဘူးလား ။ ကျွန်မတို့ နိုင်ငံမှာလည်း .. အတော်ခက်တယ် … သန့်ရှင်းရေး ဝန်ထမ်းတွေ ၊ အမှိုက်သိမ်းတဲ့ လူတွေ ရှိနေပါလျှက် … ဖွတဲ့ လူက တစ်ထောင် ၊ သိမ်းတဲ့ လူက တစ်ယောက်ဆိုတော့ …ကိုယ့်အမှိုက်ကိုယ်သိမ်းတဲ့ အလေ့ထမရှိလျှင် မြန်မာနိုင်ငံက ဒီအမှိုက်ကိစ္စ နောက်ကမာ္ဘထိတိုင် ကြုံနေဦးမလားပဲ … ။ တချို့သော မြို့နယ်တွေမှာတော့ … အမှိုက်သိမ်းတဲ့ လူက လူမြင်ကွင်းလောက်ပဲ …သိမ်းကြတာ ၊ လ ှဲကြတာမျိုးရှိပေမယ့် … ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကအမှိုက်တွေ သိမ်းဖို့ …. အမှိုက်သိမ်းသမားမှာပဲ တာဝန်ရှိတာ မဟုတ်ပါဘူး ၊ ကိုယ့်မှာလည်း တာဝန်ရှိတယ်ဆိုတာ မေ့လျော့နေတတ်ကြတယ် ။

တစ်ချို့သောမြို့နယ်တွေမှာ အမှိုက်ပုံးလည်းမရှိ ၊ အမှိုက်လည်းပုံလို့ မရ ၊ အမှိုက်ကားနဲ့ လာတဲ့ စနစ်ကလည်း ရက်မမှန်တတ်တဲ့ အခါ .. အိမ်သုံးအမှိုက်တွေကြောင့် ခေါင်းခဲ ကြရပြန်တယ် …. ။ ဒီလိုအခြေနေမျိုးဆိုလျှင်တော့ …. စည်ပင်ရုံးကို စာပို့တာမျိုးဖြစ်ဖြစ် ၊ လူကိုယ်တိုင်ဖြစ်ဖြစ် တွေ့ဆုံပြီး .. မိမိတို့ရဲ့ အခက်ခဲကို ပြောဆိုညှိနှိုင်းသင့်ပါတယ် ။ အမှိုက်သိမ်းခြင်းစနစ်ကျဖို့ … လိုအပ်တဲ့ တောင်းဆိုမှုတွေ ပြုလုပ်ရပါမယ် ..ဆွေးနွေးမှုတေ ွပြုလုပ်သင့်ပါတယ် … ။ ရန်ကုန်မြို့ရဲ့ အထပ်မြင့်တိုက်ခန်းတွေကြားမှာ .. အမှိုက်လှည်းလေးတွေ တွန်းပြီး … အမှိုက်ဗျို့ .. အမှိုက်လို့ အော်နေတဲ့ … စီးပွားဖြစ်အမှိုက်သိမ်းသူတွေလည်း ရှိတယ် ….. ။ ငွေကုန်ကြေးကျလည်း မများတဲ့ သူတို့လို အမှိုက်သိမ်းသူတွေဆီမှာလည်း အမှိုက်ပစ်လို ့ရပါတယ် … ဒါပေမယ့် ကိုယ့်အမှိုက်ဖိုးတော့ ကိုယ်ပေးရတော့မှာပေါ့လေ … ။

 

 

အမှိုက်ပစ်တွန်းလှည်းနဲ့ စီးပွားဖြစ်လိုက်သိမ်းနေသူတွေထဲမှာ … အသက်ရွယ်စုံအပြင် ၊ ကလေးတွေပါ ပါနေတာ တွေ့ရပါတယ် … ။ အမှိုက်ဆိုတဲ့ အရာမျိုးက ဘယ်သူကမှ နှစ်လိုခြင်းမရှိပေမယ့် .. ဒီလိုအမှိုက်သိမ်းသူတွေကတော့ … သူများ မလုပ်ချင်တဲ့ အလုပ်ကို လုပ်ပြီး မူးစေ့မတ်စေ့လောက်ပမာဏလေးကို တနဲ ့နဲ ့စုကာ သမ္မာအာဇီဝကျကျ ရှာစားနေတာ ….  ပညာအဆင့်တန်း .. ဘယ်လိုပဲဖြစ်ဖြစ်  …. စိတ်ဓါတ်လေးတွေအရ … လေးစားစိတ်ဖြစ်မိပါတယ် ။ အမှိုက်တွေထဲက ရောင်းလို့ ရတဲ့ကော်တွေ ၊ သံတွေပါလာလျှင်တော့ ….အမှိုက်ကောက်သူတွေအတွက် ဘောနပ်စ်ပေါ့လေ ။

တစ်ချို့သော လုပ်ငန်းတွေက အမှိုက်စွန့်ပစ်မှု စနစ်ကိုလည်း ပြုပြင်သင့်နေပါပြီ …. အနီးစပ်ဆုံး ဥပမာတစ်ခု ထောက်ပြရလျှင်တော့ .. လမ်းဘေး ဈေးသည်ပါ …. ။ လမ်းဘေးဈေးရောင်းတာ အပြစ်မဆိုချင်ပါဘူး .. စည်ပင်ကို အခွန်ဆောင်ပြီး ၊ ဈေးကောက်ပေးပြီးရောင်းကြရတာ … သမ္မာအာဇီဝရှာစားကြတာမို့ ရှက်စရာမဟုတ်ပေမယ့် … ဆိုင်သိမ်းပြီး ကျန်ခဲ့တဲ့ အမှိုက်တွေကို မျက်နှာလွဲဂဲပစ်လုပ်လုပ်သွားကြတာတော့ … အသိစိတ်ဓါတ်ခေါင်းပါးတယ်လို့ပဲ ဝေဖန်လိုက်ချင်ပါတယ် ။

မေလဆန်းလောက်က တရုတ်တန်းမှာ မုန့်ထွက်စားပြီး ဆူးလေကို ညကိုးနာရီခွဲလောက်မှ လမ်းလျှောက်ပြန်ခဲ့တယ် … ကုန်ဈေးတန်းနားက အဖြတ်မှာမြင်လိုက်ရတဲ့ မြင်ကွင်းက … ရန်ကုန်မြို့ကြီးကိုတောင် အားနာသလိုဖြစ်သွားခဲ့မိတယ် … ပလူပျံနေတဲ့ ပလပ်စတစ်အိတ်ခွံတွေ ၊ သစ်သီးတွေက စွန့် ထုတ်တဲ့ အပိုင်းတွေ ၊ တောင်းစုတ် ၊ ပလုံးစုတ်တွေ ၊ စက္ကူအပြဲ အပိုင်းစတွေနဲ့ …… အမလေးလေး ……. အရမ်းကို လှပတဲ့ မြို့လည်ခေါင်ရဲ့ ညဦးပိုင်း မြင်ကွင်းများလားလို့တောင် သရော်မိပါတယ် ။ မကြာသေးခင်အချိန်ပိုင်းလောက်က … ကျွန်မမြင်ခဲ့တဲ့ နေရာမှာ ရောင်းသူတွေ ၊ ဝယ်သူတွေ စည်ကားခဲ့ပေမယ့် … အမှိုက်ကိစ္စကိုတော့ ဘယ်သူမှ အရေးတယူမရှိခဲ့တာ … ဝမ်းနည်းစရာပါပဲ ။ ဈေးသိမ်းတော့ ခြေကားယား လက်ကားယား အမှိုက်တွေပစ်ခဲ့ပြီး … တာဝန်မဲ့ခဲ့ကြတယ် … ။ အမှိုက်ပုံးမရှိလို့ မပစ်နိုင်လျှင်တောင် ဘေးမှာစုပုံပေးခဲ့ဖို့ … အလုပ်မအားကြတော့ဘူးထင်တယ် …. ။ လမ်းမပေါ်တက်ရောင်းတဲ့ တဆိုင်တည်းမဟုတ်ဘူးနော် … ဆိုင်တိုင်း နီးပါးထိုနည်းလည်းကောင်းပဲ ။ ကောင်းတဲ့ စိတ်ဓါတ်တွေကိုသာ လက်ဆင့်ကမ်းပြီး မယူတတ်ကြတာ…. ဒီလို လုပ်ရပ်မျိုးကတော့ အထူးတလည်တောင် ရှင်းပြစရာမလိုပဲ မျက်စိနဲ့ ကြည့်ရုံနဲ့ လုပ်တတ်တဲ့ အတတ်မျိုးထဲပါဝင်တယ်ထင်ပါရဲ့ … ။ လမ်းမီးရောင်ကြား အမှိုက်တွေဖွေးနေတဲ့ မြင်ကွင်းကိုလည်း ဓါတ်ပုံရိုက်ခဲ့ပါသေးတယ် …. ။ ညဉ့်နက်ပိုင်းရောက်မှ စည်ပင်ကလူတွေ တံမြက်စည်းတွေကိုင်ပြီး .. လိုက်လှဲကြတာပါ ။

ရန်ကုန်မြို့တွင်း အမှိုက်ဖြစ်လွယ်တဲ့ ပြသနာ နောက်တစ်ခုလည်း ဥပမာပေးချင်ပါသေးတယ် … ပမ်းဖလက် လို့ခေါ်မလား ၊ ဖလိုင်ယာလို့ခေါ်မလား … လက်ကမ်းစာစောင်လေးတွေလေ ….  ကမ်းချင်တဲ့ နေရာမှာကမ်းပြီး ပစ်တဲ့လူကလည်း ပစ်ချင်တာပစ်တော့ .. အဲ့ဒီကမ်းတဲ့နေရာမှာတင် … အမှိုက်တွေ ချက်ချင်း ပွသွားတော့တာပေါ့ … ။ အဲ့ဒီလို လက်ကမ်းစာစောင်တွေကို …  အိမ်အထိပါအောင် ယူသွားသူ အရေတွက်အတော်နည်းပါတယ် ။ လမ်းမှာပဲ ပြီးစလွယ်ပစ်ခဲ့ကြတာ မြင်ခဲ့ဖူးတယ် ။ တချို့သော ကြော်ငြာ စာရွက်တွေက စာရွက်အရောင်နဲ့ ဒီဇိုင်းကြည့်တာနဲ့တင် ဘာကြော်ငြာတာလဲ မှတ်မိလောက်အောင် .. အကြိမ်ကြိမ်ဝေဖူးခဲ့တာမို့ .. ကမ်းပေးလို့ အားနာပြီး လက်လှမ်းယူခဲ့ကြပေမယ့် .. မဖတ်ပဲ လမ်းမှာ ပစ်ခဲ့သူတွေများပါတယ် ။ စီးပွားရေးသမားတွေ ၊ ကျူရှင်ဆရာတွေ အကျိုးမြတ်အတွက် လက်ကမ်းစာစောင်ထုတ်ပြီး ကြော်ငြာတာ အပြစ်မဆိုရက်ပါဘူး … ဒါ့သူ့ကိစ္စပါ … ဒါပေမယ့် … ကြော်ငြာစာစောင်ကမ်းမဲ့ နေရာနဲ့မနီးမဝေးမှာ .. အမှိုက်ပုံးလေးတော့ပြန်ထားပေးသင့်တယ်လို့ မြင်မိပါတယ် ။ ကြော်ငြာစာသားမှာလည်း ၊ ကိုယ့်စီးပွားရေးကြော်ငြာအပြင် ဒီအမှိုက်ကို အမှိုက်ပုံးထဲပစ်ဖို့ သင်္ကေတလေးလိုမျိုး ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ပါဆိုတာမျိုး စာရေးဖော်ပြသင့်ပါတယ် ။ စည်ပင်အနေနဲ့ကလည်း…… အခုလို လမ်းမပေါ်တက်ပြီးအမှိုက်ဖွနေသူတွေကို …  ထိရောက်တဲ့ သတိပေးမှုမျိုး လုပ်သင့်တယ်လို့ ထင်ပါတယ် … ။ လမ်းပေါ်မှာ ကြော်ငြာလက်ကမ်းစာစောင်ဝေတာ … လှုံ့ဆော်စာဝေတာလည်း မဟုတ် ၊ ငြိမ်ဝပ်ပိပြားမှုကို သွေးထိုးတာလည်း မဟုတ်ပေမယ့် …. အမှိုက်ဖြစ်စေချင်းကို များစွာအားပေးတာကြောင့် … စည်ပင်ရဲ ့ခွင့်ပြုချက်မပါပဲ လက်ကမ်းစာစောင်ဝေခြင်းမျိုးကို ထိန်းချုပ်သင့်ပါတယ် ။ လွယ်တာကို ခက်အောင် လုပ်တာမျိုးတော့မဟုတ်ပါဘူး …. မိမိအကျိုးစီးပွားအတွက် လက်ကမ်းစာစောင်ဝေလျှင် စည်ပင်နဲ့တိုင်ပင်ပြီး အကူညီရယူကာ ၊ ဝေတာမျိုး လုပ်သင့်ပါတယ်  .. ဒါမှသာ … လက်ကမ်းစာစောင်ဝေနေတဲ့ ဧရိယာ တလျှောက် … အမှိုက်သိမ်းစနစ်ကို စည်ပင်က ကူညီနိုင်မှာပါ …။

ကျွန်မတို့တွေက လူသားတွေပါ … လူတွေမှာ ဆင်ခြင်တွေးတောနိုင်စွမ်းနဲ့ ဆုံးဖြတ်ချင့်ချိန်နိုင်စွမ်းရှိကြတယ် …  လူသားတွေချင်းတူပါလျှက် .. အနောက်နိုင်ငံ ၊ အရှေ့နိုင်ငံတွေမှာ စည်းကမ်း လိုက်နာတဲ့ အလေ့ကျင့် ရှိကြပြီး … ဘာလို့ ကျွန်မတို့ နိုင်ငံရဲ့ လူအချို့မှာတော့…  မျက်နှာလွှဲဂဲပစ်စိတ်ဓါတ်တွေ ရောနှောနေရပါသလဲ …. ။ လမ်းပေါ်မှာ အညစ်ကြေးစွန့်တတ်တာ … တိရိစာ္ဆန်တို ့ရဲ့ စရိုက်ပါ ….. ဒီလို အကျင့်မျိုးတွေ တစ်ယောက်ကနေ တစ်ယောက်ကူးနေလျှင် ဘယ်တော့များမှ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်မျိုး ရနိုင်ပါတော့မလဲ ….  ။ မိမိနဲ့ မိမိပတ်ဝန်းကျင် သန့်ရှင်းဖို့ လူသားအားလုံးမှာ တာဝန်ရှိပါကြောင်း ….. ကိုယ့်ကိုယ်ကိုပဲ အရင်ဆုံး သတိပေးမိပါတော့တယ် …. ။

ရွာသူရွာသားများနဲ့ စာဖတ်သူအားလုံးပဲ …… သပ်ရပ်ပြီး သန့်ရှင်းစွာနဲ့ အမှိုက်ကင်းစင်တဲ့ ပတ်ဝန်းကျင်မျိုးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ။ ။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!