တကယ်ချစ်ရဲ ့လား?

mgwaloneJune 29, 20121min1375

ကျွန်တော်တို့ နိုင်ငံမှာ ချစ်စရာတွေ အများကြီး ရှိပါတယ်။ နိုင်ငံသားတိုင်းက ချစ်ခင် မြတ်နိုး တန်ဖိုးထားရမယ့် အရာတွေ အများကြီးပါ။ ရှေးနှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့တဲ့ သမိုင်းအမွေ အနှစ်တွေ၊ သဘာဝအလှအပတွေနဲ့ သယံဇာတတွေဟာ တန်းဖိုးမဖြတ်နိုင်သလို အင်မတန်လည်း ပေါးများပါတယ်။ ပေါများသလာက်လည်း ကျွန်တော်တို့ နိုင်ငံနဲ့ နိုင်ငံသားတွေကို အများကြီး အကျိုးပြုနေတာ လူတိုင်းအသိပါပဲ။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံသားတိုင်းက ဒီအဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေကို ချစ်ခင်မြတ်နိုး တန်းဖိုးထားရမယ်၊ ထိမ်းသိမ်းစောင့်ရှောက်ရပါမယ်။ ဒါမှလည်း တကယ် ချစ်ရာ ရောက်ပါမယ်။ ဒါပေမဲ့ မေးစရာရှိနေပါတယ်။ ကျွန်တော်တို့တတွေ တကယ် ချစ်ပါသလား။ မှန်ကန်နဲ့ နည်းလမ်းနဲ့ ချစ်နေတာကော ဟုတ်ပါရဲ ့လား။
လွန်ခဲ့တဲ့ ဇန်နဝါရီလက ဧရာဝတီမြစ်ထဲမှာ ခရီးသွားခဲ့ပါတယ်။ အားလုံး သိတဲ့အတိုင်း ဧရာဝတီဆိုတာ ကျွန်တော်တို့နိုင်ငံရဲ ့ တန်းဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပါ။ သဘာဝက ပေးထားတဲ့ အမွေအနှစ်တစ်ခုပါ။ ကျွန်တော်တို့ရဲ ့ ဧရာဝတီမြစ်ကြီးက မြန်မာနိုင်ငံသားတွေအပေါ် ဘယ်လို အကျိုး ပြုနေတယ်ဆိုတာ ရှင်းပြစရာ ပြောပြစရာ မလိုအောင် သိသာထင်ရှားပါတယ်။ ဒါပေမဲ့ ဧရာဝတီက ကျွန်တော်တို့ပေါ် အကျိုးပြုသလောက် ကျွန်တော်တို့က သူ့ကို တန်ဖိုထားရဲ ့လား၊ မြတ်နိုးကြရဲ ့လား ဆိုတာက စဉ်းစားစရာဖြစ်နေပါတယ်။ ကျွန်တော်တို့ ဧရာဝတီကို တစ်ကယ် ချစ်ကြရဲ ့လားဆိုတာကို ခရီးစဉ်တစ်လျောက်လုံး ကျွန်တော် ဆုံးဖြတ်လို့ မရနိုင်ဖြစ်ခဲ့ပါတယ်။
ကျွန်တော်ရဲ ့ ခရီးစဉ်က ဗန်းမော်မြို ့က စခဲ့တာပါ။ ဗန်းမော်ကိုအသွား လေယာဉ်ပေါ်ကနေ ကြည့်တဲ့အခါ အချို ့ မြစ်ချောင်းတွေက ရေရဲ ့ အရောင်က ရွှံ ့ရောင်ဖြစ်နေပါတယ်။ ဆောင်းတွင်း ကာ လ ရေစီးများတာမဟုတ်ပဲ ရွှံ ့ရောင်ဖြစ်နေတာကို စိတ်ထဲမှာ ဘဝင်မကျမိပါဘူး။ ပါလာတဲ့ ရွှံ ့တွေ ဘယ်က ထွက်လာတာလဲ။ ဒီရွှံ ့တွေက ဘယ်ကိုပါသွားမလဲ ဆိုတာတွေ စဉ်းစားမိပါတယ်။
ဗန်းမော်ကို ရောက်တဲ့နေ့က ညနေပိုင်းမှာ တာပိန်မြစ်ကမ်းနဖူးက ရွှေကျီးနား ဘုရားကို ရောက်ပါတယ်။ ဘုရားနဲ့မဝေးတဲ့ မြစ်ထဲမှာ ဝါးတံတားကလေး ဆောက်ထားတာ တွေ့လို့ သွားကြည့်မိတဲ့အခါ တာပိန်မြစ်က ကျွန်တော်တို့ အညာနွေမှာ တွေ့ရတဲ့ သဲချောင်းသာသာလောက်ပဲ ရေရှိပါတော့တယ်။ မြစ်လို့တောင် ခေါ်ဖို့ ခပ်ခက်ခက်ပါပဲ။ သဲသောင်အပြည့် ဖြစ်နေတာက ဗန်းမော်မြို ့ ရှေ့ တည့်တည့်လောက်မှာတော့ ချောင်းကလေးသာသာလောက်ပဲ ရှိပါတယ်။ ဗန်းမော်ဆိပ်ကမ်း ဆိုတဲ့ ဆိုင်းဘုတ်ကိုတောင် အားနာမိပါရဲ ့။ ဆိပ်ကမ်းမှာ သဘောင်္တွေ ကပ်လို့ရလောက်တဲ့ ရေအနက် မရှိပါဘူး။ မော်တော်အချို ့နဲ့ ဒေသအခေါ် ရှပ်ပြေးဆိုတဲ့ သံခွံ မော်တော်တွေကိုပဲ တွေ့ရ ပါ တယ်။
နောက်တစ်နေ့မနက်မှာ စီးရမဲ့ မော်တော်ရှိတဲ့ ဗန်းမော်မြို ့ အောက်ဖက်က ညောင်ပင်သာ ဆိပ်ကမ်းကို စက်လှေနဲ့ သွားခဲ့ပြီး မော်တော်ကြီးနဲ့ မန္တလေးကို စတင်စုန်ဆင်းခဲ့ကြတယ်။ ကျွန်တော် တို့ သုံးခဲ့တဲ့ မော်တော်က ရေစူး ၃ ပေ သာသာလောက်ပဲ ရှိတာပါ။ ဒါတောင် ဗန်းမော်ဆိပ်ကမ်းအထိ လာဖို့ မလွယ်သလို ညောင်ပင်သာ ဆိပ်ကမ်းကနေ ဒုတိယမြစ်ကျဉ်း မရောက်ခင်အထိလည်း ရေစမ်းပြီးမောင်းခဲ့ရပါတယ်။ ဧရာဝတီရဲ ့ အခြေ အနေ က အတော်ကို ဆိုးနေတာပါ။ ရေစူးများတဲ့ သင်္ဘောကြီးတွေ ခုတ်မောင်းဖို့ဆိုတာ အတော်ကို မလွယ်ပါဘူး။
ဒုတိယမြစ်ကျဉ်းအဝင်က ဆင်ခန်းတံတားရဲ ့ အထက်နားကိုရောက်တော့ မော်တော်ပေါင်းများ စွာ ရေလည်မှာ ကျောက်ချထားကြတာကို တွေ့ရပါတယ်၊ စက်သံတွေက တစ်ထိုင်းထိုင်းနဲ့ပါပဲ။ မော်တော်တွကို သဲသောင်နဲ့ ခွာပြီး ရေလည်မှာ ကျောက်ချ၊ ပြီးတော့ မြစ်ကြမ်းပြင်ကို ပိုက်တွေချပြီး စက်အားကောင်းကောင်းနဲ့ မြစ်ကြမ်းပြင်က သဲတွေကို သွယ်တန်းထားတဲ့ ပိုက်တွေကတဆင့် သောင်ပေါ်ကို စုပ်တင်နေကြတာပါ။ ပွဲတော်ကြီးတစ်ခုလိုပါပဲ။ စည်ကားလှပါတယ်။ ရွှေမှော်အသစ်ပါတဲ့။ မေးမြန်းကြည့်တော့ အတော်ကလေး ရတယ်လို့ ပြောပြကြတယ်။ သူတို့ ဘယ်လောက်ရလို့ ဘယ်လောက် တွက်ချေကိုက်သလဲတော့ မသိပါဘူး။ ရေထဲကို ပြန်ပြီး ပါသွားတဲ့ သဲနုန်းတွေကြောင့် ဒုတိယမြစ်ကျဉ်းတောင် တိမ်သွားမလား၊ ဓာတုပစ္စည်းတွေကိုကော ဘယ်လို သုံးနေကြသလဲ။ စက်တွေက ထွက်လာတဲ့ မီးခိုးတွေ၊ ရေထဲကို စီးဝင်သွားတဲ့ စက်သုံးဆီတွေ၊ ဒီလှေတွေပေါ်မှာ နေထိုင် အလုပ်လုပ်နေကြသူများက စွန့်ပစ်လိုက်တဲ့ ပစ္စည်းတွေ ဘယ်ကို ရောက်သွားမလဲ၊ ဒါတွေကို တွေးကြည့်ပြီး ရင်မောမိပါတယ်။
ကျွန်တော်တို့ ခရီးစဉ်က မန္တလေးအထိပါ။ လမ်းမှာ သုံးညအိပ်ပါတယ်။ ပထမညက ကသာမှာအိပ်ပါတယ်။ ဒုတိယညကတော့ တုံငယ်ရွာနားမှာပါ။ ထီးချိုင့်က ထွက်လာတော့ နေဝင်လု ပါပြီ။ မြတောင်ရွာကိုဖြတ်ပြီး သိပ်မကြာခင်မှာပဲ ဧရာဝတီရဲ ့ အရှေ ့ဖက်ကမ်းပေါ်မှာ စက်ရုံကြီး တစ်ခု ကို မြင်ရပါတယ်။ မောင်းကုန်းမှာရှိတဲ့ သကြားစက်ရုံပါ။ ရေကြောင်းအခြေအနေအရ ညဖက်မောင်းဖို့ မဖြစ်နိုင်တာကြောင့် ကျွန်တော်တို့ တုံငယ်မရောက်ခင် သဲသောင်ပြင်တစ်ခုမှာ ညအိပ်ခဲ့ကြပါတယ်။ မော်တော်သားတွေ ပြောပြတာက ဒီနေရာမှာ အမြဲအိပ်လို့ မရပါဘူးတဲ့။ သကြားစက်ကနေ စွန့်ပစ်တဲ့ အရည်တွေရဲ ့ အနံ့က ဒေသခံတွေအတွက် မခံနိုင်အောင်ဖြစ်ရသလို သူတဲ့လဲ မခံနိုင်လို့ ဒီနားမှာ မအိပ်ဖြစ်တာ များတယ်လို့ ဆိုပါတယ်။ အဲဒီညက ကျွန်တော် အနံ့ မရပါဘူး။ ဒါပေမဲ့ စဉ်းစားမိတာက ဧရာဝတီနဲ့ မဝေးတဲ့နေရာမှာ ဆောက်ထားတဲ့ စက်ရုံက စွန့်ပစ်ပစ္စည်းတွေဟာ ဧရာဝတီအပေါ် ဘယ်လို သက်ရောက်မှု ရှိမလဲ ဆိုတာကိုပါ။
ဧရာဝတီက လှပါတယ်။ ခရီးစဉ်တစ်လျှောက်လုံး လုပတဲ့ တောင်စဉ်တောင်တန်းတွေ၊ မြင့်မားခန့်ညားတဲ့ ကျောက်ဆောင်တွေ၊ စိမ်းစိုလှပတဲ့ စိုက်ခင်းတွေအပြင် ခင်မင်စရာကောင်း သလောက် ရိုးသားကြတဲ့ ကျေးလက်ဒေသတွေရဲ ့ အလှအပက စာဖွဲ့လု့ိ မကုန်အောင်ပါပဲ။ ဒါပေမဲ့ မြစ်ရိုးတစ်လျောက် မြို ့တွေ၊ ရွာတွေကို ဖြတ်သန်းတဲ့အခါမှာတော့ အကျည်းတန်တာတွေကို တွေ့ရ ပါတော့တယ်။ အုန်းပင်တန်းလေးတွေ၊ သစ်ပင်ကြီးတွေနဲ့ ကျေးလက်အိမ်ကလေးတွေက ဧရာဝတီနဲ့ ပနာရသလောက် အလွယ်တကူ မြစ်ကမ်းနဘေးကို စွန့်ပစ်ထားတဲ့ အမျိုးစုံသော အမှိုက်တွေ၊ မြစ်ကမ်း နဘေးကို မေးတင်ပြီးဆောက်ထားတဲ့ အိမ်သာတွေကို တွေ့ရတာကတော့ အရုပ်ဆိုး အကျည်းတန် လွန်းလှပါတယ်။ အဲဒီစွန့်ပစ် အမှိုက်တွေထဲမှာ ပလတ်စတစ်တွေကတော့ အများဆုံးပါပဲ။ ဒီအမှိုက်တွေ အားလုံးဟာ ဧရာဝတီထဲကို ရောက်သွားမှာပါ။ ရေထဲကို ရောက်သွားတဲ့ အမှိုက်တွေက ဘယ်သူတွေကို ဘာတွေဖြစ်စေမလဲ။ သေချာလေး စဉ်းစားလိုက်ရင် သိသာပါတယ်။ ဧရာဝတီရေကို ကျွန်တော်တို့ သုံးကြတယ်၊ သောက်ကြတယ်။ ဧရာဝတီထဲက ရတဲ့ ငါးကို စားကြတယ်။ ပြီးတော့ ဧရာဝတီထဲကိုလည်း အမျိုးစုံသော အရာတွေကို စွန့်ပစ်ကြတယ်။
ကျွန်တော် စဉ်းစားမိပါတယ်။ ကျွန်တော်တို့ ဧရာဝတီကို တကယ် ချစ်ကြရဲ ့လား။ မြစ်ဆုံမှာ ဆည်ဆောက်မယ်ဆိုတုံးက ပြောခဲ့ကြတာတွေကို အမှတ်ရမိပါတယ်။ မြစ်ဆုံကတော့ အဆင်ပြေသွား ပြီလို့ ဆိုရမှာပါ။ ဒါပေမဲ့ မြစ်ရိုးတစ်လျောက်ကိုလည်း သတိရစေခြင်ပါတယ်။ မြစ်ကြောင်းက ဆိုးသည်ထက် ဆိုးလာနေပြီ၊ မြစ်ရိုးတစ်လျောက်မှာလည် သစ်လုံးတွေအများအပြား ပုံထားတဲ့ သစ်ထုတ်လုပ်ရေးစခန်းတွေ၊ သစ်လုံးအပြည့်တင်ထားတဲ့ တွဲသင်္ဘောကြီးတွေ၊ ထင်းပုံကြီးတွေနဲ့ ထင်းလှေတွေ၊ ဝါးဖေါင်ကြီးတွေ အများကြီးပဲ တွေ့ခဲ့ရတယ်။ ဧရာဝတီရဲ ့ ရေဝေရေလည်း ဒေသတွေမှာ သစ်တောတွေ ကျန်ပါသေးရဲ ့လား။ ဗန်းမော်ကို အသွား လေယာဉ်ပေါ်က မြင်ခဲ့ရတဲ့ ချောင်းရေတွေရဲ ့ အရောင်ကို ပြန်ပြီး သတိရမိပါတယ်။ ဧရာဝတီမြစ်ကြောင်းတစ်လျောက်မှာ ဖြစ်နေတဲ့ အခြေအနေ တွေကို ဘယ်လို ဖြေရှင်းကြမလဲ။
ကျွန်တော်တို့ ခရီးစဉ်က မန္တလေးအထိပါ။ လမ်းမှာ စင်ခန်းနားက ရွှေမှော်ကို သွားကြတဲ့ မော်တော်တွေကို လမ်းမှာထပ်တွေ ့ပါသေးတယ်။ ချင်းတွင်း၊ ဥရုမြစ်ကြောင်းဘက်က ရွှေ ့လာကြ တာတဲ့။ ဟိုဘက်မှာ ရွှေမရ၊ လုပ်ငန်းက မရှိတော့ဘူးလေ။ ဒီဗန်းမော်ခရီးစဉ် မသွားမီလေးမှာပဲ ဂျာနယ်ထဲမှာ ချင်းတွင်းမြစ်ကြောင်း အရမ်းတိမ်လို့ ရေကြောင်းသွားလာရေး အဆင်မပြေကြောင်း သတင်းတစ်ခု ဖတ်လိုက်ရတယ်။ ဥရုချောင်းမှာ ရွှေအလွန်အကျွန်ရှာကြတဲ့ အကြောင်းလည်း ပါတယ်။ အခုသူတို့က ဧရာဝတီကို လာကြပြီ။ တတိယမြစ်ကျဉ်းမှာလည်း ရွှေရှာတဲ့ အဖွဲ့တွေ တွေ့ပါသေးတယ်။ ဘယ်လို ခွင့်ပြုချက်၊ ဘယ်လိုစည်းကမ်းချက်တွေနဲ့ လုပ်နေကြပါသလဲ။ ဧရာဝတီရဲ ့ အနာဂတ်က ဘယ်လို ဖြစ်လာမလဲ။
ကျွန်တော် သွားခဲ့တာက ဗန်းမော်မြို ့နဲ့ မန္တလေးမြို ့ကြားက ဧရာဝတီမြစ်အပိုင်းလေးပါ။ ကျန်တဲ့ အပိုင်းတွေမှာကော ဘယ်လိုဖြစ်နေပါပြီလဲ။ ဂျာနယ်တစ်ခုမှာ တွေ့လိုက်ပါတယ်။ အောင်လံမြို့မှာ ဇီးသီးအခွံ ချွတ်လုပ်ငန်းက အညစ်အကြေးတွေကို ဧရာဝတီထဲ စွန့်ပစ်ကြပါသတဲ့။ ဒါဟာ နမူနာတစ်ခုပေါ့။ အဲတော့ အခြားနေရာတွေ၊ အခြားဒေသတွေမှာကော ဘာတွေ ရှိနေပါသလဲ။ ဒီတော့ ကျွန်တော်တို့ ဧရာဝတီအတွက် ဘာလုပ်ပေးကြမှာလဲ။ ပညာရှင်တွေ ပိုသိပါလိမ့်မယ်။ ကျွန်တော်ကတော့ အားလုံးကို မေးခွန်းလေးတစ်ခုပဲ မေးခြင်ပါတယ်။ ဒီမေးခွန်းလေးရဲ ့ အဖြေကို စဉ်းစားလိုက်ရင် ဧရာဝတီအတွက် လုပ်သင့်လုပ်ထိုက်တာတွေ တွေ့လိမ့်မယ်လို့ ထင်ပါတယ်။ ဒါကတော့ ကျွန်တော်တို့တစ်တွေ ဧရာဝတီကို တကယ်ချစ်ရဲ ့လားလို့ပါ။

5 comments

  • မဂွတ် ထော်

    June 29, 2012 at 2:22 pm

    အတော့လူတွေကိုဒုက္ခရောက်စေမဲ့ပြုမူကနေ
    ရှောင်နိုင်သလောက်တော့ရှောင်ကြစေလိုပါတယ်
    လို့ပဲပြောချင်ပါတယ်

  • mocho

    June 29, 2012 at 3:53 pm

    ထူးအိမ် သင်ရဲ့ သီချင်း လေး နဲ့ ပြောရရင် ဧရာဝတီကို ”ရာဇဝင်များရဲ့ သတို့သမီး ” အဖြစ်ကနေ ”ရာဇဝင်ထဲက သတို့သမီး” ဖြစ်မသွားအောင် ကာကွယ်ဖို့ လိုအပ်နေပါပြီ။ အကျိုးပြု ပိုစ့်လေး ကို သက်ဆိုင်သူများ ဖတ်မိပါစေ။

  • kai

    June 30, 2012 at 1:22 pm

    အမိဧရာဝတီကို (တကယ်) ကယ်တင်ပါ.. :mrgreen:

  • မောင်ပေ

    July 1, 2012 at 9:54 am

    she ရဲ့copy song ၄ပါ
    မင်းဘဲကောင်းခဲ့တယ်…..
    မင်းသာ အကောင်းဆုံးဘဲ…..

Leave a Reply