နားစည်ကိုထွင်း နှလုံးသားအတွင်းဝင် သွေးကြောထဲမှာလှည့်ပါတ် ဦးနှောက်မှာရပ်တန့်နေသော…. (အပိုင်းလေး)

ကျနော် တို့ငယ်ငယ်က လူကြီးတွေက ဘယ်လောက်ဆူဆူ ဘယ်လောက်ဘဲတားတား သူတို့က လမ်းသူရဲသီချင်းလို့
အမည်တတ်ထားတဲ့သီချင်းတွေကို ကျနော်တို့ က မက်မက်စက်စက်ကိုနားထောင်တာပါဘဲ။
ဒီသီချင်းတွေကလဲ သတင်းစာတွေ ဂျာနယ်တွေက ဘယ်လောက်ဘဲဝေဖန် ဝေဖန် မကောင်းဘူးဘဲပြောပြော လူတွေက နားထောင်တာပါဘဲ။
အဲဒီတုန်းက ခေတ်စားတဲ့သီချင်းလေးတွေကတော့ ကုလားကားနာမယ်ကြီး ” ပဲရစ်ညနေခင်း “ဆိုတဲ့ကားထည်းက သီချင်းကို “ဇော်မင်းလေး”
ပြန်ဆိုထားတဲ့ ” သာယာလှတဲ့ ညနေ သည်အချိန်ကိုယ်တစ်ယောက်ထဲ”ဆိုတဲ့ “ညနေ”သီချင်း
ဘယ်ကုလားကားလဲလို့မမှတ်မိပေမဲ့နာမယ်ကြီးခဲ့ဘူးတဲ့ သီချင်းလေး ဇော်မင်းလေး ဆိုပါတယ်
ဆိုတဲ့ “တစ်ယောက်တည်းကွယ် တစ်ယောက်ထည်း တစ်ယောက်ထဲဘယ်များလျှောက်သွားနေတယ်”ဆိုတဲ့သီချင်းတွေ
နောက် အခုတစ်ကျော့ပြန်ခေတ်စားနေတဲ့ “စိန်ဝင်းထွန်း”ရဲ့ ကုလားသီချင်းအလိုက်တွေက တော်တော်လေးကို လူကြိုက်များ
နေရာတကာမှာကြားခဲ့ရပါတယ်၊
“အရက်ကိုကြိုက်လို့သောက်တဲ့သူ စိတ်ပျော်တတ်လို့သောက်တဲ့သူ” ဆိုတဲ့ “စိတ်ညစ်တဲ့အမူးသမား”
” မောင့်နှလုံးသားကို ခွဲ အသေအချာကြည့်စမ်းမိန်းကလေးရယ် “ဆိုတဲ့ “စန္ဒာဆိုတဲ့ မိန်းကလေး”
” ဟိုတစ်ခါက အရေးကြီးတဲ့ ကိစ္စရှိလို့ တွေးမိတဲ့စိတ်မှာမောရင်း”ဆိုတဲ့ ” သုံးဘီး ”
” အို နေပါစေဗျာတကယ်ပါဆိုရင် ကျနော်က အထကကျောင်းသား “ဆိုတဲ့ ” အထကကျောင်းသား ”
နောက်လူပိုကြိုက်များတယ်လို့ကျနော်လည်းပိုကြိုက်တဲ့ “စိုးပိုင် ခေါ် မောင်ငြိမ်းချမ်း”
သူက ကုလားသီချင်းအလိုက်ရော အင်္ဂလိပ်သီချင်းအလိုက်ရော အစုံဆို အကုန်ကောင်းလို့ဆိုနို်င်ပါတယ်။
နာမယ်အကြီးဆုံးကတော့
” နှစ်ကိုယ်ယှဉ်တွဲပျော်မြူးတဲ့ “လို့ဆိုပြီး ခပ်ဆွေးဆွေးလေးဆိုထားတဲ့” အချစ်ဟောင်းရဲ့လပ်ထပ်မင်္ဂလာ ”
” မျှော်သူမောပြီ အရိပ်ပမာခိုမှီ သည်ဘဝခရီးတစ်လျှောက် ညည်းညည်းငယ်မငြူစူ”ဆိုတဲ့ ” အေဒင်ဥယျာဉ်ထဲက အနမ်း”
” မောင်လေချော့ကာသိပ်ပါ့မယ် အိုမေရယ် အိပ် အိပ်တော့ကွယ်”ဆိုတဲ့ ” ချစ်အနမ်းချော့အသိပ်”
“ငွေမူန်ဖွေးဖွေး မျှားတန်းသွယ်သွယ် “ဆိုတဲ့သီချင်းအေးလေးဖြစ်တဲ့ “ပန်လှည့်တော့ချစ်ဦးငယ် ”
” ယမုံနာဆိုတဲ့ မြစ်ကမ်းနံဘေး က ပုံပြင်တည်ရာမြေ မိချောင်းနဲ့မျောက်ရဲ ့ဒဏ္ဏာရီကိုကြားဘူးစအချစ်ရေ”ဆိုတဲ့ “ဒဏ္ဏာရီထဲက အသည်း ”
တကယ်ပြောရင် စိုးပိုင်ရဲ့အဲဒီအချိန်က လူကြိုက်အများဆုံးသီချင်းတွေက များမှများပါနော်။
အဲဒီအချိန်မှာ နောင်ပလေးဘွိုင်နာမယ်ခံကြမယ့် စိန်လွင် ၊ပုလဲ ၊တင်အောင်မိုး ၊အေးမောင်၊ ပီတာဘတူ၊ တယ်ရီဘတူ ၊ အစရှိကြတဲ့ ဦးအံ့ကြီးရဲ့ တူ တူမများဖြစ်တဲ့မောင်နှမ ဝမ်းကွဲတွေ စုနေတဲ့ဘီတီဘရားသား အုပ်စု။
သူတို့နဲ့တွဲပြီးပေါ်လာတဲ့ ဗစ်တာခင်ညိုတို့ သိန်းတန်(မြန်မာပြည်) ဘိုဘိုဟန် အောင်ကိုလတ် တို့အုပ်စု သီချင်းတွေအားကောင်းကောင်းနဲ့ ထွက်လာပါတယ်။
လူကြိုက်တာလဲပါရဲ့။
သူတို့တွေတကယ်ကို ဝါသနာပါလို့ ကြိုးစားပန်းစား လုပ်ခဲ့ပါတယ် ဒါပေမဲ့လဲ အားလုံးက လမ်းသူရဲသီချင်းလို့သတ်မှတ်လို့ အတော်များများက လက်မခံခဲ့ကြပါဘူး။
လမ်းသူရဲသီချင်းတွေလို့ အမည်ဆိုးတတ်တာကို ခေတ်ပြောင်းအောင်လုပ်ခဲ့တဲ့ သူရဲကောင်းလို့ကျနော်အမည်ပေးထားတဲ့သူကတော့ “ဂျင်မီဂျက်ခေါ်လားရှိုးသိန်းအောင် နဲ့ နွဲ့ယဉ်ဝင်း”ပါ။
ဒီ်စတီရီယိုသီချင်းဘဲခေါ်ခေါ်လမ်းသူရဲသီချင်းဘဲဆိုဆို ဒီသီချင်းလေးတွေပေါ်စမှကာ မြန်မာတွေနားမစွဲသေးတဲ့ သီချင်းအလိုက်သံစဉ်တွေလဲဖြစ်နေတယ်၊
စရေးစမှာလူငယ်အကြိုက်ရေးတာ လူငယ်တွေရေးတာဆိုတော့လဲ စာသားလေးတွေက ခပ်မိုက်မိုက်လေးတွေဆိုတော့ လူကြီးတွေကခံစားလို့မရဖြစ်နေပါတယ်။
အဲဒီအချိန်မှာ သူတို့နှစ်ယောက်ဆိုထားတဲ့သံစဉ်လေးတွေကလဲ ကျနော်တို့မြန်မာလူကြီးတွေနားထဲကိုတန်းရောက်သွားနိုင်တဲ့ သံစဉ်အေးအေးလေးတွေဖြစ်နေရုံတင်မကဘူး စာသားလေးရဲ့အဓိပ္ပါယ်
တွေကလဲ ကောင်းကောင်း စာသားလှလှမြန်မာဆံလေးတွေဆိုတော့ လူကြီးလူငယ်မရွေးလက်ခံတဲ့သီချင်းလေးတွေဘဝကိုနေ့ချင်းညချင်းတန်းရောက်သွားပါတယ်။
နာမယ်ကြီးခဲ့တဲ့သီချင်းလေးတွေကတော့
” ဖူးစာ ဆုံလို့ရယ် တို့နှစ်ဦးချစ်ကြတယ် “ဆိုတဲ့ “အပြိုင်အဆိုင်ဖူးစာ “စုံတွဲသီချင်း၊
” ဟေ့ကောင်ကလေးဗမာပြည်ဆိုတာ အယဉ်ကျေးဆုံးတိုင်းပြည်တစ်ခုပါ”ဆိုတဲ့”အရှိကိုအရှိအတိုင်း “စုံတွဲသီချင်း၊
“မေမေရေမငိုနဲ့နော်လေ ရှစ်ခိုးဦးချကန့်တော့လျက်ပါအမေ”ဆိုပြီး မျက်ရည်တွေကိုချူချသွားတဲ့ ” အမေတစ်ခုသားတစ်ခု”သီချင်းတွေပါဘဲ။
လားရှိုးသိန်းအောင်ရဲ့များပြားတဲ့မြန်မာဆန်ဆန်သီချင်းလေးတွေ ကမြန်မာပြည်အနှံ့ခြေဆန့်လို့သွားရုံသာမက လူကြီးတွေကပါ စတီရီယိုသီချင်းလေးတွေကို
စတင်လို့လက်ခံလာပါတယ်။
နောက်ထူးခြားတဲ့လူတစ်ယောက်ကတော့ အခုလူငယ်ကြိုက် ဂျေးမီတို့ အဖေ တီဗွီကြော်ငြာမှာ မပါမဖြစ်တဲ့အောင်ကိုလတ်ကြိီးပါဗျာ။
သူ့ဆိုတဲ့သီချင်းသံက လုပ်ဆိုတဲ့အသံလိုခပ်ဝဲဝဲလေးပါ။
သူလဲ သီချင်းတွေဆိုတာကြာနေပေမယ့်လူအများကသိပ်မသိသေးပါဘူး။
အောင်ကိုလတ်လို့ဖြစ်သွားတဲ့သီချင်းကတော့ ပြည်သူ့မဲဆန္ဒ
ခံယူပွဲအတွက် သူဆိုပေးလိုက်တဲ့ ” မဲရုံကိုသွားကြစို့ ” သီချင်းကမြန်မာဆံဆံအလိုက်ကလေး
ဂစ်တာကြိုးအကြီးကို ခပ်ဖိဖိလေးတီးထဲ့လိုက်တဲ့
“ဒူ့ဒူဒူ ဒူ့ဒူဒူ ဒူဒူန်း ဒူဒူ့ ဒုဒူဒူ မဲရုံမဲရုံကိုသာ တစ်ပြည်လုံး “ဆိုလိုက်တဲ့စာသားအတိုင်းတပြည်လုံးပေါက်ထွက်သွားပါတယ်။
ကျနော်မှတ်မှတ်ရရ ဆယ်တန်းရောက်တဲ့အချိန်တစ်ရက် ကျုံးဘေးမှာသူငယ်ချင်းတစ်ယောက်က
” ပျံသန်းတဲ့ငှက်ကို သူတို့မို့လို့ဖမ်းချင်တာ ရွှေလှောင်အိမ်မှာနေလို့မရပါ”တို့
” နွေရာသီမှာ ကိုယ်တစ်ယောက်လဲပါတယ် အပြင်မှာပူသလိုရင်မှာပူလာရင်ခက်ရချည့်ရဲ့”တို့
“တော်မဝင်လူမသုံးတဲ့ နေရာလေးမှာ ရွှေဟင်္သာနားခိုက်နဲ့ကြုံ “တို့စာသားရို်းရိုးလေးအလိုက်ရိုးရိုးလေးနဲ့ဆန်းနေတဲ့သီချင်းလေးတွေကို
ဆိုင်းမပါ ဗလာဆိုပြတာကိုကြားလိုက်ရတဲ့ကျနော်တို့တသိုက် သီချင်းလေးတွေထဲမှာ မျောသွားပါတယ်။
ဘယ်သူလဲလို့မေးပြီး ရှာနားထောင်လိုက်ကြတော့ ဗမာလိုမပီတပီ့ ရှမ်းသံဝဲဝဲလေးနဲ့ နောက်တော့ ဘိုထီးလို့ တွင်မယ့်”စိုင်းထီးဆိုင် “ပါတဲ့ခင်ဗျား။
အဲဒီကနေ ကျနော်တို့ထီးဆိုင်ပိုးဝင်သွားလိုက်တာ သူနဲ့အတူတွဲပါလာတဲ့ “စိုင်းခမ်းသီ”ဆိုတဲ့ မပီတပီကောင်လေးရဲ့
” ချစ်ပြီးမှ ခွဲကြရမယ့်ကိုယ်တို့ကိုယ် ညာတာပါဆောင်း”တို့
“အိမ်နားဘေးက သစ်ပင်မှာ ငှက်ဆိုးထိုးသံတွေကြားရတဲ့အချိန်တိုင်းမယ်ရင်မှာလေထိတ်တယ် စိတ်မှာလေကြောက်တယ် “ဆိုတဲ့သီချင်းတွေကလဲ ရင်ထဲကိုငြိကုန်ပါတယ်။
နောက်အခုထိရင်ထဲမှာကျန်နေသေးတဲ့ ကြားမိတိုင်းလွမ်းရတဲ့ “ခြင်္သေ့လည်ပြန်” ငွေတောင်တန်းဆီသို့သီချင်းတပုဒ်” “မောင့်လပြည့်ဝန်း “တို့ကလဲ မေ့မရတဲ့သီချင်းလေးတွေပါ။
ဒီအထဲကမှရင်ထဲကိုပိုထိတဲ့သီချင်းလေးကတော့ ” ဝါသနာထက်ကို ဝမ်းရေးခက်တော့ ဒီသီချင်းဟာ “ဆိုတဲ့ “နောက်ဆုံးသီချင်း “လေးပါ။
ကျနော်ဆယ်တန်းအောင်လို့ မန်းတက္ကသိုလ်ကိုတက်နေတဲ့အချိန် ဘိုထီး ကကျနော်တို့ထက်စောရောက်နေသူပေါ့။
ကင်တင်းမှာ သူသီချင်းတွေဖွင့်ထားတဲ့အချိန်သူကိုယ်တိုင် ဆံပင်စုတ်ဖွားနဲ့ဆေးပေါ့လိပ်တို သူ့နာမယ်ကျော် မောင်ဗမာဘီးအပြာလေးနဲ့သူ့သီချင်းကိုသူနားထောင်နေပါတယ်။
တစ်ညတက္ကသိုလ်ဂီတပဒေသာညမှာ သူဆိုလိုက်တဲ့ ” ဘီးကလေးကိုစီး “ဆိုတဲ့ သီချင်းလေးရဲ့ရလဒ်ကတော့
ကျနော်တို့မန်းလေးတက္ကသိုလ်မှာ ချစ်သူကိုစက်ဘီးပေါ်တင်သွားတဲ့ကောင်လေးကိုမြင်တာနဲ့ မြင်သူတိုင်းက ဝိုင်းအော်လိုက်ကြပါတယ်
“မောတော့မောတာပေါ့ ဒါပေမယ့်မမောဘူး ”
စိုင်းထီးဆိုင်အောင်မြင်လု့ိသိပ်မကြာခင်မှာ သူလို့ဘဲ ရှမ်းတိုင်းရင်းသားအဆိုတော်လေး စိုင်းဆိုင်မောဝ်ဆိုတာလည်းပေါ်လာပါတယ်။
သူပေါ်လို့မှ မကြာခင်ထီးဆိုင်ရဲ့လက်တွဲဖော် တေးရေးဆရာ စိုင်းခမ်းလိပ်နဲ့အကွဲအပြဲသတင်းနဲ့အတူ ဆို်င်မောဝ်ကိုပြောင်းရေးပေးမယ်ဆိုတဲ့သတင်းက
တောမီးလိုပြန့်သွားတဲ့ စိတ်ဝင်စားစရာဇာတ်လမ်းဖြစ်ခဲ့ပါတယ်၊
ဆိုင်မောဝ်ရဲ ့ “အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ”တို့”အေပရယ်အချစ်ရဲ့အမုန်း “တို့”ရွှေသမင်မျက်လုံးလေး “တို့ကလဲ ကျနော်တို့ရင်ထဲကိုဝင်လာခဲ့ပါတယ်။
မှတ်မှတ်ရရ ကျနော်တို့ဆယ်တန်းရောက်တဲ့အချိန်လောက်မှာ မန်းလေးသား ဂုတ်တိုတို အသားမဲမဲ အသံသိပ်ကောင်းတဲ့ ” ဇော်ဝမ်း”ဆိုတာလေးဟာ
တစ်ခုသောသင်္ကြန်မှာ “ကျောက်ခဲ “ဆိုတဲ့သီချင်းလေးနဲ့ မန်းလေးက စလို့ တပြည်လုံးလူတွေရဲ့ရင်ထဲကို ဇွတ်ကို ဝင်လာပါတယ်။
အဲဒီသီချင်းလေးက စလို့ ရုပ်ရှင်ဇာတ်ဝင်တေးတွေမှာ ပါတိုင်းနာမယ်ကြီးတဲ့ “နှင်းရည်စိုလူးရာသီဦးဝယ် ပွင့်လွှာဖြူဖွေးမာလာလေးရယ် “ဆိုတဲ့ ” သဇင်”
ချိုပြုံးနဲ့တွဲဖက်လို့ ဆိုတဲ့ “ရန်ကုန်သားနဲ့မန်းလေးသူ ” အစပြုလို့မရေတွက်နိုင်သော ဇော်ဝမ်းရဲ့သီချင်းလေးများနဲ့တစ်တိုင်းတစ်ပြည်လုံးဖုံးလွှမ်းသလို
ကျနော်ရင်မှာငြိနေတဲ့သီချင်းတွေပါ။
မန်းလေးသားဆိုတော့လဲ မန်းလေးသားဆိုတာကိုသူများထက်ပိုအားပေးခဲ့တယ်ဆိုရင်လဲ မငြင်းပါဗျာ။
ဒီအထဲမှာမှ ထူးထူးခြားခြား တွန့်လိန်ကောက်ကွေးလို့သရုပ်ဆောင်တတ်တဲ့ ကျော်ဟိန်းဆိုတဲ့ကောင်လေးရဲ့ရုပ်ရှင်ဇာတ်ဝင်တေးတပုဒ်ကိုတော့လူအများကလက်ခံခဲ့ဘူးပါတယ်။
“စိမ်းတယ်လို့မှတ်မှာလား “ပါတဲ့။
မှတ်မှတ်ရရ ကျနော်တို့တက္ကသိုလ်နောက်ဆုံးနှစ် ဂီတပဒေသာညမှာ ထီးဆိုင်က “နွေနံနက်ခင်း”ဆိုတဲ့ အင်မတန်မှလွမ်းစရာကောင်းသော
သီချင်လေးကို ဆိုသွားပါတယ်။
ပထမရီဟာဇယ်ညမှာ နားထောင်ရင်းမှင်သက်မိသလိုသီချင်းထဲကိုမျောသွားပါတယ်။
တကယ်ပွဲည သန်းခေါင်ကျော်မှာမှ ဆိုမယ့်ဒီသီချင်းကိုနားထောင်ချင်လွန်းလို့ ခြင်အကို်က်ခံ အညောင်းခံလိုက်ရတာ သီချင်းလေးကိုလဲ
ကြားလိုက်ရော စောင့်ရတာ တန်လိုက်တာလို့ မှတ်လိုက်ပါတယ်။
ဒါပေမဲ့ မကြာခင်လေးမှာရင်နာစရာသတင်းကတော့ ကျနော်တို့ချစ်လိုက်ရတဲ့ သီချင်းတွေကိုကြိုက်လိုက်ရတဲ့ ထီးဆိုင်ရယ် ဇော်ဝမ်းရယ်
နှစ်ယောက်လုံးက ရှောင်လေဝေးဝေးကို မရှောင်နိုင်ရှာတော့ ကျနော်တို့နဲ့ အဝေးဆုံးသော အမှောင်ရိပ်မှာ ပုန်းအိပ်ဘို့လိုက်သွားပါတယ်။
ကျနော်တို့ တက္ကသိုလ်ကျောင်းသားဘဝမှာ မြန်မာပြည်သိန်းတန်ရဲ့” မန်းမြေမှာလေးနှစ်တာ”တို့ “သောကတောင်တန်း”တို့ “မနောအလှပန်း ”
ခုထိဘယ်သူမှပြန်မဆိုသေးတဲ့ ကျနော်သိပ်ကြိုက်တဲ့ “တပေါင်းနွေတန်ခူး မဟုတ်ပါ ဆောင်းလေးရူးအသုတ်မှာ သနားစရားလေး အနားလာပေး “ဆိုတဲ့
” ဥဩမလေး”
သန်းနိုင်ရဲ့ “ညမွှေးပန်း” “မီးမဆော့နဲ့”စိန်လွင်ရဲ့ “မောင်လာပါသူခေါ်ပြီးချိန်းတာ ကိုယ်လာမိခဲ့တာ” ဆိုတဲ့ “အင်းလျားကန်စပ်ကဖိနပ်တစ်ရံ”
“လိပ်ပြာတောင်ပန်ငှားလို့ ရှာကြည့်အုံးမယ် “ဆိုတဲ့ “လိပ်ပြာလေးလိုဝဲလို့ရှာမယ်”
ပုလဲနဲ့စိန်လွင်စုံတွဲ “စနေမှာစွေရွာမိုးလိုဘဲ”တို့ “စတော်ဘယ်ရီချစ်သဲရှင်”တွေကလည်းကျနော်ရင်ထဲရောက်လာဘူးတဲ့သီချင်းတွေပါဘဲ။
ကျနော်လဲ ကျောင်းမပြီးခင်မှာဘဲ အစိုးရဝန်ထမ်းဘဝကိုရောက်သွားတော့ ကျနော်ချစ်တဲ့ ဂီတနဲ့ တော်တော်လေး ဝေးသွားပါတယ်။
ဝေးဆို ကျနော်က စက်ရုံဝန်ထမ်းတစ်ဦးဖြစ်တော့ မနက်7နာရီအရောက်သွား အိုဗာတို်င်ဆင်းတော့ မိုးချုပ်မှရောက်ဆိုတော့ဂီတနဲ့ဝေးသွားပါတယ်။
ဒါပေမယ့် ကျနော်ရဲ့သီချင်းကြိုက်တဲ့ ဝါသနာအိုးလေးကို အမြင်တွေပြောင်းအောင် အာရုံတွေပြောင်းအောင်
ဖြစ်သွားတာကတော့ ကျနော် အလုပ်ထဲကနေ မတက်မဖြစ်တက်ရတဲ့ ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ကို 1978ခုနှစ်တက်ရတဲ့အခိုက်
အဆောင်နေကျောင်းသားဘဝရောက်တဲ့အခါ မှာ ညစဉ် ညစဉ် ကြားလိုက်ရတဲ့ မြန်မာသံသီချင်းများကတော့……………………………….


3 comments

  • လင်းဝေကျော်

    June 29, 2010 at 4:29 am

    “နားစည်ကိုထွင်းကာ နှလုံးသားအတွင်းဝင်ရောက် သွေးကြောထဲမှာ လှည့်ပတ်ပြီး ဦးဏှောက်မှာရပ်တန့်နေသော” ဆိုတဲ့ ခေါင်းစဉ်ကိုကြိုက်ပါတယ်။
    အိုနေပါစေဗျာ တကယ်ပါဆိုရင် အထက ကျောင်းသား သီချင်းက ဘယ်သူဆိုတာပါတုန်း… အပြည့်အစုံသိပါရစေ။
    အဲဒီသီချင်းက ကျွန်တော် သူငယ်တန်းမတိုင်ခင်လေးက ခေတ်စားတဲ့သီချင်းဖြစ်မယ်ထင်တယ်။
    သီချင်းအမှန်ကို မမှတ်မိဘူး။ သူငယ်တန်းစာမေးပွဲမှာ ကလေးတွေကို လူတွေ့ ပတ်ဝန်းကျင်လူမှု ဘာသာ စစ်တော့ ကျွန်တော့်ကို သီချင်းဆိုခိုင်းတယ်။
    ဆိုပြလိုက်တဲ့သီချင်းကတော့…
    “သူနဲ့ကိုယ်နဲ့ဂျွိုင်းတာ မကြာသေးဘူးကွာ နံပါတ်ဖိုးရဲ့တန်ခိုးက ဖီလင်များတက်လို့လာ..
    အခုတော့ ရင်ဆိုင်လာရင် လောက်စာလုံး ဖင်ထဲဝင် ဆရာဝန်ခေါ်တာမလာ အိုနေပါစေကွာ ကိုယ်ဟာကိုယ်သာ ညှပ်နဲ့ဆွဲထုတ်မှာ ”
    ဆရာမတွေ မျက်လုံးပြူးပြီး ရယ်နေကြတဲ့ မျက်နှာကို အခုထိ မြင်ယောင်သေးတယ်။
    အဲဒါ ကိုပေါက်ကြီး ပြောတဲ့ အထက ကျောင်းသားသီချင်းပဲဖြစ်မယ်ထင်ပါတယ်။
    မူရင်းစာသားလေများ တဆိတ်လောက်ပါ။ အဆိုတော်နာမည်လေးပါ ပလိစ်။

  • yannaingech

    June 29, 2010 at 5:15 am

    ကျွန်တော်တို့ကြိုက်ပေမယ့် အဲဒီခေတ်ကလူကြီးတွေ ဘယ်လိုနားဒုက္ခရောက်ခဲ့လဲလို့ နည်းနည်းတော့ ကိုယ်ချင်းစာကြည့်လို့ရတယ်။ အခုကျွန်တော်တို့ ဟစ်ဟော့သီချင်းတွေကြားရင် မအီမလည်ဖြစ်သလိုကြီးနေမှာပဲ။

  • kopauk mandalay

    June 29, 2010 at 3:27 pm

    ညီလေးရေ
    အထကကျောင်းသားရဲ့ပိုင်ရှင်က အဆိုတော်ကြီး စိန်ဝင်းထွန်းပါ။
    သူ့သီချင်းတွေကို ပုံစံသစ်နဲ့သူကိုယ်တိုင်ပြန်ဆိုထားတဲ့ခွေလေး ထွက်နေတယ်လို့ သိရပါတယ်။
    အားပေးလိုက်ပေါ့နော်။
    http://www.kopaukmdy.myanmarsarpay.info

Leave a Reply