ဗိုလ်လုပွဲရောက် စပိန်

ဒိုးစနစ္June 28, 20121min1164

စပိန် အသင်းသည် ဥရောပ ဖလား အကြို ဗိုလ်လုပွဲ အဆင့်တွင် နာမည်ကျော် ပေါ်တူဂီ အသင်းကို ဖြတ်ကျော်ပြီးနောက်
သမိုင်း တစ်လျှောက် အဓိက ပြိုင်ပွဲကြီး (၃)ခုဆက် ပထမဆုံး ဗိုလ်စွဲရန် အနီးစပ်ဆုံး အဖြစ် ဗိုလ်လုပွဲသို့ တက်လှမ်းလာပြီ ဖြစ်သည်။
စပိန် အသင်းသည် အန်းဒရက်စ် အင်နီယေစတာ၊ အယ်လ်ဗာရို နီဂရီဒို၊ ဒေးဗစ်ဆေးလ်ဗား၊ ဆာဂျီယို ဘုရှ်ကွက်စ်၊
ဇာဗီ ဟာနန်ဒက်ဇ်၊ ဇာဘီ အလွန်ဆို၊ ဂျော်ဒီအယ်လ်ဘာ၊ ဂျရတ်ပီကေး၊ ဆာဂျီယို ရာမို့စ်၊ အယ်လ်ဗာရို အဘီလိုအာတို့ကို
ပွဲထွက် လူစာရင်းတွင် ခင်းကျင်း လာခဲ့သည်။
ပေါ်တူဂီတွင် ဟူဂိုအယ်လ်မေးဒါး၊ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ လူးဝစ်နာနီ၊ ဂျိုအို မော်တင်ဟို၊ ရောလ်မီရာလက်စ်၊
မီဂွယ်လ် ဗီလော့ဆို၊ ဖေဘီယို ကွန်ထရာအို၊ ဘရူနိုအဲလ်ဗက်စ်၊ ပီပီ၊ ဂျိုအို ပီယဲရာတို့ ပါဝင် ကစားသွားခဲ့သည်။
ထုံးစံအတိုင်း စပိန်သည် ပြိုင်ဘက်အား အုပ်စုဖွဲ့ ပိတ်ဆို့ကာ ဘောလုံး ပိုင်ဆိုင်မှု အသာစီး ယူကာ ထိုးဖောက်ရန် ကြိုးစားခဲ့ပြီး
ပေါ်တူဂီကမူ ခံစစ်ကို စနစ်တကျ ပိတ်ဆို့ကာ တောင်ပံများကို အားပြုပြီး တန်ပြန် တိုက်စစ်ဖြင့် တုံ့ပြန်ခဲ့သည်။
(၉)မိနစ်တွင် အင်နီယေစတာ ပေးပို့သော ဘောလုံးကို နီဂရီဒို အသုံးမချနိုင်ခဲ့သော်လည်း အဘီလိုအာက ခြေစောင်းဖြင့် ကန်သွင်းရာ ဂိုးဘားတန်းပေါ် ကပ်ကျော်သွားသည်။
(၂၄)မိနစ်တွင် ရာမို့စ် ရှင်းထုတ်ပုံ မပြတ်သားသဖြင့် ရော်နယ်လ်ဒို ဗော်လီဆွဲ ကန်ခွင့် ရသော်လည်း ဂိုးဘားတန်းပေါ် ကျော်သွားပြန်သည်။
(၂၉)မိနစ်တွင် နီဂရီဒိုနှင့် ဇာဗီတို့ တွဲလုံးမှ တစ်ဆင့် အင်နီယေစတာထံ ဘောလုံးရောက်သွားပြီး ၎င်းက တစ်ချက်တို့ယူကာ လှမ်းကန်သော်လည်း ဂိုးပေါက် လွဲသွားသည်။
(၃၁)မိနစ်တွင် အယ်လ်ဘာထံမှ ဆုံးရှုံးသွားသော ဘောလုံးကို ပီယဲရား ဖြတ်ပို့ရာမှ ရော်နယ်လ်ဒို အနိမ့်ကန်သွင်းသော်လည်း ဂိုးတိုင်ဘေးမှ ထွက်သွားသည်။
ဒုတိယပိုင်းတွင်လည်း စပိန်သည် အလွန်ဆို၊ဇာဗီနှင့် အင်နီယေစတာတို့ထံမှ ဘောလုံးဖြန့်ဝေမှုများဖြင့် ပေါ်တူဂီ ကစားကွက်ကို လွှမ်းမိုးလာခဲ့သည်။
(၅၈)မိနစ်တွင် ဘယ်ညာနှစ်ဖက်၌ ရော်နယ်လ်ဒိုနှင့် နာနီတို့ ရှိနေသော်လည်း လူမပေးဘဲ အယ်လ်မေဒါ ကိုယ်တိုင်ကန်သွင်းသည့် ဘောလုံး ဂိုးဘားတန်းပေါ် ကျော်သွားသည်။
(၆၈)မိနစ်တွင် စပိန်အသင်း ပထမဆုံး ဂိုးပေါက်တည့်မှုအဖြစ် (၂၅)ကိုက်မျှ အကွာမှ ဇာဗီ လှမ်းကန်ရာ ဂိုးသမား ရီပတ်ထရီစီယိုထံ တည့်တည့် ရောက်သွားသည်။
(၇၃)မိနစ်တွင် ရော်နယ်လ်ဒို ပြစ်ဒဏ်ဘောမှတစ်ဆင့် ဂိုးသွင်းရန် ကြိုးစားသော်လည်း ဂိုးဘားတန်း ကျော်ပြန်သည်။
ဒုတိယပိုင်း နောက်ဆုံး မိနစ်များတွင် ပေါ်တူဂီသည် အကောင်းဆုံး အခွင့်အရေး အဖြစ် စပိန်ခံစစ်မှူး (၂)ဦးနှင့် ပေါ်တူဂီ တိုက်စစ်သမား (၃)ဦး ရင်ဆိုင် တွေ့ခဲ့သော်လည်း
ရော်နယ်လ်ဒို၏ အားပါသော ကန်ချက် ပစ်မှတ်လွဲသွားသည်။
ရော်နယ်ဒိုမှာ ယင်းပွဲတွင် စိတ်လောနေသဖြင့် အဆုံးသတ်မသေချာမူများဖြစ်ပေါ်နေခဲ့သည်။
အချိန်ပို (၇)မိနစ်တွင် လူစားဝင် တိုက်စစ်မှူး ပက်ဒရို ရိုဒရီဂွတ်ဇ် ပေါ်တူဂီ နောက်တန်းကို ထိုးဖောက်ပြီး ထုတ်ပေးလိုက်သော ဘောလုံးအား အင်နီယေစတာ
လှမ်းကန်သော်လည်း ပေါ်တူဂီ ခံစစ်သမားများ ပိတ်ဆို့ခဲ့သည်။
(၁၀၄)မိနစ်တွင် အယ်လ်ဘာ ဘယ်ခြမ်းမှ ချိုးပေးလိုက်သော ဘောလုံးကို အင်နီယေစတာ တိုက်ရိုက် ကန်သွင်းသော်လည်း ပတ်ထရီစီယို ဆုံးဖြတ်ချက်
မှန်မှန်ဖြင့် ပုတ်ထုတ်သွားခဲ့သည်။
(၁၁၂)မိနစ်တွင် စပိန် လူစားဝင် တောင်ပံကစားသမား ဂျီးဆက်စ် နာဗက်စ် ဆွဲပြေးပြီး လှမ်းကန်သော ဘောလုံးကို ပေါ်တူဂီ ဂိုးသမား ပုတ်ထုတ်ခဲ့ရသည်။
(၁၁၅)မိနစ်တွင် ပက်ဒရိုနှင့် ဖာဘရီဂက်စ်တို့ တွဲလုံးမှတစ်ဆင့် ဂိုးသွင်းရန် အားထုတ်မှုကို ကွန်ထရာအို အကောင်းဆုံး ဟန့်တားနိုင်ခဲ့သည်။
ထို့နောက်တွင်တော့ နှစ်သင်း ပင်နယ်တီ အဆုံးအဖြတ် ခံယူရာ စပိန်ဘက်မှ အလွန်ဆို ဂိုးမဝင်သော်လည်း
အင်နီယေစတာ၊ ပီကေး၊ ရာမို့စ်၊ ဖာဘရီဂက်စ်တို့ ဂိုးဝင်ခဲ့သည်။
ပေါ်တူဂီတွင်မူ ပီပီနှင့် နာနီတို့ ဂိုးသွင်းသော်လည်း မော်တင်ဟိုနှင့် အဲလ်ဗက်စ်တို့ အမှားကြောင့် (၄-၂)ဖြင့် စပိန်က အနိုင်ရသွားသည်။
စပိန်သည် (၂၀၀၈)ခုနှစ် ဥရောပ ဖလားနှင့် (၂၀၁၀)ပြည့် ကမာ္ဘ့ဖလားကို ရယူထားရာ ဂျာမနီနှင့် အီတလီတို့ တွေ့ဆုံမှုမှ
ဗိုလ်လုပွဲ တက်လာသော အသင်းကို အနိုင် ယူခဲ့လျှင် သမိုင်းတစ်လျှောက် (၄)နှစ်အတွင်း အဓိက ဆုဖလား(၃)လုံး ဆက်တိုက် ရယူနိုင်သည့်
ပထမဆုံး လက်ရွေးစင် အသင်းအဖြစ် မှတ်တမ်း ဝင်လာမည် ဖြစ်သည်။
ယင်းပွဲတွင် ပေါ်တူဂီမှ ကွန်ထရာအို (၄၅မိနစ်)။ ပီပီ(၆၁မိနစ်)။ ပီယဲရား(၆၄မိနစ်)။ ဘရူနိုအဲလ်ဗက်စ်(၈၆မိနစ်)။မီဂွယ်လ် ဗီလော့ဆို(၉ဝမိနစ်)
စပိန်မှ ဆာဂျီယို ရာမို့စ်(၄ဝမိနစ်)။ ဆာဂျီယို ဘုရှ်ကွက်စ်(၆ဝမိနစ်)။အယ်လ်ဗာရို အဘီလိုအာ(၈၃မိနစ်)။ဇာဘီ အလွန်ဆို(၁၁၃မိနစ်)တို့တွင် အသီးသီး အဝါကဒ်များရရှိခဲ့သည်။

ကိုးကား Eurosport

4 comments

  • မောင်ပေ

    June 28, 2012 at 10:23 am

    ကောင်းဗျာ…ညက မကြည့်လိုက်ရလို့။ ပွဲပြီး
    Ball position ကို ကြည့်တော့ စပိန်၅၇
    ပေါ်တူဂီ၄၃ ဆိုလို့
    စပိန်ကွင်းလယ်ဟာ world no1 လို့ ပြောထိုက်ပါရဲ့။

    • ဒိုးစနစ်

      June 28, 2012 at 10:30 am

      ဟုတ်ပါတယ်ဗျာ
      စပိန်ကွင်းလယ်က ကမာ္ဘ့နံပါတ်၁ပါပဲ.
      ဇာဗီ။ အလွန်ဆို။ အင်နီယေစတာ။ ဖာဘရီဂတ်စ်။ ဒေးဗစ်ဆေးလ်ဗား။ ဆာဂျီယို ဘုရှ်ကွက်စ်။ မာတာ။ မာတီနက်စ်။ ဂျီးဆက်စ် နာဗက်စ် စတဲ့ တကယ်ကောင်းမွန်တဲ့
      အလယ်တန်းပါပဲ…
      ချန်ပီယံဖြစ်ထိုက်ပါတယ်။

  • mamanoyar

    June 28, 2012 at 2:48 pm

    ကိုဒိုးစနစ်ရေ
    လာတော့ဖတ်တယ် ဘောလုံးပွဲဆိုတော့
    နားမလည်ဘူး
    တစ်ဆယ်ပဲယူပြန်တော့မယ်

  • သားဦး၊မြေးဦး

    June 28, 2012 at 8:04 pm

    အင် ကိုပေ ကတော့ညက တွက်ခြေကိုက်သွားပီပေါ့။
    ဘီယာ တိုက်သင့်တယ် ကိုဒိုးရေ။

Leave a Reply