OUTSIDER BLACK !

မြန်မာစကားက မရှင်းမရှင်းဗျ၊ ကျောင်းဒကာကြီးတို့ရ…။
သူဌေးတဲ့။
သူကြွယ်တဲ့။
သူဌေးသူကြွယ်ကြီးတွေတဲ့…။
မသိရင် အတူတူပဲလို့ထင်စရာပဲလေ နော့။
သူဌေးဆိုတာ လူချမ်းသာတွေကို ခေါ်တယ်ဆိုတာလောက်တော့ ကလေးတွေတောင် သိနေတာပဲလေ။
မြန်မာပြည်မှာလည်း ကျိကျိတက် ချမ်းသာကြတဲ့ တိုင်းသိပြည်သိ သူဌေးကြီးတွေ ရှိကြလေသည် လို့ မှတ်သားရပေတာကိုး။
နောက်တစ်ဆင့်တက်တော့ သူကြွယ် တဲ့။
ဒါကျတော့ ဂုဏ်ရည်တစ်ဆင့်တိုးသွားပြီဗျာ။
ဟုတ်မဟုတ်တော့ မသိဘူးနော်…။ ကြားဖူးနားဝရှိတာလေး ပြန်ရေးပြတာ…။ လွဲနေရင်လည်း ပြင်ပေးခဲ့ဦးဗျ..။
မျိုးနဲ့ ရိုးနဲ့ ချမ်းသာလာတဲ့ သူဌေးကို သူကြွယ်လို့လည်း ဂုဏ်ပြုခေါ်ဝေါ်ပေပြန်တာကိုး…။
ခုနက ကျိကျိတက် ချမ်းသာကြတဲ့ မြန်မာပြည်ရဲ့ သူဌေးကြီးတွေထဲမှာ မျိုးရိုးစဉ်ဆက် ချမ်းသာလာခဲ့တဲ့ သူဌေး ဘယ်နှစ်ယောက်လောက်ပါသလဲ…။
သူကြွယ်ကြီးရယ်လို့ စာရင်းတို့လို့ရတာ ဘယ်နှစ်ယောက်လောက်ပါသလဲ…။
စိတ်ဝင်စားစရာတော့ အကောင်းသားပဲလေ…နော့။
မပြီးသေးဘူး…။
နောက်တစ်မျိုးရှိသေးတယ်တဲ့ဗျာ.။
ခေတ်ပျက်သူဌေးတဲ့။
သူတို့ကတော့ ခေတ်တစ်ခေတ်ကနေ နောက်ခေတ်တစ်ခေတ်ကိုအကူးမှာ မရိုးသားတဲ့နည်းလမ်း (သို့) ဖြတ်လမ်းနည်းနဲ့ ချမ်းသာလာကြသူတွေပေါ့ဗျာ….။
လုပ်ပိုင်ခွင့် အာဏာရှိသူတွေကို နည်းအမျိုးမျိုးနဲ့ပေါင်းပြီး လုပ်စားကိုင်စားရင်း သူဌေးကြီးတွေဖြစ်လာကြသူတွေကိုလည်း ခေတ်ပျက်သူဌေးလို့ ခေါ်လို့ရမလားပဲ…။ ဆရာတစ်ယောက်ရဲ့ စကားနဲ့ ပြောရရင် စီးပွားရေးကပ်ပါး( Crony ) တွေကို ခေတ်ပျက်သူဌေးတွေလို့ ခေါ်မယ်ပေါ့ဗျာ။
သူများအကြောင်းလည်း မပြောတတ်ပါ… စပ်မိစပ်ရာ ဘာညာကွိကွ….
အရင်တုန်းကတော့ သတင်းစာထဲက သိန်းရာချီလှူနေကြသူတွေကိုကြည့်ပြီး ရက်ယောလိုက်တဲ့လူတွေရယ်လို့ အထင်ကြီး အားကျစိတ်ဝင်မိဘူးတယ်ဗျ။
လှူနေတန်းနေလိုက်ကြတာများ တကယ့်စေတနာရှင်ကြီးတွေ အတိုင်းပါပဲ။
သတင်းစာတွေ ဂျာနယ်တွေထဲမှာ စာလုံးမည်းကြီးတွေနဲ့ပါလာရင် ဒီလောက်တောင်လှူမှတော့ ဒီလောက်တော့ နေရာပေးရမှာပေါ့လေလို့ တွေးခဲ့ဘူးပါတယ်။
နောက်ပိုင်း ရန်ကုန်မှာ အနေကြာလို့ ရန်ကုန်ပါးဝလာပြီး တဖြည်းဖြည်း သိလာတာက သိန်းတစ်ရာလောက်အလှူရှင်ကြီးတွေ ရဲ့ နောက်ကွယ်မှာ သိန်းသောင်းဂဏန်းလောက်ရှိတဲ့ လုပ်စားကိုင်စားဖို့ အခွင့်အလမ်းကြီးက ရှိနေတယ် ဆိုလား…။ ပြောကြတာပဲ…။ ပြောကြတာပဲ…။
တစ်သောင်းလောက်ရဖို့ တစ်ရာလောက် စွန့်ကြတယ်ဆိုတာတွေကိုပါ တဖြည်းဖြည်း ရိပ်မိသိရှိလာခဲ့ရပါတယ် ကျောင်းဒကာကြီးတို့ရေ။
လှူနေတန်းနေကြတဲ့ သိန်းရာချီတဲ့ အလှူတွေကလည်း အပေးအယူသဘောလေးတွေ ပါမှန်း အခုတော့ ကျွန်တော် သိခဲ့ပါပြီဗျာ။
ဟုတ်ပါပြီ…။
ကျွန်တော်တို့ နိုင်ငံရဲ့ မျက်နှာဖုံး အလှူရှင် သူဌေးကြီးတွေထဲမှာ
ရိုးရိုးသားသား ကြိုးစားလို့ ဖြစ်လာတဲ့ သူဌေး ဘယ်နှစ်ယောက်လောက်များပါသလဲ…။
မျိုးရိုးစဉ်ဆက် ချမ်းသာလာကြတဲ့ သူဌေးဘယ်နှစ်ယောက်လောက်များ ပါသလဲ…။
အစိုးရမင်းများကိုပေါင်းသင်းပြီး ချမ်းသာလာတဲ့ ခေတ်ပျက်သူဌေးဘယ်နှယောက်လောက်ပါသလဲ…။
အော် … ဘာရယ်မဟုတ်ပါဘူးခင်ဗျာ.။
ရိုးရိုးသားသား ကြိုးစားပြီး တစ်ထစ်ခြင်းတက်လာတဲ့ သူဌေး…၊
မျိုးရိုးစဉ်ဆက် ချမ်းသာလာလို့ ဖြစ်လာတဲ့ သူဌေး…၊
အစိုးရမင်းများနဲ့ ပေါင်းသင်းပြီး အခွင့်အလမ်းတွေရယူပြီး ချမ်းသာကြတဲ့ ခေတ်ပျက်သူဌေး၊
အဲဒီလို သူဌေး အမျိုးအစားပေါင်း များစွာထဲမှာ
ဘယ်သူဌေး အမျိုးအစားနဲ့မငြိလို့ မနာလိုဖြစ်ပြီး မကျေမနပ်ဖြစ်နေတဲ့
သူဌေး စည်းဝိုင်း အပြင်ကဘက်က
OUTSIDER BLACK !

*************************************************************************************


ဇွန်လ ရဲ့ မိုးရေစက်များ

ကျွန်တော်က ဒီပို့စ်ကို ဇွန်လရဲ့ မိုးရေစက်များလို့ နာမည်ပေးပါတယ်။
ကဗျာစာအုပ်တစ်အုပ်ထွက်ခဲ့ဘူးပါတယ်…။
နာမည်က ဇွန်လရဲ့ မိုးရေများ တဲ့။
ရေးသူက အခုနာမည်ကြီးတေးရေးဆရာ သုခမိန်လှိုင်ကြီး ပါဗျာ။
အထဲက ပါတဲ့ ကဗျာတွေ ကိုတော့ အခုမှ ဖတ်ဖူးတယ် ဆိုတာ ၀န်ခံပါတယ်ဗျာ။
ကျွန်ုပ် ဘလက် တောင်မမွေးသေးတဲ့အချိန်က ထုတ်ခဲ့တဲ့ ကဗျာစာအုပ်ဆိုတော့ ရွာသူားညီငယ် ညီမငယ်တွေလည်း
ဖတ်ဘူးကြမယ် မဟုတ်တာ သေချာပါတယ်။
အခု ကျွန်တော်က ဇွန်လရဲ့ မိုးရေစက်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်ရေးမယ်ဆိုတော့ မူရင်းပိုင်ရှင် ဆရာသုခမိန်လှိုင်ရဲ့ ကဗျာစာအုပ်လေးထဲက ကဗျာတချို့ကို ဆရာ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်နှုတ်ပြလိုက်ပါရစေဦး…။
ကျွန်တော်တို့ ရွာသားမော်ဒန်ကဗျာဆရာတွေဖြစ်တဲ့
ကိုနေ၀န်းနီ၊ ကမ်းကြီး၊ ကိုရင်စည်သူ၊ ကိုအလင်းဆက် နဲ့ မော်ဒန်ကဗျာချစ်သူတွေအတွက် အမှတ်တရပေါ့…။

ကဗျာ

“စိမ်းလန်းတဲ့ ဇွန်လထဲမှာ
မိုးရေစက်လေးတွေ ပြိုကျလာတော့
ကဗျာဆရာက လက်နဲ့ ခံယူလိုက်တယ်။
မိုးရေစက်လေးတွေဟာ
ကဗျာဆရာလက်ထဲမှာပဲ
လိပ်ပြာ၊ ပန်းပွင့်၊ ကော်နီဖရန့်စစ်ဓါတ်ပြား၊
ငါးသုံးလုံးစီးကရက်၊ ဗက် ၆၉၊ ပီကင်း၊ ရှမ်စီလီစီးလမ်းမ၊
အင်ဒိုချိုင်းနားနဲ့
စစ်မုန်းသူ အမေရိကန် ရုပ်ရှင်မင်းသမီးလေး ဂျိန်းဖေါင်ဒါ ဖြစ်သွားကြတယ်”
၃၀-ဇွန်-၁၉၇၀

အဲဒီအချိန်က အင်မတန် ခေတ်ရှေ့ပြေးခဲ့တဲ့ အရေးအဖွဲ့ ဖြစ်ခဲ့မှာ သေချာပါတယ်…။
ကျွန်တော်သာ အခုအချိန်မှာ ဒီကဗျာကို ကော်ပီလုပ်ပြီးရေးခွင့်ရခဲ့ရင်….

စိမ်းလန်းတဲ့ ဇွန်လထဲမှာ
မိုးရေစက်လေးတွေ ပြိုကျလာတော့
ကဗျာဆရာက
လက်နဲ့ခံယူလိုက်တယ်။
မိုးရေစက်လေးတွေဟာ
ကဗျာဆရာလက်ထဲမှာပဲ
ဂစ်တာ
ကဗျာ ၊
လမ်းဘေးကခိုးကူး စီဒီဓါတ်ပြား၊
မာလ်ဘိုရို စီးကရက်၊
ဘလူးလေဘယ်၊
ဝါရှင်တန်ဒီစီ၊
နေပြည်တော် အမြန်လမ်းမ၊
ရခိုင်ပြည်နယ်နဲ့
ချန်ပီယံတစ်ခါမှမဖြစ်ဘူးဘဲ
ကမ္ဘာကျော်နေတဲ့
ဂေါက်သီးမယ် မီရှယ်ဝီ တို့
ဖြစ်သွားကြတယ်။

လို့ ရေးမယ်ဗျာ…။

ဇွန်လရဲ့ မိုးရေများ ကဗျာစာအုပ်ထဲမှာပါတဲ့ နောက်ထပ်ကဗျာလေးတစ်ပုဒ် ကို ဆက်ဖတ်ကြည့်ရအောင်ဗျာ။

၂၂ (သို့မဟုတ်) ကျွန်ုပ်၏ ရုပ်ပုံလွှာ
ဆေးပြင်းလိပ်
ကိတ်မုန့်၊
ကျောက်ခဲ၊
ငရဲမီး၊
လမင်း၊
ဂျုံခင်း၊
ပိတောက်ဝါ၊
ဟစ်တလာ့နှုတ်ခမ်းမွှေး၊
‘ဒက်ဗလင်’ မွေးတဲ့သား၊
ဘီတယ်လ်ဓါတ်ပြားများ၊
အားလုံးဟာ ငါဖြစ်တယ်။

အချိန်သိတ်မရလို့ ခပ်သွက်သွက်လေး ဖတ်ကြရအောင်ဗျာ…။
နောက်တစ်ပုဒ် ဖတ်ကြည့်ကြဦးစို့…။

မာရီလင်မွန်ရိုးသို့ တမ်းချင်း
‘ဆင်းရဲခြင်းက ဒုက္ခ’ တဲ့။
နီလာရောင် ရေချိုးခန်း
‘ပဲရစ်’ ရေမွှေးဖြန်းထားသော ပန်းခြံ
မရမ်းရောင် ရှမ်ပိန်၊
ရေခဲစိမ် ‘မာတနီ’
ငွေခြည်ရောင် ရေခဲသေတ္တာတို့ကြားမှာ
အဆိပ်သောက်သေဆုံးသွားသော
ဟောလီးဝုဒ်၏ ကြယ်ပွင့်အပြာ
အို…၊
မာရီလင်မွန်ရိုး။
‘ချမ်းသာခြင်းမှာ
ဘာဒုက္ခများ တွေ့ခဲ့လဲ’ ။

ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး မွန်ရိုးရဲ့ သေဆုံးခြင်းကို မေးခွန်းထုတ်ထားတဲ့ ကဗျာတစ်ပုဒ်ပါ။
အင်မတန်လှပတဲ့ မေးခွန်းလေးတစ်ခုနဲ့ ကဗျာကို အဆုံးသတ်ထားပါတယ်။
‘ချမ်းသာခြင်းမှာ
ဘာဒုက္ခများ တွေ့ခဲ့လဲ’
တဲ့…၊
ဆက်တွေးစရာအတွေးစတွေပေးသွားခဲ့တဲ့ ကဗျာတစ်ပုဒ်ပေါ့…။
ခပ်သွက်သွက်လေး ပေါ့…။ နောက်တစ်ပုဒ်ဆက်ကြဦးစို့ဗျာ…။

ပန်းသီးနီနီ ဖြစ်ချင်တယ်
ပန်းသီးနီနီဟာ
ငါဖြစ်ချင်တယ်။
ဟာဝေယံကျွန်းကို မသိဘူး။
ဘာဒိုးကို မသိဘူး။
မာတနီကို မသိဘူး။
အင်ဒိုချိုင်းနားကို မသိဘူး။
ဆိန်းမြစ်ကို မသိဘူး။
အစိမ်းရောင် ‘ကောင်မလေး’ ကို မသိဘူး။
ပန်းသီးပင်အောက်မှာ
ဝေဒနာတွေကို ထားခဲ့မယ်။

သုခမိန်လှိုင်ဟာ အနီရောင်ပန်းသီးတွေကို တော်တော် စွဲလမ်းဟန်တူပါတယ်။
အနီရောင်ပန်းသီးလေးတစ်လုံးဖြစ်ချင်တယ် ဆိုတဲ့ သီချင်းတောင် ရေးခဲ့ဘူးတာ မှတ်မိနေပါတယ်…။
ဒါကတော့ သုခမိန်လှိုင် ရေးသားစီရင်အပ်သော ဇွန်လရဲ့ မိုးရေများ ကဗျာစာအုပ်ထဲက တစ်ချို့သော စာစုတွေပါဗျာ။
မန္တလေး ဂဇက်က ကဗျာချစ်သူတွေအတွက် ရှာဖွေတင်ဆက်လိုက်ပါတယ်ဗျာ။

၂၀၁၂ ဇွန်လရဲ့ မိုးရေစက်တွေထဲက မိုးစက်လေးတစ်ပွင့်ဖြစ်တဲ့ ရနံ့သစ်မဂ္ဂဇင်းထဲက
ကိုရွေး ရဲ့ ငါတို့ သွက်သွက် လျှောက်မှ ဖြစ်မယ် ဆိုတဲ့ ကဗျာလေးကိုလည်း ခံစားကြည့်ကြပါဦးဗျာ။

ငါတို့ သွက်သွက် လျှောက်မှ ဖြစ်မယ်…
မီးပွိုင့်တွေက ခဏခဏ ပျက်နေတော့
စိတ်ဓါတ်ကို ခဏခဏ ပြင်နေရတယ်
ငါတို့ သွက်သွက် လျှောက်မှဖြစ်မယ်…
လူကူးမျဉ်းကျားပေမဲ့ ကားတွေက ရပ်မပေးတော့
လူတွေက ရပ်ပေးလိုက်ရတာပေါ့
ငါတို့ သွက်သွက် လျှောက်မှဖြစ်မယ်…
ရာသီဥတုက ကတိမတည်
နွေခေါင်ခေါင်မိုးတွေခြိမ်းနေတော့
ငါတို့ သွက်သွက်လျှောက်မှဖြစ်မယ်…
ကိုယ့်အိမ်ထဲ သူခိုးဝင်ရင်
အိမ်ရှင်အရေးယူခံရတဲ့ အဖြစ်ဆိုတော့
ငါတို့သွက်သွက် လျှောက်မှဖြစ်မယ်…
ခြင်ကိုက်ခံမလား
ခြင်ဆေးငွေ့ရှူမလား
တစ်ခုခုရွေးခြယ်ရမှာဆိုတော့
ငါတို့ သွက်သွက် လျှောက်မှဖြစ်မယ်…
ဘာပဲဖြစ်ဖြစ်
ဘယ်လိုပဲဖြစ်ဖြစ်
ငါတို့သွက်သွက်လျှောက်မှဖြစ်မယ်…
ငါတို့သွက်သွက်လျှောက်မှဖြစ်မယ်…
ငါတို့သွက်သွက်လျှောက်မှဖြစ်မယ်…။

ကိုရွေး

ဒီကဗျာကို ချိုပေါ့ကျ ပို့စ်မှာထည့်ချင်လို့ စာစီထားတာ တစ်လလောက်တောင်ကြာနေခဲ့ပြီ…။
အဲဒီတုန်းက အမှတ်တမဲ့နဲ့ အခုမှ လာငြိနေတဲ့ အပိုဒ်ကလေး တစ်ခု ရွေးထုတ်ပြချင်သေးတယ်ဗျာ။
ကိုယ့်အိမ်ထဲ သူခိုးဝင်ရင်
အိမ်ရှင်အရေးယူခံရတဲ့ အဖြစ်ဆိုတော့
ငါတို့သွက်သွက် လျှောက်မှဖြစ်မယ်…

ကဗျာဆရာ ဟာ ကြိုများမြင်နေသလားလို့တောင် မဆိုနိုင်ပါဘူး။
အခု ကျွန်တော်တို့အိမ်ထဲကို ရိုဟင်ဂျာတွေ သူခိုးကျင့် သူခိုးကြံနဲ့ ၀င်လာကြလို့ ပြန်မောင်းထုတ်မယ်ဆိုတော့
အိမ်ရှင်ကျွန်တော်တို့က အပြစ်ရှိနေပြန်တယ်တဲ့ဗျာ…။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ခပ်သွက်သွက် လျှောက်မှဖြစ်မယ်…။
ခပ်သွက်သွက် … လျှောက်ကြရအောင်ပါ ကျောင်းဒကာကြီးတို့ရေ…။

*****************************************************************************

ဇွန်လအတွက် မိုးသီချင်းများ

မိုးရာသီကိုရောက်ပြန်ပြီဆိုတော့ မိုးသီချင်းလေးတွေ အကြောင်း ပြောကြရင်မကောင်းဘူးလားဗျာ။
မိုးသီချင်းထဲမှာတော့ ကိုင်ဇာရဲ့ မိုးသီချင်းက နာမည်ကြီးပါတယ်။ ရိုးဂုဏ်အပြည့်ရှိပါတယ်။
ဒီသီချင်းလေးက ကိုင်ဇာရဲ့ ဆဌမမြောက်စီးရီး ‘သီချင်းရှင်ကိုကြင်နာပါ’ အခွေထဲမှာပါခဲ့တာပေါ့။
တေးရေး မောင်မောင်ဈာန် ရဲ့ ကိုယ်ပိုင်သံစဉ် သီချင်းလေးပါ။
သီချင်းစာသားအပြည့်အစုံကို အောက်မှာဖေါ်ပြထားပါတယ်၊ နည်းနည်းဖတ်ကြည့်ဗျာ။

မိုးသီချင်း
တေးရေး – မောင်မောင်ဈာန် (ကိုယ်ပိုင်သံစဉ်)

(မိုးကလေးညိုလာရင် လွမ်းမျက်ရည်လေးလည်
ငယ်ငယ်တုန်းက သူငယ်ချင်းကို သတိရပါတယ်..
ကျောင်းသွားအတူတူ ကစားလည်းအတူပဲကွယ်
နှောင်းအတိတ်မှာ ပျော်စရာအောက်မေ့ပါသေးတယ်)၂
အဖြူစင်ဆုံးဘ၀မှာ
အကြင်နာဆုံးနှစ်ယောက်ရယ်
အခုများတော့ တစ်ကမ္ဘာစီကို ခြားခဲ့ပြီကွယ်…
ဝသန်မိုးလေးသည်းရင် ရင်ခွင်ထဲဆွေးကာ
ကလေးဘ၀က ပျော်စရာတွေကို ပြန်တမ်းတမိတယ်…
(မိုးရွာရင်မိုးရေချိုးမယ် မေမေလာရင်နို့စို့မယ် ဖေဖေလာရင်အုန်းသီးခွဲစားမယ်)၂
မိုးကလေးစိုစို ကလေးဘ၀တေးလေးကို
နှစ်ယောက်သားတို့အော်ဟစ်ခဲ့တာ အပျော်ဆုံးဘ၀ပါကွယ်
အခုတော့ ကိုယ်တစ်ယောက်တည်း ၀မ်းနည်းနေရတယ်
မိုးစက်လေးရယ် ရှာဖွေကာ ပြောပေးပါလားကွယ်

ဒီသီချင်းထဲမှာ အဓိကဇာတ်ကောင်အဖြစ် ကျွန်တော်တို့ ရွာသူတစ်ယောက်ပါနေပါတယ်ဗျာ။
နည်းနည်းဦးနှောက်စားကြည့်ကြဖို့ပါ။
အဲဒီသီချင်းလေးနဲ့ ပတ်သက်ပြီး စီးရီးထွက်ခါစက ပေဖူးလွှာမဂ္ဂဇင်းမှာ ဆရာဝင်းကိုကိုနဲ့ တေးဆိုကိုင်ဇာ၊ တေးရေး မောင်မောင်ဈာန် တို့နဲ့ အင်တာဗျူးထားတာလေး အမှတ်တရ ပြန်ဖတ်ကြည့်ကြရအောင်ဗျာ နော်…။
ကျွန်တော်တို့ အရွယ်ကြီးတွေ အတွက် ဖီလင်တစ်ခုရသလို လူငယ်တွေအတွက်လည်း ဗဟုသုတအဖြစ်ပေါ့ဗျာ။
တေးရေးတဲ့လူရဲ့ ခံစားချက်၊ တေးဆိုတဲ့လူရဲ့ ဖီလင် ကို လေ့လာကြည့်ကြရအောင်ဗျာ…။
***************************************************************

ဝင်းကိုကို – မင်းကို ဒါကြောင့် မို့လဲ ကလေး အဆိုကျော်လို့ ပြောကြတာ ထင်တယ်။ မင်းကိုယ်တိုင်က အသက်အငယ်ဆုံး အဆိုကျော် ဖြစ်နေတာက တစ်ကြောင်း၊ မင်းသီချင်းစီးရီးတွေထဲမှာ ကလေးကြိုက်အနည်းဆုံး တစ်ပုဒ်လောက်က ပါနေတာက တစ်ကြောင်းကြောင့် ဖြစ်မယ်ထင်တယ်။

ကိုင်ဇာ – ဟုတ်ပါတယ် အစ်ကို၊ ကျွန်တော့်ယူဆချက်က လူကြီးတွေအတွက် တခြား ကျွန်တော့် နောင်တော် အဆိုကျော်ကြီးတွေ ရေးကြ၊ ဆိုကြတဲ့ အချစ်သီချင်း၊ အလွမ်းသီချင်း ကလေးတွေ ရှိနေပေမယ့် ကလေးတွေ ပျော်ပျော်ရွှင်ရွှင်ဆိုနိုင်မယ့် သီချင်းကလေးတွေ လိုအပ်နေတယ်လို့ ယူဆပါတယ် အစ်ကို။ ဒါကြောင့် ကလေးတွေကို ချစ်တဲ့ ကျွန်တော့်အနေနဲ့ ကလေးကြိုက်သီချင်းကလေး တစ်ပုဒ်လောက်တော့ အမြဲပါအောင် ဂရုစိုက်ရွေးတတ်ပါတယ်။

ဝင်းကိုကို – ဒီသီချင်းကလေးကို ရေးပေးတာက မောင်မောင်ဈာန်နော်။

ကိုင်ဇာ – ဟုတ်ပါတယ်။

ဝင်းကိုကို – ဒါဆို မောင်မောင်ဈာန်က စပြီးတော့ပဲ ဒီသီချင်းကလေးနဲ့ ပတ်သက်တဲ့ ယူဆချက်လေးက စပြီး ပြောပါလား။

မောင်မောင်ဈာန် – အစ်ကိုလည်း ဒီသီချင်းကို အလွတ်ရသလောက် ရှိနေမှပဲ။ စာသားအဓိပ္ပာယ်အထူးအထွေ ပြောစရာတော့ မရှိပါဘူး။

ဝင်းကိုကို – ဟုတ်ပါတယ်၊ စာသားကလေးတွေက သွယ်ဝိုက်ဖွဲ့နွဲ့ထားတာမှ မဟုတ်ပဲ။ ရှင်းရှင်းကလေးပါ။

မောင်မောင်ဈာန် – လူသားတိုင်းမှာ ငယ်စဉ်ဘ၀လေးတွေ ရှိခဲ့ကြပါတယ်။ အဲဒီ ငယ်စဉ်ဘ၀ကလေးတွေမှာ အမှတ်ရစရာ လေးတွေလည်း ရှိခဲ့ကြမှာပေါ့။ မိုးရွာတဲ့နေ့တစ်နေ့မှာ ကျွန်တော်တို့ငယ်ငယ်က အော်ခဲ့ဘူးတဲ့
မိုးရွာရင် မိုးရေချိုးမယ်၊ မေမေလာရင် နို့စို့မယ်၊ ဖေဖေလာရင် အုန်းသီးခွဲစားမယ်ဆိုတဲ့
ကလေးဘ၀ တေးလေးကို သတိရပြီး ခံစားရသလောက် ရေးဖွဲ့ လိုက်တာပါပဲ။

ဝင်းကိုကို – မောင်မောင်ဈာန့် ကလေးဘ၀ခံစားချက်အပြင် ခုတော့ ကိုယ်တစ်ယောက်တည်း ၀မ်းနည်းနေရတယ်၊ မိုးစက်ကလေးရယ် ရှာဖွေကာ ပြောပေးပါလားကွယ် ဆိုတော့ ငယ်ငယ်တုန်းက သူငယ်ချင်းကို တမ်းတလိုက်တာများလား ကွာ။

မောင်မောင်ဈာန် – ဒါကတော့…..။

ဝင်းကိုကို – ကဲပါကွာ… ထားလိုက်ပါတော့။ ဒီသီချင်းနဲ့ ပတ်သက်ပြီး တချို့က ပြောကြတယ်။ ကလေးအဆိုကျော်ရဲ့ ကလေးကြိုက်သီချင်းတဲ့။ မောင်မောင်ဈာန်တို့လည်း ကြားမိမှာပေါ့။ ရှင်းရှင်းပြောရရင်တော့ အနုပညာ ရသ မရှိဘူးလို့ ပြောကြတာပေါ့ကွာ။

မောင်မောင်ဈာန် – သီချင်းရေးတဲ့သူ တစ်ယောက်အနေနဲ့ ကျွန်တော့်အမြင် ပြောရရင် သီချင်းတစ်ပုဒ်ဟာ ပရိသတ်အတွက် တင်ပြမှုအပိုင်းနဲ့ ဖျော်ဖြေမှုအပိုင်းရယ်လို့ နှစ်ပိုင်းရှိပါတယ်။ ဒီသီချင်းက ဖျော်ဖြေမှုအပိုင်းမှာ ပါဝင်ပါလိမ့်မယ်။ မိုးသီချင်းကို ကြားလိုက်ရလို့ ပရိသတ်ရင်ထဲမှာ ပျော်ရွှင်မှုလေးပဲဖြစ်ဖြစ်၊ လွမ်းစရာလေးပဲဖြစ်ဖြစ်၊ ပေးနိုင်စွမ်းရှိမယ်ဆိုရင် ရေးဖွဲ့သူတစ်ယောက်အနေနဲ့ ရေးဖွဲ့ရကျိုးနပ်ပါတယ် လို့ပဲ ကျွန်တော်မြင်ပါတယ် အစ်ကို

ဝင်းကိုကို – ကိုင်ဇာ့အမြင်ကော ပြောပါဦး။

ကိုင်ဇာ – အစ်ကိုတို့ ကျွန်တော်တို့ လူတိုင်း ဖြတ်သန်းလာရတဲ့ ကလေးဘ၀ဟာ စိတ်ဓါတ်ရေးရာမှာ အပြစ်ကင်းစင်မှုတွေ၊
အပူပင် ကင်းမဲ့မှုတွေ နဲ့ ပြန်ကြည့်ရင် လွမ်းစရာအဖြစ်နဲ့ ထာဝရရှိနေကြမှာပါ။ ပျော်စရာတွေ့ရင်၊ ၀မ်းနည်းစရာတွေ့ရင် အမေအဖေ ကို တမ်းတ အော်မြည်တတ်တဲ့ မြန်မာကလေးတွေရဲ့ ချစ်စရာဟန်ပန်လေးဟာ မိုးရွာရင် မိုးရေချိုးမယ်၊ မေမေလာရင် နို့စို့မယ်၊ ဖေဖေလာရင် အုန်းသီးခွဲစားမယ် ဆိုတဲ့ ကလေးသီချင်းလေးမှာ ရှာတွေ့နိုင်ပါတယ်။

ဝင်းကိုကို – ဆက်ပါဦး

ကိုင်ဇာ – ကျွန်တော်ကလေးတွေကိုချစ်တယ်။ ကလေးတွေကို အလိုလိုက်ချင်တယ်။ တစ်ခါတစ်လေ စိုင်းခမ်းလိတ်ပြောသလို ကလေးဘ၀ပြန်ရောက်ချင်တယ်။ ဒါကြောင့် မောင်မောင်ဈာန်ရဲ့ ပုံစံတစ်မျိုးနဲ့ ဖန်တီးပေးတာလေးဟာ ကျွန်တော် ကလေးတွေကို လက်ဆောင်ပေးစရာ ပစ္စည်းတစ်ခုရလိုက်သလို ၀မ်းမြောက်စွာ ခံစားရပါတယ်။ နားထောင်ရတဲ့သူတိုင်း ကလေးဘ၀ကို စိတ်ချမ်းမြေ့စွာ ပြန်လည်စဉ်းစား ကြည်နူးနိုင်ပါစေလို့ ဆုတောင်းပေးရသလိုလည်း ပီတိဖြစ်မိပါတယ်။

*******

ဒါကတော့ မောင်မောင်ဈာန်ရဲ့ ကိုယ်ပိုင်သံစဉ်သီချင်း ကို ကိုင်ဇာ သီဆိုခဲ့တဲ့ မိုးသီချင်းအကြောင်း တေးရေးတေးဆိုတွေရဲ့ ပြောကြားမှုလေးတွေပါ။ အခုခေတ်လူငယ်တွေအတွက်ရော ကျွန်တော်တို့ လူကြီးတွေအတွက်ပါ ခံစားမှုတစ်ခုခု ရနိုင်ကောင်းပါရဲ့ဗျာ…။
သေသေချာချာ နားထောင်ကြည့်ရင် ဖီလင်တစ်ခုခု ပြန်ရမယ်ပေါ့ဗျာ။
ကိုကြီးမိုက်ကြီးတို့ ကိုပါလေရာကြီးတို့ ကလေးဘ၀တုန်းက လင်မယားလုပ်တမ်းကစားခဲ့တဲ့ သူငယ်ချင်းလေးတွေကို
ဒီသီချင်းလေး နားထောင်ပြီး ပြန်လွမ်းကြပါဗျာ…။
သီချင်းကို ဟောဒီမှာ ယူပါဗျာ။
01 – Moe The Chin

*****************************************

မိုးရာသီနဲ့ မိုးကိုဖွဲ့တဲ့သီချင်းတွေထဲမှာ အခုလောလောဆယ် ကျွန်တော် နားထောင်ဖြစ်နေတဲ့ သီချင်းလေးကတော့
ကေအေတီနဲ့ အာရ်ခိုင် တို့ရေးပြီး မဒီ သီဆိုထားခဲ့တဲ့ ရွာသာရွာပါမိုး သီချင်းလေးပါ။
CHORUS အပိုဒ်အရောက်မှာ ရွာသာရွာပါမိုး ဒီးတာဒီး ဒီးတာဒီး ဒီးတာဒီးတာဒီးတာဒီးတာ ဒီးတာတီး ဆိုတာလေးက နားထောင်သူရဲ့ စိတ်ကို လန်းဆန်းစေမှာပါ…။ စာသားလေးတွေ နည်းနည်း ဖတ်ကြည့်ပေးပါဦး…။

ရွာသာရွာပါမိုး
တေးရေး – ကေအေတီ+Rခိုင် တေးဆို – မဒီ

ကြည့်စမ်းပါ ၀န်းကျင် တစ်လောကလုံး
မိုးတိမ်မိုးတိမ်မိုးတိမ်များဖုံး
လျှပ်ပန်းတွေလက်နေကောင်းကင်ထဲ
ရွာတော့ မိုး ရာ…
ဒီလမ်းနဲ့ မိုးကို မှန်းမျှော်မိ
အတိတ်လှိုင်းတွေ ဒို့ဆီမျောပါပြီး
အရိုင်းလေပျင်းရေ မိုးခေါ်ခဲ့
ရေလည်းခမ်းပြီကွာ
နွေလွန်သွားတဲ့ အချိန်ရောက်တိုင်း သတိရနေ..
လူတွေတိုင်း….ahyaya
အိုရွာသာရွာပါမိုး
တီးဒါတီး တီးဒါတီးဒါတီးဒါတီးဒါတီးဒါတီး တားတီ။
ထစ်ချုန်းသံကြားရင် လွမ်းတယ်အတိတ်
ဝသန်မိုးရွာတုန်း ကြည်နူးစိတ်
ကလေးလို ဒို့မှာ လမ်းပေါ်ပြေးချင်လို့ မိုးရွာပါ။
အလွမ်းပူမီးတွေ အေးစေဖို့
အဆိုးတွေ အဆိုးတွေ အဆိုးတွေ အားလုံး
ရှိသေးရင်ဘေးဖယ် မိုးရေထဲ ပြန်ညှိမ်းသတ်ချင်တယ်
အို ရွာသာရွာပါမိုး
တီးဒါတီး တီးဒါတီးဒါတီးဒါတီးဒါတီးဒါတီး ဒါတီ။

သီချင်းနားထောင်ချင်ရင်ဒီမှာယူပါဗျာ။
Music 01

သိတ်မကြာသေးခင်က ဂျာနယ်တစ်စောင်ထဲမှာ ဒီသီချင်းအကြောင်း ပြောခဲ့ကြဘူးပါတယ်။
ဂျာနယ်နာမည် မေ့နေလို့ ခွင့်လွှတ်ပေးကြပါ…။
ဂျာနယ်ထဲပါခဲ့တဲ့ မဒီ ရဲ့ ရွာသာရွာပါမိုး သီချင်းလေးအကြောင်း ဖတ်ကြည့်ကြရအောင်ဗျာ။
ဒီသီချင်းကို ကနဦးပေါက်ဖွားစေခဲ့သူ တေးရေးကေအေတီရဲ့ စကားတွေကတော့ ..

“ဒီသီချင်းက ကော်ပီသီချင်း။မဒီရဲ့စတုတ္ထမြောက်စီးရီးလုပ်နေတုန်း
မူရင်းသီချင်းထွက်လာတာ နားထောင်ပြီးကြိုက်လို့ ရေးမယ်ဆိုပြီး ၀ိုင်းဒိုင်းကြဲ လုပ်ဖြစ်တဲ့သီချင်းပါ။
နောက်ပြီး ဒီသီချင်းကကျွန်တော် တစ်ယောက်တည်းရေးတာ မဟုတ်ဘူး။ R ခိုင်နဲ့ပေါင်းပြီးရေးတဲ့သီချင်း လေ”

လို့ဒီသီချင်းရဲ့ထူးခြားမှုလေး အကြောင်းကို ယခုလိုဆိုပါတယ်။
တေးရေးဆရာနှစ်ဦး ပေါင်း စည်းရေးဖြစ်ခဲ့ပုံကိုလည်း

“ ဒီသီချင်း ကိုကြိုက်နေတော့ ထပ်ထည့်ချင်တာနဲ့ အသံသွင်းဖို့ စတူဒီယိုသွားခါနီးမှာ R ခိုင်ကို ကော်ပီလေးပြပြီး
When The Story Go ဆိုတဲ့နေရာလေးမှာ ရွာသာရွာပါမိုးဆိုတဲ့ ခေါင်းစဉ်ပေးပြီး မိုးအကြောင်း အပျော်လေးရေးထားဖို့ ပြောလိုက်ပြီး
သွားလိုက်တယ်ပေါ့။ ညပြန်ရောက်တော့မှ Rခိုင်ရေးထားတာတွေမှာ တချို့နေရာလေးလိုက် ပြင်ချောလိုက်တာပေါ့။
ဒါကြောင့် ဒီသီချင်းက ကျွန်တော်တို့နှစ်ယောက် ပူးပေါင်းရေးတဲ့ သီချင်းလေးပါ”

လို့ ဆိုပါတယ်။
တေးရေးကေအေတီကိုတော့ လေးဖြူနဲ့တွဲပြီး ခင်ဗျားတို့ သိနေကြမှာ ဖြစ်ပေမယ့် တေးရေး Rခိုင် ကိုတော့ နည်းနည်းစိမ်းနေမှာ စိုးလို့ သူရေးတဲ့ နာမည်ကြီးသီချင်းတချို့ကို ပြောပြပါရစေဗျာ။
R ဇာနည် ဆိုထားတဲ့ ကိုယ့်အနားရှိစေချင် တို့၊ ရှင်ဖုန်း ဆိုထားခဲ့တဲ့ ကိုယ်ပိုင်တဲ့နေရာ တို့ဟာ R ခိုင်ရဲ့ လက်ရာသီချင်းကောင်းလေးတွေပါ။
ဟုတ်ပါပြီဗျာ..။
ဇွန်လရဲ့ မိုးရေစက်များအောက်မှာ
မိုးသီချင်းလေးတွေဖြစ်တဲ့ ကိုင်ဇာရဲ့ မိုးသီချင်းနဲ့ မဒီရဲ့ ရွာသာရွာပါမိုးသီချင်းတွေရဲ့ ရာဇ၀င်တစ်စိတ်တစ်ဒေသကို
သီချင်းလေးတွေနဲ့ တွဲနားထောင်ကြည့်ကြဖို့ စီစဉ်ပေးလိုက်ပါတယ်။
အဆင်ပြေ ပျော်ရွှင်သော မိုးရာသီဖြစ်ပါစေဗျာ။

*************************************************************************************

တံခါးစောင့် ရီပို့
ဇွန်လထဲမှာ မန်းဂဇက်ရဲ့ ပထမဆုံး ဓါတ်ပုံပြပွဲ ပြုလုပ်နိုင်ခဲ့ခြင်းက ထူးခြားပါတယ်။
ဝိုင်းခဲ့ဝန်းခဲ့ပံ့ပိုးခဲ့ကြသူများ ကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဗျာ။
ဝါသနာရှင်တွေအတွက် လက်စမ်းစရာ ကွင်းတစ်ကွင်း ဖန်တီးပေးခဲ့တဲ့ အတွက်ပါ။
ပြပွဲအပြီးမှာ တင်ပေးခဲ့တဲ့ မှော်ဆရာ့ပန်းသည် ပို့စ်လေးကလည်း ရွာထဲက ဓါတ်ပုံဝါသနာရှင်တွေအတွက်
ယူတတ်ရင် အကျိုးရှိမယ့်ပို့စ်လေးပါဗျာ။ ကျေးကျေးပါ မှော်ဆရာရေ။

နောက်ထပ် ထူးခြားမှုတစ်ခုက ဆရာမ၀င့်ပြုံးမြင့် ဘာသာပြန်တဲ့ တိမ်ယံသစ္စာ
ဝတ္ထုကို ကိုအလင်းဆက် က အခန်းဆက်ပို့စ်အဖြစ် တင်ပေးနေခြင်းဖြစ်ပါတယ်။
ဘာသာပြန်သူ စာရေးဆရာမကိုယ်တိုင် ရွာထဲလိုက်လည်ပြီး ကွန်းမန့်ပေး၍ ကိုယ်ထင်ပြခဲ့ခြင်းကလည်း ထူးခြားပါ၏။
ပို့စ်တင်ပေးသူ ကိုအလင်းဆက်နှင့် ဘာသာပြန်ဆရာမ ၀င့်ပြုံးမြင့်တို့ကို ကျေးဇူးအထူးပါခင်ဗျာ။
ဆရာမ ၀င့်ပြုံးမြင့်က မန်းဂဇက်ကို နာမည်လေးတစ်ခုပေးခဲ့ပါတယ်။

” မန်းဂေဇက် ” ဆိုတဲ့ တိမ်ယံထက်က ကွန်ယက်ရွာ

တဲ့။
လှလိုက်တဲ့ နာမည်လေး။ ကျေးဇူးပါ ဆရာမရေ…။

ဇွန်လရဲ့ နောက်ထပ် ထူးခြားမှုတစ်ခုက ရဲစည်က ကာတွန်းတွေ ဖိတ်ခေါ်ပြီး ကာတွန်းကဏ္ဍ စတင်ခဲ့ခြင်းဖြစ်ပါတယ်။
ပထမဆုံးပို့စ်မှာ ရွှေတိုက်စိုးနှင့် ကမ်းကြီးတို့ လက်ရာကာတွန်းများကို ဖတ်ရှုနိုင်ကြပါမယ်။
နောက်ပို့စ်တွေလည်း သိတ်ရက်မခြားပဲ တင်လျှင် ပို၍ အဆင်ပြေနိုင်ကြောင်းပါဗျာ။

စိတ်ပျက်စရာ တောင်ကုတ် အရေးအခင်းအပြီးမှာ တက်လာခဲ့တဲ့
အေးဝတီကြီး ရဲ့ ပို့စ်ပါ ဓါတ်ပုံတွေရဲ့ ဂယက်က မန်းဂဇက်ကို ကြီးစွာရိုက်ခတ်ခဲ့ပါတယ်။
အပြန်အလှန်ဆဲကြဆိုကြနဲ့ ရွာကြီးက ရခိုင်သတင်းဆူနာမီ ရဲ့  လွှမ်းမိုးခြင်းကို ခံခဲ့ရပါတယ်။
အဲဒီကာလက တင်ခဲ့တဲ့ Foreign Resident ရဲ့ စဉ်းစားကြစေလိုပါတယ် (၂၇) (ရိုဟင်ဂျာ) ပို့စ်ဟာ
ကွန်းမန့်ပေါင်း ၁၀၀ ကျော်၊ လက်မထောင်တာ ၃၀၀ ကျော်နဲ့ မန်းဂဇက် ရဲ့ ဘယ်တော့မှ မကျိုးနိုင်မယ့် လက်မထောင်တဲ့ စံချိန်ကို တင်နိုင်ခဲ့ပါတယ်။ ဟေးဟေး အဲဒီလက်မတွေထဲ ကျွန်တော့်ရဲ့ လက်မတစ်ချောင်းတောင်ပါခဲ့သေးရဲ့…။ ပြီးတော့ တခြားဆိုက်တွေကိုပါ ပျံ့နှန့်ရောက်ရှိသွားခဲ့တယ်လို့လည်း သိခဲ့ရပါတယ်။ ဂုဏ်ယူပါတယ် ကိုဖေါ ရေ။

နောက် တောင်ကုတ်ကိစ္စကို မကျေနပ်ကြလို့ ရန်ကုန်ဆူးလေဘုရားနားမှာ ဆန္ဒပြကြပြန်ပါတယ်။
အဲဒီ ဆန္ဒပြပွဲကိုတော့ အမတ်မင်းက ဓါတ်ပုံနဲ့တကွ ပို့စ်တင်နိုင်ခဲ့ပါတယ်ဗျာ။ ဓါတ်ပုံကို ကိုယ်တိုင်ရိုက်ပြီး
ချက်ခြင်းတင်နိုင်ခဲ့လို့ သတင်းတန်ဘိုးလည်း ကြီးခဲ့ပါတယ်။ နောက်ထပ် ဒီ ဆန္ဒပြပွဲ သတင်းကို
ပို့စ်တင်သူတစ်ဦးကတော့ R Ga ပဲဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း ဘက်နှစ်ဘက်ရဲ့ ငြင်းခုံဆဲဆိုမှုတွေ ပျင်းထန်လာလို့ သူကြီးက ကစားကွက်ပြောင်းကစားဖို့ ပြင်ဆင်ရပြန်ပါတယ်။
ဘယ်ရမလဲဗျာ။ သူကြီးပဲ။ ဒီကွေ့ရောက်ရင် ဒီတက်နဲ့လှော်ပြီး ဟိုကွေ့ရောက်ရင်ဟိုတက်နဲ့ လှော်မှာပေါ့။

kai says:
ဒီလိုလုပ်မယ်..
ဒီရက်ပိုင်း.. အခြေအနေရှုပ်ထွေးနေချိန်မှာ.. ပို့စ်၂၅နဲ့အထက်ရေးပြီးသားမန်ဘာ(ရွာသူသားတွေ)ကိုပဲ.. ရခိုင်အရေးအခင်းနဲ့ပါတ်သက်တဲ့ ပို့စ်တင်ခွင့်ပေးမယ်..
အဲဒါတွေတင်လာရင်.. သတင်းဖြစ်ဖြစ်.. ဘာဖြစ်ဖြစ်.. ဘာအကြောင်းပြချက်မှမရှိ.. ဖျက်ပစ်ပါမယ်..
ဆိုတော့..
အခုကစလုပ်မယ်ဖြစ်ပါကြောင်း..

ကိုပါလေရာကြီးကလည်း သတင်းမှားတွေကို သတင်းမှန်နဲ့ ချေဖျက်ကြ ပို့စ်ကို တင်ပြီး ခေါင်းအေးအေးထား တုန့်ပြန်ကြဖို့
ရွာသူားတွေရဲ့ရှေ့က ဦးဆောင်မှုပေးပါတယ်။ ဒါ့အပြင် ကွန်းမန့်တွေနဲ့လည်း ရွာသူားတွေကို ဦးဆောင်မှုပေးခဲ့တာကို တွေ့ရပါတယ်။

ဦးဦးပါလေရာ says:
ဟိုဘက်ပိုစ့်မှာလဲ မန့်ပြီးပြီ
အခုလဲ ထပ်ပြီးပြောဦးမှာပဲ…
သွေးပူပြီးလျှောက်လုပ်ရင် အမှားတွေပဲဖြစ်မှာပါ။
တကယ်က တရားဥပဒေအတိုင်း ဘက်မလိုက် ငွေမစား ပဲ တိတိကျကျ စီရင်ဘို့သာ တွန်းအားပေးရမှာ..။
အခုလိုလုပ်တော့ ဘာအကျိုးရှိသလဲ..
ကမ္ဘာမှာ မြန်မာတွေ နာမည်ပျက်တာပဲရှိတယ်။
တကယ်ဆန့်ကျင်တိုက်ဖျက်ရမှာက-
ကုလားလူမျိုး တရုတ်လူမျိုး ကိုမဟုတ်ဘူး
အစ္စလာမ်ဘာသာဝင် ခရစ်ယာန်ဘာသာဝင်ကိုမဟုတ်ဘူး
မကောင်းတဲ့သူ (လူဆိုး) ဆိုရင် ဘာဘာသာ ဘာလူမျိုးဖြစ်ဖြစ် ဆန့်ကျင်တိုက်ဖျက်ရမှာ..။

အဲဒီအချိန်က သွေးပူ သွေးဆူနေကြသူတွေကို ဖျောင်းဖျတဲ့ ပို့စ်တွေ ကွန်းမန့်တွေရေးခဲ့တဲ့
ကိုပါလေရာ ရဲ့ ဦးဆောင်မှုကို အသိအမှတ်ပြုရမှာပါ။ ကျေးဇူးပါ ကိုပါလေရာရေ။
တောင်ကုတ်အရေးအခင်းအပြီးမှာ ကိုရှုံးက ပို့စ်တစ်ပုဒ်တင်လာပါတယ်။
တရားခံရှာခြင်းလော၊ အောင်မြင်သည့်ဆိုက်ဟု ဆိုခြင်းလော ဆိုတဲ့ ပို့စ်လေးပါ။
မိုးမခကလောင်ရှင်တစ်ယောက်က သူ့ဆောင်းပါးမှာ မန္တလေးဂဇက်က သွေးထိုးလှုံ့ဆော်နေသလိုလို၊
သတင်းဖော်ပြတာပဲ မြန်သလိုလို၊ တောင်ကုတ်မှာ လူသတ်ခံရတာ ဒီဆိုက်ကြောင့်ပဲလိုလို ရေးခဲ့တာကို
ပြန်တင်ပြထားတာပါ။ ဒီအကြောင်းအရာကိုပဲ ကိုကြောင်ကြီးကလည်း ပို့စ်တစ်ပုဒ် တစ်ပြိုင်တည်းနီးပါးတင်ခဲ့ပါသေးတယ်။
ကျွန်တော်တို့ မဖတ်ရသေးတာကို လက်တို့ သတင်းပေးခဲ့တဲ့ ကိုရှုံးရော ကိုကြောင်ကြီးကိုပါ ကျေးဇူးတင်ပါတယ်ဗျာ။

အဲဒီလောက် အော်နေဟစ်နေကြတဲ့ ရွာကြီးထဲမှာ ရှာရှာကြံကြံ ပြုံးပျော်စေခဲ့သော
ကွန်းမန့်ပိုင်ရှင် ဗိုက်ကလေးနဲ့ အေးဝတီကြီးတို့ရဲ့ အပြန်အလှန်ကွန်းမန့်လေးတွေကိုလည်း အမှတ်တရ ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

စိန်ဗိုက်ဗိုက် says:
အေးဝတီကြီးဆိုတဲ့ ………မသားဘယ်ရောက်သွားလဲ မသိဘူး…

ဗိုက်ကလေးက အဲဒီလို ကွန်းမန့်ပေးလိုက်တော့ အေးဝတီကြီးက ချက်ခြင်း တုန့်ပြန်ပါတယ်ခင်ဗျာ။

အေးဝတီ ကြီး says:
အကိုစိန်ဗိုက်ဗိုက် မမိုက်ရိုင်းပါနဲ့ တောင်းဆိုပါတယ်။ကျွန်တော်ပို့ စ်မှာ
သတင်းအမှန်ကိုရေးတင်ခဲ့တာကို သိပြီး၊ဖတ်ပြီးဖြစ်မှာပါ။တကယ်တမ်း
ဝက်ဆိုဒ် သိက္ခာကျအောင် လုပ်နေသူများတွင် senior member များ
ပါနေသည်ကို သူကြီးက မသိချင်ရောင်ဆောင်နေခြင်းမှာ သိသာနေ
သည်။ထုတ်ပြန်ထားသော စည်းကမ်းများ အားလုံးသည် senior များ
အတွက် မဟုတ်ပါဟု ပြင်ဆင်ပေးသင့်သည်။
သူကြီးမှ ယခုလို ပို့ စ်တင်ခွင့်ကို ကန့် သတ်သည့်အပေါ် ပြင်ဆင်သင့်ပါ
တယ်လို့ နူးညွတ်စွာတောင်းပန်အပ်သည်။
ထို့ ပြင် အောက်ပါ စည်းကမ်းများ သည် ရွာမှ senior များအတွက် မ
ဟုတ်ပါ ဆိုသည့်အကြောင်း ကြေညာပေး ပါ။
6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။
မင်နီဖြင့်ရေးထားသော်ငြားလဲ မမြင်ကြပါ။
– Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….

အဲဒီမှာပဲ စိန်ဗိုက်ဗိုက်ရဲ့ ဖြတ်ထိုးဥာဏ်ကို ကျွန်တော်တို့ တွေ့လိုက်ရတာပါ။ ဖတ်ကြည့်ဗျာ။

စိန်ဗိုက်ဗိုက် says:
ရှိရင်ပြီးရော
ခင်ဗျားပါ ရောပြီး ပါသွားမှာစိုးလို့ စေဒနာနဲ့ မေးတာ
ဒါနဲ့ …
ခင်ဗျား ဖွလို့  အကုန် ပွကုန်တာ မဟုတ်ဘူးလား..အခုလို ရှုပ်ကုန်တာ မဟုတ်ဘူးလား
အခု မီးရှိ့ ခံရတဲ့ ကိစ္စကိုကော ခင်ဗျားအနေနဲ့  ဘယ်လိုခံစားရလဲ..ဘာလို့ ငြိမ်နေတာလဲ..
တရားဥပဒေတွေ ဘာသာရေးအရ မကောင်းတာတွေ ဘာလို့ ဝင်မပြောတုန်း..

ဒီကွန်းမန့်လေးက အေးဝတီကြီးနဲ့ ဗိုက်ကလေးတို့ရဲ့ တင်းမာမှုကို လျော့ကျသွားစေခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။
အေးဝတီကြီးကလည်း ကွန်းမန့်ပြန်ရေးပါတယ်ဗျာ။

အေးဝတီ ကြီး says:
အကိုစိန်ဗိုက်ဗိုက် ကြားရသမျှအားလုံးအပေါ် များစွာ
စိတ်မကောင်းဖြစ်နေရတာ ကျွန်တော်လဲပါ ပါတယ်။
ငြိမ်နေတာတော့ မဟုတ်ပါ။စောင့်ကြည့်နေတာ။
ကျွန်တော်က ဖွတာ မဟုတ်ဘူး၊အဖြစ်မှန်ကို ဖုံးဖိမ
သွားရလေအောင်၊အားလုံးမြင်ကြ၊ကိုယ်ချင်းစာတတ်
ကြအောင် တင်ပေးလိုက်တာပါ။
သူကြီးကို လဲကျေးဇူးတင် စကားလေးပေးပါရစေ။
မှားသည်၊မှန်သည် ထိုနှစ်လီအတွက် ဒို့ မေတ္တာစွမ်း
လွှမ်းခြုံပါစေသား။

အဲဒီ စိန်ဗိုက်ဗိုက်ရဲ့ ဖြတ်ထိုးဥာဏ်ကို ကျွန်တော် တစ်ယောက်တည်းက မြင်လိုက်တာမဟုတ်ပါ။
Foreign Resident ကြီးကလည်း မြင်လိုက်ပြီး ကွန်းမန့်ဝင်ရေးသွားပါသေးတယ်။

Foreign Resident says:
အော် ကိုဗိုက် ကိုဗိုက် တော်လိုက်တာ ။
ရှိရင်ပြီးရော
ခင်ဗျားပါ ရောပြီး ပါသွားမှာစိုးလို့ စေဒနာနဲ့ မေးတာ

လေကြောရှည်နေလို့ စိတ်မရှည်ဖြစ်နေကြရင်လည်း ခွင့်လွှတ်ပါဗျာ။
ကွန်းမန့်လေး တစ်ခုက တကယ် တင်းမာနေတဲ့ကြားက ပျော့ပျောင်းသွားစေခဲ့တာလေး ကို ပြောချင်လို့ပါ။ ကျေးဇူးပါဗျာ။

နည်းနည်းဖွခွင့်ပြုပါ သူကြီးရေ။
ဒီလထဲမှာပဲ ကျွန်တော်တို့ သူကြီး kai ရဲ့ ကွန်းမန့်လေးတစ်ခုကိုလည်း ရွာသူရွာသားတွေ
မဖတ်မိမှာ စိုးတာနဲ့ အခု ပြန်တင်ပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဗျာ။

kai says:
ဒီလိုတံဆိပ်ကပ်တာမှာ.. ရွာသူားတွေထဲတောင်..အများကြီးပဲ..
စိတ်ပညာသဘောအရဆို.. ကိုယ်က..အားနည်းတော့..
အားသာ(တယ်ထင်)တဲ့ဖက်ကလူတွေကိုယ့်ဖက်ပါလာအောင်.. (ပါလာမလားဆိုပြီး) .. အုပ်စုခွဲခြားပြီးဘက်ကပ်တယ်ယူဆမိပါတယ်..
အဲလိုနဲ့.. ကျုပ်လည်း.. မိုးပြာဖြစ်ဖူး….
.. မွတ်ဆလင်လဲဖြစ်ခဲ့ဖူးပါကြောင်း…

ကဲကဲ သူကြီး က ၀န်ခံသွားပါပြီ ဦးလေးတို့ရေ။ မိုးပြာလည်း ဖြစ်ဖူးတယ်တဲ့။ မွတ်ဆလင်လဲ ဖြစ်ခဲ့ဖူးတယ်တဲ့။
ကိုင်းဘာမရှင်းတာများ ရှိကြသေးသတုန်းဗျာတို့…။

ရခိုင် ပယောဂတွေနဲ့ ရွာပျက်မတတ်ဖြစ်နေချိန်မှာ ရွာသူအဟောင်းဖြစ်တဲ့ မမကလည်း ပို့စ်မတင်တာ ကြာပြီ ဖြစ်တဲ့ကြားက မိဝေးဖဝေးဆိုတဲ့ ပို့စ်လေးတင်ပြီး ရွာရဲ့ အင်အားကို ထုတ်ပြပါတယ်။ ပဒုမ္မာ ကလည်း Aftermath မောင်တောမုန်တိုင်းအလွန် ပို့စ်နဲ့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်တော်ကလည်း တံခါးစောင့်ဖတ်စာတို့ စိတ်မာဆတ်တို့ နဲ့ ရွာထဲက တင်းမာမှုတွေကို ပြေလျော့စေဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့လိုပဲ စိတ်ပြေလက်ပျောက် နဲ့ အမှတ်တရ ဖြစ်စေခဲ့တဲ့ ပို့စ်တစ်ပုဒ်ကိုလည်း အရီးခင်လတ်က တင်ခဲ့ပါသေးတယ်။ ကျွန်မက ရွှေမင်းသား၊ သူက စင်ဒရဲလားဆိုတဲ့ ပို့စ်ပါ။ ရွာသူရွာသားတွေကို ပဟေဌိဖွက်ပြီး ပျော်ရွှင်စေခဲ့တာကတော့ အမှတ်တရပါပဲ အစ်မရေ။ ပဟေဌိအဖြေမှန်ကို မှော်ဆရာက ဖြေနိုင်ခဲ့ပါတယ်ဗျာ။
အစ်မမခင်လတ်ပြောတဲ့ စင်ဒရဲလားဆိုသူကြီးက ကိုကြီးမိုက်ကြီးဗျ.. ဟေးဟေး။
အဲဒါနဲ့ ကျွန်တော်လည်း အရီးခင်လတ်ကို အားကျပြီး ကိုင်ဇာရဲ့ နေ၀င်မှာစိုးတယ် ဆိုတဲ့ သီချင်းအကြောင်း ကိုသစ်မင်းရဲ့ ဟိုတုန်းကကွန်းမန့်လေးနဲ့ တွဲပြီးတင်ခဲ့ပါတယ်။ ရွာနဲ့ အဝေးကို ရောက်နေတဲ့ ကိုသစ်မင်း က ကျွန်တော့်အတွက် ကွန်းမန့်ဝင်ရေးပေးသွားခဲ့တာလေးကတော့ အမှတ်တရလေး တစ်ခုဖြစ်ခဲ့ပါတယ်ဗျာ။ ကျေးဇူးပါ ကိုသစ်မင်းရေ။ ရွာသူရွာသားတွေက ကိုသစ်ကို မမေ့ကြသေးဘူးဆိုတာ ကွန်းမန့်တွေ ဖတ်ကြည့်ရင် သိသာပါတယ်ဗျာ။

ရခိုင်ဒေသက ဒုက္ခရောက်နေသူတွေကို ကူညီကြဖို့ ဆိုပြီး အဘ FR ကြီးက ကျပ် ငါးသိန်းမတည်ပြီး မန်းဂဇက်အနေနဲ့ လှူကြဖို့ နှိုးဆော်တဲ့အခါ ကျွန်တော်တို့ ၀ိုင်းကြ၀န်းကြရပြန်ပါတယ်။ အလှူအတွက် ခေါင်းစဉ်တတ်တာနဲ့ ပတ်သက်ပြီး ဖက်တီးကက် က လူသားချင်းစာနာကြရာဝယ် ဆိုတဲ့ ပို့စ်တင်ပြီး သူ့ရဲ့ လူသားချင်းစာနာစိတ်ကို လှစ်ဟပြခဲ့ပါတယ်။ အဲဒီမှာ ရွှေတိုက်စိုးနဲ့ ဖက်တီးကက် တို့ ကွန်းမန့်တွေအပြန်အလှန်ပစ်ကြပြီး တင်းမာခဲ့ကြပါတယ်။ အားလုံးက စိတ်ပူနေတာကို သိတဲ့ ကျွန်တော်က ဂရန်းမီးရထားဟော်တယ်ထဲမှာ ကော်ဖီသောက်နေရင်း ဓါတ်ပုံတစ်ပုံ ဆင်ရိုက်ခဲ့ပါတယ်။ ချက်ခြင်း စိတ်အယားပြေ ပိုစ်မဟာကြီး ပို့စ် တင်လိုက်ပြီး ရွာသူားတွေရဲ့ စိတ်ပူနေတာတွေကို ငြိမ်းအေးစေခဲ့တယ်ပေါ့ဗျာ။ အဲဒါလေးကလည်း အမှတ်တရပါ။

ဇွန်လထဲမှာပဲ ကိုထွန်းဝင်းလတ်တို့ One Candle စေတနာရှင်လူငယ်များအဖွဲ့ရဲ့ ပညာရေးအလှူပို့စ်တွေကိုလည်း ဖတ်ခဲ့ရပြီး ကျွန်တော်တို့လည်း အဲဒီအလှူမှာ ပါချင်တာကြောင့် ညီငယ် အမတ်မင်း၊ ဖက်တီးကက် တို့ အဖွဲ့နဲ့ ဘယ်လိုပုံစံနဲ့ ပါဝင်ကြမလဲ ဆိုတာလေး တိုင်ပင်နေကြပါပြီ ကိုထွန်းဝင်းလတ်ရေ။ သာဓု ခေါ်ပါတယ်ဗျာ။

ဇွန်လထဲမှာ ပင်တိုင် ရေးသူတွေဖြစ်တဲ့ ကြောင်ကြီးရဲ့ Catology ပို့စ်တွေ၊ Foreign Resident ရဲ့ စဉ်းစားကြစေလိုပါတယ် စီးရီးလိုက်ပို့စ်တွေ၊ အင်ဇာဂီရဲ့ လိုင်းစုံအောင် ရေးထားတဲ့ ပို့စ်လေးတွေ၊ TTNU ရဲ့ အင်္ဂလိပ်စာ ပို့စ်လေးတွေ၊ ကိုပေါက် ရဲ့ ခရီးသွားဓါတ်ပုံပို့စ်တွေ၊ မဝေေ၀ ရဲ့ ခရီးသွားဓါတ်ပုံပို့စ်တွေ ၊ ဆရာထက်ဝေးရဲ့ ညီမလေး စီးရီးတွေ၊ အစ်မ aye.kk ရဲ့ မုန်းစရာကောင်းတဲ့ဦး စီးရီးတွေ၊ etone ရဲ့ etone ဘ၀တစိတ်တပိုင်း ပို့စ်တွေ စသည်ဖြင့် စည်စည်ကားကား ရှိနေဆဲပါခင်ဗျာ။ နာမည်ကျန်ခဲ့တဲ့ ညီငယ်ညီမငယ်တွေ ခွင့်လွှတ်ပါဗျာ။

ထူးခြားတာက ပုံစံသစ်နဲ့ တင်လာတဲ့ မိုက်ကယ်ဂျောနီအောင်ပု ရဲ့ #$% လိုလိုမှိုလိုလို #$%လားမှိုလား #$% ဖြစ်နေတာလား ပို့စ်ပါခင်ဗျာ။ ကွန်းမန့်တွေနဲ့ ဆက်ဆက်ရေးသွားတဲ့ ပုံစံနဲ့ ပို့စ်ကိုရေးသွားတာပါ။ ကွန်းမန့်တွေအားလုံးကိုစုပြီးတော့ ကိုထူးဆန်းက ပို့စ်တစ်ပုဒ်အနေနဲ့ ထပ်တင်ပေးထားတာလေး ကလည်း ထူးခြားခဲ့ကြောင်းပါ ဦးလေးတို့ရေ။

နောက်ထပ် ထူးခြားတာက ဇွန်လထဲမှာ ရွာသူားအသစ်တွေ တပြုံကြီး ၀င်လာကြတာပါပဲ။ ၀င်လာကြသူတွေကလည်း ဘယ်လို စိတ်ကူးတွေရှိတယ် မပြောတတ်ပါဘူး။ မိတ်ဆက် တဲ့ပို့စ်တွေနဲ့ ၀င်လာကြတာချည်းပါပဲ။ ဘယ်လို ကြိုဆိုရမယ် ဆိုတာ မသိတတ်အောင်ပါပဲ။ ဒီအထဲ လူဟောင်းတချို့ရဲ့ ကလောင်ခွဲတွေလည်း ပါမယ်လို့ ယူဆမိပါတယ်။ မှတ်မိသလောက် မိတ်ဆက်ကြတဲ့ လူသစ်တွေ ချရေးရရင် ၁။ YE YINT HLAING ၊ ၂။ Shwe Htee (ဓါတ်ပုံလက်ရာကောင်းကောင်းလေးတွေ တင်တဲ့သူ) ၊ ၃။ Thar ag ၊ ၄။ ရှင်းသန့်နွယ် ၊ ၅။ ပင်လယ်ပျော် (ဒါကတော့ အင်္ဂလိပ်လို ပင်လယ်ပျော်တစ်ယောက်ရှိတာ ကြားဘူးပါတယ်) ၊ ၆။ နွေဦးမောင်မောင် ၊ ၇။ nicolus agral ၊
၈။ nga myo ၊ ၉။ မြတ်ကျော်သူ ၊ ၁၀။ မမအညာသူ ၊ ၁၁။ ကျော်စွာ ၊ ၁၂။ ကိုကိုသန့် ၊
၁၃။ ခပ်မိုက်မိုက်ကောင်မလေး ၊ ၁၄။ kang lay ၊ ၁၅။ မဂွက်ထော် ၊ ၁၆။ doe doe ၊ ၁၇။ ဒိုးစနစ် ၊
၁၈။ သာဂိ ကပ္ပိယ ၊ ၁၉။ thin thin ၊ ၂၀။ mana smile တို့ ဖြစ်ပါတယ်။
ကျန်နေခဲ့သူတွေ ရှိကောင်းရှိနိုင်မှာဖြစ်ပေမယ့် မိတ်ဆက်ပြီးဝင်လာတဲ့ လူတွေကို ပြန်ရေကြည့်လိုက်တော့ အယောက် ၂၀ တောင် ရှိနေတာကိုတွေ့လိုက်ရပါတယ်။
ရွာသူရွာသားအသစ် တွေ ကို နည်းနည်းလောက် အမုန်းခံပြီးပွားလိုက်ချင်ပါသေးတယ်။ ဒီ မန်းဂဇက်ရွာကြီးမှာ စာရေးဖို့ ဘယ်သူ့ ခွင့်ပြုချက်မှ တောင်းဖို့မလိုသလို ဘယ်သူနဲ့မှ မိတ်ဆက်ဖို့လည်းမလိုအပ်ပါဘူးခင်ဗျာ။ ကျွန်တော်တို့ ရွာထဲဝင်လာတုန်းကလည်း ဘယ်သူ့ဆီကမှ ခွင့်ပြုချက်မတောင်းခဲ့ပါဘူး။ တစ်ခုတော့ရှိပါတယ်။ ရွာသူရွာသားတွေရဲ့ အသိအမှတ်ပြုခံချင်ရင်တော့ ပို့စ်ကောင်းကောင်းလေးတွေ ကြိုးစားပြီးတင်ကြဖို့ လိုပါတယ်။ ဒါလည်း ဖီလင်ရှိမှ လုပ်ကြပေါ့ဗျာ။ အပျော်ဝင်ရေးတာ ရေးတတ်သလိုရေးမယ် ဘာဖီလင်မှ မရှိဘူး ဆိုသူတွေအတွက်တော့ အေးဆေးပေါ့ဗျာ။ ခင်ဗျားတို့ (ကျွန်တော်မှတ်ထားတာတင် အယောက်၂၀) လောက်က စာလေး သုံးလေးကြောင်းလောက်ရေးပြီး ကျွန်တော်ဘယ်သူပါ။ ခင်တတ်ပါတယ် ဆိုတာလောက်နဲ့ ပို့စ်တစ်ပုဒ်စီတင်နေကြတော့ ပို့စ် အပုဒ် ၂၀ လောက်နေရာယူသွားပါတယ်ဗျာ။ အဲဒီတော့ သေသေချာချာ အားထုတ်ရေးထားကြရှာတဲ့ ပို့စ်တင်သူတွေကို အားနာဖို့ ကောင်းပါတယ်။ နောက်ဝင်လာမယ့် အသစ်တွေအနေနဲ့လည်း ရွာတံခါးက ဖွင့်ထားပါတယ်။ ကြိုက်သလို ၀င်ထွက်နိုင်ပါတယ်။ သို့သော် ကိုယ့်ကြောင့် တခြားရွာသူရွာသားတွေကို အနှောက်အယှက် မဖြစ်အောင်တော့ နေပေးကြပါလို့ အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည် ခင်ဗျား…။

နောက်တစ်ခု ဇွန်လထဲမှာ ပြသနာလေး တချို့ ရွာထဲမှာ ရှိခဲ့တယ်ဆိုတာကတော့ ငြင်းလို့မရတဲ့ အချက်ပါ။
အဲဒီမှာ မောင်ဖြူနဲ့ မောင်မည်း ပြသနာကို မောင်ဖြူနဲ့ မောင်မည်း ဖြေရှင်းလိုက်ရင် ပြသနာလေးက လွယ်လွယ်ကူကူ ပြီးသွားမှာ ဖြစ်ပေမယ့်
ငါ့လူကိုတော့ လာမထိနဲ့ မီးပွင့်သွားမယ် ဆိုတာမျိုးကြီးတွေ၊ မီးလောင်နေတာကို ငြှိမ်းဖို့ မကြိုးစားပဲ ဓါတ်ဆီလောင်းဖို့ ကြိုးစားကြသူတွေကြောင့်
ငယ်တဲ့ အမှုလေးက တဖြေးဖြေးကြီးလာတာကို တွေ့ရတာပါပဲ။
ဆရာကြီးစတိုင်ဖမ်းပြီး ဆရာဝင်လုပ်ချင်တာက ကြီးတဲ့အမှုကို ငယ်အောင် ငယ်တဲ့အမှုကို ပပျောက်အောင် လုပ်ကြရင် ကောင်းမယ်လို့
ထင်မြင်မိပါကြောင်း…။

အရေးကြီးတဲ့အပိုင်းလေး ရောက်လာပါပြီ။
ကျွန်တော် ဘလက်ချော အနေနဲ့ ၂၀၁၂ ဇွန်လရဲ့ အကောင်းဆုံးပို့စ်တင်သူ ကို ရွေးခြယ်ချင်ပါတယ်။
တခြားလူတွေနဲ့ သဘောထားချင်း မတိုက်ဆိုင်ခဲ့ရင်လည်း ခွင့်လွှတ်ပေးကြပါလို့ ကြိုတောင်းပန်ပါရစေ။
ဒီလထဲ Editor’s Choice စာရင်းကို လှန်ကြည့်လိုက်တော့ ၆ ပုဒ်တိတိရှိနေတာကိုတွေ့ရပါတယ်ဗျာ။
ပထမတစ်ပုဒ်က ကိုထူးဆန်းရဲ့ ရခိုင်သွေးချင်းများ ပြန်လည်ထူထောင်ရေးလက်ဆောင် အလှူပို့စ်ပါ။
ဒုတိယတစ်ပုဒ်က အံစာတုံး ရဲ့ ကွန်းမန့်ပေးတဲ့အခါ ဆိုတဲ့ ပို့စ်ပါ။ ရွာသူားတွေ ပျော်ပျော်ပါးပါးကြီးဝိုင်းအားပေးလိုက်ကြတာ ကွန်းမန့်ပေါင်း ၁၃၁ ခုတောင် ရှိခဲ့ပါတယ်။
တတိယတစ်ပုဒ်က ဆရာထက်ဝေးရဲ့ ကိုယ်ချင်းစာသောနှုတ်ခမ်းများနဲ့ စကားပြောပါ ပို့စ်ပါ။
ကျန်တဲ့ သုံးပုဒ်လုံးက FattyCat ရဲ့ပို့စ်တွေပါပဲ။
Editor’s Choice စာရင်းဝင် FattyCat ရဲ့ပို့စ်တွေကတော့
၁။ စံနစ်ကြောင့်မဟုတ်ဘူး
၂။ လူသားခြင်း စာနာထောက်ထားကြရာဝယ်
၃။ Professional နဲ့ Personal
တို့ဖြစ်ကြပါတယ်။ ဖက်တီးကက်အနေနဲ့ ဇွန်လအတွင်း ပို့စ်လေးပုဒ်တင်ခဲ့ရာမှာ သုံးပုဒ်က Editor’s Choice စာရင်းဝင်ခဲ့ပြီး နောက်တစ်ပုဒ်ကလည်း ပန်းတစ်ခင်းရဲ့ဒဏ္ဍာရီ ဆိုတဲ့ ပို့စ် ကောင်းကောင်းလေးပါ။ အဲဒီပို့စ်တွေမှာ ဖက်တီးကက် ရဲ့ ရေးနိုင်စွမ်း ဆွေးနွေးနိုင်စွမ်းတွေကို တွေ့ခဲ့ကြရပါတယ်။
ဒါနဲ့ ကျွန်တော် ကိုပါလေရာကို တိုင်ပင်ကြည့်တဲ့အခါ ကျွန်တော်တို့ နှစ်ယောက်အကြိုက်တူကြပါတယ်။ နောက်တစ်ယောက်ဖြစ်တဲ့ စိန်ဗိုက်ဗိုက်ရဲ့ အကြိုက်ကလည်း ဖက်တီးကက်ပါပဲ။
ရွှေတိုက်စိုး ကလည်း ဖက်တီးကက် ရဲ့ ဇွန်လအတွင်း စွမ်းဆောင်ရည်တွေအတွက် ထောက်ခံပါတယ်။ ဒီနေရာမှာ လက်မ ၃၀၀ ကျော်ရခဲ့တဲ့ FR ကြီးရဲ့ ရိုဟင်ဂျာ ပို့စ်ကို ထည့်စဉ်းစားစရာရှိပေမယ့် ကျွန်တော်တို့က လူငယ်တွေကို ဦးစားပေးမှာမို့ ဖက်တီးကက်ကို ရွေးချယ်ဖြစ်ပါတယ်။ တခြားလူတွေကို တိုင်ပင်တယ် ဆိုပေမယ့် ဒီလတော့ ကျွန်တော့် အကြိုက်လို့ ပဲ ခေါင်းစဉ်တတ်ပါရစေ။

ကျွန်တော့် အနေနဲ့ ရွာသူားတွေကို အကြံပြုချင်တာက လစဉ် အကောင်းဆုံးပို့စ်နဲ့ အကောင်းဆုံးကွန်းမန့် ကိုရွေးချယ်ပြီး
ဆုငွေ တစ်သောင်းလောက်ဖြစ်ဖြစ် ချီးမြှင့်ချင်တာပါ။ ဒါကလည်း ပို့စ်ကောင်းကောင်းတွေနဲ့ ကွန်းမန့်ကောင်းကောင်းတွေ ထွက်လာဖို့ပါ။ ဘယ်သူတွေကရွေးချယ်ကြမလဲ ဆိုတာကတော့ …။ အားလုံးအကြံပေးကြစေချင်ပါတယ်။
ဇွန်လအတွက် PERSON OF THE MONTH အဖြစ် FattyCat ကို ရွေးချယ်ထားကြောင်း….။
နောက်လတွေမှာလည်း အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့ပြီးတော့ အကောင်းဆုံးပို့စ်နဲ့ အကောင်းဆုံးကွန်းမန့် ကို ရွေးချယ်သွားပါဦးမယ်။
လေးစားခင်မင်စွာနဲ့
တံခါးစောင့် ဘလက်…။

*******************************************************************************

လူကြီးကြိုက်

ရှည်ရှည်ဝေးဝေးတွေ တွေးမနေပါနဲ့ ကျောင်းဒကာတို့ရယ်။
လူကြီးကြိုက်ဆိုတော့ လူကြီးတွေ ကြိုက်ကြမယ့် စာတွေ သတင်းတွေပေါ့ဗျာ။
ဒီဇွန်လထဲမှာ ဖတ်မိတာလေးတွေထဲက ခန့်ခန့်ညားညား ရှိမယ့် အကြောင်းအရာလေးတွေ ရွေးထုတ်ပြီး တင်ပြပေးသွားမှာပါ။

အတွေ့အကြုံနုသော်လည်း သဘောထားတော့ ရင့်ဖို့လို (Street View)

နှစ်ပေါင်း ၅၀ နီးပါး စစ်တပ် အုပ်ချုပ်ရေးအောက်မှာ နေခဲ့ကြရတဲ့
ကျွန်တော်တို့ မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီရောင်နီလေး အခုမှ စသမ်းလာတာပါ။
ကျွန်တော်တို့အတွက် ဒီမိုကရေစီ အတွေ့အကြုံက အင်မတန်နုနယ်သော်ငြားလည်း
သဘောထားကြီးကြီးထားကြဖို့ လိုနေပါတယ် ဆိုတာလေးကို ရေးပြသွားတဲ့ ဆောင်းပါးလေးပါ။ နည်းနည်းလေး မြည်းကြည့်ဗျာ။

ဒီလို ဦးထမ်းပဲ့ရွက် တာဝန်ထမ်းဆောင်ရင်းနဲ့ လွှတ်တော်တစ်ရပ်နဲ့တစ်ရပ် ငြင်းခုံဆွေးနွေးကြတာတွေ၊
လွှတ်တော်နဲ့ အစိုးရကြား ငြင်းခုံဆွေးနွေးကြတာတွေကို မလွဲမသွေ ကြုံတွေ့လာကြရပါတယ်။ ဒါတွေကို
ဒီမိုကရေစီမူဘောင်တွေထဲကနေပြီး ပြေလည်အောင် ထိန်းညှိနိုင်တာရှိသလို အပြင်းအထန်ငြင်းခုံရင်း မပြေလည်ဘဲ
ဒေါသတကြီး ပြောဆိုကြရတာတွေလည်း ရှိလာနိုင်တယ်ဆိုတာ ကြိုတင်သိထားဖို့တော့ လိုမယ်ထင်တယ်။ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးနောက်ဆုံးနေ့မှာ ကိုယ်စားလှယ်တွေက စိတ်မထိန်းနိုင်လို့ စကားအစွန်းထွက်ခဲ့တဲ့
ပြည်ထောင်စုဝန်ကြီးတစ်ပါးကို မကျေမနပ်ဖြစ်ခဲ့ကြတယ်လို့ ကြားရတယ်။
ဒီလိုမကျေမလည် ဖြစ်တာမျိုးက ဒီမိုကရေစီဘိုးအေကြီးလို့ခေါ်ကြတဲ့ ဗြိတိသျှ ပါလီမန်မှာလည်း ဖြစ်ကြတာပါပဲ။
ဂျပန်ဒိုင်ယက်ထဲမှာလည်း ထိုးကြကြိတ်ကြတဲ့အထိ ရှိတာပါပဲ။ တောင်ကိုရီးယားမှာလည်း ရုန်းရင်းဆန်ခတ်ဖြစ်လေ့
ရှိတာပဲ ပေါ့။ အရှေ့ဥရောပနိုင်ငံတွေဆို သာလို့တောင် ဆိုးလိမ့်ဦးမယ်ထင်တယ်။ ကျွန်တော်တို့ဆီကျမှ
ထူးပြီးဖြစ်နေတာ မဟုတ်ပါဘူး။
ကျွန်တော်တို့ သတင်းစာသမားတွေရဲ့ အမြင်မှာတော့ ဒါတွေကို ဒီမိုကရေစီနိုင်ငံတွေရဲ့ ဖြစ်ရိုးဖြစ်စဉ်တွေလို့ပဲ မြင်ပါတယ်။
ဒီမိုကရေစီ အသက်ဝင်လာတာ၊ ဒီမိုကရေစီသရုပ်ပီပြင်လာတာ၊ ဒီမိုကရေစီရေချိန်မြင့်တက်လာတာ လို့လည်း ရှုမြင်သုံးသပ်ပါတယ်။
သဘောထားကွဲလွဲမှုမရှိ အပြင်းအထန်ငြင်းခုံမှုမရှိဘူးဆိုရင် ဘယ်မှာ ဒီမိုကရေစီနိုင်ငံ ဖြစ်လာနိုင်တော့မှာလဲဗျာ။
ဒီလို ထိပ်တိုက်ရင်ဆိုင်လာရပြီဆိုရင် ဘယ်ပုံဘယ်နည်း သဘောထားကြီးကြီးနဲ့ ညှိနှိုင်းဖြေရှင်းကြသလဲဆိုတာကသာ
အဓိက အရေးအကြီးဆုံးဖြစ်လိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာ ဒီမိုကရေစီအတွေ့အကြုံ
အလွန်နုနေသေးတယ်။ ဒီကြားထဲ သဘောထားတွေကပါ မကြီးနိုင်ကြဘူးဆိုရင်တော့….။

STREET VIEW ဂျာနယ်ပါ ဆရာခင်မောင်ရင်ရဲ့ ဆောင်းပါးလေးက ကျွန်တော်အပါအ၀င်
ကျွန်တော်တို့ ရွာသူရွာသားတွေအတွက် အကျိုးရှိစေမယ့် စာတစ်ပုဒ်ပါလို့ ပြောချင်ပါတယ်ဗျာ။
ကျွန်တော်တို့ သဘောထားကြီးနိုင်အောင် ကြိုးစားကြရအောင်ပါ…။
ချက်ခြင်းကြီး မဖြစ်နိုင်တောင် လေ့ကျင့်ယူရင် ရနိုင်ပါတယ်ဆိုတဲ့ အကြောင်း….။

*********************

အောက်လမ်းနိုင်ငံရေးအတွက် နေရာမရှိပါ (ပြည်သူ့ခေတ်)

ဆရာ ၀င်းထွဋ်ဇော် ရဲ့ ဆောင်းပါးလေးပါ။
ကျွန်တော်တို့ ရွာသူရွာသားတွေအနေနဲ့လည်း ဖတ်ထားမှတ်ထားရင် မမှားပေဘူးပေါ့ ကျောင်းဒကာရယ်။
နည်းနည်းလေး အစဆွဲထုတ်ကြည့်ကြမယ်ဗျာ…နော်။
အောက်လမ်းနိုင်ငံရေးကို ကျင့်သုံးသူတွေ အသုံးပြုတဲ့ နည်းလမ်း ၆ မျိုးရှိပါတယ်။
၆ မျိုးလုံးအကြောင်းကို ဒီနေရာမှာ အသေးစိတ်ပြန်ရေးပြချင်ပေမယ့် ကျွန်တော့်ပို့စ်က တော်တော်ကြီးရှည်နေပါပြီ။ ဒါကြောင့် အောက်လမ်းနိုင်ငံရေးသမား တွေအတွက် ဒီခေတ်မှာ နေရာမရှိတော့တဲ့အကြောင်းကို ပဲ မူရင်းအတိုင်းဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

အထက်ပါနည်းဗျူဟာတွေကတော့ နိုင်ငံရေးလုပ်ရာမှာ မိမိပါတီ နိုင်ငံရေးလမ်းစဉ်ရဲ့ အားနည်းမှုကြောင့်
လူထုထောက်ခံမှု မရရှိတာကို အသိအမှတ်မပြုပဲ မိမိပါတီသို့မဟုတ် မိမိတို့အုပ်စု ထာဝရအာဏာရရှိရေးကို ကြိုးပမ်းကြသူတွေရဲ့ အောက်လမ်းနိုင်ငံရေးနည်းဗျူဟာတွေပဲဖြစ်ပါတယ်။

တကယ်တော့ အောက်လမ်းနိုင်ငံရေးကိုကျင့်သုံးတဲ့ ပါတီတွေဟာ ဘယ်ခေတ်ဘယ်ကာလမှာမှ
ရေရှည်အောင်မြင်မှုကို မရခဲ့ကြပါဘူး။ ယနေ့ခေတ်မှာ ဒီမိုကရေစီ နိုင်ငံရေးသည်သာ တောက်ပြောင်တဲ့ အနာဂတ်ကို ပိုင်ဆိုင်နေပြီး အောက်လမ်းနိုင်ငံရေးအတွက်ကတော့ နေရာမရှိတော့တာ သေချာပါတယ်။

****************************************************

ဒီမိုကရေစီဒဏ် မခံနိုင်ကြသူများ (ပြည်သူ့ခေတ်)

လူတွေဟာ ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်တယ်…
ချမ်းသာတဲ့ ဒဏ်ကို မခံနိုင်ကြဘူး တဲ့။
လူကြီးတွေပြောတာ ငယ်ငယ်က ကြားခဲ့ဘူးပါတယ်။
အခု ဆရာ မျိုးညွန့် (Popular News) ရဲ့ ဒီမိုကရေစီဒဏ်မခံနိုင်ကြသူများ ဆောင်းပါးလေးကို ဖတ်လိုက်ရတဲ့ အချိန်မှာ
ငယ်ငယ်က ကြားခဲ့ဖူးတဲ့ ဆင်းရဲတဲ့ဒဏ်ကို ခံနိုင်တယ် ချမ်းသာတဲ့ ဒဏ်ကို မခံနိုင်ကြဘူး ဆိုတာလေးကို သွားသတိရမိပါတယ်။ ေ
ဆာင်းပါးရှင်ပေးချင်တဲ့ massage ကို ကျွန်တော်ရလိုက်တယ်လို့လည်း ထင်ပါတယ်။

ဒီမိုကရေစီဒဏ်မခံနိုင်ကြသူများမှာ အတိတ်က ရွှေထီးဆောင်းခဲ့သည်ကို မကြာခဏအိပ်မက်မက်နေသူအချို့ဖြစ်သည်။
ဒီမိုကရေစီဒဏ်မခံနိုင်ကြသူများထဲတွင် နှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ ရုတ်တရက်ဖြစ်လာသော အချိုးအကွေ့ကြောင့်
နှစ်ပေါင်းများစွာ ကျင့်သားရနေသော အပြုအမူကို ချက်ခြင်းပြင်ဆင်ရန် အဆင်သင့် မဖြစ်သေးသော သူများဖြစ်သည်။ ထိုသူတို့မှာ ဒီမိုကရေစီလူ့ဘောင်အတွက် ပြသနာမရှိ။ နောက်ကျကောင်းနောက်ကျနိုင်သော်လည်း ပြောင်းလဲမှုနောက်လိုက်ပါနိုင်ခြေရှိသည်။
ဒုတိယအမျိုးအစားမှာမူ တစ်သက်တာ ပြင်မရပြုမရ၊ အကြောသေနေပြီဖြစ်သော လက်ညှိုးထိုးဝါဒကို တစ်ပြားမှ မလျှော့သော ပုဂ္ဂိုလ်များဖြစ်သည်။
မည်သို့ပင်ဆိုစေ နိုင်ငံတော်သမ္မတဦးသိန်းစိန်က တိုးတက်လိုသော အမြင်မရှိသည့် ရှေးရိုးစွဲများနှင့် ခေတ်နောက်ပြန်ဆွဲလိုသူများကို နောက်တွင်ချန်ထားခဲ့ပါမည်ဟု အတိအလင်း သတိပေးပြီး ဖြစ်သည်။
ထိုသတိပေးစကားသည် ဒီမိုကရေစီဒဏ်မခံနိုင်သူများ အထူး သတိပြုရမည့် အချက်ဖြစ်သည်။ ပြည်သူ၏ ဆန္ဒဖြစ်သော အပြောင်းအလဲ၏နောက်သို့ မည်သူမဆိုလိုက်ပါခွင့်ရှိသည်။ ကိုယ့်ဘာသာ နေရစ်ခဲ့ခြင်းသည် မည်သူမပြု မိမိ မှုသာ ဖြစ်သည်။

ကျွန်တော့်အမြင်အရ ဒီမိုကရေစီဒဏ် မခံနိုင်ကြသူများစာရင်း တွင် ထစ်ကနဲရှိ ဆန္ဒပြမယ် ဆိုသူများကိုလည်း ထည့်သွင်းချင်မိပါတယ်။
တစ်ခုခုကို မကျေနပ်တိုင်း ထွက်ထွက်ပြနေလျှင်ဖြင့် ဆန္ဒပြပွဲများ ဘယ်တော့မှ ဆုံးတော့မည် မဟုတ်ပါ။
ထို့အပြင် ထစ်ကနဲ ရှိ ဂျာနယ်တွေကို တရားထထစွဲနေသူများကိုလည်း ဒီမိုကရေစီဒဏ်မခံနိုင်သူများ စာရင်းထဲ
ထည့်သွင်းကြရလိမ့်မည် ဖြစ်ပါကြောင်း။

**************************************

ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့် ရခိုင်ပြည်နယ် အတွက် ငွေ ကျပ် ဆယ်သိန်း လှူဒါန်း (သံတော်ဆင့်)

ဇွန်လ ၁၄ ရက်နေ့က တာမွေ အလိုတော်ပြည့်ကျောင်းက ဦးပဉ္ဇင်း ကုမာရ ထံမှာ လှူသွားတာပါဗျာ။
လှူတာနဲ့ ပတ်သက်လို့ ဦးခင်ညွန့်က

ကိုယ့်တိုင်းပြည်အတွင်းမှာ ပြည်သူတွေလေ ပြည်သူတွေ ဒုက္ခရောက်နေတယ်။
ပြည်သူဆိုတာ အားလုံးကိုပြောတာ။ ဘယ်ဘာသာဝင်ရယ်လို့ မဟုတ်ဘူး။ ဗုဒ္ဓဘာသာဝင်ရော၊
အစ္စလာမ် ဘာသာဝင်ရော၊ ဟိန္ဒူရော၊ ခရစ်ယာန်ရော အားလုံးက ပြည်သူတွေပဲ။ ကိုယ့်မှာရှိတဲ့ဟာလေးနဲ့
သားသမီးတွေ စုပြီး လှူတာပါ။ သားကလည်း သူလည်း ပေးပါမယ်ဆိုပြီး သားသမီးတွေ အကုန်စုပြီး လာလှူတာ။
ဘယ်အဖွဲ့အစည်းကိုမှ ဘယ်ဘာသာဝင်ကိုမှ ရယ်လို့ မဟုတ်ဘူး။ ဒုက္ခရောက်နေတဲ့သူတွေအားလုံး။
ဟိုမှာ ဗုဒ္ဓဘာသာဝင်လည်း ဒုက္ခ ရောက်နေတာပါမယ်။ အစ္စလာမ်ဘာသာဝင်တွေလည်း ဒုက္ခရောက်နေတာပါမယ်။
အားလုံးအတွက်ကို လှူတာ

ဟု ပြောခဲ့ပါတယ်တဲ့ဗျာ။
သာဓုခေါ်ပါ ကျောင်းဒကာ။

*********************************************************************************

ဒါရိုက်တာဝိုင်းရဲ့ စစ်တွေ သွားတောလား (နံနက်ခင်း)

ဦးဇော်ဇော် ရဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ အလှူခရီးစဉ်မှာ ပြေတီဦးနဲ့အတူ လိုက်ပါခဲ့တဲ့
ဒါရိုက်တာဝိုင်းရဲ့ ဒိုင်ယာလော့ခ်လေး ဖတ်ကြည့်ကြပါဗျာ။

အံ့သြစရာကောင်းတာက ကယ်ဆယ်ရေးစခန်းရောက်သွားတဲ့အချိန်မှာ ၈၅ ရာခိုင်နှုန်းက မိန်းမနဲ့ ကလေးတွေပဲဖြစ်တယ်။
အဲဒီမှာ ကျွန်တော်စဉ်းစားမိတာက ရခိုင်တိုင်းရင်းသားအမျိုးသားတွေ ဘယ်ရောက်နေလဲဆိုတာပါပဲ။
ပူပန်တာက အသတ်များခံရလို့လား။ အဲဒီလို အတွေးတွေနဲ့ ပူပန်စိတ်တွေ ၀င်လာခဲ့ပါတယ်။
မိန်းမသားတွေနဲ့ ဒီကလေးတွေ ဘ၀လမ်း၊ ကျောင်းဖွင့်ရာသီမှာ ကလေးတွေရဲ့ ပညာရေး၊ ပြီးတော့
သူတို့ရဲ့ စားဝတ်နေရေး၊ ကျွန်တော်သိခဲ့ရတာ တစ်ခုက နိုင်ငံတော်က ထောက်ပံ့သည်ဆိုပေမယ့်
လုံလောက်မှု မရှိနိုင်ပါဘူး။ ဒီအပေါ်မှာ တွေးပူရတဲ့ကိစ္စက အများကြီးပါပဲ။ ရခိုင်ဆိုတာလည်း
ကျွန်တော်တို့ တိုင်းရင်းသားမျိုးနွယ်ထဲမှာ လူမျိုးတစ်မျိုးအဖြစ်အပါအ၀င်ပဲလေ။
ဒီလူတွေဟာ ကျွန်တော်တို့ရဲ့ ဆွေမျိုးတွေ၊ မိသားစုတွေ၊ အိမ်ထောင်စုစာရင်းဝင်တွေပါပဲ။
သူတို့ဒုက္ခရောက်တာ ကျွန်တော်တို့ ဒုက္ခရောက်သလိုပဲ ခံစားရတယ်။ ကျွန်တော်တို့နဲ့ တွေ့တဲ့အခါ
မျက်ရည်တွေနဲ့ သူတို့ အိုးမရှိ အိမ်မရှိတဲ့ အကြောင်းပြောတယ်။ အဲသလို ကြားရတဲ့အခါ ကိုယ့်ဆွေမျိုးထဲက
ဒုက္ခရောက်သလိုခံစားရတယ်။ သွားရတယ်ဆိုတာ လုံခြုံရေးအခြေအနေ အခက်အခဲတွေလည်း ရှိပါတယ်။
အဲဒီအတွက် ကျွန်တော်တို့ နိုင်သလောက် ကယ်ဆယ်ရေးစခန်းတွေမှာ လှူဒါန်းခဲ့ပါတယ်။ အစိုးရအနေနဲ့လည်း
တစ်ဖက်မှာ ပြန်လည်ငြိမ်းချမ်းရေးနဲ့ ရခိုင်ပြည်နယ်တွင်း အေးချမ်းရေးတွေဆောင်ရွက်နေရတဲ့အတွက်
အားလုံးကိုတိုက်တွန်းလိုတာက ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေ ဒုက္ခရောက်နေပါတယ်။ သူတို့ကို တတ်နိုင်သမျှ ကူညီရမယ်။ ဖေးမရမယ်။ လောလောဆယ်မှာ သူတို့တွေ အိုးမရှိအိမ်မရှိ ဖြစ်နေတာကို ငြိမ်းချမ်းသွားတဲ့အချိန်မှာ
ပြန်ဆောက်ပေးရမယ်။ သူတို့ဘ၀ပြန်လည်ထူထောင်ရေးအတွက် ကျွန်တော်တို့ ပြည်သူတွေ ပူပေါင်းပါဝင်ပတ်သက်ဖို့လိုတယ်။
ဗမာရယ်၊ ရှမ်းရယ်၊ ကချင်ရယ်၊ ကရင်ရယ်၊ မွန်ရယ်ဆိုပြီး ခွဲခြားနေလို့ မရဘူး။ ရခိုင်ဆိုတာလည်း ကျွန်တော်တို့
သမိုင်းအစဉ်အဆက်မှာ ထင်ရှားခဲ့တဲ့ လူမျိုးတစ်စုပဲ။ မိသားစုဝင်ပဲ။ ဒီတော့ ကျွန်တော်တို့က ပြည်ထောင်စုတိုင်းရင်းသား
စိတ်ဓါတ်နဲ့ကူညီရင် ဒီကိစ္စမြန်မြန် ပြီးစီးသွားလိမ့်မယ်လို့ ထင်ပါတယ်။

လူဝင်မှုကြီးကြပ်ရေး နဲ့ ပတ်သက်လို့လည်း

ဒီရဲ့ အရေးကိစ္စဟာ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အားနည်းချက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေဆိုတာရှိပြီးသားပါ။
မှတ်ပုံတင်လုပ်တာ အလကားလုပ်တာမှ မဟုတ်တာ။ တရားမ၀င်တဲ့သူ ဘယ်သူတွေ နေထိုင်နေသလဲဆိုတာ
လူဝင်မှု ကြီးကြပ်ရေးရယ် ဥပဒေက တာဝန်ရှိတဲ့လူတွေ သိကြပါတယ်။ အဲဒီဥပဒေအတိုင်းပဲ လုပ်ရမှာပါ။
ဒါပေမယ့် လ၀ကတွေ လာဘ်စားပြီး မှတ်ပုံတင်လုပ်ပေးထားတာတွေကို မျိုးနွယ်စုလိုက်ပြန်စစ်ရင်
ဒီပြသနာက ကျိန်းသေပေါ်မှာပါ။ အခု ဒီလို အရေးအခင်းကြီးဖြစ်ပြီး ဒီပြသနာဖြစ်ပြီ။ ဒါဆိုရင် မြန်မာနိုင်ငံရဲ့
အရှေ့ဖက်ခြမ်းနယ်စပ်မှာ တာဝန်ကျနေတဲ့ လ၀ကအရာရှိတွေ လာဘ်စားပြီး မှတ်ပုံတင်လုပ်ပေးရင်
နောက်တစ်ခါ ဒီလိုအဖြစ်မျိုး ဆင်တူမဖြစ်ဘူးလို့ ပြောနိုင်မလား။ ဒီပြသနာတွေကို အခုကတည်းက
ကြိုတင်စဉ်းစားသင့်ပါပြီ။ ဒါမှ တိုင်းပြည်က ရှေ့ဆက်တက်လို့ ရမှာပါ။

လို့
သူ့အမြင် သူ့ခံစားချက်ကို ပြောပြသွားပါတယ်ဗျာ။
အင်း …။
မေခလာကြီးအော်သလို အော်မေးရတော့မယ် ကျောင်းဒကာရေ။
မိသက်နဲ့ တွေ့ခဲ့လား မိစမ်းလက်ချက်လား
ကောလံပေါ်က အနီစက်
တရားခံဘယ်သူလဲဟေ့ ပြော
တရားခံဘယ်သူလဲဟေ့…။

************************************************************************************************

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရဲ့ ဟီးရိုး (Sunday)

ဒါရိုက်တာမင်းထင်ကိုကိုကြီးက သူ့ရဲ့ လက်ရှိဘ၀ ဟီးရိုးက ဒေါ်အောင်ဆန်းစုကြည်ပါတဲ့ဗျာ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဒါရိုက်တာမင်းထင်ကိုကိုကြီးရဲ့ အမြင်လေး ဖတ်ကြည့်ပေးပါဦးဗျာ။

ဒေါ်အောင်ဆန်းစုကြည်ကျင့်ကြံနေထိုင်သလိုမျိုး နေချင်မှ နေနိုင်မယ်။ ဒါပေမယ့် သူ့ကို လေးစား တန်ဖိုးထား မြတ်နိုးတယ်။ သက်ရှိထင်ရှားရှိပြီး ပြည်သူ့အတွက် ဆောင်ရွက်ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ကိုယ်အသက်ထင်ရှားရှိနေတဲ့ အချိန်မှာ ဘယ်အချိန်ပဲဖြစ်ဖြစ် အသက်ပေးဖို့တောင် အဆင်သင့်ပါပဲ။ လူတစ်ဦးနဲ့ တစ်ဦး ဟီးရိုးဆိုတဲ့အပေါ် လေးစားတန်ဘိုးထားတဲ့ ပုံချင်းတော့ တူမှာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ မျှော်လင့်ထားတာက မြန်မာနိုင်ငံမှာ ပြည်သူတွေ အများစု မျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီနိုင်ငံတော် ဖြစ်အောင် သူ ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် အခုချိန်မှာ သူ့ရဲ့ အသက် ၆၇ ၀န်းကျင် ဖြစ်နေပြီဆိုတော့ သူဒီကိစ္စတွေကို ဘယ်လောက်လုပ်ဖို့ကျန်သေးလဲ။ ကျန်တဲ့အချိန်အတွင်းမှာ အဲဒါကို သူမဖြစ်အောင်လုပ်နိုင်မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာပဲ

ကဲ…။ ခင်ဗျားတို့ရဲ့ ဟီးရိုးကရော ဘယ်သူများလဲဗျာ။

***************************************************************************************

လျှပ်တစ်ပြက် အယ်ဒီတာချုပ် တရားစွဲခံရခြင်း (Weekly Eleven)

ရန်ကုန်တိုင်းဒေသကြီး အစိုးရက လျှပ်တစ်ပြက်ဂျာနယ်ကို ပုဒ်မ ၅၀၅ (ခ) (ဂ) ဖြင့် တရားစွဲခံခဲ့ရပါတယ်။
ဆူပူမှုဖြစ်အောင် လှုံ့ဆော်ရေးသားမှု တဲ့ ခင်ဗျ။ ထုတ်ဝေခွင့်လည်း ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။
စာနယ်ဇင်းလွတ်လပ်ခွင့်ရှိတယ် ဆိုတဲ့ ကျွန်တော်တို့ နိုင်ငံက စာနယ်ဇင်းတွေကို ၀န်ကြီးဌာနတွေ နဲ့
အစိုးရအဖွဲ့အစည်းတွေက နေ တရားစွဲနေတာ ဒါ တတိယအကြိမ်ပါတဲ့ ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ်
စာနယ်ဇင်းတွေကို တရားစွဲနေတာဟာ ဖြင့် မသင့်တော်ဘူးရယ်လို့ ထင်မြင်မိလို့ ကျွန်တော့်အနေနဲ့
အတိအလင်းကန့်ကွက်ပါကြောင်း ပြောချင်ပါတယ်ခင်ဗျာ။ အဲဒီလို တရားစွဲတာနဲ့ ပတ်သက်လို့
Eleven Media Group ရဲ့ CEO ဒေါက်တာ သန်းထဋ်အောင်ရဲ့ အမြင်လေးကို ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

“ဖွဲ့စည်းပုံ အခြေခံဥပဒေအရပဲဖြစ်ဖြစ် ဒီမိုကရေစီစံနစ်ရဲ့ စံချိန်စံညွှန်းအရ စာပေစိစစ်ရေးကို ဖျက်သိမ်းပြီးတဲ့နောက်မှာ သတင်းမီဒီယာ (အထူးသဖြင့် လွတ်လပ်တဲ့ ပုဂ္ဂလိကသတင်းဂျာနယ်) တွေကို တရားစွဲဆိုတဲ့နည်းနဲ့ အစိုးရက ထိန်းချုပ်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် ဒါဟာ အလွန်မှားယွင်းတဲ့ အရင်စံနစ်ဟောင်းထက် အများကြီးဆိုးတဲ့ လုပ်ရပ်လို့ မြင်ပါတယ်။ ဥပဒေအချို့က ဟောင်းနွမ်းနေတယ်။ တရားစီရင်ရေးမဏ္ဍိုင်က ယိမ်းယိုင်နေတယ်။ ဒါကို အခွင့်ကောင်းယူတဲ့ ခြစားနေတဲ့ လာဘ်စားနေတဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ထဲက တာဝန်ရှိသူအချို့ရယ်၊ လူထုအပေါ် မတရားဖိနှိပ် အနိုင်ကျင့်တာကို မစွန့်လွှတ်နိုင်၊ လိပ်ပြာမလုံတဲ့ သူတွေဟာ သတင်းမီဒီယာတွေအပေါ်မှာ အမြဲတမ်းရန်သူလိုသဘောထားပြီး ထိန်းချုပ်ဖို့ ကြိုးစားနေတယ်။ သူတို့က သတင်းတွေကို အမှောင်ချ လူကျွံဘောဖမ်းကစားဖို့ ကြိုးစားနေတယ်။ လက်ကိုင်တုတ် (proxy) တွေမွေးပြီး အချင်းချင်းလှည့်ပတ်ရန်တိုက် သိက္ခာချတယ်။ စီးပွားရေးကပ်ပါးတွေ( Crony ) ကို မတရားအခွင့်အရေးတွေပေးပြီး လက်ဝါးကြီးအုပ်လုပ်ခိုင်းတယ်။ ဂုဏ်သိက္ခာရှိတဲ့ သတင်းမီဒီယာတွေ မပေါ်လာအောင် လုပ်ပိုင်ခွင့်တွေ ကန့်သတ်တယ်။ အလံရှူးဂျာနယ်တွေ အများကြီး ထုတ်ဝေခွင့်ချပြီး ကျင့်ဝတ်နဲ့ မညီတာတွေဖြစ်လာရင် ဒါဟာ ဂျာနယ်တွေကြောင့် သူတို့ကို ဥပဒေအရ အရေးယူသင့်တယ် ဆိုပြီး နှပ်ကြောင်းပေးတယ်။ အခု သတင်းမီဒီယာလောကမှာ ဖြစ်ပေါ်နေတဲ့တရားစွဲမှုတွေကြောင့် အစိုးရအပေါ်မှာ အထင်အမြင်လွဲမှားစရာတွေ ဖြစ်လာလိမ့်မယ်

အပေါ်က ဆရာခင်မောင်ရင် ရဲ့ ဆောင်းပါးထဲကလို ဒီမိုကရေစီ အတွေ့အကြုံနုနုလေးပဲ ရှိသေးတဲ့ အချိန်မျိုးမှာ သဘောထားကြီးကြီးထားကြဖို့ လိုတယ်ဆိုတာရယ်…။
အဲဒီလို တရားထထစွဲကြသူတွေကိုဖြင့် ဆရာမျိုးညွန့် (popular news) ရဲ့ ဆောင်းပါးထဲကလို ဒီမိုကရေစီဒဏ်မခံနိုင်ကြသူများရယ်လို့ တံဆိပ်တတ်ရမှာ ဖြစ်တဲ့ အကြောင်းရယ်…။
ဝင်ပြီး အာချောင်လိုက်ပါတယ်ခင်ဗျာ။
ပြည်သူပြည်သားအားလုံး ဒီမိုကရေစီဒဏ် ခံနိုင်ကြသူတွေ ဖြစ်ကြပါစေ…။

************************************************************************

ဝက်စ် မင်စတာ နန်းတော်ကြီးထဲက သမိုင်းဝင် နေ့စွဲများနဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒီလိုနေရာမှာ မြန်မာပြည်က မိန်းမတစ်ယောက် မိန့်ခွန်းတက်ပြောခွင့်ရဖို့ဆိုတာ သိတ်တော့ လွယ်လှတဲ့ အခွင့်အရေးတစ်ခု
မဟုတ်ပါဘူး။ မြန်မာပြည်က မှမဟုတ်ပါဘူး။ တော်ရုံတန်ရုံ ကမ္ဘာ့ခေါင်းဆောင်တွေအတွက်လည်း မလွယ်တဲ့ ကိစ္စမျိုးကြီးပါ။
တချို့ကလည်း ကန့်ကွက်ကြသေးတယ်လို့ ကြားရပြန်ပါတယ်။ နောက်ဆုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ
ကမ္ဘာ့ဂန္ထ၀င် ခေါင်းဆောင်တချို့နည်းတူ ဗြိတိန် အထက်နှင့် အောက်လွှတ်တော် ၂ ရပ်စုပေါင်းထားရာ
House of Commons ခေါ် ဗြိတိသျှ ပါလီမန်မှာ မိန့်ခွန်းပြောခွင့်ရရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မတိုင်မီ
ဒီနေရာမှာ မိန့်ခွန်းပြောခွင့်ရခဲ့သူတွေက အမေရိကန် သမ္မတ အိုဘားမား၊ ၁၆ ယောက်မြောက် ပုတ်ရဟန်းမင်းကြီး ဘင်နီဒစ်၊ တောင်အာဖရိက သမ္မတ နယ်စင်မင်ဒဲလား နှင့် ပြင်သစ်သမ္မတ ချားလ်စ် ဒီဂေါ တို့ ဖြစ်ကြပါတယ်။ တကယ့် ဒိတ်ဒိတ်ကျဲ တွေပါ။ ဒီနေရာမှာ မိန့်ခွန်းပြောခွင့်ရတဲ့ နောက်ထပ်အမျိုးသမီးတစ်ဦးရှိခဲ့ပါသေးတယ်။ ဗြိတိန်ရဲ့ ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးပါ။
ဒါ ဒေါ်အောင်ဆန်းစုကြည် အတွက် အင်မတန် ဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့်ပါဗျာ။

**************************************************************************************

လူငယ်ကြိုက် ပေါ့ပ်သတင်းဆန်းဆန်းများ

ဘလက်ချောတို့ကတော့ လုပ်ပြီ။ လူငယ်ကြိုက် ပေါ့ပ် သတင်းဆန်းဆန်းများ.. တဲ့။
ခေါင်းစဉ်ကြီးကိုက လူသောက်မြင်ကတ်မယ့်အပေါက်။
ဘာရယ်မဟုတ်ပါဘူးဗျာ။
အနုပညာလောကက ကျော်ကြားသူ၊ ကျော်ကြားဖို့ ကြိုးစားနေကြသူတွေရဲ့ ဒိုင်ယာလော့ခ်တွေ သတင်းလေးတွေကို စုစည်းပေးထားတာပါ။
ခင်ဗျားတို့ စိတ်တွေထဲမှာ ဆာနေတာလေးတွေ ပါကောင်းပါပါလိမ့်မယ်။ နည်းနည်း သည်းခံပြီး ဖတ်ကြည့်ပေးပါဗျာ။

ဒွေးနဲ့ ထူးအိမ်သင် ရဲ့ အပေးအယူကိစ္စ (newday)
ကိုကြွက်နီကြီး ပြန်ပြောပြတဲ့ ရှေးဖြစ်ဟောင်းအောက်မေ့ဘွယ်လေးပါ။
လာမယ့်ဇူလိုင်လ ၁ ရက်နေ့ကလည်း ကိုငှက်ရဲ့ ၄၉ နှစ်မြောက်မွေးနေ့ကျရောက်မှာမို့ အမှတ်တရတွေလုပ်ဖို့ ပြင်ဆင်နေသူတွေက
ပြင်ဆင်နေကြတဲ့ ကာလကြီးပေါ့…။
ကိုသားကြီးခေါ် ဒွေးကလည်း လူဝင်စားပြန်ဖြစ်တယ်ဆိုပြီး လူတွေက သတိတရဖြစ်နေကြချိန်ကြီးမှာ ကျွန်ုပ်တို့၏
ကိုကြွက်နီခေါ် သိမ်တင်သားက ဖွင့်ချလိုက်တာပါ…။
ကာလတစ်ခုမှာတဲ့ ။ ဆရာကြွက်နီနဲ့ ထူးအိမ်သင်တို့ဟာ လင်း စတူဒီယိုကို ရောက်သွားကြပါတယ်တဲ့။
အဲဒီအချိန် လင်းစတူဒီယိုထဲမှာ ဒွေးနဲ့ ထက်ထက်မိုးဦးကလည်း သီချင်းတိုက်နေကြသတဲ့။
ဒီမှာတင် ထူးအိမ်သင်က ဒွေးကို

ကိုသားကြီး ခင်ဗျားကို ကျွန်တော် သီချင်းဆိုနည်းသင်ပေးမယ်။
ခင်ဗျားက ကျုပ်ကို ရည်းဇားထည်လဲတွဲနည်းသင်ပေး။
ကျုပ်ဗျာ… ရည်းဇားလေး တစ်ယောက်ထားမလို့ ကြံပါတယ်။
ကွိုင်ပူလို့ နောက်ဆုတ်လိုက်ရရောဗျာ

ဆိုပြီး လုပ်ရောတဲ့။
ကိုသားကြီးကတော့ ကားမောင်းပြီး ပြန်ထွက်သွားခဲ့ပါတယ်တဲ့ဗျာ။
တော်တော် နောက်တဲ့ ကိုငှက်။
ဖတ်ရင်းနဲ့ လွမ်းသွားပါတယ်…။
ဘာပဲဖြစ်ဖြစ်ပါ ကွယ်လွန်သွားပြီဖြစ်တဲ့ အနုပညာရှင်စစ်စစ်ကြီး နှစ်ယောက်ရဲ့ အဖြစ်အပျက်လေးတစ်ခုကို ပြန်ပြောပြတဲ့ ကိုကြွက်နီကို ကျေးဇူးတင်ပါတယ်ဗျာ…။

**************************

ဒွေးဝင်စား (OASIS)

ဇွန်လထဲ ရေပန်းစားတဲ့ သတင်းတွေထဲ ဒွေးဝင်စားသတင်းကလည်း တော်တော်ဟော့ခဲ့ပါတယ် ကျောင်းဒကာ။
OASIS ဂျာနယ်ထဲပါတဲ့ ဒွေးဝင်စားအကြောင်းရေးထားတာ လေးတွေကို မိတ္တူကူးပြီး မီးပွိုင့်တွေမှာ တစ်ရွက်တစ်ရာနဲ့ ရောင်းနေကြတဲ့အထိ ပေါက်ပေါက်ရောက်ရောက်ရှိခဲ့တာကို တွေ့ရပါတယ်ဗျာ။
ကျွန်တော်တို့ မန်းဂဇက်မှာတောင် ပို့စ်နှစ်ပုဒ် တက်လာတာ တွေ့လိုက်မိပါသေးတယ်။
လူဝင်စားဆိုတာကို ယုံကြည်သူရော မယုံကြည်ကြသူပါ ရှိနေကြမှာပါ။
ယုံတာ မယုံတာ အသာထား။ OASIS ဂျာနယ်ကတော့ ဒွေးဝင်စားသတင်းနဲ့ ပေါက်ပေါက်မြောက်မြောက်ဖြစ်သွားခဲ့ပြီပေါ့။
ဒွေးဝင်စားသတင်း ဘယ်လောက် ပေါက်သလဲဆိုတော့ မူရင်းသတင်းဆောင်းပါးထည့်ခဲ့တဲ့ OASIS ဂျာနယ်ဟာ ပထမတစ်ပတ်ဂျာနယ်မရလို့ မဖတ်လိုက်ရသူတွေအတွက် နောက်တစ်ပတ်ထုတ်ဂျာနယ်ထဲမှာ မူရင်းအတိုင်း ပြန်ဖေါ်ပြပေးခဲ့ရတဲ့ အထိ ပေါက်ခဲ့တာပါ။ နောက်အပတ်တွေမှာလည်း ဒွေးရဲ့ လုပ်ဖေါ်ကိုင်ဘက် ရုပ်ရှင်လောကသားတွေ ဒွေးရဲ့ ညီတွေ နဲ့ အင်တာဗျူးပြီး အလုပ်ဖြစ်ခဲ့ပြန်ပါတယ်ခင်ဗျာ။ မုဒိတာပွားပါတယ် အိုအေစစ် ဂျာနယ် အယ်ဒီတာများခင်ဗျား။
အခု ကွယ်လွန်သွားရှာတဲ့ ပရိသတ်အချစ်တော် ဒွေး ဟာ လူ့ဘ၀ကို လူဝင်စားအဖြစ်နဲ့ ပြန်လာတယ်ဆိုတဲ့ သတင်းအတွက် ဒွေးရဲ့ဇနီး မိုးမိုးရဲ့ အမြင်အတွေးလေးဖတ်ကြည့်ကြရအောင်ဗျာ။

မေး – ကိုသားကြီးနဲ့ ပတ်သက်ပြီး ခုကြားတဲ့ သတင်းကို မမိုးအနေနဲ့ ဘယ်လို ယူဆပါသလဲ…။

ဖြေ – ယုံတယ်၊ မယုံဘူး ဆိုတာထက် ဟုတ်တယ်ဆိုတာတောင် မမိုးတို့နဲ့သူက ဘာမှ မဆိုင်တော့ဘူးလေ။ ကိုယ့်ယောက်ျားမှမဟုတ်တော့တာ။

မေး – မှန်တာပေါ့။ မမိုးအနေနဲ့ ဘယ်လို စိတ်သဘောထားရှိသလဲ ဆိုတာ သိချင်လို့ပါ။

ဖြေ – ကိုသားကြီးက မမိုးရဲ့ ကျေးဇူးရှင်ပါ။ ဘယ်လိုမှ ဆပ်လို့မကုန်နိုင်အောင် ကျေးဇူးကြီးသူပါ။
(ကျေးဇူးတော့ သိတတ်သားဗျနော..)

မေး – ပထမ မမိုးကို ကိုသားကြီးဝင်စားတဲ့ ကလေးဆိုပြီး ကလေးတစ်ယောက် လာပြသေးတယ်ဆို။

ဖြေ – ဟုတ်တယ်။ ဆရာဦးဝင်းငြိမ်းက အခွေလာပေးတာ။ အဲဒီကလေးကို ရိုက်ထားတဲ့ အခွေတဲ့။ မမိုးခုချိန်ထိ ကြည့်တောင် မကြည့်ဖြစ်ဘူး။ လူကြီးတစ်ယောက်လာပေးလို့သာ ယူထားလိုက်တာလေ။

မေး – ဘာကြောင့်လဲမမိုး။

ဖြေ – မမိုးဘယ်လိုယုံရမလဲ။ ဒါက တိုင်းတာလို့မှမရတာ။ ပြီးတော့ ဘ၀ခြားသွားပြီလေ။ မမိုးမှာလည်း
ကလေးနှစ်ယောက်နဲ့။ နောက် ကိုယ်လည်း အိမ်ထောင်ပြုချင် ပြုမှာပေါ့။

ယုံချင်ယုံ မယုံချင်နေ ဒွေးက လူအဖြစ်ကို ပြန်ဝင်စားတယ်တဲ့ ကျောင်းဒကာကြီးတို့ရေ…။
ကျန်ရစ်သူ ဒွေးကတော်ဟောင်းမိုးမိုးကတော့ ဖီလင်ရှိတော့ဟန်မတူပါ။
အဲဒီသတင်းကလည်း ဇွန်လထဲမှာတော့ အတော်ဟော့ခဲ့တဲ့ သတင်းလေးဖြစ်ကြောင်းပါဗျား။

*******************************

မော်ကင်းဥဒါန်း အပေါ် ပရိသတ်ရဲ့အမြင်ကို စိတ်ဝင်စားနေသေးတဲ့ ဦးပဉ္ဇင်းကြီးကျော်ဟိန်း (ပေါ်ပြူလာ)

ဒီ ဇွန်လထဲ ထူးခြားတဲ့ သတင်းတစ်ပုဒ်က ရိုက်ကူးပြီး ရှစ်နှစ်ကျော်ကျော်လောက် ပြသခွင့်မရခဲ့တဲ့ မော်ကင်းဥဒါန်း ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ပြန်လည်ရုံတင် ပြသခွင့် ရခဲ့ခြင်းဖြစ်ပါတယ်။ သရုပ်ဆောင်အင်အားကောင်းကောင်းနဲ့ ဆလုံလူမျိုးတွေရဲ့ စရိုက်နဲ့သဘာဝကို ပေါ်လွင်အောင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားပါ။
အဲဒီကားမှာ သရုပ်ဆောင်ခဲ့တဲ့ ကျော်ဟိန်းကြီးတောင် အခု ဦးပဉ္ဇင်းကြီး ကိတ္တိသာရ ဘ၀နဲ့ တောထွက်သွားခဲ့ပါပြီ။ ရှစ်နှစ်ကျော်ကြာမှ ပြန်ပြခွင့်ရခဲ့တဲ့ မော်ကင်းဥဒါန်း ရုပ်ရှင်အပေါ် ဦးပဉ္ဖင်းကြီးက စိတ်ဝင်စားမှုရှိနေသေးတယ်ဆိုတဲ့ အကြောင်း လပ်ကီးဆဲဗင်း ပိုင်ရှင် ဦးအုန်းဝင်းက ဒီလိုပြောပြခဲ့ပါသတဲ့။

“ဒီရုပ်ရှင် ပရက်ရှိုးကို ဦးပဉ္ဖင်းဦးကျော် ကြွဖို့ ကျွန်တော်တို့ လျှောက်ထားပါတယ်။ ဦးပဉ္ဖင်းက
မော်လမြိုင်ရောက်နေတယ် လို့ ပြောတယ်။ ဦးကျော်ကို ဖုန်းနဲ့တိုက်ရိုက်လျှောက်ထားတာပါ။ ရောက်ရင်တော့ လာဖြစ်ချင် လာဖြစ်မယ်လို့ ပြောပါတယ်။ နောက်တော့ ဦးပဉ္ဖင်း မော်လမြိုင်မှာ ခရီးလွန်နေတယ်လို့ သိရတယ်။
ဦးပဉ္ဇင်းကတော့ ဒီကားကို ပရိသတ် ဘယ်လိုမြင်လဲလို့ မေးတယ်။ ပရိသတ်က ဦးပဉ္ဖင်းကို စိတ်ဝင်စားမှုရှိတယ်လို့ ပြောဖြစ်တယ်။”

ဟုတ်ကဲ့ လပ်ကီးဆဲဗင်း ပိုင်ရှင် ဦးအုန်းဝင်းရေ။ ဒီတစ်ခါ ဦးပဉ္ဖင်းကြီးကျော်ဟိန်းနဲ့များ ဖုန်းပြောဖြစ်ခဲ့ရင် ပရိသတ်အသံကို ပြောပေးပါခင်ဗျာ။ တောထွက်သွားသူကြီး ဘုရားအလုပ်တရားအလုပ်တွေလုပ်နေချိန်မှာ
ဒီဘက်ပြန်စိတ်လည်လာမှာမျိုးတော့ မမြင်ချင်ပါဘူး ကိုအုန်းဝင်းရေ။ စိတ်ဖြောင့်ဖြောင့်နဲ့ ဘုရားတရားအလုပ်လုပ်နိုင်အောင်
ပြန်ပြောပေးလိုက်ပါဗျာ။ ပရိသတ်က ဦးကျော်ဟိန်းကို လုံးဝ စိတ်မ၀င်စားတော့ပါဘူးလို့။
အမှန်ပြောတဲ့စကားကို ညာပြောတဲ့စတိုင်နဲ့ ပြောလိုက်တာ။
ခင်ဗျားတို့ရော စိတ်ဝင်စားကြသေးလားဗျ…။
****************************************

လှည်းတန်းက မှုခင်းဖြစ်ရပ်ကို အခြေခံပြီး ပညာပေးဇာတ်ကားပြန်ရိုက်ဦးမယ့် ဒါရိုက်တာ မောင်မျိုးမင်း (ပေါ်ပြူလာ)

ချစ်သူကို လက်ဖျားနဲ့တောင် မထိရက်နိုင်တယ်
အလှလေး ပွန်းပဲ့သွားရင် ကိုယ်ရင်ကျိုးရချည့်ရဲ့…
လို့ ရေးခဲ့ဆိုခဲ့တဲ့ ဖိုးခွားကြီးနဲ့ ဖိုးချိုကြီးတို့ကို မျက်နှာပူမိတဲ့ မှုခင်းတစ်ခုလည်း ဇွန်လထဲမှာ ဖြစ်ခဲ့သေးတာပေါ့ ကျောင်းဒကာရယ်။
လှည်းတန်းမှာ ချစ်သူခြင်းစကားများရာက ဓါတ်ဆီလောင်းမီးရှို့သတ်တဲ့အထိ ဖြစ်ခဲ့ရတဲ့ မှုခင်းတစ်ပုဒ်ကလည်း ပရိသတ်ကြား ရေပန်းစားခဲ့ပါတယ်ဗျာ။ ကောလဟာလတွေ အများကြီးကြားခဲ့ရတဲ့ အဲဒီ အဖြစ်အပျက်ကို ဒါရိုက်တာ မောင်မျိုးမင်းက ပညာပေးဇာတ်လမ်း အဖြစ် ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

ချစ်သူခြင်း ရန်ဖြစ်တာနဲ့ပဲ ဒီလောက်အထိဖြစ်သွားတယ်။ တကယ်တော့ ပြန်စဉ်းစားကြည့်ရင် ဒေါသအလျောက်ပေါ့။ တစ်ချိန်ချိန်မှာတော့ အဲဒီလူက နောင်တရနေလိမ့်မယ် ထင်တယ်။ ဒေါသဖြစ်တုန်းခဏမှာ မထိန်းချုပ်နိုင်လိုက်တဲ့ အနာတစ်ခုက ဒီကောင်မလေးရဲ့ ဘ၀တစ်ခုလုံး၊ နောက် သူကိုယ်တိုင်ရဲ့ ဘ၀တစ်ခုလုံး၊ အနာဂတ်တွေအများကြီး ထိခိုက်သွားတယ်။ ဘေးက မဆိုင်တဲ့ လူတွေရဲ့ အနာဂတ်တွေပါ ပါကုန်တယ်။ ဒါတွေကို ပတ်ဝန်းကျင်ကလည်း လက်ပိုက် ကြည့်နေမှာမဟုတ်သလို ဥပဒေကလည်း လက်ပိုက်ကြည့်နေမှာမဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ မင်းမဲ့တိုင်းပြည်လို ဖြစ်နေလို့ မရဘူးလေ။

လို့ မောင်မျိုးမင်းက ပြောပါတယ်ခင်ဗျာ။
ကဲ မြန်မြန်သာရိုက်ပါဗျာ။
ကျွန်တော်တို့တုန်းကလည်း အချစ်ကြီးရင် အမျက်ကြီးခဲ့ကြတာပါပဲ။
ဒီနေ့ခေတ် လူငယ်တွေရဲ့ အချစ်ကြီးလို့ အမျက်ကြီးပုံကြီးက မကြားဝံ့မနာသာဗျာ…။
ဓါတ်ဆီလောင်း မီးရှို့သတဲ့။
သူကြီးပြောသလိုပြောရရင် အင်း… စံနစ်ကြောင့်မဟုတ်ဘူး၊ စံနစ်ကြောင့်မဟုတ်ဘူး။ ဟေးဟေး။
*********************************************

သင်ဇာဝင့်ကျော် သီလရှင် ၀တ်မလို့တဲ့ (နံနက်ခင်း)

ဒီနှစ်သင်္ကြန်မှာ အရမ်းအရမ်းကို ဖလန်းဖလန်းဖြစ်ခဲ့ပြီး ကျော်ကြားခဲ့တဲ့
ကျွန်ုပ်တို့ အစ်ကိုကာလသားတွေရဲ့ အိပ်မက်မင်းသမီးလေး သင်ဇာဝင့်ကျော်တစ်ယောက်
ဒီနှစ်ထဲမှာကျရောက်မယ့် မွေးနေ့မှာ သီလရှင် ၀တ်မလို့တဲ့ ကျောင်းဒကာတို့ရေ။
ကျောင်းမှန်ကန်မှန်းသိအောင် လွှတ်သာထားလိုက်။

ဒီနှစ်ထဲမှာ အညံ့တွေများနေတယ်။ မကြာခဏလည်း အပြောခံနေရတယ်။
အညံ့တွေလည်း ပြေသွားအောင် သီလရှင်ဝတ်ဖို့ ဆုံးဖြတ်လိုက်တာပါ။

တစ်လတောင်ဝတ်မှာတဲ့ ဦးလေးတို့ရေ။
အင်း… တစ်လလောက် မျက်စိနောက်သက်သာ နည်းလား… ဆိုတဲ့ အတွေးမျိုးတော့ မတွေးကြပါနဲ့ ဗျာ။
တစ်သက်လုံး ၀တ်ချင်စိတ်ပေါက်သွားရင်…. ရင်ကျိုးတဲ့သူတွေက ကျိုးနေကြဦးမှာ မြင်ယောင်သေး ဟေးဟေး။
****************************************************

သိန်းငါးရာခန့် ရှုံးနေသော်လည်း ကားသစ်စီးဆဲ နန်းစုရတီစိုး (နံနက်ခင်း)

နန်းစုရတီစိုးလေးရဲ့ အွန်လိုင်းပေါ်က ကောလဟာလသတင်းတွေကို ခင်ဗျားလည်း ဖတ်ဘူးမှာပေါ့ ကျောင်းဒကာကြီးရေ။
အခု နန်းစုလေး ပြောပြတဲ့ ကားပုံပြင်လေး နားထောင်ကြည့်ရအောင်ဗျာ…။ ပထမဆုံး နန်းစုစီးခဲ့တဲ့ ကားတွေအကြောင်းနည်းနည်းတော့ အင်ထရိုဝင်ပေးထားမယ်ဗျာ။

နန်းစုရတီစိုးက ပထမ မာစီဒီးကား စီးနေရင်းက ၂၀၀၇ မော်ဒယ် အာဖတ်ကားကို လွန်ခဲ့သော ၁ နှစ်ခန့်က ပြောင်းလဲ စီးခဲ့ပါတယ်တဲ့။
ကားပြောင်းသူတို့ရဲ့ ထုံးစံအတိုင်း ဒီအချိန်မှာ အရှုံးလည်းပေါ်ခဲ့ပြီး ယခုစီးနေတဲ့ အာဖက်ကားကို သိန်း ၉၅၀ နဲ့ ၀ယ်စီးခဲ့ပေမယ့်
ယခုအခါ သိန်း ၄၅၀ ကျော်သာ ရှိပါတော့တယ်တဲ့။ အဲဒီအတွက် သိန်း ၅၀၀ ကျော် အရှုံးပေါ်နေတာမို့
အရောင်းအ၀ယ်မလုပ်တော့ပဲ ကိုယ်တိုင်ပဲ စီးနေပါတော့တယ် တဲ့။

ဖတ်ရင်းနဲ့ သောက်မြင်တောင်ကတ်လာတယ်။ မာစီဒီးတွေရော သိန်း ၉၅၀ တွေရော၊ သိန်း ၅၀၀ ရှုံးနေတာတွေရော
အလုံးကြီးတွေနဲ့ ရှုပ်ယှက်ကို ခတ်နေတာပဲ…။
ကဲ နားထောင်လို့ရပြီ။ နန်းစုပြောတဲ့ ကားပုံပြင်။

အဲဒီကားကို သမီးတို့ဝယ်တုန်းက ပေါက်ဈေးက သိန်း ၁၅၀၀ ရှိပါတယ်။ သမီးအဖေက ဂျပန်မှာဆိုတော့ တိုက်ရိုက်သွင်းတာကြောင့် သက်သာသွားတာ။ ဒါတောင် ရှုံးသေးတယ်ဆိုတော့ ၁၅၀၀ နဲ့ ၀ယ်စီးတဲ့သူတွေ ဘယ်လောက် ရှုံးမလဲ တွက်ကြည့်ပါတော့။ အာဖက် ကားလေးက စီးရတာ တော်တော် အဆင်ပြေတယ်။ လူလည်း ၇-၈ ယောက်လောက် စီးလို့ရတယ်။ ရှုတင်ပစ္စည်းလည်း အပြည့်တင်လို့ရတယ်။ နယ်ထွက်လို့လည်း ကောင်းတယ်။ ဒါကြောင့် ဒီကားပဲ စီးနေပါတယ်။ ကိုယ့်ဘာသာ အင်တာနက်ကို မွှေနှောက်ပြီး တစ်စီးမှာထားသေးတယ်။ ၂၀၁၀ မော်လ်ဒယ် ၁၃၀၀ စီစီ ကားလေးတွေ၊ သိန်း ၁၅၀၊ ၁၈၀ လောက်နဲ့ ရတယ်ဆိုလို့ မှာတာပါ။ ကိုယ့်ဘာသာ အပြင်လေးဘာလေး သွားရင် စီးဖို့ပေါ့။ လုပ်ငန်းသုံးတော့မဟုတ်ပါဘူး။ အပြာရောင်စပေါ့တိုက်ပ်လေးပါ။ ပြိုင်ကားပုံစံလေးပါ။ ဇွန် ၁၀ ရက်နေ့ရောက်မယ်။ အဖေ့ဆီကပဲ လေလံဆွဲလိုက်တာ

စိတ်ထဲရှိတဲ့အတိုင်းပြောရရင် နန်းစုရတီစိုး ကို မြင်လိုက်ရင် စိုင်းစိုင်း ရဲ့ ခင်ကြီးကျယ် ဆိုတာကြီးပဲ သွားသွားမြင်မြင်နေမိတယ်။
မင်းသမီးက သရုပ်ဆောင်ကောင်းတာပဲလား၊ ဒါရိုက်တာကပဲ အသင်အပြတော်တာပဲလား။
နန်းစုရတီစိုး သာ ခင်ကြီးကျယ်ဆိုတဲ့ ဇာတ်ကောင်နေရာမှာဝင် ဇာတ်ညွှန်းကိုသေခြာရေးပြီး ရုပ်ရှင်သာရိုက်လိုက်ရင် အကယ်ဒမီ တန်းရမှာ မြင်ယောင်မိသေး ဟေးဟေး။
**********************************

ချမ်းမီမီကိုလေး ဘ၀ပျက်ခဲ့ရတဲ့ ဗီဒီယိုဇာတ်ကား (နံနက်ခင်း)

ချမ်းမီမီကို ရဲ့ ဓါတ်ပုံတွေမြင်ဘူးနေတာတော့ ကြာပါပြီ။
အမိုက်စားလေးဗျ။ ဒေါင်ကောင်းကောင်းနဲ့ ကတော်ရုပ်လေး…။
အခုတလော ရေပန်းစားနေတဲ့ စကားလုံးတစ်ခုဖြစ်တဲ့ ဆက်စီ ဖြစ်တယ်ပေါ့ဗျာ။
ဆန့်ကျင်ဖက်ယောက်ျားတွေကို စွဲဆောင်နိုင်စွမ်း မြင့်မားတယ်ပေါ့။
ဘလက် ဆိုတဲ့ ကောင်က ဒါပဲ လိုက်ကြည့်နေတာပဲ လို့တော့ ပြောနဲ့ဗျာ။
သတင်းကဒီလိုဗျ။
အဲဒီကလေးမလေးက ဗီဒီယိုတစ်ကားရိုက်တယ်တဲ့ဗျာ။ ကားနာမည်လေးက သူ့စည်းကိုယ့်စည်း တဲ့။
ဆင်ဆာတွေကလည်း လျှော့ပေါ့ ခွင့်ပြုလာတာကြောင့် ဇာတ်လမ်း အသစ်အဆန်းလေးတွေ ရိုက်ခွင့်ရလာကြပါပြီ…။
ကလေးမလေးက ဇာတ်လမ်းလေး နည်းနည်း ပြောပြတာကို ဖတ်ကြည့်လိုက်တော့…
ကိုးရီးယား NC ဇာတ်လမ်းလေးတွေလို ရင်ခုန်သံမြန်စေတယ်ပေါ့ ဦးလေးတို့ရေ။
ကဲ နည်းနည်း နှိုက်မြည်းကြည့်… အင့်။

သာကေတ မြို့နယ်မှာ တကယ်ဖြစ်ပွားခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်ဇာတ်ကို အခြေခံပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းလို့သိရပါတယ်။ အိမ်ထောင်သည် ဖြစ်သွားတဲ့သားက မိန်းမကို ဖခင်ရဲ့ အိမ်မှာထားခဲ့ရင်းက အတွေ့တစ်ခုမှာ စွဲလမ်းရာက
သုံးပွင့်ဆိုင်ဖြစ်လာတဲ့ ပြသနာလို့ သိရပါတယ်။

တွဲဖက် သရုပ်ဆောင်သူတွေက ရဲရင့်ထူး (မင်းသားသစ်ထင်ပါရဲ့) နဲ့ မင်းဦး တဲ့ဗျ။
ကြည့်ရတာတော့ ယောက္ခမနေရာက မင်းဦးကြီးဖြစ်ဖို့ များပါတယ်။
လုပ်ပလေ့စေ။ သူ့ကံနဲ့သူပဲ နော့…။
ဒီဇာတ်လမ်းမှာ ဘာလို့ ၀င်ပြီး သရုပ်ဆောင်ဖြစ်တာလဲ ဆိုတာကို ချမ်းမီမီကိုလေးက ဒီလိုပြောပြခဲ့ပါတယ်။

မရိုက်ဘူးသေးတဲ့ ဇာတ်မျိုးဖြစ်တာရယ်၊ ပရိသတ်အတွက် တကယ်ပညာပေးနိုင်မယ့် ဇာတ်လမ်းဖြစ်တာရယ်ကြောင့် ရိုက်ဖြစ်တာပါ။ ယောက္ခမနဲ့ ချွေးမဆိုပေမယ့် သွေးမတော်သားမစပ်တဲ့ လူသားနှစ်ယောက် အတူမနေသင့်တဲ့ အကြောင်း
သူ့စည်းကိုယ့်စည်းကို မစောင့်ပဲ စည်းကျော်သွားတဲ့အခါ ဒုက္ခများရတယ် ဆိုတာကို
ညိုစိမ့်ဆိုတဲ့ ကောင်မလေးနေရာက ၀င်ပြီးသရုပ်ဆောင်ခဲ့ပါတယ်။

အေးလေ.. ဆင်ဆာတွေက လျှော့ပေါ့ပေးလိုက်တော့ အရုပ်တွေကလည်း ပိုပြီး လွတ်လပ် ပေါ့ပါးနေမယ်ပေါ့။
ချွေးမနဲ့ ယောက္ခမ ဘယ်လိုညိကြစွန်းကြတယ်ဆိုတာ ပေါ်လွင်အောင် ရိုက်ပြလို့ရတာပေါ့ နော့။
ဒီလို ဇာတ်လမ်းမျိုးက မရှိဘူးတော့ မဟုတ်ပါဘူး။ ရှိကောင်းရှိနေမှာပါ။
ဒါပေမယ့် ယောက္ခမ နဲ့ ချွေးမ ဖေါက်ပြန်ကြတဲ့ ဇာတ်လမ်းမျိုးကြီးတော့ ခွင့်မပြုသင့်ဘူးထင်တာပါပဲ ဦးလေးတို့ရေ။ မတော် သားမက်နဲ့ ယောက္ခမ ဖေါက်ပြန်တဲ့ ဇာတ်လမ်းမျိုးတွေ ထွက်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ ဗျ.. နော့။
အော် ဟန်တောင်မဆောင်နိုင်တော့ဘူး။ ကွန်ဆာဗေးတစ်ကြီးမှန်း လူတွေသိကုန်တော့မှာပဲ။
မကြည့်ရဲလို့ မဟုတ်ဘူးနော်။ ခင်ဗျားတို့ ရိုက်ပြလို့ကတော့ ၄၀ ကျော်ကြီးဘလက်က အဲဒါမျိုးဆို သတ္တိကကောင်းသလားမမေးနဲ့။
မိသားစု အတူကြည့်လို့မသင့်တော်တာကို ပြောချင်တာပါ။
ဘာပဲဖြစ်ဖြစ် ဗီစီဒီအငှားဆိုင်ကို ဘွတ်ကင် သွားတင်ထားဦးမှ။
ချမ်းမီမီကို လေး ချွေးမအဖြစ်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းထွက်ရင် အရင်ဆုံးကြည့်ခွင့်ပေးပါလို့…။
မှတ်မိတယ်နော်… ။
သူ့စည်းကိုယ့်စည်း တဲ့။
ဇာတ်လမ်းလေး နားထောင်လိုက်တာနဲ့တင် ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်ကွယ်။…အာဟိ…။
*****************************************************************

ဆက်စီဖြစ်နေဆဲ သန္တာလှိုင် (8 DAYS)

နွားပျိုသန်လှ နွားအိုပေါင်ကျိုး တဲ့။
ပြောကြတာပဲ၊ ပြောကြတာပဲ။
အခု သန္တာလှိုင်ရဲ့ သန်စွမ်းဆဲ အလှအပတရားများက ဒီနေ့ လန်းပါတယ်၊ ဖလန်းဖလန်းဖြစ်ပါတယ်၊
ဆက်စီ ဖြစ်ပါတယ် ဆိုတဲ့ အမိုက်စား မော်ဒယ်တွေလောက်တော့ သနားသေး ဟေးဟေး…။
အော် ဘလက်ချော ရေးလိုက်တော့မှ သန္တာလှိုင်တစ်ယောက် နွားအိုမကြီးဖြစ်ရပြန်ပြီပေါ့…။
အဲဒီ သန္တာလှိုင်ကြီး ဆက်စီဖြစ်တာက အရေးမကြီးပါဘူး။
ကျွန်တော်တို့လို ဘာသာရေးလိုက်စားသူတွေအတွက်တော့ ပြသနာကြီးတစ်ခုဗျ။
မကြာခင် ၀ါဝင်တော့မယ်လေ။
ဝါတွင်းဆိုတော့ ဥပုသ်လေးဘာလေးစောင့် ရတယ်ပေါ့ဗျာ။
သန္တာလှိုင်ကြီးက အိမ်ထောင်ရှိတဲ့ ကလေးအမေကြီးပါဗျာ။
ဒါပေမယ့် အဲဒီ သန္တာလှိုင်ကြီးက ဓါတ်ပုံ အလန်းစားတွေနဲ့ ကျွန်တော်တို့ ယောက်ျားတွေကို စွဲဆောင်လာတဲ့အခါ….။
ကျိုးပြီပေါ့ ကာမေသု ကံတစ်ပါး။
ဓါတ်ပုံဆြာတွေကလည်း လွန်ကိုလွန်ပါတယ်ဗျာ။
အိမ်ထောင်ရှိမိန်းမတစ်ယောက်မှန်းသိလျက်ကြီးနဲ့ မြင်သူ ပစ်မှားချင်စိတ်ဝင်အောင် ရိုက်ပဲရိုက်နိုင်လွန်း…။
ဘလက် က နှလုံးသားနုနုလေးဗျ။
တောင့်ခံနိုင်စွမ်းကလည်း သေးသေးလေး။
8 DAYS ဂျာနယ်က မျက်နှာဖုံးစီစဉ်သူတွေကို နည်းနည်းတော့ အကြံပေးချင်ပါတယ်။
အိမ်ထောင်မရှိသူတွေကို မျက်နှာဖုံးတင်ကြပါလို့။
လွတ်လွတ်လပ်လပ် အားပေးချင်လွန်းလို့ပါ..။
အော် အနိစ္စ၊ အနိစ္စ၊ အနိစ္စ။
*********************************************************

ကျွန်မ တင်ပါးတွေ တင်းနေတုန်းပဲ တဲ့ (8 DAYS)

ဟောလီးဝုဒ် ဘက် ခဏလောက် လှည့်လိုက်ရအောင်ဗျာ။ အပျင်းပြေပေါ့…။
ကင်မရွန်းဒီးယာ့(ဇ်) ကြီးတစ်ယောက် ဒီနှစ်သြဂုတ်လထဲမှာ အသက် (၄၀) ပြည့်တော့မယ်တဲ့ ဗျာ။
အသက် ၄၀ ပေမယ့် ယောက်ျားတွေကို စွဲဆောင်နိုင်စွမ်းကတော့ နည်းနည်းမှ မလျော့သေးဘူးနော်။
အဲဒီ ၄၀ အရွယ် မိန်းမချောကြီးက ဘယ်လိုတွေ စိတ်ကူးပေါက်တယ်မသိ…။
ကျွန်မတင်ပါးက အသက်(၂၀) တုန်းကထက် အခုပိုပြီး တင်းရင်းကျစ်လျစ်ပါတယ်။
တဲ့။
ပြောချလိုက်ပါရောလား။
အင်း ဒီမိန်းမကြီးနဲ့တော့ ခက်နေပြန်ပါပြီဗျာ။
ဒီလောက် တင်ပါးလေးတွေနဲ့တော့ နိုဇိုးမိကြီးကို မြှူဆွယ်လို့ရမယ်မထင်။
ဒီလူကြီးက ဂျနီဖာလိုပက်ဇ် ကြီးရဲ့ တင်ပါးတွေ မှ တင်ပါးလို့ ထင်နေတာဗျ။
အော် အနိစ္စ၊ အနိစ္စ၊ အနိစ္စ။
***********************************************************

ယူရို ၂၀၁၂ ကိုဂုဏ်ပြုတဲ့ တင်ပါးပြပွဲ (8 DAYS)

ကင်မရွန်းဒီးယာ့(ဇ်) ကြီးရဲ့ အသက် ၄၀ အရွယ် မိန်းမတစ်ယောက်ရဲ့ တင်ပါး ကိစ္စပြီးတော့
ကျင်းပနေဆဲ ယူရို၂၀၁၂ ကို ဂုဏ်ပြုကြတဲ့ စန္ဒီမြင့်လွင် နဲ့ ၀ါဆိုမိုးဦးလေးတို့ရဲ့ တင်ပါး ကိစ္စကလည်း
မပြောပဲ ချန်ထားခဲ့လို့ မရနိုင်အောင်ကို စွဲဆောင်မှုရှိလွန်းလှပါတယ်။ မဖြစ်မနေ ဂုဏ်ပြုရမယ့် ပုဂ္ဂိုလ်ကတော့
8 DAYS ဂျာနယ် မျက်နှာဖုံးတွေကို ထူးခြားတဲ့ ရိုက်ချက်တွေနဲ့ ပံ့ပိုးပေးနေတဲ့ ဓါတ်ပုံဆရာအေးဇော်မိုးပါဗျာ။
အခုနောက်ပိုင်း 8 DAYS ဂျာနယ် ရဲ့ မျက်နှာဖုံးဓါတ်ပုံလေးတွေဟာ ဂျာနယ်ဝယ်ဖတ်သူတွေ သတိမပြုပဲ မနေနိုင်လောက်အောင်
စွဲဆောင်မှု ရှိနေတာကို အသိအမှတ်ပြုပေးကြရအောင်ပါ ။
ဘလက် တောင် အေးဇော်မိုးရဲ့ ရိုက်ချက်တွေကြောင့် အပတ်စဉ် ၀ယ်တဲ့ ဂျာနယ်စာရင်းထဲ 8 DAYS ဂျာနယ် ကို ထည့်ထားရတဲ့ အထိ အောင်မြင်ပါပေတယ်။
အော် … အပုတ်ကောင်တွေ၊ အပုတ်ကောင်တွေ။
ဟုတ်တယ် မိန်းမဆိုတာ အပုတ်ကောင် ရုပ်ဆောင်နေကြတာလို့ ရွာက ဘုန်းကြီးပေးတဲ့ တရားတစ်ခုမှာ နာခဲ့ဘူးပါတယ်။
ခက်တာက ဘလက် ဆိုတဲ့ ကောင်ကလည်း အပုတ်ကြိုက်ကြီးဗျ။ ကောင်းရော…။

တင်ပါးကိစ္စဘက် ပြန်လှည့်ကြရအောင်ပါ ကျောင်းဒကာ…။
8 DAYS ဂျာနယ်က ယူရို ၂၀၁၂ ကိုဂုဏ်ပြုတယ်ပေါ့ဗျာ။ ဂျာနယ်မျက်နှာဖုံးကို စန္ဒီမြင့်လွင်ကြီးနဲ့ ၀ါဆိုမိုးဦးလေး တွဲပြီး ဓါတ်ပုံရိုက်တယ်ပေါ့။
အဲဒီမှာ တင်ပါး ကိစ္စပြောစရာရှိလာခဲ့တာပေါ့ ကျောင်းဒကာရဲ့ ။ မော်ဒယ်နှစ်ယောက်ရဲ့ ၀တ်ပုံစားပုံနဲ့ ဟန်ပန်တွေက တင်ပါးတွေ အသားပေးထားလို့ ဆက်စီဖြစ်နေပေမယ့် ၀ါဆိုမိုးဦးလေးရဲ့ ဆွိဖြစ်တဲ့ မျက်နှာပေးလေးနဲ့ ပြန်ထိမ်းပေးထားတော့ ရိုးရိုးလေးနဲ့ ဆွဲစောင်မှုရှိသော မျက်နှာဖုံး ဖြစ်ခဲ့ပါတယ်ဗျာ။ (စွတ်တင်နေတော့တာပဲ … လူဆိုး)
ဘောလုံးပွဲ သွားကြည့်ကြမယ့် ဖက်ရှင်စတိုင်တွေနဲ့ လတ်ဆတ်လန်းဆန်း ဖလန်းဖလန်း … ဖြစ်နေကြသော ၀ါဆိုမိုးဦး (အင်္ဂလန်အားပေးတဲ့ ၀တ်စုံ ၀တ်ဆင်ထားသူလေး) နဲ့ စန္ဒီမြင့်လွင် (အီတလီအားပေးတဲ့ ၀တ်စုံဝတ်ဆင်ထားသူလေး) တို့ ရဲ့ စွဲဆောင်မှုတွေ ကို နှိုင်းယှဉ်ကြည့်တဲ့အခါ ဒိုင်ဘက်လိုက်တယ်ပဲ ဆိုဆို ၀ါဆိုမိုးဦးလေးရဲ့ စွဲဆောင်မှု ကို အနိုင်ပေးခွင့်ပြုပါ ဦးလေးကျောင်းဒကာတို့ရေ။
(အော် လက်တွေ့မှာတော့ ၀ါရင့် ကစားသမားကြီး စန္ဒီမြင့်လွင်လေးရဲ့ အီတလီအသင်းက
ပင်နယ်တီနဲ့ အနိုင်ရပြီး နောက်တစ်ဆင့်တက်သွားခဲ့ပါပြီဗျာ…။ )
အော် အနိစ္စ၊ အနိစ္စ၊ အနိစ္စ…။
ပြီးတော့ သူတို့နှစ်ယောက်ကို ပေါ့ပေါ့ပါးပါး ဗျူးထားတာလေးတွေလည်း နည်းနည်းလောက် ထည့်ပြောဦးမှပါဗျာ။
စန္ဒီမြင့်လွင် က တောရက်စ် နဲ့ စပိန်အသင်းကို ကြိုက်ပါတယ် တဲ့။
(၀တ်ထားတော့ အီတလီ ဖက်ရှင်စတိုင်နဲ့။… ဘာလော့တယ်လီလေးလည်း မိုက်ပါတယ် သမီးရဲ့…။ )
ဝါဆိုမိုးဦးလေးရဲ့ အဖြေကတော့ ပွင့်လင်းမြင်သာလွန်းပါတယ်ဗျာ။
စပိန်အသင်းကို ကြိုက်ပါတယ် တဲ့။
(အော် … အင်္ဂလန် ဖက်ရှင်စတိုင်ကြီး ၀တ်ပြီး စပိန်သွားကြိုက်နေပြန်ပါပြီ။)
သူ့အကြိုက်ကစားသမားကျတော့ ငဇင်ကာတို့ အမျိုးဗျ။
ရော်နယ်ဒို (ဒိုလေး) ကိုအကြိုက်ဆုံးပဲ။
ဒိုလေး ကို ဘာလို့ ကြိုက်ရတာတဲ့တုန်းဗျာ။
ဒိုလေးက အရမ်းချောလို့ (ရယ်လျက်)။
မိန်းကလေးတန်မဲ့ ဆိုတဲ့ ကွန်ဆာဗေးတစ်အတွေးတွေ မတွေးပါနဲ့ ဦးလေးရယ်။ ပြောပါစေ။
ဟိုက ပြန်ကြားရမှာမှ မဟုတ်တာ။ လစ်ဘရယ်ဆန်ဆန် တွေးပါဗျ…။
ပရိသတ်တစ်ယောက်အနေနဲ့ အကြိုက်ဆုံးဘောလုံးသမားကို ဘယ်လိုပုံစံမျိုး လက်ခုပ်တီး အားပေးဖြစ်မှာပါလဲ ဆိုတဲ့ မေးခွန်းလေးမှာ စန္ဒီမြင့်လွင် ရဲ့ အဖြေကိုဖတ်ပြီး ရင်ထဲ ကတုံကယင်ကြီးဖြစ်လာလို့ ရေထသောက်လိုက်ရပါရောလားဗျာ။
ဘောလုံးပွဲ ကြည့်ပြီး အားတက်သရောနဲ့
သွင်းတော့လေ၊ သွင်းတော့လေ ဘာလုပ်နေတာလဲ ဆိုပြီး သူများတွေအော်သလိုမျိုး အော်မိမှာသေချာတယ်…။

တဲ့။
ပြောပလေ့စေ…။ စိတ်လွတ်လက်လွတ်…။
ဘောလုံးပွဲဆိုမှတော့ အဓိကက ဂိုးသွင်းဖို့ ပဲ။ ဘာမှ သွယ်ဝိုက်နေစရာမလိုဘူး… အဓိကက အဓိကပဲ။ ဟေးဟေး။
ခင်ဗျားတို့လည်း မြန်မာနေရှင်နယ်လိဂ် ပွဲတွေသွားကြည့်ရင်
ဖြောင်း ဖြောင်း ဖြောင်းဖြောင်းဖြောင်း ရန်ကုန် တွေဘာတွေလုပ်မနေကြနဲ့တော့…၊ စန္ဒီမြင့်လွင် လေးအားပေးသလို သွင်းတော့လေ သွင်းတော့လေ ဘာလုပ်နေတာလဲ
လို့ သံပြိုင်အော်ပြီးအားပေးကြတော့…၊ ဟေးဟေး။
အပျော်ပါဗျာ…။
****************************************************************

တစ်သောင်းတန် ထွက်ပြီ

ဇွန်လထဲမှာ တစ်သောင်းတန် ငွေစက္ကူသစ် ထုတ်ဝေလာပါတယ်။
ဟဲဟဲ… ငွေတွေကို မြွေရေခွန်အိတ်နဲ့ ထည့်ထည့် သယ်နေရတာ စိတ်ပျက်တယ်လို့ ညည်းညည်းနေတဲ့ ခရိုနီကြီးတွေ အကြိုက်ပေါ့…။
အော် ငါးထောင်တန်တောင် ကောင်းကောင်းမကိုင်ဘူးသေးတဲ့ ဘလက်ချောတို့လို ဆင်းရဲသားပြည်သူလူထုတွေအတွက်တော့
ဝမ်းနည်းရမှာလား ၀မ်းသာရမှာလား အဖြစ်မျိုးကြီးပေါ့။
စိတ်ကောင်းလေး မွေးစမ်းပါ ဘလက်ချောရယ်။ ထုတ်နိုင်သလောက် ထုတ်ကြစမ်းပါစေ…။
ဒီတစ်သောင်းတန်မှာ ပါတဲ့ အဓိက ပုံရိပ်က ဆင်ဖြူတော် တဲ့ဗျာ။
တော်သေးတယ်။ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းထဲက ဗညားနွဲ့မင်းသားစီးတဲ့ ဆင်တော် ငချစ်ခိုင် မဟုတ်လို့..။
အမျိုးသားခေါင်းဆောင်ကြီးတွေ ပုံရိပ်ကတော့ ပိုက်ဆံတွေပေါ်တက်လာဖို့ မရှိတော့ဘူးလို့ ယူဆရတာပါပဲ။
ငွေဈေးတွေလည်း တက်ခဲ့တယ်ပေါ့ ဦးလေးရယ်။
အဲဒီ ငွေဈေးတွေတက်တာကပဲ သူတို့ရဲ့ ရည်ရွယ်ချက်ဆိုလား…။ ပြောကြတာပဲဗျာ…။
တက်တက်၊ ကျကျ ကိုယ့်လက်ထဲမှာ ရှိမနေတော့ စိတ်အေးလက်အေး နေလို့ရတာပဲ ပေါ့ နော့။
**************************************************************************

ထူးအိမ်သင်သမီးလေး ၁၀ တန်းအောင်ပြီတဲ့ (newday)

ဝမ်းနည်းဝမ်းသာ သတင်းလေးတစ်ခု ပြောပြချင်တယ်ဗျာ။
လာမယ့် ဇူလိုင်လ ၁ ရက်နေ့ဟာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ကိုငှက် ခေါ် ထူးအိမ်သင်ရဲ့ ၄၉ နှစ်ပြည့်မွေးနေ့တဲ့ဗျာ။
အော် ကိုငှက် ကွယ်လွန်သွားတာတောင် ၈ နှစ်ပြည့်တော့မယ် ကျောင်းဒကာ။ ကျန်ရစ်ခဲ့ရှာတဲ့ ကိုငှက်ရဲ့ သမီးလေး
မိကွန်ထော(နန့်မေချစ်) တောင် ဒီနှစ် ၁၀တန်းကို 5D နဲ့ အောင်ခဲ့ပါပြီဗျာ။ မိကွန်ထောလေးဟာ သွေးမကြည့်ရဲလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆေးကျောင်းမတက်ပါဘူးတဲ့။ U.F.L ကဖွင့်တဲ့ အင်္ဂလိပ်စာပဲ တက်ချင်ပါတယ်တဲ့။
နားစွန်နားဖျားကြားမိတာလေး ဝေမျှပေးတာပါ။
*************************************************************************

ဝယ်ကြဦးမလား အပျိုပြန်ဖြစ်ဆေး (VENUS NEWS)

အဲဒီမှာစတွေ့တာပဲ ခင်ဗျ။
မကြားဝံ့ မနာသာဗျာ။ အပျိုပြန်ဖြစ်ဆေးတဲ့။
နိပ်ဟ။ အတည်ပေါက်သတင်းကြီးနော် ကျောင်းဒကာ…။
ရန်ကုန်မြို့က ဆေးဆိုင်တွေမှာ လွယ်လွယ်ကူကူ ကြီးကို ရနိုင်တာတဲ့..။
ဝယ်ယူအသုံးပြုမှုလည်း များပြားနေပါသတဲ့…။
ကွယ်…သုံးပါလေ့စေ။
တွင်တွင်ကျယ်ကျယ် ကြီးကို သုံးပါလေ့စေ။
ကမ္ဘာ့ အပျိုစင် အများဆုံးတိုင်းပြည် ဆိုတဲ့ နာမည်နဲ့ ဂင်းနစ်စာအုပ်ကြီးထဲ ရောက်ချင်ရောက်ပါလေ့စေ။
ကဲချင်တိုင်းကဲ ကွဲချင်တိုင်းကွဲကြပြီးမှ အပျိုပြန်ဖြစ်ချင်သူတွေ အတွက်တော့ … အိုကေမယ်ပေါ့ ကျောင်းဒကာရယ်။
အောင်မယ် ဈေးနှုန်းတွေတောင် ဖေါ်ပြထားသေးဗျာ။
အနိမ့်ဆုံး ၂၀၀၀ ကျပ်ကနေ အမြင့်ဆုံး ၃၀၀၀၀ ကျပ်အထိရှိပြီးတော့ လိမ်းဆေး၊ သောက်ဆေး၊ ဆပ်ပြာဂျယ် စသည်ဖြင့် အမျိုးအစား စုံလင်စွာရရှိနိုင်ပါတယ်
တဲ့ ။
ရရှိနိုင်မယ့် နေရာတွေလည်း ဖေါ်ပြပေးပါရစေ အရပ်ကတို့ရေ။ ပို့မယ့်ပို့ ဆိုင်အရောက်ပို့တာပေါ့ဗျာ။
မဆဲခင် ကြိုပြောထားမယ်နော်…။ မူရင်း အတိုင်းပြန်ရေးပြထားတာပါဗျာ။ ရော့ ဖတ်ကြည့်ဗျာ။

အဆိုပါ အမျိုးသမီး အင်္ဂါ ကျဉ်းဆေး (အပျိုပြန်ဖြစ်ဆေး) များအား သာမန် ဆေးဆိုင်များတွင်လည်း
ရရှိနိုင်သကဲ့သို့ စူပါမားကက်များတွင်လည်း ရောင်းချနေသည်ကို တွေ့ရှိရသည်

တဲ့။
ဒါမျိုးမှ တကယ့် သတင်းဆန်းဗျ…။

*****************************************************************************

ဇွန်လရဲ့ သတင်းမိုးစက်များ

ဇွန်လအတွင်း ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာအရေးကလည်း မြန်မာပြည်တွင်းကို လူမျိုးခြားတွေတဖြည်းဖြည်းချင်း စိမ့်ဝင်နေတယ်ဆိုတာ ခေါင်းလောင်းထိုးပြ သလိုဖြစ်ခဲ့လို့ တန်ဘိုးရှိသောပြသနာတစ်ခုဖြစ်ခဲ့ပါတယ်။ ရခိုင်တင်မက တခြားပြည်နယ်တွေကနေ တခြားလူမျိုးတွေ စိမ့်ဝင်နေတယ်ဆိုတာလည်း သတိပြုမိခဲ့ကြပါတယ်။ မှတ်ပုံတင်နဲ့ ပိုက်ဆံရှာစားခဲ့ကြတဲ့ လ၀က ၀န်ထမ်းတွေကို ပျင်းပျင်းထန်ထန်အရေးယူဖို့ လိုနေပြီဆိုတာလေးလည်း သတိပြုမိသွားကြမယ်လို့ ယုံကြည်ရပါတယ်။
ထူးထူးခြားခြားသတိပြုမိတာလေးတစ်ခုက ရခိုင်အရေးမှာ ပြည်သူလူထုဟာ တပ်မတော် ကို အားကိုးနေကြဆဲဆိုတာလေး တွေ့ခဲ့ရတာပါ။ တပ်မတော်အနေနဲ့လည်း ပြည်သူလူထုရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ လိုပါတယ်။ အရေးကြုံလျှင် ပြည်သူလူထုရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးဖို့လည်း လိုပါတယ်။ နိုင်ငံတော် လူကြီးမင်းတွေ အနေနဲ့ကလည်း တပ်မတော်နဲ့ အင်ပြည့်အားပြည့် နှိမ်နင်းရင်ရပေမယ့် သံတမန်ရေးရာကိစ္စတွေကလည်း တစ်ဖက်က ရှိနေပြန်တော့ သတိကြီးကြီးထား တုန့်ပြန်နေရပုံရပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခများအကြား ဒုက္ခရောက်နေကြသူများကို သွားရောက်လှူဒါန်းကူညီကြတဲ့ အဖွဲ့တွေလည်း ရှိခဲ့ပါတယ်။ သူဌေးတွေကလည်း သူဌေးတွေအထွာနဲ့ လှူနေကြပြီး အခြေခံလူတန်းစားများကလည်း တတ်နိုင်သလောက် ၀ိုင်းဝန်းလှူဒါန်းနေကြတာ ပီတိဖြစ်စရာ ကောင်းပါတယ်။ ကျွန်တော်တို့ မန္တလေး ဂဇက်ကတောင် ရခိုင် ပြည်နယ်အတွက် တတ်နိုင်သလောက် ၀ိုင်းဝန်းကူညီကြဖို့ ကြိုးပမ်းနေကြပါပြီ။
ဇွန်လအတွင်း တော်တော် ထူးခြားသည်ဟု ပြောနိုင်သော စကားတစ်ခွန်းကို ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်းက စင်္ကာပူမှာကျင်းပတဲ့ Shangri La Dialogue မှာ ပြောကြားခဲ့ပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲသို့ ရောက်နေသော တပ်မတော်သားကိုယ်စားလှယ် ၂၅ % ကို လျှော့ချရန် အချိန်ယူရမည်ဖြစ်ကြောင်း၊ သင့်တော်သည့်အချိန်ကိုရောက်လာပါက အပြောင်းအလဲလုပ်မည်ဖြစ်ကြောင်း
တပ်မတော်ရဲ့ သဘောထားအမှန် လို့ ယူဆပြီး ကာကွယ်ရေးဝန်ကြီးရဲ့ စကားကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြရမှာ ဖြစ်ပါတယ်။
ဇွန်လအတွင်းမှာ ထူးခြားတဲ့ သတင်းတစ်ပုဒ်ကတော့ သန့်ရှင်းသော အစိုးရ အကောင်အထည်ဖေါ်မည်လို့ ပြည်သူကို ကတိပေးထားတဲ့ အစိုးရအနေနဲ့ အကောက်ခွန်ဦးစီးဌာန ညွှန်မှူး နှစ်ဦးကို ရာထူးမှ အနားပေးလိုက်ပြီး ၀န်ထမ်း ၃၃ ဦးကို ရာထူးတစ်ဆင့်ချကာ ၀န်ကြီးဌာနပြောင်းရွှေ့လိုက်တဲ့ သတင်းဖြစ်ပါတယ်။
ဘာတွေ ဘယ်လို သွားစားလိုက်လည်းမှ မသိတာ။ လက်ခုတ်တီးပြီး အားပေးကြမယ်ဗျာ။
ဇွန်လထဲမှာပဲ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲက ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အအုံ ပြန်လည်ဆောက်လုပ်ခွင့်ပြုဖို့ သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်ဗျာ။
ဝမ်းနည်းစရာသတင်းတစ်ပုဒ်ကတော့ ၀ါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းဟာ နာတာရှည် အဆုတ်ရောဂါနဲ့ SSC ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်ဗျာ။ ဆရာကြီး ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။
ဇွန်လအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်ပုံရိပ်များက ဂျာနယ်မျက်နှာဖုံးများကို သိမ်းပိုက်ထားနိုင်ခဲ့ပါသည်။ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို လက်ခံရယူတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံဟာ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးကို သိမ်းကျုံးဖမ်းစားလိုက်နိုင်တယ်လို့ ပြောလို့ရပါတယ်ခင်ဗျာ။ ကျက်သရေရှိလိုက်တဲ့ ဓါတ်ပုံ။ ဒီဓါတ်ပုံဟာ သမိုင်းဝင်ဓါတ်ပုံတစ်ပုံဖြစ်ခဲ့ပြီပေါ့…။

အားလုံးကို လေးစားခင်မင်တဲ့
OUTSIDER ဘလက်…

black chaw

About black chaw

black chaw has written 332 post in this Website..