တိမ်ယံသစ္စာ အပိုင်း ( ၁၉ )

alinsettJune 29, 20121min2285

သေနတ်သံမြည်ဟိန်းသွားသည်။
ပြီးပြီ။ သွားပြီ။ ကျွန်တော့်အသက် တစ်ဆယ့်ရှစ်နှစ်။ လောကကြီးထဲ
တစ်ကောင်ကြွက်တစ်မျက်နှာ။ ဘာဘာကွယ်လွန်ပြီ။ ဘာဘာ့သက်မဲ့ခန္ဓာကို မြှုပ်
ရတော့မည်။ ဘယ်မှာများသွားမြှုပ်ရပါ့။ ပြီးလျှင် ကျွန်တော်က
ဘယ်စခန်းမြန်းရပါ့။
မျက်ခွံကို ကယောင်ချောက်ခြားဖွင့်ကြည့်ရာ…………………..
_______________________

မျက်ခွံကို ကယောင်ချောက်ခြားဖွင့်ကြည့်ရာ မတ်တပ်ရပ်နေဆဲဘာဘာနှင့်

အခြားရုရှားအရာရှိတစ်ယောက်ကို တွေ့ရသည်။ ကျွန်တော့်ခေါင်းထဲမှ ချားရဟတ်

လည်နေသော အတွေးများ ရပ်တန့်သွားသည်။ စောစောကသေနတ်သံမှာ ထိုအရာရှိ

မိုးပေါ်ထောင်ထားသော သေနတ်ပြောင်းဝမှ ထွက်ပေါ်လာခြင်းဖြစ်၏။ ပြောင်းဝတွင်

ယမ်းငွေ့လူနေသည်။ ဘာဘာ့ကို သတ်မလိုလုပ်ခဲ့သောစစ်သားသည် သူ့ပစ္စတိုကို

သေနတ်အိတ်ထဲ ပြန်သိမ်းပြီးနေပြီ။ ခုတော့လည်း ခြေထောက်ကို ဟိုရှပ်သည်ရှပ်

တောင်တိုက်မြောက်တိုက်။ ကျွန်တော့်မှာတော့ ရယ်ရအခက်ငိုရအခက်။

ကျွန်တော်တို့အား ဖာစီလို မတောက်တစ်ခေါက်နှင့် ငယ်သားများ၏အပြု အမူအတွက်

တောင်းပန်နေသော ရုရှားအရာရှိသည် ဆံပင်များဖြူ၍ ကိုယ်ခန္ဓာခိုင်ဖြီး သည်။

”သူတို့ကို စစ်တိုက်ဖို့ ရုရှားကလွှတ်လိုက်တာပါ။ ဒါပေမယ့် ကောင်လေးတွေ က

ငယ်သေးတယ်။ ဒီရောက်တော့ မူးယစ်ဆေးရဲ့အရသာကို သိကုန်ကြပြီလေ” ထိုနေရာတွင်

အရာရှိသည် စစ်သားကို မချိတင်ကဲဖြစ်ဟန်ဖြင့်ကြည့်သည်။ ဆိုနိုင်ခက်ခဲလှသော

သားမိုက်ကိုကြည့်သည့် အဖေတစ်ယောက်၏အကြည့်မျိုး။ ”ဒီတစ်ယောက်လည်း

ဆေးစွဲနေပြီ။ ကျုပ်တားဖို့ ကြိုးစားခဲ့တယ် …”

ရုရှားများက ကျွန်တော်တို့အား လက်ဝှေ့ရမ်းနှုတ်ဆက်သည်။ သိပ်မကြာမီ

ကျွန်တော်တို့ကားထွက်လာနိုင်ခဲ့သည်။ တစ်ဆယ့်ငါးမိနစ်ခန့်အကြာတွင် ယခင်

တုန်းက ကျွန်တော် မကြာခဏမြင်ခဲ့ဖူးသော မြင်ကွင်းကိုတွေ့ရသည်။

ခြုံစောင်အနက် အမျိုးသမီး၏ခင်ပွန်း ပုတီးသမားလူထွားကြီး ရုတ်တရက်ထရပ်ပြီး

ဘာဘာ့လက်ကို နမ်းရှုတ်နေသောမြင်ကွင်း။
———————

ယာဉ်မောင်းကာရင်၏ညီ ‘တိုး’ တစ်ယောက်ကံကြမ္မာအစီအမံမမျှ။ မာဟီပါ ကတည်းက

ထိုသတင်း ကျွန်တော် နားစွန်နားဖျားကြားထားခဲ့သည် မဟုတ်ပါလော။

နေမပွင့်မီ တစ်နာရီခန့်အလိုတွင် ကျွန်တော်တို့ကား ဂျာလာလာဘက်မြို့ထဲ

လှိမ့်ဝင်လာခဲ့သည်။ ကာရင်က ကျွန်တော်တို့အား လမ်းဆုံရှိ

တစ်ထပ်အိမ်တစ်လုံး ထဲဝင်ရန် လမ်းပြသည်။ လမ်းတစ်လျှောက် အိမ်များ၊

ရှားစောင်းပင်များ၊ ဆိုင်ခန်းများ ပြွတ်ကျပ်နေသည်။

အိမ်ထဲအပြေးအလွှားဝင်ကြစဉ် အအေးဒဏ်ကြောင့် ကုတ်အကျႌကော်လာကို

ကျွန်တော်တင်းတင်းဆွဲကာ အထုပ်အပိုးများကိုပါ တရွတ် ဆွဲလာရသည်။

ဘာကြောင့်မှန်းမသိ၊ ထိုစဉ်က မုံလာဥနီရနံ့ ရခဲ့သည်ကိုမမေ့။

ကာရင်သည် ကျွန်တော်တို့အား မီးမှိန်မှိန်ထွန်းထားသော ဟာလာ

ဟင်းလင်းဧည့်ခန်းထဲ ခေါ်လာပြီးသည်နှင့် အိမ်ရှေ့တံခါးကို

ချက်ချင်းသော့ခတ်သည်။ ထို့နောက်မှသက်ပြင်းကြီးချကာ ကျွန်တော်တို့အား

သတင်းဆိုးကိုဖွင့်ဟသည်။ သူ့ညီ ‘တိုး’သည် ကျွန်တော်တို့အား ပက်ရှဝါ

လိုက်ပို့မပေးနိုင်တော့။ ပြီးခဲ့သည့် အပတ်က

ထရပ်ကားအင်ဂျင်ပေါက်ကွဲခဲ့ပုံရသည်။ တိုးသည် စက်အစိတ်အပိုင်းများ အတွက်

စောင့်ဆိုင်းနေရဆဲရှိသေးသည်။

”ပြီးခဲ့တဲ့အပတ်ကလား။ ဒါဆိုဒီကိစ္စသိလျက်နဲ့ ကျုပ်တို့ကိုဘာဖြစ်လို့

ခေါ်လာသလဲ” ဟု တစ်ယောက်ကမေးသည်။

ကျွန်တော့်မျက်လုံးထောင့်တွင် ရုန့်ရင်းဆန်ခတ်ဖြစ်သွားသည်။ အခန်းကို

ဝီခနဲဖြတ်လာသော ရိုးရိုးရိပ်ရိပ်သဏ္ဍာန်ကို မြင်လိုက်ရပြီး နောက်တစ်ကြိမ်

ကျွန်တော် မြင်ရသည့်မြင်ကွင်းမှာ ကာရင်သည် နံရံနှင့်

ဝုန်းခနဲရိုက်သွားပြီး ခြေထောက်နှစ် ချောင်းက

ကြမ်းနှင့်နှစ်ပေခန့်လွတ်နေသည်။ ကာရင့်လည်ပင်းကို ညှစ်ထားသူကား ဘာဘာ။

”ဘာဖြစ်လို့လဲဆိုတာ ကျုပ်ပြောမယ်။ သူက ခရီးတစ်ထောက်စာအတွက်

ငွေယူထားလို့ကွ။ သူဂရုစိုက်တာ ဒါအကုန်ပဲ” ဟု ဘာဘာပြတ်ပြတ်ပြောလေသည်။

ကာရင်သည် အသက်ရှူကျပ်ပြီး တဂွီးဂွီးဖြစ်နေသည်။ ပါးစပ်ထောင့်စွန်းမှ

အမြှုပ်တစီစီထွက်ကျလာသည်။ ခရီးသည်တစ်ဦးက ”အောက်ချပေးလိုက်ပါ၊ ဆပ်။

သေတော့မယ်” ဟုဝင်ပြောသည်။

”သေအောင်သတ်နေတာကွ” ဘာဘာနောက်နေခြင်း မဟုတ်မှန်း ဘယ်သူမှ မသိလောက်။

ကာရင်သည် တစ်ကိုယ်လုံးနီရဲကာ ခြေကိုကန်ထုတ်နေသည်။ ဘာဘာ လွှတ်မပေးသေး။

ခြုံစောင်အနက်နှင့်အမျိုးသမီး ဝင်တောင်းပန်မှ ဘာဘာ လွှတ် ပေးသည်။

ကြမ်းပြင်ပေါ် ကာရင် ပုံကျသွားပြီး လေရှူနိုင်ရန်လူးလှိမ့်နေသည်။

တစ်ခန်းလုံး တိတ်ကျသွား၏။ ဘာဘာသည် သူစိမ်းအမျိုးသမီး၏ ဂုဏ်သိက္ခာ အတွက်

ကိုယ်စားဝင်ခံပေးခဲ့သည်က နှစ်နာရီမပြည့်တတ်သေး။ ယခုတစ်ခါ လူတစ်ယောက်ကို

လည်ညှစ်သတ်ပြန်သည်။ စောစောကအမျိုးသမီးသာ ဝင်မတောင်း ပန်လျှင်

လူသတ်ခြင်းကိစ္စ အထမြောက်ပြီးနေပြီ။

တစ်ဖက်ခန်းမှ ထုသံကြားရသည်။ မဟုတ်သေး၊ အောက်ဘက်မှ ထုနေခြင်းဖြစ်၏။

”ဘာသံလဲကွ”

”တခြားလူတွေပါ။ မြေအောက်ခန်းထဲက” ဟု ကာရင် မောကြီးပန်းကြီး ဖြေသည်။

”ဒီလူတွေစောင့်နေတာ ဘယ်နှစ်ရက်ရှိပြီလဲ” ဟု ကာရင့်အပေါ်မိုးနေသော ဘာဘာကမေးသည်။

”နှစ်ပတ်”

”မင်းပြောတုန်းက ပြီးခဲ့တဲ့အပတ်က ကားပျက်တာဆို”

ကာရင်သည် သူ့လည်ပင်းသူပွတ်ကာ ”လွန်ခဲ့တဲ့နှစ်ပတ်ကလား မသိဘူး” ဟု

အသံအက်အက်ဖြင့်ဖြေသည်။

”ဘယ်လောက်ကြာဦးမလဲ”

”ခင်ဗျာ”

”ကားပြင်တာ ဘယ်လောက်ကြာဦးမလဲလို့ မေးတာကွ” ဟု ဘာဘာအော် ထည့်လိုက်ရာ

ကာရင်တွန့်သွားသော်လည်း ခွန်းတုံ့မပြန်။ မှောင်ကျသွား၍ တော်ပါ သေး။

လူသတ်ချင်စိတ်ပေါက်နေသော ဘာဘာ့မျက်နှာကို ကျွန်တော်မကြည့်ချင်။

မြေအောက်ခန်းအဆင်းတံခါးကို ကာရင်ဖွင့်ပေးလိုက်စဉ် စိမ့်စိုအေးစက်၍

အောက်သိုးနံဟောင်နေသော မှိုနံ့က နှာဝကိုထောင်းခနဲ ဆီးဟပ်လိုက်သည်။

ခနော်နီခနော်နဲ့လှေကားအတိုင်း လူတန်းတစ်တန်းထဲ ဆင်းလာကြစဉ် ဘာဘာ့

ကိုယ်ခန္ဓာအလေးချိန်ကြောင့် လှေကားထစ်များ အော်မြည်ညည်းသွားကြရသည်။

အေးစိမ့်သောမြေအောက်ခန်းထဲ ကျွန်တော်မတ်တတ်ရပ်နေစဉ်

မှောင်ထဲမှမျက်လုံးများ ကြည့်နေသည်ဟု ခံစားလိုက်ရသည်။ အခန်းပတ်ပတ်လည်တွင်

သဏ္ဍာန်များ။ ရေနံဆီမှန်အိမ်နှစ်လုံး၏ အလင်းရောင်ကြောင့် လုံးရပ်သဏ္ဍာန်များ

နံရံပေါ်အရိပ်ထင် နေသည်။ အခန်းထဲဝယ် ညည်းသံသဲ့သဲ့၊ အောက်ဘက်တစ်နေရာမှ

တစက်စက် ရေကျသံ၊ ထို့ပြင် ကုတ်ခြစ်နေသောအသံတစ်ခု။

ကျွန်တော့်နောက်မှ ဘာဘာ သက်ပြင်းကြီးချသည်။

ထရပ်ကားပြင်ပြီးရန် သုံးလေးရက်သာစောင့်ရမည်ဟု ကာရင်ပြောသည်။

ကားပြင်ပြီးလျှင်တော့ ပက်ရှဝါ သို့မဟုတ် လွတ်လပ်ရေးနှင့်

လူမှုဘဝလုံခြုံရေးဆီ ခရီးဆက်ကြမည်။ နောက်အပတ်ထိ ထိုမြေတိုက်ခန်းသည်

ကျွန်တော်တို့နေအိမ် ဖြစ်ခဲ့သည်။ သုံးရက်မြောက်ညမှ ကုတ်ခြစ်သံ၏

ကာယကံရှင်ကိုသိခဲ့သည်။ ကြွက်ကြီးများ။

အမှောင်ကို ကျွန်တော့်မျက်လုံးများ ကျင့်သားရသွားသည်နှင့် မြေအောက်

ခန်းမှ ဒုက္ခသည်များကိုရေတွက်ကြည့်ရာ အယောက်သုံးဆယ်ရှိသည်။ နံရံတစ်လျှောက်

ပခုံးချင်းယှဉ်ထိုင်ကာ ဆားမုန့်၊ ပေါင်မုန့်၊ စွန်ပလွံသီး၊

ပန်းသီးများဖြင့် ဝမ်းဖြည့် ကြသည်။ ပထမညတွင် ဘာဘာမှလွဲ၍

လူစေ့တက်စေ့ဘုရားရှိခိုးသည်။ ဒုက္ခသည် တစ်ယောက်က ဘာဘာ့အား ”ဘာဖြစ်လို့

ဘုရားမရှိခိုးတာလဲ။ ဘုရားသခင် လာကယ်မှာပါ” ဟုပြောသည်။

ဘာဘာ နှပ်တစ်ချက်ညှစ်သည်။ ခြေထောက်များ ဆန့်ထုတ်သည်။

”ကျုပ်တို့ကိုကယ်မှာက ဆလင်ဒါရှစ်လုံးနဲ့ ကာဗရက်တာ

ကောင်းကောင်းတစ်လုံးဗျ” ဘာဘာ့စကားကြောင့် တစ်ခန်းလုံးငြိမ်ကျသွားခဲ့သည်။

———-

ပထမနေ့ညတွင် ညဉ့်နက်မှ ဒုက္ခသည်များထဲ ကာမဲတို့သားအဖ ပါမှန်း သိသည်။

ကျွန်တော်နှင့် သုံးလေးပေခန့်အကွာတွင် ထိုင်နေသော ကာမဲကိုတွေ့လိုက်ရ သည်က

ခြောက်ခြားစရာတော့ကောင်းသည်။ သို့သော် သူတို့သားအဖနှစ်ယောက်

ကျွန်တော်တို့ ဘေးနားရောက်လာစဉ် ကာမဲမျက်နှာကို ကျွန်တော်မြင်လိုက်ရစဉ်

… အမှန်တကယ်မြင်လိုက်ရစဉ် …

ကာမဲ ကမ္မဌာန်းရုပ် ပေါက်နေသည်။ ရိုးသားစွာပြောရလျှင် ကျွန်တော့်တွင်

အခြားစကားလုုံး ရွေးချယ်စရာမရှိပါ။ ကျွန်တော့်ကို ကြည့်နေသော ဟောက်ပက်ဗလာ

အကြည့်ထဲ မည်သည့်အမှတ်သညာမှ ကြွင်းကျန်မနေ။ လက်ပြင်ကိုင်းကာ ပါးချောင်

နားချောင်ကျနေသည်။ ကဘူးတွင် ရုပ်ရှင်ရုံပိုင်သော ကာမဲ၏အဖေက ဘာဘာ့အား

ပြောပြ၍ အကြောင်းစုံသိရသည်မှာ လွန်ခဲ့သောသုံးလက ကာမဲမိခင်၏နားသယ်ကို

ချော်ထွက်လာသောကျည်တစ်တောင့်မှန်၍ ကာမဲ မိတဆိုးဖြစ်ခဲ့ရကြောင်း၊

ထို့နောက် ကျွန်တော် ကြားတစ်ချက်မကြားတစ်ချက်နှင့် ကာမဲအကြောင်းသိရသည်မှာ

”သားကို တစ်ယောက်ထဲ ဘယ်မှပေးမလွှတ်တော့ဘူး … အင်မတန်ကြည့်ကောင်းတဲ့

သားလေး … လေးယောက် … ချဖို့ကြိုးစား … ဘုရား … သွေးတွေမှ …

သူ့ဘောင်းဘီ … ဒီကတည်းက ဘာစကားမှ မပြောတော့ဘူး …

ပြူးကြည့်နေရှာတော့တာ”

—————

ကြွက်လှောင်အိမ်မြေတိုက်ခန်းထဲ ကျွန်တော်တို့ တစ်ပတ်တိတိအောင်းပြီးမှ

ကားမရတော့ကြောင်း ကာရင်ပြောသည်။ ‘တိုး’ ၏ကုန်တင်ကားသည် ဘယ်လိုမှ ပြုပြင်၍

မရတော့။ ”တခြားရွေးပိုင်ခွင့်တော့ ရှိပါတယ်” ညည်းသံညူသံများအလယ်မှ

ကာရင့်အသံ ထွက်ပေါ်လာသည်။ သူ့ယောက်ဖတွင် ဆီသယ်ယာဉ်တစ်စီးရှိရာ

ထိုယာဉ်ဖြင့် သုံးလေးကြိမ်လူမှောင်ခိုကူးပေးခဲ့သည်။ ယခု သူ့ယောက်ဖ

ဂျာလာလာ ဘက် ရောက်နေပြီဖြစ်၍ ကျွန်တော်တို့အတွက် အဆင်ပြေနိုင်သည်။

အဖိုးကြီး အဖွားကြီးစုံတွဲမှလွဲ၍ လူတိုင်းလိုက်မည်ဟု ဆုံးဖြတ်ကြသည်။

ကျွန်တော်တို့သားအဖ၊ ကာမဲတို့သားအဖနှင့် အခြားဒုက္ခသည်များ ညတွင်း

ချင်းခရီးထွက်ခဲ့ကြသည်။ ကာရင်နှင့်သူ့ယောက်ဖ ‘အဇစ်’ က ကျွန်တော်တို့အား

ဆီတိုင်ကီထဲဆင်းနိုင်အောင်ကူသည်။ လေးထောင့်စပ်စပ်မျက်နှာပိုင်ရှင်

အဇစ်သည် ထိပ်ပါပြောင်သည်။ ဒုက္ခသည်များ တစ်ယောက်ပြီးတစ်ယောက်

လှေကားမှတက်ကာ ဆီတိုင်ကီထဲ လျှောဆင်းကြသည်။ ဘာဘာသည် လှေကားတစ်ဝက်ထိ

တက်ပြီးမှ ပြန်ခုန်ဆင်း၍ အိတ်ထဲမှ နှာရှူဆေးဘူးထုတ်ကာ ဘူးထဲမှ

ရှူဆေးများသွန်ချသည်။ မခင်းရသေးသောလမ်းမပေါ်မှ မြေမှုန်များ

လက်တစ်ဆုပ်စာကျုံး၍ နမ်းရှိုက်ကာ ရှူဆေးဘူးလေးထဲထည့်သည်။

နှလုံးနှင့်အနီးကပ်ဆုံးနေရာ လက်ဝဲဘက် အကျႌအိတ်ကပ်ထဲ

ဘူးလေးကိုပြောင်းသိမ်း၏။

————-

တုန်လှုပ်ခြင်း။

ပါးစပ်ဟကြည့်ပါ။ နင်းကန်ဟလျှင် မေးရိုးမှဂျွတ်ဂျွတ်မြည်လာလတ္တံ့။ အဆုတ်ထဲ

လေရှူသွင်းပါ။ ယခုချက်ချင်း … ချက်ချင်းလက်ငင်း … လေကိုသင်လို

အပ်နေပြီ။ သို့သော်အသက်ရှူလမ်းကြောင်းက သင့်ကိုလျစ်လျူရှူသည်။ ထိုလမ်း

ကြောင်းများ တင်းခံပျက်စီးနေပြီဆိုမှတော့ လေကိုသင်ရှူသွင်းရပုံသည်

ရေစိုစိုပိုက် လေးထဲမှ ရှူသွင်းရသည့်နှယ်။ သင့်ပါးစပ် အံသေကာ

နှုတ်ခမ်းများတင်းစေ့နေသည်။ သင်တတ်နိုင်သမျှအကုန်မှာ လည်ညှစ်ခံရ၍

ထွက်လာသောအသံတစ်ခုသာ။ သင့်လက်များ တွန့်လိမ်ခါရမ်းလာပြီ။ တစ်နေရာမှ

ဆည်ကျိုး၍ ချွေးစေးအေးအေး ကြီးများ သင့်ပေါ်သွန်းလောင်းချလိုက်ရာ

သင့်တစ်ကိုယ်လုံးချွေးနစ်သွား၏။ သင့်မှာ အသံကုန် ဟစ်ပစ်လိုက်ချင်ပါလျက်

မဟစ်နိုင်။ အော်ဟစ်ဖို့ရာ လေကိုသင်ရှူသွင်း ရဦးမည်။

မျက်ဖြူဆိုက်ခြင်း။

မြေအောက်ခန်း မှောင်နေခဲ့သည်။ ဆီတိုင်ကီကား ပိတ်ပိတ်ပိန်းအောင်

မှောင်လျက်။ ဝဲယာထက်အောက်ကြည့်သည်။ မျက်စိရှေ့ လက်ရမ်းကြည့်သော်မှ

ကိုယ့်လက်ကိုယ်ကောင်းကောင်းမမြင်။ မျက်တောင်ပုတ်ခတ်လုပ်ကြည့်သည်။

ဆီတိုင်ကီတွင်းမှလေထု မှားယွင်းနေပြီ။ ပျစ်ခဲရုံမက အတုံးအခဲဖြစ်နေသောလေ။

လေဆိုသည်မှာ အတုံးအခဲဖြစ်ရိုးမရှိ။ လေတုံးလေခဲကြီးကို

လက်ဖြင့်ဆွဲဖမ်းဆုပ်ချေကာ လေရှူပြွန်ကလေးနှင့် ရှူလိုက်ချင်သည်။

ဓာတ်ဆီနံ့ကလည်း ရှိသေးသည်။ အခိုးအငွေ့ကြောင့် ကျွန်တော့်မျက်လုံးများ

ကျိန်းစပ်နေပုံမှာ မျက်ခွံကိုလှန်ပြီး သံပုရာခွံနှင့်

အပွတ်ခံရသည့်အတိုင်းဖြစ်၏။ အသက်ရှူလိုက်တိုင်း ကျွန်တော့်နှာအိုး

မီးဟပ်နေသည်။ အော်ဟစ်ချင်စိတ်က တရွေ့ရွေ့တက်လာပြီ။

ထိုစဉ် အံ့ဩစရာလေးဖြစ်လာသည်။ ဘာဘာက ကျွန်တော့်အကျႌလက် ကိုဆွဲသည်။

မှောင်ထဲဝယ် အစိမ်းရောင်မီးပွင့်ကလေး။ ဘာဘာ့လက်ပတ်နာရီပေါ်

ကျွန်တော့်မျက်လုံးတွေ အကြည့်စိုက်သွားသည်။ မြင်ကွင်းထဲမှ ပျောက်မည်စိုး၍

မျက်တောင်ပင်မခတ်ရဲ။

တဖြည်းဖြည်းမှ သတိပြုမိလာသော ဘေးပတ်ပတ်လည်တွင်ကား ညည်းသံ … ဘုရားတသံ

… ကလေးငိုသံ … အမေလုပ်သူ၏ သားချော့သံ … အော့အန်သံ … ဆဲသံ။

ဆီသယ်ယာဉ်သည် ဘယ်လူးညာလှိမ့် ရှေ့တိုးနောက်ငင် ဆောင့်ချင်တိုင်း

ဆောင့်လျက်။ ဦးခေါင်းများ သတ္တုနှင့် တဒိုင်းဒိုင်းတိုက်နေသည်။

”ပျော်စရာရှာပြီးတွေး” ဟု ဘာဘာက ကျွန်တော့်နားဝ.ကပ်ပြောသည်။

ကျွန်တော့်စိတ်ကို ဖြေလွှတ်လိုက်သည်။

ပါမင်။ သောကြာနေ့မွန်းလွဲ။ ပိုးစာပင်တို့ ပြိုးပြိုးပြောက်ပြောက်

ပါဝင်ပေါက်ရောက်နေသော မြက်ရိုင်းလွင်ပြင်ကျယ်။ မြက်ရိုင်းများ

ပွင့်ဖူးဆုပ်ခဲလျက်။ မြက်တောထဲ ဒူးမြုပ်လျက်ရှိသော ဟက်ဆန်နှင့်

ကျွန်တော်။ ဟက်ဆန်၏ အသားမာ တက်နေသော လက်ထဲတွင် ရစ်လုံး။ ကျွန်တော်က

စွန်ကြိုးကိုဆွဲသည်။ နှစ်ဦးလုံး၏ မျက်လုံးများ မိုးပေါ်ရောက်နေကြသည်။

စကားမဆိုကြခြင်းမှာ ပြောစရာစကား မရှိ၍မဟုတ်။ ပြောစရာမလိုသောကြောင့်သာ။

နို့တစ်လုံးတည်းကို အတူစို့ခဲ့ကြသူများ … တစ်ဦးကတစ်ဦး၏

ကနဦးမှတ်ဉာဏ်ဖြစ်နေခဲ့ခြင်း … စကားလုံးဆိုသည်မှာ မလိုအပ်ခဲ့။

လေရူးသည်မြက်ရိုင်းများကို ခပ်မြူးမြူးမွှေ့လိုက်သည်နှင့် ဟက်ဆန်က

ရစ်လုံးကို အလိုက်သင့်လျှော့ပေးသည်။ လှိုင်းထမြက်ပင်များပေါ် ယိမ်းကနေသော

ကျွန်တော်တို့၏အရိပ်နှစ်မြွာ မခွဲမခွာ။ အဝေးတစ်နေရာမှ ရေတံခွန်လေးကား

တွတ်ထိုးလိုက် … ရယ်မောလိုက် … တီတီတာတာကူလိုက် …။

ဘယ်တုန်းကလဲ။ လတွေ သက္ကရာဇ်တွေ ကျွန်တော်မမှတ်မိ။ မှတ်ဉာဏ် လေးကသာ

ခေါင်းထဲရှိနေခြင်း။ ဘဝကင်းဗတ်စ်စပေါ်မှ စုတ်ချက်တစ်ခုလို

အတိတ်ပုံရိပ်များထဲ သီးသီးသန့်သန့်ကွက်၍ အမှတ်ရနေခဲ့ခြင်းဖြစ်၏။

—————–

ခရီးစဉ်နောက်ပိုင်းကို ကျွန်တော် ဟိုတစ်စသည်တစ်စလောက်သာ မှတ်မိ တော့သည်။

များသောအားဖြင့် အသံနှင့်ရနံ့သာ။ ခေါင်းပေါ်တွင် လေယာဉ်သံ တဝေါဝေါ

မြည်ဟီးနေခဲ့သည်။ တဒက်ဒက်စက်သေနတ်သံ၊ နီးပါးဝန်းကျင်မှ မြည်းဟီသံ၊

ခလောက်သံ၊ သိုးတွေတပဲပဲအော်သံ။ ကားတာယာအောက်ဝယ် ကျောက်ခဲများ တကျိကျိ။

မှောင်ထဲမှ ကလေးလေးက တအီအီ။ ထို့ပြင် ဓာတ်ဆီနံ့၊ အန်ဖတ်နံ့၊ မစင်နံ့။

နောက်တစ်ခုမှတ်မိနေသည်က ဆီတိုင်ကီထဲမှ ကျွန်တော်တက်လာစဉ်

အရုဏ်ဦး၏အလင်းသည် မျက်စိကျိန်းမတတ်ဖြစ်ခဲ့သည်။

မျက်နှာကိုမော့မထားနိုင်ခဲ့။ ဆောင့်ကြောင့်ထိုင်၍

မဟားဒရားလေရှူခဲ့ရပုံသည် ကမ္ဘာကြီးထဲမှ လေတွေရှားပါး ကုန်သည့်နှယ်။

ဖုန်ထူလမ်းဘေးတွင် လဲလျောင်းရင်း ကောင်းကင်ကြီးကိုသာ မော့ကြည့်နေခဲ့သည်။

လေအတွက် … အလင်းရောင်အတွက် … အသက်ရှင်နေ သေးသည့်အတွက် …

ကျေးဇူးတင်စရာပင်ကောင်းသေးတော့။

”ပါကစ္စတန်ရောက်ပြီ၊ အေမား။ ကာရင်က ပက်ရှဝါကိုသွားဖို့ ဘတ်စ်

ကားခေါ်ပေးမယ်တဲ့” ဟု ဘာဘာပြောသည်။

အေးမြမြေသားပေါ် ကိုယ်ကိုလှိမ့်၍ မှောက်နေလိုက်သည်။ ဘာဘာ့ခြေ ရင်းတွင်

လက်ဆွဲအိတ်နှစ်အိတ်။ ဘာဘာ့ခြေထောက်ကြားမှ မြင်နေရသည်က

လမ်းနံဘေးထိုးရပ်ထားသော ဆီသယ်ယာဉ်။ ယာဉ်နောက်ဘက်လှေကားမှ ဒုက္ခသည် များ

တစ်ဦးချင်းဆင်းနေကြဆဲ။ အဝေးကိုမျှော်လိုက်ရာ တောင်ကုန်းနှုတ်ခမ်းသတ်

လိုင်းတွင် ကွယ်ပျောက်သွားသော ဖုန်ထူလမ်းသည် တပြန့်တပြောကွင်းလွင်ပြင်ပေါ်

ခဲပြားအလျားဆန့် ဖြန့်ချထားသည့်နှယ်။ အာကာဘောင်သည် ရည်မှောင်အုံ့လျက်။

ပူကျက်နေသော ဆင်ခြေလျှောတစ်လျှောက်မှ ကြိုးတိကြိုးကျဲ ရွာသိမ်ဇနပုဒ်လေး

ကိုလည်း မြင်နေရသည်။

ကျွန်တော့်စက္ခုအာရုံက ဘာဘာ့ဘေးမှလက်ဆွဲအိတ်များဆီ ပြန်ရောက် လာသည်။

ဘာဘာ့အတွက် ကျွန်တော့်ရင်ထဲ ဘယ်လိုမှမကောင်း။ ဘာဘာ တည် ဆောက်ခဲ့သမျှ၊

စီစဉ်ခဲ့သမျှ၊ အတိုက်အခံလုပ်ခဲ့သမျှ၊ သောကဗရပွဖြင့် ဗျာရိုက်ခဲ့ရ သမျှ၊

စိတ်ကူးဖြင့် ရူးခဲ့သမျှ၊ ယခုတော့ သူ့ဘဝတစ်ခုလုံး၏ လက်ကျန်ရှင်းတမ်းမှာ

စိတ်တိုင်းကျစရာမရှိသော သားတစ်ယောက်နှင့် လက်ဆွဲအိတ်နှစ်လုံးသာ။

ထိုစဉ် အော်ဟစ်သံကြားရသည်။ အော်ဟစ်သံတော့လည်းမဟုတ်။ ပူဆွေး

ငိုကြွေးသောအသံ ဖြစ်နေသည်။ ဒုက္ခသည်များ အုံနေကြသည်။ ”မီးခိုးကြောင့်”

ဟုတစ်ယောက်ကပြောသည်။ ဆွေးမြည့်သောငိုကြွေးသံမှသည် အာခေါင်ခြစ်၍

ဟစ်သောအသံအဖြစ် အသွင်ပြောင်းသွားသည်။ ဘာဘာနှင့် ကျွန်တော် လူအုပ်ထံ

အမြန်ပြေးကြည့်ရာ လူအုပ်အလယ်တွင် တင်ပျဉ်ခွေထိုင်နေသော ကာမဲ၏ဖခင်ကြီးကို

တွေ့ရသည်။ သား၏ ပြာနှမ်းနှမ်းမျက်နှာလေးကို အထပ်ထပ်အခါခါ နမ်းရှုတ်ရင်း

ရှေ့တိုးနောက်ငင် လှုပ်လှုပ်ပေးနေသည်။

”အသက်လည်းမရှူဘူး … သားလေး အသက်မရှူဘူး” ကာမဲ၏ သက်မဲ့ ခန္ဓာသည်

အဖေကြီး၏ပေါင်ခွင်ပေါ် လဲလျောင်းနေသည်။ ညာလက်တစ်ဖက်ကသာ အဖေ့ငိုသံအတိုင်း

စည်းချက်ကျလှုပ်ရမ်းနေ၏။ ”သားလေး … အသက်လည်းမရှူဘူး။ အလာဟ်အရှင် …

သားလေးအသက်ရှူလာအောင် ကယ်တော်မူပါ”

ဘာဘာက အနီးတွင် ဒူးထောက်ထိုင်ချပြီး ငိုကြွေးနေသူ၏ ပခုံးကိုသိုင်း

ဖက်သည်။ သို့သော် ကာမဲ၏ဖခင်သည် ဘာဘာ့ထံမှလွှဲဖယ်ပြီး ယာဉ်မောင်းကာရင် ဆီ

ဝုန်းခနဲရောက်သွားသည်။ အဖြစ်အပျက်သည် မြန်ဆန်လွန်းအားကြီး၍ အသတ်

အပုတ်ဟုပင်ပြော၍မရ။ ကာရင်သည် တစ်ချက်သာအော်လိုက်နိုင်ပြီး မြောက်သွား

သောလက်တစ်ဖက်နှင့် ခြေတစ်ချက်ကန်အထုတ်ကိုသာ ကျွန်တော်မြင်လိုက်သည်။

ကာမဲဖခင်ကြီး၏ လက်ထဲတွင် ယာဉ်မောင်းကာရင်၏သေနတ်။

”မပစ်ပါနဲ့” ဟု ကာရင်အော်သည်။

ဘယ်သူမှမတားလိုက်နိုင်ခင် ကာမဲ၏အဖေသည် သေနတ်ပြောင်းဝကို သူ့ပါးစပ်ထဲ

သူပြန်ငုံလိုက်သည်။ ထိုသေနတ်ပေါက်ကွဲသံကို ကျွန်တော် သည်တစ် သက်

ဘယ်တော့မှမမေ့နိုင်တော့ပြီ။ ဝင်းခနဲမီးပွင့်ကာ ဖြန်းခနဲပန်းထွက်လာသော

သွေးများ …။

………………………..
……………………..
……………………………..
ဆက်ပါဦးမည်..။
____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________–
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ..

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________

လေးစားစွာဖြင့်..
……………………

5 comments

  • မောင်ပေ

    June 29, 2012 at 6:57 pm

    ဘာဘာ မသေဘူးဆိုလို ့စိတ်ချမ်းသာသွားတုန်း ၊ ကာမဲရဲ ့အဖေသေသွားတယ်ဆိုတာ ဖတ်လိုက်ရပြန်တော့ ၊ ရဟတ်စီးနေရသလိုပါလား ။
    ထုံးစံအတိုင်းပါဘဲဗျို ့။

  • အလင်းဆက်

    June 29, 2012 at 7:04 pm

    ဒီ ဝတ္ထုက..ရသ..မျိုးစုံ ပေးနိုင်တဲ ့ဝတ္ထုပါ..။

    ကိုကြီးမောင်ပေ..ရေ…ကျေးဇူးပါ ။

  • မစ္စတာ တောက်တဲ့

    June 29, 2012 at 10:07 pm

    ကျနော်လည်း
    အရင်ပို့စ်တွေမှာ မမန့်ဖြစ်ပေမယ့် …
    အပေါ်ဂ လူဂျီးလို ထုံးစံအတိုင်း ပြောင်နေ .. အဲလေ ..
    ကူးယူကာ သွားပါကြောင်း … 😀
    ကျေးဇူးလည်း တင်ရှိပါဂျောင်း ….

  • shwe kyi

    June 30, 2012 at 6:56 pm

    မမြဲခြင်းသဘောတရားတွေပဲနော်။ ဘဝအချိုးအကွေ့တွေဟာကြောက်စရာကောင်းလှပါတယ်။

  • အလင်းဆက်

    June 30, 2012 at 9:12 pm

    ထုံးစံအတိုင်း….ဖတ်ရှု..အားပေးနေသူ အားလုံးကို…
    ကျွန်တော်ကလည်း..
    ထုံးစ့ အတိုင်း..ကျေးဇူးတင်နေပါတယ်..လို ့

    ခင်မင်လေးစားစွာ…

Leave a Reply