Supreme Court upholding of Healthcare individual mandate နဲ့ကျွန်တော်တို့မြန်မာတွေ

maungmoenyoJune 29, 20121min1197

ဒီနေ့မနက် Obamacare လို့ခေါ်တဲ့ Healthcare Reform Act (HRA) ရဲ့ အမေရိကန်နို်င်ငံသားတိုင်းမရှိမနေရ ကျန်းမာရေးအာမခံထားရှိရေး ပြဌာန်းချက်ကို နိုင်ငံရဲ့အဆင့်မြင့်ဆုံးတရားလွှတ်တော်ချုပ်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင်းအရ တရားဝင်ကြောင်း (၅)မဲ(၄)မဲနဲ့ သဘောတူလိုက်ပါတယ်။ အဲ့ဒီပြဌာန်းချက်က စီးပွားရေးလောကနဲ့ အာမခံကုမ္ပဏီကြီးများကို အရှိုက်ထိုးနိုင်လောက်တဲ့ပြဌာန်းချက်မို့၊ အာမခံကုမ္ပဏိအတော်များများကမနှစ်မြို့ကြပါဘူး။ စီးပွားရေးလောကသားတွေရဲ့ကျောထောက်နောက်ခံကို ရယူနေကြတဲ့ Republican ပါတီ အနေနဲ့လည်း ဒီပြဌာန်းချက်အပါအဝင် ဒီဥပဒေရဲ့ ပြဌာန်းချက်အတော်များများဟာ သူတို့ရဲ့ နိုင်ငံရေးအပေါ်စီးရယူလိုမှုကို ရိုက်ချိုးနိုင်လောက်တဲ့လက်နက်လို့ယုံကြည်ထားကြပုံရပါတယ်။ အကျိုးအမြတ်ရရေးကိုသာအခြေပြုထားလေ့ရှိတဲ့ ကျန်းမာရေးအာမခံကုမ္ပဏီကြီးတွေ (insurance carriers) တွေ သွေးပျက်တဲ့ တရားလွှတ်ချုပ်ရဲ့ ဖြတ်ထုံးဆိုရင်လည်းမမှားဘူးပေါ့။ အဆုံးအဖြတ်မဲ့ကို Republican ပါတီသမ္မတကခန့်အပ်သူ တရားသူကြီးချုပ်ကပါဝင်မဲပေးနိုင်ခဲ့တဲ့အတွက် အနိုင်ရသွားခြင်းဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ဥပဒေရဲ့အကျိုးသက်ရောက်မှုကို တရားသူကြီးချုပ် John  Roberts ကကောင်းကောင်း ကြီးလေ့လာပြီးလက်ခံထားပြီးဖြစ်လို့လို့ယူဆနိုင်ပါတယ်။

သမ္မတရဲ့မိန့်ခွန်းမှာ ဒီဖြတ်ထုံးဟာ လက်ရှိအာမခံရှိဆဲအမေရိကန်များကိုပိုမိုလုံခြုံမှုပေးနိုင်မဲ့အပြင်အဓိပ္ပါယ်ရှိတဲ့၊ လက်တွေ့ကျတဲ့ လွှမ်းခြုံမှု(coverage) ပိုမိုပေးနိုင်မှာဖြစ်ကြောင်း၊ အာမခံကြေး (rate) တွေလည်းကျဆင်းလာမှာဖြစ်ကြောင်း၊ ဒီဥပဒေနဲ့ပါတ်သက်ပြီးနောင်(၅)နှစ် (သို့) (၁၀)နှစ်လောက်ကြာရင် ဒီဥပဒေရဲ့အကျိုးအမြတ်များကို ပြန်ကျေးဇူးတင်ကြမှာဖြစ်ကြောင်း၊ ဒီဥပဒေအရ အာမခံမဲ့သူ သန်း(၅၀) ဟာ (၂၀၁၄) လောက်မှာအာမခံလွှမ်းခြုံရရှိတော့မှာဖြစ်ကြောင်း၊ ယင်းတို့အတွက် လက်ရှိအာမခံကြေးပေးနေရသူတွေရဲ့ဝန်ထုပ်ဝန်ပိုးတွေလျော့နည်းလာမှာဖြစ်ကြောင်း၊ ဆေးရုံဆေးခန်းများမှာ အာမခံအတွက်ငြင်းရခုံရတဲ့ဒုက္ခတွေလျော့နည်းလာတော့မှာဖြစ်ကြောင်း ရှင်းပြပါတယ်။ ဒီကိစ္စနဲ့ပါတ်သက်ပြီးနိုင်ငံရေးဖြတ်လမ်းနည်းသုံးကြသူတွေကတော့ သဘောကျမှာမဟုတ်ကြောင်း၊ သို့သော် သူတို့အပါအဝင်၊ အခြားမလိုလားသူတွေအားလုံးပါ ဒီခံစားခွင့်အသီးအပွင့်များရနေကြပြီဖြစ်ကြောင်း၊ ချေပထားပါတယ်။

သေသေခြာခြာစဉ်းစားကြည့်ရင် လက်ရှိအတော်ခရီးပေါက်နေပြီဖြစ်တဲ့ HRA   ရဲ့အာနိသင်ကိုရရှိခံစားနေကြရပြီဖြစ်တဲ့ အမေရိကန်တွေ (အထူးသဖြင့်ရောဂါထူပြောသောသက်ကြီးပိုင်း နဲ့မိန်းမနဲ့ကလေးသူငယ်များ) ကဒီဥပဒေသစ်ကိုနောက်ကြောင်းပြန်လှည့်ပြီးပျက်ပြယ်သွားမှာကို စိုးရိမ်လာမိကြောင်း။ သုတေသနပြုချက်တွေတွေ့ရှိနေရပါပြီ။

အမေရိကရောက်မြန်မာများအနေနဲ့ရရှိလာမဲ့အကျိုးအမြတ်တွေဘက်ကြည့်ရအောင်-

(၁) အရင်ကအာမခံမရှိကြသူတွေ အာမခံလွှမ်းခြုံမှုကို Medicaid/Medicare မှတဆင့် ရရှိလာကြပါမယ်။

(၂) အမေရိကရောက်ခါစ ဝင်ငွေရရှိရေးလုံးပမ်းနေကြရတဲ့မိဘတွေအတွက် exchange coverage လို့ခေါ်တဲ့ဝင်ငွေပေါ်အခြေခံပြီးအခြားပုံမှန်အာမခံများလိုတူညီတဲ့လွှမ်းခြုံမှုရှိတဲ့ အခြေရလာပါမယ်၊

(၃) ပညာရေး၊လူမှုရေးနောက်ကျနေကြတဲ့ကလေးသူငယ် တွေအသက်(၂၆)နှစ်အထိမိဘတွေ အောက်မှာနေခွင့်ရကြပြီး အာမခံခံစားခွင့်ရလာကြပါမယ်။

(၄) ယခင်ကရှိရင်းစွဲရောဂါကြောင့်အာမခံမရောင်းနိုင်တာတွေ၊ ဈေးတက်တာတွေကို ဥပဒေအရကာကွယ်တားဆီးပေးနိုင်တော့တာမို့၊ ရောဂါကြောင့်ပူပင်သောကဖြစ်တာကတကြောင်း၊ အာမခံကိစ္စငြင်းရခုန်ရဖြစ်ရတာတကြောင်း ဖြစ်နေရတဲ့ဘဝကလွတ်ကြရပါတော့မယ်၊

(၅) လူတိုင်းအာမခံမရှိမဖြစ်ရှိရမှာမို့၊ အရင်အာမခံမရှိသူတွေအတွက်ကိုယ့်ဆီကမသိမသာကျခံနေရတဲ့ စရိတ်ဝန်ထုပ်ဝန်ပိုးတဖြေးဖြေးနဲ့ကျဆင်းလာပါလိမ့်မယ်။

(၆) ယခင်ကရောကာကာကွယ်ရေးအတွက်အခပေးရတဲ့စနစ်ကိုအပြီးတိုင်ဖျက်သိမ်းရပါမယ်၊

သူများယောင်လ ို့ကိုယ်ပါလိုက်ယောင်ပြီး သမ္မတ အိုဘားမားကြောင့်  ငါတို့အာမခံကြေးတွေတက်နေရပြီဆိုကြ သူတွေ၊ နောင်နှစ် အနည်းငယ်အတွင်းမှာပါးစပ်ပိတ်သွားကြပါလိမ့်မယ်။ ကျွန်တော်တို့မြန်မာမိသားစု အိမ်တိုင်းမှာကြည့်ကြပါ။ သက်ကြီးရွယ်အိုရောက်လာကြသူတွေအတော်များများဟာ Medicaid (သို့) Medicare ရနေကြသူတွေပါ။ ဒါတွေဟာအထောက်အထားပါဘဲ။ အရှေ့မှာမကောင်းကြောင်းပြောနေပြီး အိမ်ထဲနေရင်းအစိုးရ ကပေးထားတဲ့ထောက်ပံ့ကူညီမှုတွေကိုမေ့လျော့နေကြတဲ့ သူတွေအတွက် သတိပေးရတာပါ။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က လူဦးရေသန်းခေါင်စာရင်းဌာနကြီးက လုပ်တဲ့ American Community Survey မှာ မြန်မာလူမျိုး (၄၅%) ဟာ အလုပ်ကရတဲ့အာမခံစနစ်ရှိနေကြပြီး (၃၈%) ဟာအစိုးရကထောက်ပံ့တဲ့အာမခံစနစ်ကရှိရှိထားကြသူတွေဖြစ်ကြောင်းတွေ့ရတာမို့ မသေးလှသော ကိန်းဂဏန်းအဖြစ်စိတ်ဝင်စားဘွယ်တွေ့ရပါတယ်။ ဒီကြားထဲ (၂၁%)သော မြန်မာဦးရေဟာ အာမခံမဲ့သူများဖြစ်ကြတာမို့ အဲ့ဒီရာခိုင်နှုန်းရှိတဲ့မြန်မာများသာမက၊ အစိုးရအထောက်အပံ့နဲ့ အာမခံလက်ဝယ်ရရှိထားကြသူတွေအတွက် ဒီကနေ့ဆုံးဖြတ်လိုက်တဲ့ တရားလွှတ်တော်ချုပ်ဖြတ်ထုံး ဟာ မြန်မာတွေအတွက်ရင်အေးစရာဖြစ်မနေပေဘူးလားခင်ဗျား။

7 comments

  • kai

    June 29, 2012 at 2:50 pm

    ပန်နယ်လ်တီပေးရတာက.. ဝင်ငွေရဲ့.. ၁ရာခိုင်နှုန်းကနေ.. ၂.၅ အထိဝင်ငွေခွန်ကနေ..ယူမှာလို့ဆိုကြတာလည်း တွေ့တာမို့.. အဲဒီအပိုင်းသိပ်မရှင်းသလိုဖြစ်နေလို့ပါ…
    .. ကျမ်းမာရေးအာမခံမရှိသူတွေက.. အာမခံမဝယ်ရင်.. ဝင်ငွေခွန်ကနေဖြတ်သွားမှာလားလို့ပါ..။

    နည်းနည်းရှင်းပြပေးနိုင်မလားခင်ဗျ.. 🙂

  • pooch

    June 29, 2012 at 3:31 pm

    အဲ့ဒီမှာရှိတဲ့ မြန်မာတွေအတွက်ကတော့ ရင်အေးပြီးရင်း အေးစရာတွေပါ။ မုဒိတာပွားပါတယ်။

    ဒီမှာရှိတဲ့ မြန်မာတွေအတွက်ကတော့ ရင်ပူပြီးရင်း ပူရမဲ့အခြေအနေတွေ ချည်းပဲ။
    ရွှေပြည်ကြီးလည်း နီးတော့မှာလား ဝေးသွားမှာလား ရင်တထိတ်ထိတ်။ 🙁

    • kai

      June 29, 2012 at 3:43 pm

      ယူအက်စ်မှာ.. မြန်မာ၃သိန်းလောက်ရှိမယ်မှန်းတယ်..
      ဆိုတော့..
      အဲဒီလူတွေ.(ပြန်ချင်ဦးတော့). ပြည်တော်ပြန်တော်တော်ခက်တော့မှာပဲ..

      ဘာပဲဖြစ်ဖြစ်ပါ…
      အဖမြန်မာပြည်အတွက်.. ကျမ်းမာရေးအစီအစဉ်တွေ..အာမခံကိစ္စတွေ.. အကြံပေးတဲ့သူပေး..
      ကူလုပ်တဲ့သူက… လုပ်ပေးနေကြပါတယ်..
      သိပ်မကြာခင်နှစ်တွေမှာ.. တခုခုတော့.. ဖြစ်လာမယ်ထင်ရတာပါပဲ..။ 🙂

    • maungmoenyo

      June 30, 2012 at 11:01 am

      Pooch ခင်ဗျား။ သိပ်တော့အထင်မကြီးလိုက်ပါနဲ့။ အခွင့်အလန်းတွေတပုံတပင်ကြီးကြားမှာနေထိုင်ကျက်စားကြတဲ့ အမေရိကရောက်မြန်မာတွေ ရင်ပူစရာတွေ၊ အပူလုံးဆို့စရာတွေ မျိုးသိပ်မရနိုင်တဲ့ဒုက္ခတွေတပူတပင်ကြီးပါ။ social security net နဲ့ ပါတ်သက်ပြီး သမ္မတဦးသိန်းစိန်က ပြီးခဲ့တဲ့ရက်ပိုင်းက ‘လူမှူကာကွယ်စောင့်ရှောက်ရေးညီလာခံ’ ဖွင့်ပွဲနဲ့ မြန်မာပြည်သူတွေကို မိတ်ဆက်ပေးတဲ့ မင်္ဂလာသတင်းကြားလိုက်ရသဗျို့။ အဲ့ဒီသတင်းအတိုင်း အစင်ချောချောနဲ့ ရုပ်လုံးပေါ်လာရင်တော့ ကို Pooch အပါအဝင် မြန်မာပြည်သားအားလုံး မိသားစုတိုင်းရဲ့ဘဝလူတန်းစေ့ဖြစ်လာရေး၊ အဲ့ဒီကတဆင့် မိသားတစု၊ နေအိမ်ကိုယ်စီနဲ့ ကျန်းမာရေး၊ပညာရေး ကအစ လုံခြုံမှုကိုအာမခံတဲ့စနစ်ကြီးပေါ်ထွန်းလာတော့မယ်ဆိုပြီးလက်ခမောင်းခတ်တော့ဗျို့။
      (အဲါဒီကိစ္စနဲ့ပါတ်သက်ပြီး ဆောင်းပါးတပုဒ်လောက်တော့ရေးမယ်လို့ အားခဲထားပါတယ်။)

  • Wow

    June 29, 2012 at 4:51 pm

    ဒဂျီးလက်ထက်မှ အမိမြန်မာပြည် ကနေ ဘာဖြစ်လို့ အဖမြန်မာပြည်ဖြစ်တွားဒါလဲ….

  • maungmoenyo

    June 30, 2012 at 12:10 pm

    (၁) Affordable Healthcare Act လို့နံမယ်တွင်တဲ့ Healthcare Reform Act ရဲ့ individual mandate လို့ခေါ်တဲ့ ကျန်းမာရေးအာမခံမရှိမနေရ provision က ၂၀၁၄ မှာအာဏာတည်ပါ့မယ်။
    (၂) မရှိသူတွေ tax အရိုက်ခံရမယ်ဆိုတာကို လက်ညှိုးထိုးပြီး အပြစ်ဖို့ကြမယ်ဆိုရင်တော့ ဝါးလုံးရှည်နဲ့ရမ်းတာလို့ဆိုချင်ပါတယ်။
    ဘာဖြစ်လို့လဲဆိုတော့ အာမခံ မရှိသူတွေ (homeless လို လူတွေကို အခွန်ထမ်းတွေကတောင်ထောက်ပံ့နေကြရသူတွေအပါအဝင်) အားလုံးအတွက် Medi-caid (ရံပုံငွေပိုမိုချဲ့ထွင်ပြီးဖြစ်နေပါလိမ့်မယ်) နဲ့ Insurance exchange (state အနည်းငယ်လောက်သာ အသေးစားprogram အနေနဲ့လက်ရှိရှိနေသေးတဲ့ အခြေအနေကနေ ပြည်နယ်တိုင်းထားနိုင်အောင် Insurance companies တွေနဲ့ ပြည်နယ်အစိုးရတွေက ဖွဲ့စည်းဖြစ်ပါ်လာပါလိမ့်မယ်) လို အစီအမံတွေရှိလာပါလိမ့်မယ်။ ဥပမာ-ကာလီဖိုနီးယားက Orange County မှာ ဆိုရင် MSI ဆိုတဲ့ plan ဟာ insurance exchange အနေနဲ့ ရှိခဲ့ တာအတော်ကြာပါပြီ။ အလားသဏ္ဍာန်တူ free clinics တွေရှိပါတယ်။ (ဒါ county ဆေးရုံတွေ၊ ဆေးခန်းတွေမဟုတ်ပါဘူး)
    (၃) Massachusetts ပြည်နယ် မှာ Universal healthcare နဲ့ individual mandate လိုအလားသဏ္ဍာန်လူတဲ့ ကျန်းမာရေးအာမခံစနစ်ကိုဖေါ်ဆောင်ပေးခဲ့တဲ့ Republican Party က သမ္မတလောင်း Mitt Romney က အရင်ကသူလုပ်ခဲ့တဲ့ အဲ့ဒီစီမံကိန်းကြီးကအမှားကြီးပါလို့၊ ဝန်မခံပေမဲ့၊ သူ့စီမံကိန်းနဲ့အသွင်သဏ္ဍာန်တူတဲ့ Obamacare ကိုမျက်စေ့မှိတ်ပြီး၊ မှားပါတယ်လို့ေ အာ်နေရတဲ့ဘဝရောက်နေပါတယ်။ (သမ္မတအရွေးခံချင်လို့)
    (၄) အစိုးရက tax လုပ်မယ်ဆိုတဲ့အခွင့်အာဏာဟာ နဂိုကတည်းကရှိပြီးသားပါ။ တခုဘဲရှိပါတယ်၊ ဘယ်လိုလုပ်မလည်းဆိုတာကို လျွတ်တော်ကနည်းဥပဒေသတ်မှတ်ပေးရပါမယ်။ အဲ့ဒီကိစ္စမှာ Republican Party ကဝင်ခလောက်ဆန်ဘို့ စိုင်းပြင်းနေပါတယ်။ tax bracket (၁ – ၂.၅%) ကယေဘူယျသတ်မှတ်ချက်ပါ။ ပြည်နယ် နဲ့ county လိုက်ကွာပါတယ်။ ကိုယ့်ကျန်းမာရေးအတွက်မှကိုယ်မသထာနို်င်လောက်တဲ့အဖြစ်မျိုးကို မရောက်မိကြဘို့သတိပေးလိုပါတယ်။ (အမှန်ပြောရရင် penalty ကိုဘယ်လိုသတ်မှတ်မလဲဆိုတဲ့အချက်ကို မောင်မိုးညိုအပါအဝင် များစွာသော အမေရိကန်တွေရော၊ ဥပဒေပညာရှင်တွေက အထူးစိတ်ဝင်စားနေကြပါတယ်။ )
    (၅) (၈၆%) သော အမေရိကန်ပြည်သူများဟာ မိမိအလုပ်ရှင်များဆီက အလိုအလျောက်အာမခံရှိမှာမို့ လက်ရှိအာမခံလက်ဝယ်ရှိသူတွေအတွက်ပူပင်စရာမရှိပါဘူး။ အဲ့ဒီအပြင် အပေါ်မှာဖေါ်ပြထားတဲ့ နောက်ဆက်တွဲခံစားချက်တွေ ရလာမှာပါ။ ကျန်အာမခံမရှိသူတွေအတွက် ဖေါ်ပြခဲ့တဲ့ အစီအစဉ်တွေ လုပ်ထားပါမယ်။
    (၆) ကာလီဖိုနီးယားလိုပြည်နယ်မှာတော့ Medicaid တိုးချဲ့ရေးအစီအစဉ်နဲ့ insurance exchange အတွက်လျာထားပြင်ဆင်မှုနဲ့ အချို့အပိုင်းတွေမှာ ခရီးတော်ပေါက်တဲ့ အစီအစဉ်တွေရှိနေပြီမို့ supreme court ရဲ့ Ruling က အရှိန်အဟုန်မြှင့်တင်ပေးမဲ့ အင်အားတခုဖြစ်သွားပါတယ်။
    (၇) ခန့်မှန်းရသလောက် အမေရိကန်(၄) သန်းလောက်က tax အကောက်ခံလိမ့်မယ်လို့တွက်ချက်ထားကြပါတယ်။

  • ကြောင်ကြီး

    July 2, 2012 at 9:30 am

    အင်တာနက်မှာ ဖတ်လိုက်ရတာတော့ ကျန်းမာရေးအာမခံဖိုးတတ်နိုင်သူ (ကိုယ်အစီစဉ်နဲ့ကိုယ်ဖြစ်ဖြစ်၊ အလုပ်ကပေးလို့ဖြစ်ဖြစ်)၊ ကျန်းမာရေးအာမခံ မတတ်နိုင်သူ (အစိုးရက ဝင်ငွေနည်းများအတွက် medicare ဆက်ထားပေးမယ်ထင်တယ်)များအတွက် သက်ရောက်မှု ရှိမည်မဟုတ်ဘဲ သတ်မှတ်ထားတဲ့ ဝင်ငွေပြည့်မှီလျက်သားနဲ့ အာမခံမထားသူများကို ရည်ရွယ်တယ်ဆိုတာ ဟုတ်ပါသလား ဦးမိုးညိုခင်ဗျား…။

Leave a Reply