အတိုအထွာများ (၃)…

yannaingechJune 26, 20101min800
လူတိုင်းသိတယ်…
မြို့ငယ်လေးတစ်မြို့တွင် လွန်စွာစပ်စုပြီး အတင်းပြောတတ်သော အမျိုးသမီး တစ်ဦးရှိသည်။
လူအများက သူမကို မနှစ်မြို့သော်လည်း သူမပါးစပ်ဖျားတွင် ရေပန်းစားသွားမည်စိုးသဖြင့် သိပ်မပြောရဲကြပေ။
တစ်နေ့တွင် အမျိုးသားတစ်ဦးကို သူမက အရက်စွဲနေသူ၊ အရက်ဂျိုးကြီးဟုပုတ်ခတ်ပြောဆိုသည်။ အကြောင်းပြချက်မှာ မြို့ငယ်လေး၏ တစ်ခုတည်းသော အရက်ဘားရှေ့တွင် သူ့ကားကို တစ်နေ့ခင်းလုံးရပ်ထားတာတွေ့လို့ဟုဆိုသည်။
လူအများရှေ့တွင် သူမက သူ့ကို “အဲဒီနေရာမှာအဲဒီကားရပ်ထားတာတွေ့တဲ့လူတိုင်း သူဘာလုပ်နေလဲဆိုတာသိနိုင်တယ်” ဟုဆိုသေး၏။
စကားနည်းသူထိုအမျိုးသားက သူမကိုခဏစိုက်ကြည့်နေပြီး ဘာမှမပြောဘဲလှည့်ထွက်သွား၏။ ရှင်းမပြ။ ကာကွယ်ပြောဆိုခြင်း၊ငြင်းဆန်ခြင်းမပြု။ ဘာဆိုဘာမှပြောမသွားပါ။
ထိုနေ့ညနေပိုင်းတွင် သူသည်သူ့ကားကို သူမအိမ်ရှေ့တွင် တိတ်တဆိတ်ရပ်ထားခဲ့ပြီးအိမ်သို့လမ်းလျှောက်ပြန်သွား၏။ ကားကို တစ်ညလုံး သူမအိမ်ရှေ့တွင် ရပ်ထားခဲ့လေသည်။
အချက်ပေးသံ…
လေယာဉ်မှူးများရောက်လာသောအခါ ခရီးသည်များအားလုံး အကြီးအကျယ် အံ့ဩကုန်ကြသည်။
လေယာဉ်မှူးနှစ်ယောက်လုံးမှာ မျက်မှန်အနက်ကြီးတွေတပ်ထား၏။ တစ်ယောက်ကို လမ်းပြခွေးကလေးတစ်ကောင်က ရှေ့မှလမ်းပြပြီး ကျန်တစ်ယောက်မှာမူ လမ်းလျှောက်တုတ်တစ်ချောင်းဖြင့် စမ်းကာစမ်းကာ လျှောက်လာသည်။
လေယာဉ်မှူးခန်းတံခါးပိတ်သွားပြီ။ လေယာဉ်စက်စနှိုးပြီ။
လေယာဉ်သည် ပြေးလမ်းပေါ်တွင် မြန်သထက်မြန်မြန်ပြေးနေသည်။ ခရီးသည်များအားလုံး ပြတင်းပေါက်မှ မြင်နေရသည်မှာ လေယာဉ်သည် ပြေးလမ်းအဆုံးရှိရေပြင်ဆီသို့ တည့်တည့်သွားနေသည်။
လူများအားလုံးသွေးပျက်ချောက်ခြားနေကြပြီ။ ကြောက်ရွံ့အော်ဟစ်သံများပွက်လောရိုက်နေ၏။ ထိုခဏတွင် လေယာဉ်မှာ လေထဲသို့ ချောမွေ့စွာ ပျံတက်သွားလေသည်။ ခရီးသည်များမှာ ခုမှသက်ပြင်းချနိုင်ပြီး အကြောက်ပြေရယ်နိုင်ကြသည်။
လေယာဉ်မှူးခန်းအတွင်းတွင်ကား…လက်ထောက်လေယာဉ်မှူးက လေယာဉ်မှူးဘက်လှည့်ကာပြောနေသည်။ “ဆရာရေ…တစ်နေ့နေ့ ဒီလူတွေ အော်တာနောက်ကျနေရင်တော့ ကျူပ်တို့သေမှာပဲဗျ”
လူပြောက်ကြော်ငြာ…
လူတစ်ယောက်သည် စူပါမားကက်ကြီးတစ်ခုတွင် လှတပတအမျိုးသမီးတစ်ယောက်ထံကပ်သွားပြီး “ကျွန်တော့်အမျိုးသမီးနဲ့ လူကွဲသွားလို့ပါခင်ဗျာ။ ခင်ဗျားကျွန်တော်နဲ့ ခဏလောက်စကားပြောပေးနိုင်မလား”
အမျိုးသမီးက နားမလည်နိုင်စွာကြည့်ရင်း “ရှင်ကဘာလို့ ကျွန်မနဲ့စကားပြောချင်ရတာလဲ”
“ဘာလို့လဲဆိုတော့ ကျွန်တော်ခင်ဗျားလို မိန်းကလေးလှလှတွေနဲ့ စကားပြောတိုင်း ကျွန်တော့်မိန်းမက ဘယ်ကဘယ်လိုပေါ်လာမှန်းမသိ၊ အမြဲရောက်လာတတ်လို့ပါ”
(ref:www.jokeindex.com)