ရှင်ပင်ခရုစေတီတော် (ထားဝယ်)

weiweiJune 28, 20122min17510

ရှင်ကိုးရှင်ဘုရားထဲမှ တစ်ဆူအပါအဝင်ဖြစ်တဲ့ ရှင်ပင်ခရုစေတီတော်သည် ထားဝယ်မြို့ထဲတွင် တည်ရှိပါတယ်။ ဘုရားဉာဏ်တော်အတော်နိမ့်ပြီး ဘုရားပရဝုဏ်ကလဲ ခပ်ကျဉ်းကျဉ်းပါပဲ …
မှတ်တမ်းတစ်ခုအနေနဲ့ ကျန်ရှိနေအောင် ဘုရားပုံအနဲငယ်ကို သမိုင်းကြောင်းနှင့်တွဲပြီး တင်ပေးလိုက်ပါတယ် …

ပုံ (၁) ဘုရားမုခ်ဦး
ပုံ (၂) ဘုရားရင်ပြင်တော်ပေါ်မှ ထီးတော်
ပုံ (၃) ဘုရားဝင်းအတွင်း
ပုံ (၄) ဘုရားဝင်းအတွင်း
ပုံ (၅) သိမ်တော်ကြီးနဲ့ စေတီ (စေတီက တော်တော်သေးပါတယ်)
ပုံ (၆) သိမ်တော်ကြီး
ပုံ (၇) ဘုရားဝင်းအတွင်းက စက္ကူပန်း
ပုံ (၈) ပန်းလေးလှလို့
ပုံ (၉)


ရှင်ပင်ခရုဘုရားသမိုင်းအကျဉ်း

ရှင်ပင်ခရုဘုရားသည်း ထားဝယ်မြို ့၊ ကရပ်ပြင်ရပ်၏ ရွာဘုရား၊ ရပ်ဘုရား ဖြစ်ပါသည်။
ဘုရားတည်ရှိသော နေရာတွင် ထားဝယ်ခေါ် ရှားပင် “ ခရေပင် ” နှစ်ပင် ညီနောင် ပေါက်ရောက်စည်ပင်ခဲ့ရာ ထိုခရေပင်နှစ်ပင်အလယ်တွင် ဧရာမခရုကြီးတစ်ကောင် ပေါ်လာရာမှ ခရုခွံပေါ်တွင် စေတီတည်ခဲ့သည်ဟု ဆိုပါသည်။ ( ရှေးယခင်က စာပေပြုစု စုဆောင်းသူ ရှားပါးသဖြင့် သက္ကရာဇ် ရှာမတွေ့တော့ပါ။ )
“ ရှားပင် (ခရေပင်) နှစ်ပင် နှင့် ခရုပေါ်မှာဘုရား ” ဟူ၍ အမည်တွင်လာသည်ဟု ဆိုရိုးရှိပါသည်။
ခရေညီနောင်နှစ်ပင်သည် သက်တမ်းအတော်ကြာသည့်အပင်ဖြစ်သော်လည်း ဘုရားပွဲပြုလုပ်ကျင်းပသည့်အခါ ဇာတ်စင်ဆောက်လုပ်ရာမှ ချိုင်ခြင်း၊ ဖြတ်ခြင်းဖြင့် သေသွားပါသည်ဟု သိရှိရပါသည်။
ကရပ်ပြင်ရပ် အချို ့နေရာများတွင် ရေတွင်းတူးသောအခါ မြေအောက်မှ ကမ်းစပ်နုန်းမြေများ၊ ခရေရွက်ခြောက်များ တွေ့ရှိသဖြင့် တစ်ချိန်က ရေလွှမ်းမိုးရာ ကမ်းစပ်၊ ပေါက်တိုင်းချောင်းမှ ဒီရေတက် မိုးကြီးလာသည့်အခါ ကရပ်ပြင်ရွာ အစပ်အထိ၊ အရှေ ့ဘက်ခြမ်း ဇလွန်းရွာ၊ သပြေချောင်းရွာ၊ ဇာဟာရွာ၊ မောင်မယ်ရှောင်ရွာစပ်အထိ ဒီရေနှင့် မိုးရေများ အလျှံပယ် မြစ်ကြီးသဖွယ် ရေလွှမ်းမိုးနေပါသည်။

စေတီတော်ကြီးနှင့် ဘုရားပရဝဏ်၊ ဂန္ဓကုဋီတိုက်တော်ကြီးတို့အား
မီးမကျွမ်းဘဲ ကွင်းကျော်သွားခြင်း

ရှင်ပင်ခရုစေတီတော်တည်သော ခရုကြီးတစ်ကောင် မည်၍မည်ပုံ ဤဒေသသို့ ရောက်လာသည်ကို မှန်းဆနိုင် ပါသည်။
ဤရှင်ပင်ခရုဘုရားကြီးတည်ရှိသော တောင်ကရပ်ပြင်ရပ်ကွက်တွင် (သက္ကရာဇ် – ၂၆-၃-၉၆) မွန်းလွဲ (၁)နာရီကျော်မှ စ၍ ရပ်ကွက်မီးလောင်မှုဖြစ်ပွားရာ ဂန္ဓကုဋီတိုက်တော်ကြီးနှင့် ဆင်းတုတော်၊ ရုပ်ပွားတော်များ၊ ဘုရား စေတီတော်နှင့် ဆောင်းတန်းများ၊ ဘုရားပရဝဏ်အားလုံးကို မီးမခဘဲ ကွင်းကျော်ပြီး တစ်ရပ်ကွက်လုံးလိုလို မီးလောင် ကျွမ်းသွားသည်ကို အံ့ဩဖွယ်ရာ တွေ့မြင်ခဲ့ရပါသည်။ ကိုယ်တွေ့အမြင်ပင် ဖြစ်ပါသည်။ ၎င်းအချိန်မှ ဘုရားဖူးပရိသတ်များ တစ်နှစ်ထက်တစ်နှစ် ပိုမို၍ လာရောက်ဖူးမြော် အဓိဌာန်ဝင်ကြပါသည်။

စိန်ဖူးတော်အား သူခိုးခိုးရန် အားထုတ်ခြင်း

သက္ကရာဇ် (၃၀-၉-၂၀၀၅) ခု ညသန်းခေါင်ယံတွင် စိန်ဖူးတော်အား သူခိုးတက်ခိုးရာ၊ သူခိုးရော စိန်ဖူးတော်ပါ မြေခခဲ့သည်။ သူခိုးသည် မေ့လဲနေရာမှ နံနက် (၅)နာရီခန့်တွင် သူခိုးတွင် ပါလာသည့် မော်တော်ဆိုင်ကယ်အားစီး၍ ထွက်ပြေးခဲ့ရာ ပြေးမလွတ်ဘဲ ပုထိုးကျောင်းလမ်းထိပ် အာဇာနည်လမ်းပေါ်တွင် မေ့လဲကျနေခဲ့သည်။ နံနက် (၆)နာရီခန့်တွင် ဘုရားဝင်းအပြင်ဘက် အိမ်တစ်ဆောင်ပြတင်းပေါက်မှ လူတစ်ယောက် အိပ်ရာထ မျက်နှာသစ်စဉ် ဘုရားစေတီတော်တွင် စိန်ဖူးတော် မရှိကြောင်း တွေ့ရှိရ၍ ဘုရားဝင်း၏ ညစောင့်ကို အော်ခေါ်ကာ၊ နံနက်အချိန် ဘုရားဖူးလား လူအများကိုလည်း အကူအညီတောင်းရာ စိန်ဖူးတော် မြေခသည်ကို တွေ့ရှိရပြီး ဘုရားဖူးလာသူတစ်ဦးက အာဇာနည်လမ်းပေါ်တွင် ဆိုင်ကယ် နှင့် လူတစ်ဦး လဲနေကြောင်းပြော၍ ထားဝယ်မြို ့မရဲစခန်းသို့ အကြောင်းကြားပြီး လက်ရဖမ်းကာ ရဲစခန်းသို့ ပို့ဆောင် ခဲ့ပါသည်။ သူခိုးအား ရဲက စစ်ဆေးမေးမြန်းရာ စိန်ဖူးတော်အား ခိုးယူနေစဉ် လူမဲကြီးက သူ့ကို ဘုရားပေါ်မှ တွန်းချ လိုက်ကြောင်း၊ မိမိအနေဖြင့်လည်း ဆိုင်ကယ်စီးပြီး ထွက်ပြေးရာ ပြေးမလွတ်ဘဲ လမ်းပေါ်တွင် မေ့လဲကျခဲ့ကြောင်း၊ ၎င်းဘုရားအပြင် ထားဝယ်မြို ့ရှိ အခြားတန်ခိုးကြီးဘုရား (၄)ဆူရှိ စိန်ဖူးတော်ကိုလည်း ခိုးယူခဲ့ကြောင်း အစစ်ခံပါသည်။ ထိုအချိန်မှစ၍ ဤရှင်ပင်ခရုဘုရားသည် မီးကွင်းသည့်အပြင် သူခိုးဖမ်းဘုရားအဖြစ် တန်ခိုးတော် ပိုမိုပွင့်လင်းလာပြီး ကျော်ကြားလာခဲ့သည်။

စာရေးဆရာကြီး ရွှေဝယ်ဧ ရေးသားခဲ့သည့် ထားဝယ်ရာဇဝင်သမိုင်း စာအုပ်မှ ကူးယူထားပါသည်။

10 comments

  • mamanoyar

    June 28, 2012 at 2:32 pm

    အားပေးသွားပါတယ်ရှင်
    အခုလို ပုံနဲ့သမိုင်းနဲ့ တွဲတင်ပေးတာ
    ကျေးဇူးတင်ပါတယ်

  • ရောက်ဘူးချင်တယ် ရေးဘိတ် ထားဝယ်ကော့သောင်း
    အောက်ဘက်ဆို ပန်းတနော်တောင်ရွာသူားတွေကောင်းမူ့ကြောင့်ရောက်ခဲ့ရတာဗျာ

  • တညင်သား

    June 28, 2012 at 4:04 pm

    ရှင်ကိုးရှင်ဆိုတော့ နှစ်ရှင်ပြီးသွားပြီပေါ့နော် နောက် ရှင်ဓါတ်ဝဲ အကြောင်းလေး ရေပေါ်မှာ ဓါတ်တော်ဝဲ သံကွန်ချာနဲ့အုပ်..ဘာညာဘာညာ မသိတော့ဘူးးး:) ဆက်ရေးပါအုံးနော်အန်တီ…

  • thureinmaung

    June 28, 2012 at 4:48 pm

    ရှင်တောက်ထိန်(….)
    ရှင်မုတ်တီး(မုတ်တီးရွာ)
    ရှင်ဥဩ(ထားဝယ်)
    ရှင်ဓါတ်ဝဲ(မောင်မယ်ရှောင်)
    ရှင်ပင်ခရု(ထားဝယ်)
    ရှင်တောင့်ပုံ(သရက်ချောင်း)
    ရှင်ဇလွန်(သာဂရမြို့ဟောင်း)
    ရှင်……မေ့သွားပြီ၊ ထားဝယ်သူလေးကိုသတိရလိုက်တာဗျာ…

  • lazy boy

    June 28, 2012 at 7:31 pm

    အားပေးသွားပါတယ်ခင်ဗျာ

  • သားဦး၊မြေးဦး

    June 28, 2012 at 7:35 pm

    မမဝေဝေရေ သူခိုးဖမ်းဘုရားဆိုပြီး မှတ်မှတ်သားဖြစ် ဗဟုသုတတစ်ုတိုးပါတယ်ဗျာ။
    မြန်မာပြည်တောင်ပိုင်းကို ရောက်ဖူးချင်လိုက်တာဗျာ။

  • pooch

    June 28, 2012 at 7:50 pm

    အောက်က ပန်းလေးတွေက ဘာပန်းဘာလိမ့်နော်။ အဆုပ်လိုက်ပွင့်တာ။ လက်ကိုင်ပန်းစည်းတို့ ပန်းအလှဆင်တဲ့ နေရာတွေမှာ သုံးရင်လည်း တော်တော်လေး လှမယ်ထင်တယ်။

    • MaMa

      June 28, 2012 at 8:25 pm

      ဟုတ်ပါရဲ့ မယ်ပုရေ။ သဘာဝအတိုင်းလေးနဲ့ကိုပဲ လက်ကိုင်ပန်းစည်းလေးလို လှလိုက်တာ။
      ဓာတ်ပုံဆရာမကြီး ဝေဝေကလည်း မြင်တတ်ပါပေ့။ 🙂
      ပုံ ၂ မှာ ထီးတော်က ရွှေရောင်နဲ့ ငွေရောင် နှစ်မျိုးနော်။
      ဘာလို့များ ရင်ပြင်တော်ပေါ်မှာ ချထားတာလဲ မသိဘူး။

  • ဦးဦးပါလေရာ

    June 28, 2012 at 8:43 pm

    မကြားဖူးသေးတဲ့ ဘုရား ပါပဲ..။
    အခုမှ မဝေဝေ ကျေးဇူးနဲ့ ဗဟုသုတ တိုးသွားတယ်။
    သူခိုးဖမ်းဘုရား အကြောင်းသိရတော့ ဘုရားတွေမှာ ပရလောကသားတွေ အစောင့်အရှောက်ရှိကြကြောင်း သက်သေဖြစ်သွားတာပေါ့..။

  • TTNU

    June 28, 2012 at 9:56 pm

    ဝေရေ…
    ဗဟုသုတတွေရတယ်။
    ပန်းလေးတွေကူးလိုက်တယ်နော်။ကျေးဇူးနော်။

Leave a Reply