ကျမ သူငယ်ချင်း “စု”

Knowledge SeekerJune 30, 20121min876

ရေးသူ- နိုရီကို အိုဟတ်စု (Noriko Ohtsu)
ဘာသာပြန်ဆိုသူ – ဒေါက်တာ သီဟမောင် (ကမော္ဘဇ) (ထိုင်း – မြန်မာနယ်စပ်)

၁၉၉၁ ခုနှစ် ကမာ္ဘ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် (အောင်ဆန်းစုကြည်) ဆိုတဲ့ ချောမောလှပတဲ့ အာဇာနည်သူရဲကောင်း အမျိုးသမီးတဦးကို တကမာ္ဘလုံးက သိကြပါတယ်။ သူမဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီမီးရှူးတန်ဆောင်ကို နှစ်ပေါင်း (၂၀) ထက်မက ထွန်းညှိတောက်ပြောင် စေခဲ့သူဖြစ်ပြီး မကြာသေးခင်ကာလအထိ နှစ်ပေါင်းများစွာ အကျဉ်းစံခံခဲ့ရသူလဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ကျမအဖို့မှာတော့ လွန်ခဲ့တဲ့ (၃၅) နှစ်လောက်ကတည်းက ငယ်ရွယ်နုပျိုတဲ့ သုတေသီပညာရှင်ရဲ့ဇနီးသည်အဖြစ် အင်္ဂလန်နိုင်ငံ အောက်စ်ဖို့မှာ စတင်သိကျွမ်းရင်နှီးခဲ့ချိန်ကစပြီး “စု” ကို ရိုးရိုးကလေးနဲ့ ထင်ရှားတဲ့ဇနီးတဦး ဒါမှမဟုတ် မိခင်တဦးအဖြစ် အမှတ်ရနေမိ ပါ တယ်။

တကယ်တန်း စတင်သိကျွမ်းခဲ့သူက စုရဲ့ခင်ပွန်း မိုက်ကယ်အဲရစ်ပါ။ ၁၉၇၄ ခုနှစ်တုန်းက ကျမရော မိုက်ကယ်အဲရစ်ပါ လန်ဒန်မှာရှိတဲ့ အရှေ့ဖျားနဲ့ အာဖရိကဆိုင်ရာ လေ့လာရေးကျောင်းမှာ တိဘက်ဘာသာဆိုင်ရာ လေ့လာနေခဲ့ကြပါတယ်။

မိုက်ကယ်ဟာ ရုပ်ချောသူတဦးလို့ တိတိကျကျမဆိုနိုင်ပေမဲ့ တွေ့မြင်သူတိုင်းကို စိတ်ချမ်းသာစေတဲ့ သဘောမနော စိတ်ထားကြီးမြတ်သူ တဦးလို့ဆိုနို်င်သူ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက သူဟာ အသက် ၂ရ နှစ်သာသာလေးရှိသေးပေမဲ့ အန္ဒိယနိုင်ငံအထက်ပိုင်းမှာရှိတဲ့ ဘူတန်နိုင်ငံ (ခေါ်) တိဘက်သမ္မတနိုင်ငံငယ်လေးတခုမှာ၊ ဘုရင်တော်ဝင်မိသာစုရဲ့ အင်္ဂလိပ်စာနည်းပြဆရာတဦးအဖြစ် နှစ်အတန်ကြာ ဆောင်ရွက်နေ ခဲ့သူပါ။

သူ့ရဲ့ မဖီးမသင် ကပိုကယိုဆံပင်နဲ့ အရပ်အမြင့်ကြီးကြောင့် ရုတ်တရက်မြင်ရသူအဖို့ ဟိမဝန္တာတောင်တန်းကထွက်လာတဲ့ အရွယ်ကြီးမားတဲ့ ကြောက်စရာလူကြီးလို့ ထင်စရာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကိုယ်သူမိတ်ဆက်တိုင်း၊ ဂုဏ်ယူဝံ့ကြွားစွာ ပြောလေ့ရှိတာကတော့ “ကျနော့်ဇနီး ဟာ မြန်မာအမျိုးသမီတဦးဖြစ်ပါတယ်” လို့ ဆိုတာပါပဲ။

၁၉၇၅ ခုနှစ်မှာ ကျမရဲ့ခင်ပွန်း ဆိုဗီယက်နိုင်ငံ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူပညာရှင်တဦးဖြစ်တဲ့ ဂျပန်လူမျိုး ဆာဒါယိုရှီ၊ ကျမတို့နဲ့အတူ စုရယ် သူမရဲ့ခင်ပွန်း မိုက်ကယ်နဲ့အတူ ၁၉၇၃ ခုနှစ်မှာ မွေးဖွားတဲ့ သူတို့ရဲ့သားဦးလေး အလက်ဇန်းဒါးတို့ရယ် မိသားစုနှစ်စုဟာ၊ လန်ဒန်ကနေ အောက်စဖို့ဒ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ အဲ့ဒီလို ပြောင်းရွှေ့ပြီး နီးနီးကပ်ကပ် အတူနေထိုင်ခွင့်ရခဲ့တော့၊ ကျမတို့တတွေ ပိုမိုရင်းနှီး ချစ်ခင်ခဲ့ကြပါတယ်။ အထူးသဖြင့် အောက်စဖို့တက္ကသီလာနယ်မြေမှာ နေထိုင်ကြသူတွေထဲမှာ စုနဲ့ကျမလို အာရှတိုက်သားတွေက၊ သိပ်မ များပြား အနေဝေးကြတာလဲ ပါပါတယ်။ စုနဲ့ကျမတို့ရဲ့ ချစ်ခင်ရင်းနှီးမှုဟာ အောက်စဖို့ဒ်မှာရှိကြတဲ့ တခြားမိတ်ဆွေတွေ ထက်ပိုပါတယ်။

စုကို စတွေ့ခဲ့ပုံလေးကို ပြောပြချင်ပါတယ်။ မြန်မာအမျိုးသမီးဝတ်စုံ ထမီ (လုံချည်) ဆိုတာလေးကိုဝတ်ပြီး နဖူးပေါ်မှာ ပေါ်နီတေးဆံပင်စလေး လေးတွေနဲ့ ကလေးလက်တွန်းလှည်းကလေးတွန်းလာတဲ့ အင်မတန်ချောမောလှပတဲ့ မိန်းမပျိုငယ်တဦးကို ကျမမြင်တော့ ဆယ်ကျော်သက် အရွယ် မိန်းကလေးငယ်တဦးလို့ ထင်ခဲ့မိတယ်။ နောက်သူမပြောပြမှ အသက် ၂၉ နှစ်ရှိပြီ၊(သူ့ခင်ပွန်းထက်တောင် အသက် တနှစ်ကြီးသေး တယ်) ဆိုတော့ အစပထမ ကျမ ယုံတောင်မယုံဘူး။ စုနဲ့ စာရင် သူမခင်ပွန်း မိုက်ကယ်က ပိုပြီး အိုစာသလိုမျိုးဖြစ်တာကြောင့် မသိရင် သား အဖလို့ ထင်စရာပါ။

စုနဲ့ကျမတို့ဟာ စားသောက်ဖွယ်ရာတွေ ချက်ပြုတ်ပြင်ဆင် အပြန်အလှန် လဲလှယ်ကြ အောက်စဖို့ဒ်တခွင်က ဈေးတွေကို ဈေးထွက်ဝယ်ကြနဲ့ တဦးကို တဦး အတော်ချစ်ခင်ကြပါတယ်။ ဈေးဆိုင်တွေမှာ မကြာခဏ ငေးမောလမ်းသလားကြပြီး လျှော့ဈေးချတာနဲ့ကြုံရင် ဝယ်ကြတော့ တာပါပဲ။ စုက သူမရဲ့ထမီအတွက် လုံချည်စဝယ်ပြီး ကိုယ်တိုင်ချုပ်ဝတ်လေ့ ရှိတယ်လေ။

မိုက်ကယ်ရဲ့ တိဘက်ဆိုင်ရာ သုတေသနလုပ်ငန်း အဆုံးသတ်ဖို့ကြိုးစားနေချိန်မို့ သူတို့ရဲ့ဝင်ငွေဟာ မများလှပါဘူး။ အဲ့ဒီအခါမျိုးမှာ စုရဲ့ ရိုး သားတည်ကြည် ပွင့်လင်းတဲ့စရိုက်လို့ဆိုနိုင်တာမျိုးကို ခုလို စု ပြောလေ့ရှိပါတယ်။

“နိုရီကိုရေ ဒို့မှာ ငွေလက်ကျန် ၁ဝ ပေါင်လောက်ပဲ ကျန်တော့တယ်။ ဘယ်လိုလုပ် သုံးစွဲရမလဲတောင် မသိတော့ဘူး” တဲ့။ ဒါပေမဲ့ စုဟာ ခိုင်မာတဲ့စိတ်ဓါတ်နဲ့ စရိတ်နည်းနည်းသာကုန်ပြီး အရသာရှိတဲ့ ဟင်းလျာ ညစာတွေကို ချက်ပြုတ်နိုင်စွမ်းရှိပါတယ်။

ငွေလက်ကျန်နည်းနေလို့ဆိုပြီး ချွေတာရေးအဖြစ် အလွယ်တကူလုပ်ပြီးသား အသင့်ဝယ်စားနိုင်တဲ့ ဘာဂါဆိုင်တွေက အစားအစာမျိုးတွေ ဝယ်စားတာမျိုး လုပ်လေ့မရှိပါဘူး။ ခရစ္စမတ်ပွဲတော်ကာလဆိုရင်၊ ခရစ္စမတ်မတိုင်ခင် ၆ လလောက်ကတည်းက ပူတင်းကိတ်မုန့်တွေ ဖုတ် ပြီးနေပါပြီ။ တကယ့် စုပါပဲ။

သူတို့မိသားစုကို မကြာခဏ ကျမရဲ့အိမ်ကိုဖိတ်ပြီး သူတို့ကြိုက်တတ်တဲ့ ဂျပန်အစားအစာတွေ ဖြစ်တဲ့ (ရှာပူ အာပူ)(ဆူကီယာကီ) ခေါ် ဟင်းရည်ပူ (Hot Pot) အစားအစာတို့ (တမ်ပူရာ) တို့ ချက်ပြုတ်ကျွေးမွေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျမတို့ မိသားစုလဲ ဂျပန်ကို ပြန်လည် ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။

၁ဝ နှစ်လောက်အကြာ ၁၉၈၅ ခုနှစ်မှာ ကျမတို့ ပြန်လည်ဆုံတွေ့ဖြစ်ကြပါတယ်။ ဒီအခါမှာတော့ စုမှာ အသက် ၈ နှစ်အရွယ် သားငယ်လေး ကင်မ် (Kim) ကို ရနေပါပြီ။ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှာ သုတေသနလုပ်ငန်းတခုပြုလုပ်ဖို့ ရောက်လာတာပါ။

ဂျပန်နိုင်ငံ ကျေးလက်က ဘိဝါရေကန်ကိုမျက်နှာမူထားတဲ့ ကျမတို့ရဲ့အိမ်ကို အားလပ်ရက်တွေမှာ မကြာခဏ သူတို့ လာရောက်လည်ပတ်လေ့ ရှိပါတယ်။ တခေါက် နှစ်သစ်ကူးအကြိုနေ့ သူတို့လာလည်ကြရင်း ကျမက သူတို့ကို အိမ်နားမှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို ခေါ် သွားတဲ့ အခါမှာ သူတို့ဟာ ဂျပန်ဓလေ့ထုံးစံအရ (ဂျိုရာ၊ နို၊ ကာနိ) ခေါ် ခေါင်းလောင်းကြီးကို တီးခတ်လေ့ရှိကြပါတယ်။ ကျမလဲ နောက်တ နေ့မှာ စုတယောက်တော့ သူ့အမိမြေ ဗမာပြည်ကို သိပ်သတိရအောင်းမေ့နေမှာပဲလို့လဲ ထင်မိပါတယ်။ ဒါနဲ့ ကျမတို့ နေတဲ့ နေရာနဲ့ သိပ်မ ဝေးတဲ့နေရာမှာ မြန်မာဗုဒ္ဓဘာသာ ဘုရားကျောင်းရှိတာ ကြားဖူးကြောင်း စုကိုပြောပြတော့ သူမက သွားလည်လို့ ရရင် သွားလည်ချင်ကြောင်း ပြောပါတယ်။

ကျမတို့ အဲ့ဒီကိုရောက်ကြတော့ ပိတ်ရက်နဲ့ကြုံတာမို့ တံခါးပိတ်ထားပါတယ်။ ဒါနဲ့ နောက်ဘက်ကပတ်ဝင်ပြီး ဝင်ခွင့်တောင်းတော့ ဖွင့်ပေး တာနဲ့ ဝင်ခွင့်ရပါတယ်။ တံခါးပေါက်ကနေ ခန်းမငယ်တခုထဲကို ဝင်သွားကြတဲ့အခါ အဲ့ဒီထဲမှာ အင်မတန်ကြည်ညိုသပ္ပါယ်တဲ့ အပြုံးနဲ့ ရုပ် ပွားတော်တဆူကို ကျမတို့ ဖူးတွေ့ရပါတယ်။

စုတို့ ဘယ်လောက်ဝမ်းသာ ကြည်နူးသွားသလဲဆိုရင် ရုတ်တရက် စကားတောင် မပြောနိုင်ဘူး ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီကာလတွေမှာ စု ဟာ ငွေးကြေးကိုချင့်ချိန်ပြီး အတိုင်းအထွာနဲ့ သုံးနေရချိန်ဖြစ်ပေမဲ့ ဘုန်းတော်ကြီးကို ဂျပန်ယန်းငွေ ၅၀၀ဝ (US ဒေါ်လာ ၆ဝ )ခန့် ရက်ရက် ရောရော လှုဒါန်းဆုတောင်း ဩဝါဒ မေတ္တာခံယူပြီး ဘုရားရှင်ကိုယ်တော်မြတ်ရှေ့မှောက် မြေကြီးပေါ်မှာ ကြိမ်ဖန်များစွာ ရှိခိုးဦးချကန်တော့ ပါတယ်။ လက်အုပ်ချီ မတ်တပ်ရပ် ဘုရားစာကို မြန်မာလိုရွတ်ဆိုရင်း ပူဇော်ပါတယ်။

အရင်တုန်းက စုနဲ့ကျမ သိခဲ့ ဆုံတွေ့ခဲကြတာ အင်္ဂလန်နဲ့ဂျပန်နိုင်ငံမှာသာဖြစ်ပြီး ဗမာနိုင်ငံမဟုတ်တာမို့ သူမကို သာမန်နိုင်ငံခြားသူ တ ယောက်လိုပဲ သာမန်ကာ ရှန်ကာ နေမှာပါလို့ ထင်ခဲ့မိတယ်။ ခုလို ဂျပန်နိုင်ငံရဲ့ ကျေးလက်ဒေသက ဗုဒ္ဓရုပ်ပွားတော်တဆူကို ဖူးမြင်ရတာနဲ့ စုရဲ့ ကြည်ညိုသဒ္ဒါတရား စေတနာထက်သန်မှုကို မြင်လိုက်ရတော့မှ စုရဲ့ မြန်မာ့စိတ်နှလုံးစရိုက် မြန်မာပီသမှုကို ကောင်းကောင်းကြီး သိမြင် ခွင့်ရလိုက်ပါတယ်။ အဲ့ဒါနဲ့အတူပဲ ကျမရဲ့စိတ်ကူးထဲမှာ ရုတ်တရက် ကြိုတင်တွေးထင်လိုက်မိပါတယ်။ ဘာလဲဆိုတော့ စုရဲ့ဆန္ဒတွေ တနေ့မှာ သူရေ သူ့မြေ ဗမာပြည်မှာ ဆောင်ရွက်ခွင့်တွေရရင် ဘယ်လောက်များ ကောင်းလိုက်မလဲ။ အင်္ဂလန်နိုင်ငံမှာပဲ သူဘဝတခုလုံး သက်တောင့် သက်သာနဲ့ နေသွားနိုင်တာ ပိုကောင်းမလား၊ ဒါမှမဟုတ် သူမရဲ့အမိမြေနိုင်ငံမှာ အန္တရာယ်တွေ အခက်အခဲတွေကြားမှာ သူမ ပိုပြီး ပျော်ရွှင်စွာ နေနိုင်ပါ့မလားလို့လဲ တွေးပြီး ပူမိပါသေးတယ်။

တဖြေးဖြေးနဲ့ ဂျပန်နိုင်ငံမှာ သူမနေထိုင်ခွင့် ရချိန်ကုန်ဆုံးပြီး ပြန်ရကာနီး တနေ့မှာ စု ကျမဆီပေါက်ချလာပါတယ်။ သူမနဲ့အတူ ဂျပန်ရိုးရာ အစားအစာတမျိုးဖြစ်တဲ့ ရေနွေးငွေ့နဲ့ပေါင်းပြီးလုပ်စားရတဲ့ (မန်ဂျူ) ကိတ် (ကျမတို့အကြိုက်) ကို၊ ဂျပန် ဂရင်းတီး (Green Tea) လက်ဖက်စိမ်း ရေနွေးကြမ်းနဲ့အတူစားဖို့ ယူလာပေးပါတယ်။

ဂရင်းတီး ရေနွေး သောက်ကြရင်း ကျမက “ ဟေ့ စု ကိုယ်သာ မင်းဆိုရင် ဗမာပြည်ကိုပြန်မှာပဲစုရဲ့။ တိုင်းပြည်က စုကို လိုနေတယ်။ စု ဟိုမှာ လုပ်နိုင်တာတွေ အများကြီးပါ။ စုရဲ့အင်မတန်ကောင်းတဲ့ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုတခုထဲကတင်ပဲ အတော်အသုံးဝင်နေပြီ။ စုရဲ့ တိုင်း ပြည်နဲ့ သိပ်မဝေးတဲ့ အိန္ဒိယနိုင်ငံက တက္ကသို်လ်တခုခုမှာ မိုက်ကယ်က သုတေသနအလုပ်ရနိုင်ပြီး စုတို့ရဲ့ သားနှစ်ယောက်ကိုလဲ ဘော်ဒါ ကျောင်းထားရင် ဖြစ်နို်င်တာပဲ မဟုတ်လား သူငယ်ချင်း” လို့ ဆိုတော့၊ ခါတိုင်းဆိုရင် အမေးတိုင်းကို သွက်လက်ချက်ချာစွာ တုံ့ပြန်ဖြေလေ့ရှိတဲ့ စုဟာ ဘာမှပြန်မပြောပဲ ကျမကို စိုက်ကြည့်လို့သာနေပါတယ်။ ဒါပေမဲ့ သူမရဲ့ အဖြေကို ကျမသိပါတယ်။

သူမ ဂျပန်နိုင်ငံမှာနေထိုင်စဉ်ကာလတွေမှာ မြန်မာပြည်သား ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံခွင့် ရမှုတွေရှိခဲ့ပါတယ်။ သူတို့တွေဟာ စုရဲ့အဖေ ဗိုလ်ချုပ်အောင်ဆန်းကို နှစ်နှစ်ကာကာ ကြည်ညိုလေးစားချစ်ခင်ကြပြီး သူမအပေါ်မှာတော့ ရောထွေးတဲ့ လေးစားမှု၊ သူမအပေါ် မျှော်လင့်တောင့်တမှုတွေရှိနေကြတာကို သူမ စု သတိကောင်းကောင်း ပြုမိပါတယ်။

စိတ်ထက်သန် စကားကောင်းနေကြတာနဲ့ မန်ဂျူကိတ်ကိုတောင် ကျမတို့ စားဖို့ မတိုထိမိခဲ့ကြဘူး။ ဒါပေမဲ့ ကောက်ခါငင်ကာ ငြိမ်သက်နေတဲ့ စကားပွဲကို စုက စတင်လှုပ်ရှားလိုက်ပါတော့တယ်။ “အေး…နိုရီကို မင်းပြောတာမှန်တယ်သူငယ်ချင်း” လို့ စုက ဆိုခဲ့ပါတယ်။ နောက် သိပ် မကြာတဲ့ နှစ်ကာလမှာ စုတယောက် မြန်မာပြည် ပြန်ရောက်သွားခဲ့ပါတယ်။

ကျန်တာတွေကတော့ အများသိခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေပါပဲ။ နှစ်စဉ်လို ကျမနဲ့ခင်ပွန်း ဆာဒါယိုရှီတို့ဟာ အောက်စဖိုဒ့်ကို သွားရောက် လည် ပတ်ဖြစ်ကြတယ်။ သူ့အမေအတွက် ဂုဏ်ယူနေကြတဲ့ စုရဲ့ အရွယ်ရောက် သားနှစ်ယောက်ကို တွေ့ဆုံရပေမဲ့ စုနဲ့တော့ အဲ့ဒီနောက်ပိုင်း နှစ်ကာလတွေမှာ မတွေ့ဖြစ်တော့ပါဘူး။

၁၉၈၈ ဩဂုတ်လ ၂၆ ရက် မြန်မာနိုင်ငံ မြို့တော် ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ စုဟာ သူမရဲ့ နိုင်ငံအတွက်လိုအပ်ချက် နိုင်ငံအရေးတွေ ဆောင်ရွက်မဲ့ ဘဝလမ်းကြောင်းကို စတင်လျှောက်လှမ်းလိုက်ပါပြီ။ ထောင်သောင်းချီတဲ့ လူ အုပ်ကြီး မြန်မာလူထုကြီးကို သူမစပြီး မိန့်ခွန်းတွေ ချွေခဲ့ပါတော့တယ်။ သူမရဲ့ခင်ပွန်း သားတွေကလဲ အားပေးထောက်ခံ စောင့်ကြည့် နေ ခဲ့ကြပါတယ်။

ဒီမိုကရေစီရေး ချီတက်ဆန္ဒပြရင်း စုဝေးရောက်ရှိလာတဲ့ လူထုကြီးကို စုက “ကျမ နိုင်ငံခြားမှာ အကြာကြီးနေခဲ့တယ်။ နို်င်ငံခြားသားတယောက် ကိုလဲ လက်ထပ်အိမ်ထောင်ပြုခဲ့တယ်လို့ မြန်မာနိုင်ငံသားတွေကဆိုကြတယ်။ အဲ့ဒါတွေ အားလုံးမှန်ပါတယ်။ ဒါပေမဲ့ ကျမဟာ အဲ့ဒီလို ရှိခဲ့ ပေမဲ့ ကျမရဲ့ ဗမာနိုင်ငံအပေါ်ချစ်တဲ့စိတ် နိုင်ငံအတွက်ဆောင်ရွက်ဖို့ သံဓိဌာန်ချမှတ်ထားမှုတွေကို ဘယ်တော့မှ မပျက်ပြယ် အတားအဆီး မဖြစ်ခဲ့ပါဘူး” လို့ ဆိုခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ စုဟာ လူထုနဲ့အတူ ဒီမိုကရေစီတိုက်ပွဲ ဆက်လက်ဆင်နွဲနိုင်ဖို့ တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါတော့တယ်။ သူမရဲ့ နိုင်ငံ ရေးရည်မှန်းချက်မှာ အမျိုးသားရေး တိုင်းသူပြည်သားများအတွက် ဒုတိယအကြိမ် လွပ်လပ်ရေး ကြိုးပမ်းမှု့ဆိုတဲ့ အင်မတန်ကြီးမြတ်ထင်ရှားတဲ့ ဖြစ်စဉ်ပန်းတိုင်ကြီး ဖြစ်ခဲ့ပါတော့တယ်။

နောက်တကြိမ် အောက်စဖို့မှာ မိုက်ကယ်နဲ့ ကျမတို့ဆုံတွေ့ကြတော့ စုရဲ့အကြောင်း စုရဲ့ အမိမြေအတွက် ခိုင်မြဲတဲ့ သံဓိဌာန်၊ ဆုံးဖြတ်ချက် လှုပ်ရှားမှုတွေအကြောင်း ပြောဖြစ်ကြပါတယ်။ မိုက်ကယ်က ကျမကို “နိုရီကို တနေ့မှာ စုနဲ့ပတ်သက်လို့ ဒီလိုဖြစ်လာမယ်ဆိုတာ ကျနော်အစ ကတည်းက ကြိုတင်တွက်ဆ ခံစားသိရှိပြီးသားပါဗျာ။ စုကိုလဲ ကျနော် ကတိပေးခဲ့တယ်။ တနေ့မှာ စုရဲ့ တိုင်းပြည်နဲ့လူထုက စုကို လို အပ်လာခဲ့ရင် စု သဘောကျဖြစ်စေရမှာဖြစ်ပြီး ကျနော်ဟာ စုလျှောက်လှမ်းမဲ့ခရီးမှာ ဘယ်တော့မှ အတားအဆီးမဖြစ်စေရပါဘူးလို့ ဆိုတာ ပါပဲ”

ကျမဟာ ချစ်သူငယ်ချင်း စုအတွက် သူမရဲ့သမိုင်းပေးတာဝန်ထမ်းဆောင်မှု သမိုင်းဝင်ဖြစ်စဉ် ရည်မှန်းချက်ပန်းတိုင်နဲ့ အခက်အခဲရုန်းကန် လှုပ်ရှားမှုများ အကျဉ်းစံ အနစ်နာခံမှု့များ အောင်မြင်မှု့များအတွက် ကျမတိတ်တခိုး မျက်ရည်ကျမိပါတယ်။

ဝမ်းသာကြည်နူးမိလို့ကျတဲ့မျက်ရည် စုအတွက် ခံစားရတဲ့မျက်ရည်ပါပဲ။
…………. ………..

(မြန်မာနိုင်ငံ ပြည်သူ့ ဒီမိုကရေစီသူရဲကောင်း ခေါင်းဆောင်ကောင်း ဒေါ်အောင်ဆန်းစုကြည် သက်ရှည် ကျမ်းမာ ဘေး အန္တရာယ်ကင်းရှင်းစွာနဲ့ ဒီမိုကရေစီတိုက်ပွဲ ဆက်လက်ကြိုးပမ်းနိုင်ပါစေ)

CREDIT TO MOEMAKA

6 comments

  • Khaing Khaing

    June 30, 2012 at 10:02 am

    Knowledge Seeker က မိန်းကလေးပေ့ါနော် …… အမေစုနဲ့ရွယ်တူဆိုတော့ အန်တီစိကာလို့ခေါ်ရမယ် အခုလို အမေစုရဲ့ ဘဝတွေကို သရုပ်ဖော်တင်ပြပေးတာအလွန်ပဲကျေးဇူးတင်လှပါတယ် …….

  • ma haw

    June 30, 2012 at 11:03 am

    ကျေးဇူးတင်ပါတယ် ရှာဖွေသူရေ
    တကယ်မသိတာတွေ သိသွားတယ် ဗဟုသုတတွေထပ်ပွားပါစေဗျား

  • ဘဲဥ

    June 30, 2012 at 11:07 am

    အမေစု
    သားတို့ရင်ထဲမှာ အဖဗိုလ်ချုပ်အောင်ဆန်းနဲ့ အမေစုတို့ပဲ နေရာယူထားတာပါ
    ဘယ်သူတွေ ဘယ်လိုပဲ မကောင်းကြောင်းပြောနေပါစေ
    သားတို့ရင်ထဲက လေးစား၊ ဂုဏ်ယူ ၊ မြတ်နိုးတဲ့ စိတ်တွေက ဘယ်တော့မှ ယိုင်လဲမသွားပါဘူး အမေ……

  • ဆူး

    June 30, 2012 at 11:42 am

    ကျေးဇူးတင်ပါတယ် ဒီဆောင်းပါးလေးကို မျက်စိရှေ့ ရောက်အောင် ဆွဲတင်လာပေးတဲ့ အတွက်ပါ။

  • မောင်ပေ

    June 30, 2012 at 12:50 pm

    အခုမှ ဖတ်ရတယ်
    တခြားဆိုက်တွေ သိပ်မသွားတဲ့အတွက်
    ခရစ်ဒစ်ပေးပြီး ပြန်တင်ပေးလို ့
    ကျေးဇူးပါ

Leave a Reply