တွေ့နေ၊မြင်နေတာတော့ ကြာပါပြီ။ အခုတစ်လောမှာ ပိုပြီးသတိထားမိလာလို့ပါ။  ကိုယ့်ကိုယ်ကိုပဲ ဦးစားပေးမှုတွေ တွေ့လာရပါတယ်။ မိမိကိုယ်သာ အချစ်ဆုံးဆိုတာကိုတော့ သိပါတယ်။ ဒါပေမယ့် ကိုယ်ချင်းစာမှု၊ စာနာမှု၊ ညှာတာမှုတွေဆိုတာ ရှိသင့်တာပဲမဟုတ်လား။ အထူးသဖြင့် bus ကားပေါ်မှာပါ။

အခုခေတ် bus တွေအကြောင်းကိုလည်း အားလုံးသိတဲ့အတိုင်းပါ။  အထူး  ဆိုပေမယ့်လည်း မထူးမခြားပါပဲ။ လူကြပ်မြဲ၊ တိုးစီးရဆဲပါ။  ကိုယ်လိုလူငယ်တွေတောင် ကားတိုးစီးရတာ တော်တော့ကိုပင်ပန်းတဲ့ ကိစ္စပါ။  သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေဆိုရင်တော့ မပြောပါနဲ့တော့။ လူကကြပ်၊ ကိုင်စရာက မမှီမကမ်းနဲ့ အတော်ကိုဒုက္ခရောက်ကြတာပါ။  အဲဒါတွေကို မြင်နေတာတောင် အေးအေးဆေးဆေး ထိုင်စီးနိုင်တဲ့လူတွေကို မြင်ရတာ တော်တော်ကို စိတ်တိုပြီး၊ ဒေါသထွက်ချင်စရာပါ။  ကိုယ်ထိုင်တဲ့နေရာကို မဖယ်ပေးချင်ရင်တောင်  ပစ္စည်းလေးတွေတော့ ကိုင်ပေးသင့်ပါတယ်။ ကိုယ်ထိုင်စရာမရတဲ့အခါမှာ ကြုံရတာတွေကို ပြန်တွေးပြီး ကိုယ်ချင်းစာကြည့်ဖို့ကောင်းပါတယ်။ ကိုယ့်ဂုဏ်ကိုယ်ဖော်တာတော့ မဟုတ်ပါဘူး။ ငြိမ်းဆို ကားစီးရင် တစ်လမ်းလုံးထိုင်စီးလာရတာရှားပါတယ်။  စတက်တက်ချင်း နေရာရပေမယ့် ရဟန်းသံဃာတွေ၊ သီလရှင်တွေ၊ သက်ကြီးရွယ်အိုတွေတွေ့ရင် နေရာဖယ်ဖယ်ပေးတတ်လို့ပါ။  ကလေးလေးတွေဆိုလည်း ပေါင်ပေါ်ထိုင်ခို်င်းလို့ရရင် ထိုင်ခိုင်းတယ်။ မရလည်း နေရာဖယ်ပေးလိုက်ပါတယ်။  သူတို့ကိုတွေ့ရင် ဆက်ထိုင်နေလို့မရတော့ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေကျတော့လည်း ထပေးလို့အဆင်မပြေတဲ့ အခါမျိုးနဲ့ကြုံရင်တော့ စိတ်မကောင်းစွာနဲ့ပဲဆက်ထိုင်နေရပါတယ်။

တစ်ချို့များကျတော့လည်း နေရာလုထိုင်ကြပါသေးတယ်။ လွန်ခဲ့တဲ့ (၂) လလောက်တုန်းကပါ။  (၁၀၂) အထူးကိုစီးပြီး သင်တန်းသွားရပါတယ်။ (၁၀၂) အထူးဆိုတာကလည်း အရမ်းကိုကြပ်တဲ့ကားပါ။ ငြိမ်း စီးတဲ့နေရာကကျတော့ သူတို့ဂိတ်နဲ့  အရမ်းကြီးမဝေးတော့ များသောအားဖြင့် နေရာရတတ်ပါတယ်။ သိပ်လည်းမကြပ်သေးဘူး။  ငြိမ်း တက်တဲ့ မှတ်တိုင်ပြီး နောက်မှတ်တိုင်တစ်ခုရောက်တော့ ထုံးစံအတိုင်းပေါ့ မကျန်ခဲ့အောင် ခရီးသည်တွေ လုတတ်လာတာကိုမြင်ရပါတယ်။ အဲဒီ့ထဲမှာ အဘွားတစ်ယောက်ပါတယ်။  သွားနိုင်လာနိုင်ပုံစံတော့ပေါက်ပါတယ်။ ဒါပေမယ့် အဘွားကိုကြည့်ရတာ အသက်တော့တော်တော်ကြီးပြီထင်တယ်။  ပြီးတော့ ပိန်ပိန်လေးရယ်။ လက်ထဲမှာလည်း အထုပ်တစ်ထုပ်နဲ့လေ။

အဲဒီ့အဘွားတက်လာကတည်းက ငြိမ်းက မြင်တယ်။ နေရာဖယ်ပေးမလို့ချိန်နေတာ။ လှမ်းခေါ်လိုက်မယ်ပေါ့လေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဘွားက ငြိမ်းထိုင်တဲ့နားကိုတိုးလာတယ်။ အဲဒါနဲ့  နေရာကထပြီး ” အဘွား လာထိုင်။ ဒီနားမှာ လာထိုင် ” ဆိုပြီး အရှေ့ကိုပြောနေတုန်း   ရုတ်တရက်ပဲ တွန်းလိုက်လို့ လဲမလိုဖြစ်သွားတယ်။  လန့်ပြီး အနောက်လှည့်ကြည့်လိုက်တော့ ငြိမ်းထလိုက်တဲ့နေရာကိုလုထိုင်ကြတာလေ။ သူတို့ဘာသာလုရင်းနဲ့ တိုက်မိတာ။  စိတ်တိုလိုက်တာ…။ တကယ်…။   လုတဲ့လူတွေကိုကြည့်တော့ ယောကျင်္ားလေးတွေ။  အသက်ကြီးကြီး ဦးလေးကြီးတွေ၊ အဘိုးကြီးတွေလည်းမဟုတ်။ ငယ်ငယ်ရွယ်ရွယ်တွေရယ်။   ဒေါသလည်းတော်တော်ဖြစ်သွားတယ်။  လုတဲ့ထဲက တစ်ယောက်ကတော့ ထိုင်နေပြီ။  အဲဒါနဲ့  တစ်ချက်ကြည့်လိုက်သေးတယ်။  နားလည်ပြီးထပေးမလားလို့ပါ။  သူ့ပုံစံကြည့်ရတာ နားလည်မယ့်ပုံမပေါက်တာနဲ့ အားလည်းမနာနိုင်တော့ဘဲ ပြောချလိုက်တယ်။  ” ဒီမှာ ဒီမှာ။ ဒီနေရာက ဟောဒီက အဘွားထိုင်ဖို့ နေရာဖယ်ပေးတာ။  အဲဒါကြောင့် ထပေးပါ။ အဘွားထိုင်မလို့။ ” ဆိုပြီး ပြောလိုက်တယ်။ အဲလိုပြောတာတောင် သူကကြည့်နေသေးတယ်။ အဲဒါနဲ့ ဘယ်ရမလဲ ပြန်ကြည့်ပေးလိုက်တာပေါ့။ ပြီးတော့မှ လူကို ဘုကြည့်ကြည့်ပြီး ထသွားတယ်။  အဲတော့မှ အဘွားကိုထိုင်ခိုင်းရတော့တယ်။

ကဲ.. ကြည့် ဘယ်လောက်တောင်များလဲဆိုတာ။ သူသာနဂိုကတည်းက ထိုင်နေတဲ့နေရာဆို ဖယ်ပေးဖို့မပြောနဲ့ ပြန်တောင်အော်မယ့်ပုံစံပါ။ အဲလိုမျိုးတွေ ခဏခဏ ကြုံရပါတယ်။ နေရာလုထိုင်တာတွေ။  ကိုယ့်နားမှာလာရပ်တဲ့လူမှာက ပစ္စည်းတွေနဲ့ကို နည်းနည်းလေးတောင် မကူညီတာတွေ။ ပြီးတော့ မတ်တပ်ရပ် စီးရတဲ့လူအချင်းချင်းကို တည့်တည့်မတ်မတ်မစီးဘူး။ ဘေးကလူပေါ်ကို မှီပြီးစီးတာတွေ  အမျိုးမျိုးပါပဲ။ အဲဒါကြောင့် စဉ်းစားမိတယ်။  အခုချိန်ခါမှာ လူတွေဘာကြောင့် ကိုယ်ချင်းစာတရားနည်းပါးလာရတာလဲလို့ပါ။ စာနာမှုတွေ၊ ညှာတာမှုတွေ တော်တော်လေးကို နည်းပါးလာပါတယ်။ မရှိတော့ဘူးလို့မပြောပါဘူး။ ဒါပေမယ့် မရှိတော့သလောက်ပါပဲ။ ကိုယ်မကြုံဘူး၊ မခံစားဘူးလည်း ကိုယ်ချင်းစာတတ်ရမယ်ဆိုတဲ့စကားကို လူတွေမေ့ထားတတ်ကြတယ်နော်။ ကြုံဖူး၊ ခံစားဖူးတာတောင်မှ ကို်ယ်ချင်းမစာကြတာဆိုတော့ မေ့ထားတာလည်း မဆန်းဘူးလို့တောင်ပြောရမလိုဖြစ်နေပါပြီ။

ဂေဇက်ရွာသူ၊ ရွာသားအားလုံးလည်း ဒုက္ခအပေါင်းကင်းဝေးပြီး၊  ဒုက္ခရောက်သူများကို ကူညီနိုင်သူများဖြစ်ကြပါစေ……………………….

 

bus စီးရင်း တွေ့ကြုံရတာလေးတွေပေါ် စဉ်းစားမိတာတွေထဲက တစ်ခုပါ။  ငြိမ်းက စာသိပ်မရေးတတ်တော့ သည်းခံပြီးဖတ်ပေးကြပါလို့ပဲ တောင်းပန်ပါတယ်။

ရွာသူားအားလုံးကို ချစ်ခင်လေးစားတဲ့

ငြိမ်း

 

 

 

 

About Nyein Nyein

Nyein Nyein has written 5 post in this Website..