ဟိုအရင်က ရေးခဲ့တဲ့ ဒိုင်ယာရီဆိုတဲ့ အသုံးအနှုန်းကို မှတ်စု လို့ပြင်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းထောက်တွေရဲ့ အသက်ဟာ ဒိုင်ယာရီမဟုတ်ဘဲ သူတို့ရဲ့လက်စွဲတော် မှတ်စုစာအုပ် (Notebook) ဖြစ်နေလို့ပါပဲ။

Reporter’s Notebook

ဘာဖြစ်လို့ သတင်းထောက်တစ်ယောက်ရဲ့ အသက်ဟာ Notebook ဖြစ်နေရသလဲဆိုတော့ အကယ်၍ လူတစ်ယောက်ဟာ(သတင်းထောက်အချင်းချင်းပဲဖြစ်ဖြစ်) သတင်းထောက်တစ်ယောက်ကို ဒုက္ခရောက်စေချင်တယ်ဆိုရင် အဲဒီသတင်းထောက်ရဲ့ Notebook ရယ်၊ ဖုန်းစာအုပ်(ကျွန်တော်တို့အခေါ် Source စာအုပ်) ရယ် နှစ်ခုလုံးကိုသာ ဝှက်ထားလိုက်၊ အဲဒီသတင်းထောက်ဟာ ဘယ်သတင်းမှလိုက်လို့မရအောင် အခက်တွေ့သွားစေပါတယ်။ ဒါကြောင့် သတင်းထောက်တွေဟာ သူတို့ရဲ့ Notebook နဲ့ Source စာအုပ်ကို ဘုရားစာအုပ်ထက် တန်ဖိုးထားတတ်ကြပါတယ်။ ပျောက်သွားရင် ဘယ်တော့မှ ပြန်ဝယ်လို့မရ၊ အစားထိုးလို့လည်းမရ တော့တဲ့အတွက်ပါ။

ဒါပေမယ့် ဒီနေ့ ခေတ်ပေါ်သတင်းထောက်တစ်ချို့ကတော့ ဘယ်လိုဖြစ်တယ်မသိဘူးဗျာ။ ပွဲတစ်ခုမှာ၊ ဒါမှမဟုတ်၊ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ တွေ့လိုက်ရင် A4 စာရွက်ကိုခေါက်ပြီး ရေးမှတ်နေတာပဲတွေ့ရပါတယ်။ ကျွန်တော်သတင်းထောက်ဖြစ်စက အဲဒီလိုမျိုးတွေတွေ့ရင်တော်တော်အံ့ဩပါတယ်။ ကျွန်တော်တို့ သတင်းထောက်သင်တန်း၊ သတင်းလိုက်နည်းသင်တန်းတွေတုန်းက အဲဒီလိုမျိုးအချက်(စည်းကမ်း)တွေကို ကျွန်တော်တို့ကို သင်ပြပေးတဲ့ဆရာတွေက တိတိကျကျသင်ကြားပေးခြင်းခံထားရတော့ အဲဒီလိုမျိုးတွေမြင်ရင် ကျွန်တော့်အတွက် ဝေခွဲရခက်စေပါတယ်။ ပြီးတော့ အဲဒီလို လုပ်နေတဲ့ သတင်းထောက်တွေဆိုတာဟာလည်း တစ်ခါတစ်လေမှာ ဂျာနယ်တိုက်တစ်တိုက်ရဲ့ တာဝန်ခံအယ်ဒီတာဆိုသူတွေ ဖြစ်နေတတ်ပါတယ်။ အဲဒါဟာ သတင်းထောက်တွေမလုပ်သင့်တဲ့ တော်တော်ဆိုးတဲ့အချက်တစ်ခုပါ။

ကြားဖြတ်ပြီးတစ်ခုပြောချင်ပါသေးတယ်။ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ လွတ်လာပြီးနောက်ပိုင်း တော်ဝင်စင်တာမှာ ၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲလုပ်တယ်ဆိုတာ ကြားကြပါလိမ့်မယ်။ အဲဒီမှာ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့က အားပါတဲ့ စကားတစ်ခွန်း၊ နှစ်ခွန်းပြောလိုက်ရင် သတင်းထောက်တွေရော၊ အဲဒီပွဲကို ရောက်လာကြတဲ့သူတွေပါ ခဏခဏ လက်ခုပ်တီးကြပါတယ်။ သူတို့ပြောတဲ့ တစ်ချို့ စကားတွေဟာ တကယ်ကောင်းချီးပေးဖို့ကောင်းတဲ့စကားတွေဖြစ်ပါတယ်။

ဒါပေမယ့် သတင်းထောက်ဆိုတာ ဘယ်သူ့ကို ထောက်ခံပြီးတော့၊ ဘယ်သူပြောတာ သဘောကျပြီးတော့ အားပေးခြင်း၊ အောဟစ်ခြင်း၊ လက်ခုပ်တီးခြင်း မလုပ်ရပါဘူး။ တကယ်လို့ အားပေးချင်တယ်၊ လက်ခုပ်တီးခြင်းတယ်ဆိုရင် ကိုယ့်ရဲ့ သတင်းလိုက်ချိန်မဟုတ်တဲ့၊ ကိုယ်ပိုင်အချိန်တွေမှာ၊ တစ်ခြားနေရာတွေမှာသာ ပြုလုပ်နိုင်ပါတယ်။ အဲဒီ (၈၈ မျိုးဆက်သတင်းစာရှင်းလင်းပွဲ) မှာ သတင်းထောက်တွေ လက်ခုပ်တီးတယ်ဆိုတဲ့သတင်းဟာ သတင်းစာ၊ ဂျာနယ် လောက၊ သတင်းထောက်လောက မှာ တော်တော်နာမည်ကြီးသွားပါတယ်။ ဆရာလူထုစိန်ဝင်းတောင် အဲဒါနဲ့ပတ်သက်ပြီး ဆောင်းပါးရေးလိုက်သေးတယ်။

ဒါတွေကို ဒီလိုပြောလို့ ဘယ်စာအုပ်ထဲမှာ ရေးထားလဲ၊ ဘယ်သူက ပြောလဲလို့ပြောရင် ကျွန်တော့်မှာ ဖြေစရာ မရှိပါဘူး။ တိတိကျကျရေးထားတဲ့ စာအုပ်လည်း မရှိပါဘူး။ ဒါပေမယ့် သတင်းထောက်တွေမှာ၊ သတင်းလောကမှာ မပြောဘဲ၊ ရေးမထားဘဲ နားလည်ရမယ့် စည်းကမ်းတွေအများကြီးပါပဲ။ အဲဒါကို သတင်းထောက်တွေ သတင်းလိုက်နေရင်းသာ သင်ယူတတ်မြောက်ကြတာပါ။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး၊ သတင်းရေးနေရင်ပြီးရောဆိုတဲ့ သတင်းထောက်တွေလည်း အများကြီရှိပါတယ်။
[ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်နေရင်လည်း မတတ်နိုင်တော့ပါဘူး၊ ကျွန်တော်ပြောမိသွားပါပြီ]

ကျွန်တော်တို့ရဲ့ Notebook အကြောင်းကို ဆက်ပါမယ်ခင်ဗျာ။
သတင်းထောက်တွေရဲ့ Notebook တွေထဲမှာ ရက်စွဲတွေ၊ ဖုန်းနံပါတ်တွေ၊ ထင်တာတွေ လျှောက်ရေးထားတာတွေ၊ ပန်းချီပုံတွေ၊ သတင်းအစတွေ၊ပြောစကား (ကျွန်တော်တို့အခေါ်ကုတ်-[Quote]) တွေ၊ အင်တာဗျူးတွေ၊ တစ်ခြားတစ်ခြား စုံစီနဖာတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။

နိုင်ငံတကာရဲ့ အယူအဆ၊ ထုံးတမ်းစဉ်လာအရလည်း သတင်းထောက် ဒါမှမဟုတ် အယ်ဒီတာ ဒါမှမဟုတ် သတင်းစာတိုက်တွေနဲ့ပါတ်သက်ပြီး တရားစွဲဆိုတဲ့ကိစ္စတွေလိုမျိုးမှာ တရားစွဲဆိုခံရတဲ့ သတင်းထောက်ရဲ့ Notebook ကိုသက်သေခံထားပါတယ်။ Notebook ကိုအဓိကထားပြီးကြည့်ပါတယ်။ နောက်ပြီးတော့ သတင်းထောက်ရဲ့ သက်သေခံပစ္စည်းလည်းဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ သတင်းထောက်တွေဟာ Notebook ကိုသိပ်ဦးစားမပေးကြပါဘူး။ နောက်ပြီးတော့ သတင်းနဲ့ပါတ်သက်ပြီးတော့လည်း ဒီနေ့ထက်ထိ ထူးထူးခြားခြား တရားစီရင်ခဲ့ရတဲ့ ကိစ္စတွေလည်းမရှိတော့ Notebook ဟာ အရောင်ညိုးနွမ်းနေပါတော့တယ်။

သတင်းထောက်တွေ အခက်တွေ့ရတဲ့ ကိစ္စတစ်ခုအကြောင်းလည်းပြောချင်ပါတယ်။ ဖုန်းနဲ့သတင်းလိုက်တာပါ။

သတင်းလိုက်တဲ့အခါ ဖုန်းနဲ့လိုက်ရတဲ့အခါတွေလည်းရှိပါတယ်။ ဖုန်းနဲ့သတင်းလိုက်တာကို သဘောမကျကြတဲ့သူတွေ(စာဖတ်ပရိတ်သတ်တွေ) လည်း ရှိပါတယ်။

ကျွန်တော်တို့သတင်းထောက်တွေဟာ သတင်းကို ဘယ်တော့မှ ဖုန်းနဲ့မလိုက်ချင်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မှားလွယ်လို့ပါ။ နောက်ပြီး ဘာသာစကား အကောက်အယူ၊ အသံနေအသံထား ကွဲပြားနိုင်လို့ပါ။ အဲဒီနှစ်ခုလွဲသွားတာနဲ့ သတင်းဟာ လွဲပါပြီ။ သူပြောတာက အပြုသဘောပြောတာ၊ အဲဒါကို ဖုန်းနဲ့နားထောင်ရတော့ ကိုယ့်နားထဲမှာတစ်မျိုးကြားပြီး အဖျက်သဘောလို့နားလိုက်လိုက်ပြီး ရေးလိုက်ရင် သွားပြီပေါ့။ ပြောသူရဲ့မျက်နှာကိုလည်း မြင်မှ မမြင်ရတာကိုး။ ဘယ်လိုမှ မတတ်နိုင်ရင်တော့တဲ့အဆုံး ဒါမှမဟုတ် ရပ်ဝေးသတင်း၊ နယ်သတင်းတွေကိုသာ ဖုန်းနဲ့လိုက်လေ့ရှိပါတယ်။

ကျွန်တော်ရဲ့အတွေ့အကြုံလေးတစ်ခုပြောပြချင်ပါတယ်။

လွန်ခဲ့တဲ့ ၅ လလောက်က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခါဟာဆီနာ မြန်မာနိုင်ငံလာတုန်းက သမ္မတဦးသိန်းစိန်နဲ့တွေ့ပါတယ်။ အဲဒီမှာ ဦးသိန်းစိန်က ဘင်္ဂလားဒေ့ရှ်က မြန်မာဒုက္ခသည်(ရိုဟင်ဂျာ) တွေကို မြန်မာနိုင်ငံထဲကို တရားဝင် ဝင်ခွင့်ပြုမယ်ဆိုပြီးတော့ ကတိပေးလိုက်ပါတယ်။ အဲဒီသတင်းကို ကျွန်တော်ရတာက Hindu Times ရဲ့ twitter စာမျက်နှာကပါ။ (နောက်နေ့သတင်းစာမှာတော့ “နှစ်နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်းများအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်” လို့သာရေးထားပါတယ်) သတင်းကြားကြားချင်း ဒီကိစ္စဟာ ချက်ချင်းရေးရမယ့်သတင်းလို့ ကျွန်တော်သဘောပေါက်လိုက်ပါတယ်။ ကျွန်တော့်အယ်ဒီတာကလည်း လာပြောပါတယ်။ အဲဒီသတင်းကိုရေးကွာတဲ့။ အဲဒါနဲ့ သတင်းရေးဖို့ပြင်ရပါတယ်။

ဒီလိုသတင်းမျိုးရေးရတဲ့နေရာမှာ ပုံစံလေးတွေရှိပါတယ်။ တကယ်လို့ ဒီနေရာမှာ Hindu Times ကသတင်းကို တိုက်ရိုက်ဘာသာပြန်လိုက်ရင် ဒီသတင်းက ဂျာနယ်ရဲ့နောက်ကျော(Back Cover) ရောက်သွားမှာဖြစ်သလို၊ မြန်မာစာဖတ်ပရိတ်သတ်တွေကသူတို့နဲ့ တိုက်ရိုက်ပါတ်သက်မှုမရှိဘူးလို့လည်း အထင်ရောက်သွားစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ (အထူးသဖြင့် ဂျာနယ်တွေမှာ ပါလေ့ရှိတဲ့) နိုင်ငံတကာသတင်းတွေကို ဖတ်တဲ့ စာဖတ်ပရိတ်သတ်က နည်းပါတယ်။ ပြီးတော့ ပြည်တွင်းသတင်း စာမျက်နှာပေါ်မရောက်တော့ သတင်းရဲ့အနီးအဝေးကွာဟမှု(Proximity) ဟာလျော့ကျသွားပါမယ်။ သတင်းဆိုတာ စာဖတ်သူရဲ့ အနီးဆုံးမှာရှိလေ၊ အနီးဆုံးမှာ ဖြစ်နေလေ အဲဒီသတင်းဟာ ပိုပြီးတန်ဖိုးရှိလေပါပဲ။ ဒါမှ သူတို့ကိုတိုက်ရိုက်သက်ရောက်မှာကိုး။ ဒါကြောင့် ကျွန်တော်က ဒီသတင်းနဲ့ပါတ်သက်ပြီး ဒေသခံ(ဒီကိစ္စဖြစ်ရင် အကျိုးသက်ရောက်မှုကို အဓိကခံရမယ့်သူတွေ) ရဲ့အသံ(ကုတ်-Quote) တွေထည့်ဖို့စဉ်းစားပါတယ်။

ဘယ်သူတွေရဲ့အသံက ဒီသတင်းကို ပိုပြီးကြွစေမလဲ။ ဒီသတင်းနဲ့ပတ်သက်ပြီး အဓိက ထင်မြင်ချက်ပေးနိုင်မယ့် Source(သတင်းရင်းမြစ်) တွေက ဘယ်သူတွေလဲ။

သတင်းကို ပြန်ကြည့်တော့ တကယ်လို့ ဒုက္ခသည်တွေကိုသာဝင်ခွင့်ပြုလိုက်ရင် ဘယ်နေရာတွေမှာ ပြဿနာရှိနိုင်လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အဓိကနေရာက ရခိုင်ပြည်နယ်ပါ။ ဆိုတော့ ရခိုင်မှာရှိတဲ့ ဒေသခံတွေ၊ လွှတ်တော်အမတ်တွေ၊ ရခိုင်မှာနေထိုင်တဲ့ မွတ်ဆလင်ကိုးကွယ်သူတွေ၊ ကမန်လူမျိုးတွေကို ကျွန်တော် ဖုန်းနဲ့လှမ်းပြီး အင်တာဗျူးရပါတယ်။ အဲဒီမှာ စတော့တာပါပဲ။ ကျွန်တော်က ရခိုင်စကားအတန်အသင့်နားလည်ပါတယ်။ ဒါပေမယ့် တကယ့် နယ်စွန်နယ်ဖျားက တိုင်းရင်းသားတွေပြောလာပြီဆိုရင်တော့ တော်တော်ကလေးနားစွင့်ပြီး၊ ဂရုစိုက်ပြီးနားထောင်ရပါတယ်။ ရိုးရိုးသားသားပြောရရင် နားမလည်တာတွေကပိုများပါတယ်။

နောက်ပြီးတော့ အဲဒီလို မေးခံရတဲ့သူဆီမှာရော၊ လက်ရှိအနေအထားမှာပါ ဖြစ်ပျက်မနေတဲ့ သတင်းမျိုးကိုမေးရတာ တော်တော်ဆိုးပါတယ်။ သတင်းထောက်တွေအတွက် အခက်တွေ့စေတဲ့အခြေအနေတစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ်တိုင်အဲဒါကို မသိသေးဘူး၊ ဒီကိစ္စ တကယ်ဟုတ်ရဲ့လား၊ မဟုတ်ဘူးလားဆိုတာကို သူတို့မသိတဲ့ ကျွန်တော်သတင်းထောက်ပါဆိုတဲ့၊ မျက်နှာလည်းမမြင်ရတဲ့ ငတိလေးက ပြောနေတာဆိုတော့၊ သူတို့ကိုယ်တိုင်ပြောရမှာကို ခပ်ခက်ခက်ဖြစ်နေလေ့ရှိပါတယ်။ နောက်ပြီး ဒေသိယစကားသံတွေကို ခံစားမှုနဲ့ရောထွေးပြီး ပြောတဲ့အခါကျတော့ ကျွန်တော်တို့ဒီဘက်က နားထောင်နေရတဲ့သူတွေ သေပြီပေါ့။

ကျွန်တော်မေးတဲ့သူဟာ ရိုဟင်ဂျာဆိုခဲ့ရင် ဒါမှမဟုတ် မွတ်ဆလင်ကိုးကွယ်သူဆိုခဲ့ရင် ဒီလိုဦးသိန်းစိန်က ကတိပေးတဲ့အပေါ်ခင်ဗျားတို့အနေနဲ့ ဘယ်လိုသဘောရလဲပေါ့။ သူကပြန်ဖြေမယ်။“ကြိုဆိုပါတယ်။ ဒါမှမဟုတ် စဉ်းစဉ်းစားစားလုပ်ကြရမယ့်ကိစ္စပါ။ မဖြစ်နိုင်ဘူး။” စသဖြင့်… ရခိုင်တိုင်းရင်းသားတွေကိုမေးမယ်ဆိုရင်လည်း “ဒီကိစ္စကို ကန့်ကွက်ပါတယ်၊ ဒီကိစ္စဟာ မဖြစ်သင့်တဲ့ကိစ္စပါ၊ လက်လွှတ်စပါယ်လုပ်လို့မရဘူး၊ ဒါမျိုးဆိုတာသေချာစဉ်းစားရပါမယ်”စသဖြင့်… ရခိုင်ပြည်နယ် လွှတ်တော်အမတ်တွေ၊ ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ တိုင်းရင်းသားအမတ်တွေကိုလည်း မေးရပါတယ်။ နေရာစုံအောင်၊ နယ်ပယ်စုံအောင်လည်းမေးရပါတယ်။ ဘက်နှစ်ဘက်စလုံးကိုလည်း မထိခိုက်ရစေတဲ့၊ ယုတ္တိကျတဲ့၊ နှစ်ဘက်လုံးရဲ့အသံတွေလည်းဖြစ်တဲ့၊သတင်းခေါင်းစဉ်ကို တိုက်ရိုက် support လုပ်ပေးနိုင်မယ့် အားရှိတဲ့ကုတ် (Strong Quote) မျိုးကိုရအောင်မေးရပါတယ်။

ဖုန်းခွက်ပူလာအောင်မေး၊ ပြောတဲ့သူကပြန်ပြော၊ နောက်ဆုံး ဒီသတင်းနဲ့ပတ်သက်ပြီး ကျွန်တော်လိုချင်တဲ့ရှုထောင့်ကိုအတည်ပြုနိုင်ဖို့ လူတစ်ယောက်ကို မိနစ် ၂ဝ လောက်ပြောလိုက်ရပါတယ်။ လူ ၁ဝ ယောက်လောက်ကို နယ်ပယ်စုံအောင် မေးရတာဆိုတော့ အဲဒီနေ့က တော်တော်ခေါင်းခြောက်သွားပါတယ်။ နားတွေလည်းအူလို့။ တကယ်လို့ ကျွန်တော်တို့ကမေးတယ်၊ source ကမပြောဘူး၊ ထင်မြင်ချက်လည်းမပေးနိုင်ဘူးဆိုရင်တော့ အဲဒီသတင်းကို လံကြုတ်လုပ်ပြီးရေးလို့မရပါဘူး။ နောက်ရှုထောင့်(News Angle) တစ်မျိုးရေးနိုင်အောင် စဉ်းစားရပါတယ်။

ဒီလိုမျိုးထိလွယ်ရှလွယ် သတင်းတွေကို ဖုန်းနဲ့လိုက်ရတာအခါ တော်တော်လေးချိန်ဆရပါတယ်။ နောက်ပီးတော့ ဒီသတင်းမျိုးက ဖုန်းနဲ့ပဲလိုက်လို့ရမယ်လေ။ ဒါမှမဟုတ်ရင်လည်း သတင်းကြားကြားခြင်း ရခိုင်အထိ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ထိ ဟယ်လီကော်ပတာနဲ့ သွား၊ ရခိုင်ဒေသခံများ၏ရင်တွင်းခံစားချက်များဆိုပြီးတော့ သူတို့ကို အင်တာဗျူး၊ ဒါမှမဟုတ် တိုက်ရိုက် Live လွှင့်ရတော့မှာပဲ။

ဘယ်လိုပဲဆိုဆို အဲဒီသတင်းကို ကျွန်တော် အောင်အောင်မြင်မြင်ရေးနိုင်ခဲ့ပါတယ်။
(ဆက်လက်ရေးသားပါဦးမည်)

About အဇဋာ

အဇဋာ has written 27 post in this Website..

လွတ်လပ်သည့် သတင်းသမားတစ်ယောက်၊ ကဗျာများကို ချစ်မြတ်နိုးသူ၊ တွေးခေါ်ခြင်းကို ခုံမင်သူ၊ ဝေဖန်ခြင်းကို နှစ်သက်သူ၊