ထူးဆန်းထွေလာ ပယောဂပါ။

ခင္ခJune 27, 20121min87

လူငယ် တစ်ဦး၏ အန်ခြင်းနှင့် မစင်စွန့် ခြင်းတို့မှ သံချောင်းများ ထွက်လာသည့် ထူးခြားဖြစ်စဉ် တစ်ခု ရွှေပြည်သာ မြို့နယ်တွင် ဖြစ်ပွားနေ ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်မှာ ဇွန်လ ၁ရ ရက်မှ စတင်ကာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇွန် ၂၅ ရက် နံနက်ပိုင်းအ ထိ အန်ထွက်ရာနှင့် မစင်စွန့်ရာမှ သံချောင်း ၁၂ဝ ချောင်းခန့် ထွက်လာကြောင်း သိရသည်။ “စပြီးသတိထားမိ တုန်းက ဇွန်လ ၁၆ ရက်လောက်ကပါ။ စပြီးအန်တာတော့ ၁ရ ရက်ကစပြီး အန်တာ ဆေးခန်းမှာသွားပြတော့ Ultrasond ရိုက်တာ အထဲမှာဘာမှမတွေ့ရဘဲနဲ့ ကျွန်တော်က အောင့်တာမခံနိုင်အောင်ဖြစ်နေပြီ” ဟု အသက် ၂၅ နှစ်အရွယ် ယင်းဖြစ်စဉ်ကို ခံစားနေရသူ ကိုအောင်ချိုချိုကပြောကြားသည်။ “ရပ်ကွက်ထဲမှာတော့ ဒီကိစ္စကို တော်တော်ပြောကြပါတယ်။ ကျွန်မတို့လည်း ကိုယ်တိုင်တွေ့ရတယ်.. ”ဟု ၁၀/၃၄ ရပ်ကွက်၊ ရေကြည်လမ်း၊ ရွှေ ပြည်သာမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက အဆိုပါဖြစ်စဉ်ကို စုံစမ်းစဉ်ပြောကြားသည်။ ကိုအောင် ချိုချိုတွင် မွေးချင်းခုနစ်ယောက်ရှိပြီး ၎င်းနှင့် ၁ဝ မိနစ်သာခြားသည့် အမြွှာညီအစ်ကို တစ်ဦးရှိကြောင်းလည်း သိရသည်။ “တစ်ရက်ကဆိုရင် သူ(ကိုအောင်ချိုချို) ထမင်းထစားတာ ကြက်သားဟင်းကို အရိုးပါမကျန်အောင် စားပစ်ပြီးတော့ ထမင်းဝလို့အပြင်ကို ထွက်သွားတယ်လို့ထင်နေတာ။ ကျွန်မတို့တောင် ခလုတ်တိုက်သါားလို့ နောက်လှည့်ကြည့်တော့ သူကထမင်းဝိုင်းမှာ ငိုင်ငိုင်ကြီးနဲ့ ထမင်းမစားဘဲရပ်နေတာ တွေ့ရတယ်။ တစ်ခုခုဖြစ် နေသလိုပဲ” ဟုမိခင်ဖြစ်သူ ဒေါ်ခင်အေးကပြောကြားသည်။ “ဒီနေ့(၂ရ ရက်) မနက်ပဲ ပယောဂဆရာ(ရွှေရင် မျှော်ဆရာ)တွေနဲ့ ကုသမှုတွေလုပ်ခဲ့တယ်။ ဒီနေ့အထိကို အန်တာနဲ့ မစင်စွန့်တာ ရေတွက်မိသမျှ ၁၀၆ ချောင်း ရှိသွားပြီ သေချာတယ်။ မစင်စွန့်တဲ့အချိန်မှာ ခွက်နဲ့မခံခားမိတာတွေလည်း ရှိတယ်။ စုစုပေါင်း ၁၂ဝ လောက် တော့ ရှိတယ်။ ဆရာတွေကလည်း ဒီမနက်ပဲ အဲဒီသံချောင်းတွေကို သိမ်းသွားတယ်။ သံရှိရာ သံထပ်လာမှာစိုး လို့တဲ့” ကိုအောင်ချိုချို“ ဖခင်ဖြစ်သူ ဦးညွှန့်တင်က ပြောကြားသည်။ “မအန်ခင်တုန်းက ကျောတွေရင်တွေ အောင့်တာ ၁ဝ ရက်လောက်ရှိနေတာ။ အန်တော့လည်း တစ်ခါတစ်လေ နှစ်ချောင်းပူးအန်တာတွေ ဖြစ်ခဲ့တယ်။ ရင်ဘက်တစ်ခုလုံးလည်း အောင့်ပြီးတော့နာတယ်။ မစင်စွန့်တော့လည်း သံချောင်းတွေထွက်ကျလာပြီးတော့ ဆံပင်ချည်တွေတောင်ပါတယ်” ကိုအောင်ချိုချိုက ပြောကြားသည်။ ရွှေပြည်သာရှိ နဝရတ်ဆေးခန်းမှ ဓာတ်မှန် စာရွက်နှင့် ဆေးမှတ်တမ်းစာရွက်များအရ မည်သည့်ထူးခြားမှုမှမရှိဘဲ ဆရာဝန်များက ယခုထက်အခြေအနေ ဆိုးလာလျှင် ဆေးရုံသို့သွားရန်သာ ညွှန်ကြားထားကြောင်း သိရသည်။

“ကျွန်တော်စဖြစ်ခါစက တော်တော်ကြောက်သွားတယ်။ဒါမျိုးဖြစ်စဉ်ကို အရင်က ကျောက်ခဲ တွေအန်တဲ့ မိန်းကလေးတစ်ယောက်အကြောင်းကြားဖူးတော့ သူလိုမျိုးကျွန်တော်ခံစားရပြီလားဆိုပြီး ကြောက် မိတာ။ ၁၆ ရက်ညက အိပ်မက်မက်တယ်။ ဖိုးသူတော်လိုမျိုးပုဂ္ဂိုလ်ကြီးတစ်ပါးက “မင်း.. ဆေးရုံနဲ့အသက်လုရ လိမ့်မယ်။ရှင်လမ်းသိပ်မမြင်ဘူး” လို့ပြောသွားတာ။ ခုဆိုညတိုင်းနီးပါးလည်း အိပ်မက်နေပါတယ်..” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ “ကျွန်တော်က စုန်းတွေ၊ နတ်တွေသိပ်ပြီး မယုံကြည်တက်ပါဘူး။ ခုလိုဖြစ်တော့မှ တော်တော် လန့်သွားတာ။ ဒီလိုမဖြစ်ခင်က ကျွန်တော်ပြဿနာလေးတစ်ခုတော့ ဖြစ်ထားတယ်။ လူမှုရေးကိစ္စ လေးတစ်ခုပါ။ ကျွန်တော်ဒီလိုဖြစ်နေတော့ တစ်ချို့က ပြောကြပါတယ်။ ပါးစပ်ထဲကို သံချောင်းထည့်ပြီး အန်ပြ နေတာလားမှမသိတာလို့ပြောချင်ပြောကြမှာပါ။ ပါးစပ်ထဲကို သံချောင်းထည့်တာလွယ်တာမှမဟုတ်တာ။ ကိုယ် တိုင်ခံစားရမှ သိမှာလေ.. ဗျာ” ဟု ၎င်းကဆက်လက်ရှင်းပြသည်။ ၎င်းအန်ထားသော သံချောင်းများမှာ နှစ် လက်မခွဲအမျိုးအစား သံချောင်းများဖြစ်နေကြောင်း သိရကာ ပြည်တွင်းဂျာနယ်တစ်စောင်ဖြစ်သော မြန်မာပို့စ် မှ သတင်းအယ်ဒီတာတစ်ဦးကလည်း ၎င်းနှင့်စကားပြောနေစဉ်မှာပင် သံချောင်းတစ်ချောင်းအန်ထွက်လာသည်ကို မျက်မြင်တွေ့ခဲ့ရသည်ဟုဆိုသည်။

“ဒီမနက် ပယောဂဆရာတွေက မန်းမှုတ်ပြီး နှောင့်ယှက်သူကို ခေါ်စစ်တာတွေလုပ်ပါတယ်” ဟု ဖခင်ဖြစ်သူ ဦးညွှန့်တင်က ပြောကြားသည်။ “ကျွန်တော်ခန့်မှန်းမိတာတော့ ထမင်းစားပြီးကာစ အချိန်လေး တွေမှာ အန်တာတွေ၊ မစင်သွားဖြစ်တာတွေများတယ်။ ဖြစ်ကာစနေ့ကဆိုရင် ရင်ဘတ်တွေအောင့်ပြီး အန်လို့ မရဘူး။ ရွှေပြည်သာထဲက ဘုန်းကြီးတစ်ပါးပေးတဲ့ ရေမန်းကို သောက်တော့မှ ဝပြီးအန်လို့ရသွားတာ။ အခုဆို ရင် ကျွန်တော်အိပ်ဆေးတွေ သောက်ပြီးအိပ်နေမိတယ်” ဟု ကိုအောင်ချိုချိုက ပြောကြားခဲ့သည်။ ပယောဂ ဆရာများက သံချောင်းများဆက်အန်ခြင်း မအန်ခြင်းကို မပြောပြသေးသော်လည်း မကြာမီသက်သာလာလိမ့် မည်ဟု ပြောကြားသွားကြောင်း သိရပြီး ၎င်းတို့နေထိုင်ရာ အမှတ် ၈၀၃ ၊ ရေကြည်လမ်း၊ ၁၀/ ၃၄ ရပ်ကွက် ရွှေပြည်သာအိမ်သို့ ရပ်ကွက်အနီးအနားမှ လူများက သွားရောက်သတင်း မေးမြန်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။

ပြည်မြန်မာသတင်းဂျာနယ်

အဲဒါက သစ်ထူးလွင်ကတွေတာ။ ပယောဂ ဆိုတာ အတတ်ပညာလား၊ ဒါမှမဟုတ်ဘာလဲ၊ အဲဒီပယောဂက ဘယ်လိုတွေလုပ်ကြပြီး ဘာဖြစ်နိုင်တာလဲ၊ ရွာထဲကသိတဲ့သူများရှင်းပြပေးပါလားဗျာ။ကျေးဇူးပါ။

3 comments

  • ko khin kha

    June 27, 2012 at 2:22 pm

    ဒီနေ့ကွန်နက်ရှင်အရမ်းကျနေလို့ ဒီပို့တင်တာ အဆင်မပြေတာတွေနဲ့မို့ အထားအသိုများ မှားနေရင် သူကြီးရော၊ရွာသူ ရွာသားတွေရော သီးခံပေးပါဗျာ။

  • စိန်ဗိုက်ဗိုက်

    June 27, 2012 at 2:23 pm

    ဒီမှာ အကြောင်းရာတူ တင်ပြီးသားမို ့ အောက်ကလင့်ခ်မှာပဲ သွားဆွေးနွေးကြရင် ကောင်းမယ်ထင်ပါတယ်ဗျား..
    http://myanmargazette.net/133858/arts-humanities

  • ko khin kha

    June 27, 2012 at 2:24 pm

    ဒီနေ့ကွန်နက်ရှင်အရမ်းကျနေလို့ ဒီပို့တင်တာ အဆင်မပြေတာတွေနဲ့မို့ အထားအသိုများ မှားနေရင် သူကြီးရော၊ရွာသူ ရွာသားတွေရော သီးခံပေးပါဗျာ။ ၄ ကြိမ်ကြိုးစာတင်ခဲ့ရတာပါ။

Comments are closed.