မမေ့နိုင်သော မိုးရာသီ၏ နေ့ရက်များ (၁)

“သွားပြီ”.. ကျွန်မရဲ့ တစ်ခွန်းတည်းသော နှုတ်ဆက်သံပါ။ စူပုပ်နေတဲ့ မျက်နှာနဲ့ ဆောင့်နင်းထားတဲ့ ခြေသံတို့က ကျွန်မနဲ့ ကပ်ပါလာပါတယ်။

နောက်ဆုံးနှစ် ဒုတိယ နှစ်ဝက်ကို ပြန်တက်ဖို့ ရန်ကုန်ကို အပြန် အိမ်ကို နှုတ်ဆက်ခဲ့တဲ့ ပုံပေါ့။ တစ်သက်မမေ့တဲ့နေ့…၃၀.၅.၂၀၀၉…

 

ပထမနှစ်ဝက်ပြီးလို့ ကျောင်းနှစ်လပိတ်ခဲ့တဲ့ အချိန်မှာ အိမ်မှာ မနားဖြစ်ဘဲ ကိုးတန်းကျောင်းသားတစ်ယောက်နဲ့ ဆယ်တန်းကျောင်းသားတစ်ယောက်ကို စာသင်ခဲ့ပါတယ်။ နှစ်လအတွင်း ပြီးနိုင်သမျှ ပြီးအောင် သင်ပေးခဲ့ရတာဆိုတော့ အချိန်လည်းပေးခဲ့ရပြီး တော်တော်လည်း ပင်ပန်းခဲ့ပါတယ်။ ပြီးတော့ အဖွဲ့အစည်းတစ်ခုမှာလည်း ေဒေတာသွင်းတဲ့နေရာမှာ ကူညီပေးခဲ့တာဆိုတော့ ကျွန်မရဲ့ ကျောင်းပိတ်ရက်က အေးအေးဆေးဆေးတော့ မရှိခဲ့ပါဘူး။ အားလုံးပေါင်းလိုက်တော့ နောက်ဆုံးမှာ ဝင်ငွေစုစုပေါင်း တစ်သိန်းရခဲ့ပါတယ်။

 

ပြဿနာက ဘယ်ကစလဲဆိုတော့ အမေက ကျွန်မရတဲ့ တစ်သိန်းကို အပြည့်မပေးပဲ ရှစ်သောင်းပဲ ယူသွားတဲ့။ ကုန်သွားရင် ရက် ၂ဝ ကျော်မှ ပို့ပေးမယ်တဲ့။ အဲဒီမှာ ကျွန်မ ပေါက်ကွဲတော့တာပဲ။ ဘယ်လောက် ဆိုးလိုက်သလဲနော်။ မပေးဘူးလို့ ပြောတာလည်း မဟုတ်ဘူး။ တစ်ခါတည်းပေးရင် ကုန်သွားမှာစိုးလို့ နောက်မှပို့ပေးမယ်ပြောတာကို။

 

အဲဒါနဲ့ ကျွန်မလည်း စိတ်တိုပြီး မျက်နှာကို စူပုပ်၊ ခြေကို ဆောင့်နင်းပြီး တစ်အိမ်လုံးကို “သွားပြီ” လို့ တစ်ခွန်းတည်း နှုတ်ဆက်ပြီး ထွက်လာခဲ့ပါတယ်။

အမေနဲ့ စိတ်ဆိုးနေရတာနဲ့ပဲ နေမကောင်းဖြစ်နေတဲ့ အဖေ့ကို တစ်ချက်ကလေးတောင် လှည့်မကြည့်ခဲ့မိပါဘူး။

 

အဖေက နေမကောင်းဖြစ်နေတာ တစ်ပတ်လောက်ရှိပါပြီ။ အရက်ကို သိပ်ချစ်ခဲ့တဲ့အဖေ၊ အရက်ရဲ့ ထိန်းချုပ်မှုအောက်က ရုန်းမထွက်နိုင်ခဲ့တဲ့ အဖေ၊ အရက်ကြောင့်ပဲ ကျန်းမာရေး ချို့တဲ့ခဲ့ပါတယ်။

အဖေနေမကောင်းတဲ့ အချိန်အတွင်းမှာ ကျွန်မ ပြုစုမပေးနိုင်ခဲ့ပါဘူး။ မနက် ကိုးနာရီဆို အိမ်ကထွက် ညနေ ခုနစ်နာရီမှ ပြန်ရောက်တဲ့အတွက် အချိန်မပေးနိုင်ခဲ့တာအပြင် ဒီလောက်အတန်တန် တားတဲ့ကြားက အရက်သောက်ခဲ့လို့ ဖြစ်တာ ဆိုတဲ့ အသိနဲ့ အဖေ့အနားမှာ ကျွန်မ မနေပေးခဲ့ပါဘူး။ ပြီးတော့ အရက်သောက်တာများသွားတိုင်း ခဏခဏဖြစ်နေကျဆိုတော့ သိပ်မထူးဆန်းတော့တာလည်း ပါတာပေါ့လေ။ (ကျွန်မ ဒုတိယနှစ်လောက်မှာ အဖေက တစ်ကိုယ်လုံးလှုပ်လို့မရတော့တဲ့အထိ ဖြစ်ခဲ့ဖူးတာဆိုတော့ ဒါလောက်ကလေးကို ဂရုမစိုက်ခဲ့တာလည်း ပါပါတယ်။

 

ဒီလိုနဲ့ အဖေ့ကို တစ်ချက်မလေးတောင် လှည့်မကြည့်ခဲ့ဘဲ အိမ်ကနေ ထွက်လာခဲ့ပါတယ်။ မိသားစုလိုဖြစ်နေတဲ့် ဘေးအိမ်က အန်တီနဲ့ ကျွန်မ ရန်ကုန်ကို အတူတူ လာခဲ့ပါတယ်။ ရန်ကုန်ရောက်တော့ အန်တီနဲ့ ေဈေးဝယ်တာတွေ လိုက်ပေးတာ တစ်နေကိုကုန်ရောပဲ။ အန်တီက “သမီး အဖေ့ကို ဖုန်းဆက်လိုက်ဦးလေ..သက်သာရဲ့လားလို့” တဲ့… တစ်စိမ်းကတောင် စိတ်ပူနေတာကို ကျွန်မက တုံဏိဘာဝေပဲ။ ဖုန်းလေးတစ်ချက်တောင် မဆက်ခဲ့ပါဘူး။

 

နောက်ရက်ကျတော့ နှစ်လလောက်မတွေ့ခဲ့ရတဲ့ သူငယ်ချင်းတွေနဲ့ လျှောက်လည်ကြပါတယ်။ မနက် ရှစ်နာရီလောက်ကတည်းက အပြင်ထွက်လာခဲ့တယ်။ လှည်းတန်းကားဂိတ်မှာ သူငယ်ချင်းတွေနဲ့တွေ့၊ လူစုံတာနဲ့ စိမ်းလန်းစိုပြေကို သွားကြပါတယ်။ စိမ်းလန်းထဲမှာ စကားတွေပြောကြ၊ ဆော့ကြ။ ဗိုက်ဆာလာတော့ အင်းလျားဘက်ကိုကူး၊ ကန်ဘောင်က ဆိုင်မှာမုန့်သွားစား။ အင်းလျားဘက်မှာ ထပ်သောင်းကျန်းကြနဲ့ တော်တော်ပျော်ခဲ့ပါတယ်။ မိုးကလည်းရွာတော့ မိုးကိုချစ်တဲ့ ကျွန်မ၊ မိုးရေထဲမှာ သူငယ်ချင်းတွေနဲ့ အရမ်းကို ပျော်နေခဲ့တာပေါ့။ ညနေလည်းစောင်းရော လှည်းတန်းကို ပြန်လာကြပါတယ်။ အရှိန်က မပြီးသေးတော့ လှည်းတန်းကို ထပ်ပတ်ကြမယ်ပေါ့။ ဒါပေမယ့် ကျွန်မ အိတ်ကရေစိုနေတော့ အိတ်ကို ပြန်ထား၊ ပိုက်ဆံပဲယူပြီး ပြန်ထွက်ဖို့ အဆောင်ကို ပြန်လာခဲ့ပါတယ်။ အချိန်က ခြောက်နာရီလောက်ရှိပြီပေါ့။

 

အဆောင်ရောက်တော့ ကျွန်မကို အသင့်စောင့်နေတာက….. ….

 

13 comments

  • mamanoyar

    June 28, 2012 at 2:28 pm

    မွန်မွန်ရေ ဘယ်လိုဖြစ်တာလဲနော်
    သိချင်လိုက်တာ
    မြန်မြန်လေး ရေးပေးပါဦး

  • မွန်မွန်

    June 28, 2012 at 2:39 pm

    ဟုတ်..မြန်မြန်လေးတော့ ရေးနေပါတယ်။ စောင့်ပေးနော်..
    တစိမ်း လို့ ပြင်ဖတ်ပေးပါရှင်…

    • amatmin

      June 28, 2012 at 3:34 pm

      ဘာဒဲ့ …တစိမ်း ဆိုပါလား..
      အင်း မှင်နီတွေတော့ အတော်များနေပီကွယ်.
      ခပ်တင်းတင်းဝင်ပြောရရင်တော့..
      တစိမ်းမဟုတ်တဲ့ သူစိမ်းတွေပါလို့ 🙂

      • မွန်မွန်

        June 28, 2012 at 3:42 pm

        အဟီး… သူများကို လိုက်ပြင်ပေးတာ.. ကိုယ်တိုင်မှားမှပဲ ခံရသဗျာ… ကျေးဇူးပါနော်.. အဲဒီစာလုံးကို တစ်မျိုးပဲလို့တော့ ကြည့်နေတာ…သတ်ပုံစာအုပ်ကို မကြည့်ဖြစ်လို့… 🙂

  • amatmin

    June 28, 2012 at 3:21 pm

    အွန်..
    အဖေနဲ့ မတည့်နဲ့အကြောင်းဆိုပဲ…
    ဆက်ဖတ်မိရင်တော့
    ကျုပ်မကောင်းတာတွေလည်းချရေးမိတော့မယ်..
    တော်ပီ.သူများရေးတာကိုပဲ ပါးစပ်ပိတ်ပီး
    သင်ခန်းစာယူတော့မယ်..
    ဒေါ်မွန်ရေ..နောက်ဆက်တွဲလေးစာင့်နေသဗျ. နော်..

  • etone

    June 28, 2012 at 4:27 pm

    2009ကမှ ဒုတိယနှစ်တက်တယ်ဆိုတော့ .. ကျွန်မထက် အသက်ငယ်မယ်ထင်လို့ .. တရင်းတနှီးပဲ နာမည်လေးပဲ ခေါ်ပါမယ်နော် … ။

    မွန်မွန်ရေ … မမေ့နိုင်စရာ အတိတ်ဆိုတာ လူတိုင်းမှာ ရှိတတ်ကြပါတယ် … ။ ပြန်ပြီး ပြင်မရတော့တာတွေ အတွက် အရမ်းကြီး စိတ်မကောင်းမဖြစ်ပါနဲ့နော ်… ကျန်ရှိနေသေးတဲ့ အချိန်တွေမှာ .. .အနားကလူတွေအတွက် … … အားကိုးရတဲ့ လူအဖြစ်ကြိုးစားပါလို့ပဲ အားပေးချင်ပါတယ် ..
    ဒုတိယပိုင်းကို ရိပ်မိသလိုလိုရှိလို့ .. ကြိုအားပေးထားတာပါ .. ။ 🙄

    • မွန်မွန်

      June 29, 2012 at 10:20 am

      ဟုတ် အစ်မ… 2009 မှာ နောက်ဆုံးနှစ် (တတိယနှစ်) ပါ အစ်မ… မွန်မွန်လို့ပဲ ရင်းရင်းနှီးနှီးခေါ်ပါနော်… အစ်မတို့ကိုတော့ မြင်ဖူးပါတယ်… 🙂

      တွေးမိရင်တော့ စိတ်မကောင်း ဖြစ်ရတယ် အစ်မရယ်… ပြန်မရနိုင်တော့တဲ့ အရာဆိုတော့လေ…
      အားပေးတာ ကျေးဇူးတင်ပါတယ်နော်..

  • snow white

    June 28, 2012 at 5:18 pm

    မမမွန်ကိုတော့လေးစားသွားပီ သူများတွေဆိုကိုယ့်အဖေအရက်သမားဖြစ်တာကို ရေး တာ မမမွန်အတွက်တော့လေးစားတယ်ကိုယ့်ဖေဘာပဲဖြစ်ဖြစ်ပါ မိဘမကောင်းသားသမီးခေါင်းလို့သာမှတ်လို်က်ပါ မမမွန်ရယ်ဟီးးးးးးးးးးးးးးဆရာဝင်လုပ်သွားတာ ဆရာမဖြစ်လို့ ရွာထဲမှာဆရာလုပ်ကြည့်လိုက်တာ။

  • Nyein Nyein

    June 28, 2012 at 5:34 pm

    မွန်မွန်ရေ………….. ပြင်လို့မရတဲ့ အတိတ်ဆိုတာတော့ လူတိုင်းမှာရှိတတ်ပါတယ်။ မမအိတုန်ပြောသလိုပဲ
    ကျန်ရှိနေသေးတဲ့ အချိန်တွေမှာ .. .အနားကလူတွေအတွက် … … အားကိုးရတဲ့ လူအဖြစ်ကြိုးစားပါလို့ပဲ အားပေးချင်ပါတယ် ..နော်။ အတိတ်တွေထဲမှာ နောင်တတွေနဲ့မနေဘဲနဲ့ အတိတ်တွေကို သင်ခန်းစာအဖြစ်ယူပြီး ပျော်ရွှင်နိုင်ပါစေနော်။ ကျန်တဲ့အပိုင်းလေးလည်း ဆက်ပါဦးနော်။ မျှော်နေပါတယ်။

  • သားဦး၊မြေးဦး

    June 28, 2012 at 7:01 pm

    အဖေများ ဆုံးသွားတာလားဗျာ။အော်. အရက်ကြောင့်——
    ဒီအရက်ကို. အူးဗိုက်တို ့လဲ သတိနဲ ့ဖြတ်ကြပါဗျာ။မွန်မွန်ရေ
    ဆက်ပါအုံးဗျ။

    • စိန်ဗိုက်ဗိုက်

      June 28, 2012 at 7:08 pm

      ဟုတ်ကဲ့..
      အတူတူသောက်ဖြစ်ရင် သတိပေးလုက်ပါမယ်

  • အလင်းဆက်

    June 28, 2012 at 7:38 pm

    ဟိုက်..စိတ်ဝင်စားစရာ..အကောင်းဆုံး..နေရာမှာ..ဖြတ် ခဲ့တယ်..။
    စောင့် ဖတ်ပါဦးမယ်….

  • မွန်မွန်

    June 29, 2012 at 10:23 am

    အပိုင်း (၂) ကို တင်လိုက်ပါပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်နော်…

Leave a Reply