ဓမ္မစေတီမင်းခေါင်းလောင်းဆယ်ဖို့ ဩစီရုပ်ရှင်အဖွဲ့လာမည်

cobraJune 28, 20101min770

ဒေါပုံ၊ ရန်ကုန်နဲ့ ပဲခူး မြစ်သုံးမြစ် ဆုံရာမြစ်ဝမှာ နစ်မြှုပ်ပျောက်ဆုံးခဲ့တဲ့ ဓမ္မစေတီမင်းခေါင်းလောင်းကြီး ဆယ်ယူရေးလုပ်ငန်း ဒုတိယ အကြိမ် ပြန်လည် စတင်ဖို့အတွက်

ဩစတြေးလျနိုင်ငံ သား မှတ်တမ်းရုပ်ရှင် ထုတ်လုပ်သူ မစ္စတာ ဒါမီယန်လေးနဲ့ အဖွဲ့ဟာ လာမယ့် ပွင့်လင်းရာသီဖြစ်တဲ့ စက်တင် ဘာနဲ့ ဒီဇင်ဘာလအတွင်းမှာ မြန်မာ နိုင်ငံကိုလာရောက်မယ်လို့ မြန်မာတိုင်း(မ်)ရဲ့ ဆက်သွယ်မေးမြန်း ချက်ကို ဖြေဆို ပါတယ်။

“လာမယ့်ပွင့်လင်းရာသီမှာ မြန်မာပြည်ကို ပြန်လာမယ်။ ရေဒါတွေ၊ ဒိုက် ဗင်ငုပ်တာတွေလုပ်ပြီး ခေါင်းလောင်းကြီးကိုရှာဖို့ တည်နေရာ အတိအကျ သိအောင်လုပ်ကြမယ်။ ဒီကိစ္စက လွယ် တဲ့ကိစ္စတော့ မဟုတ်ဘူး။ ဘာကြောင့် လဲဆိုတော့ ပဲခူးမြစ်ရဲ့အခြေအနေက ရှာရ ဖွေရခက်တယ်။ အခက်အခဲတွေ အများကြီးရှိမယ်။ ဒါပေမယ့် ခေတ်မီ စက်ကိရိယာတွေ အကူအညီနဲ့ဆိုတော့ အောင်အောင်မြင်မြင်နဲ့ ရှာတွေ့နိုင်မယ် ထင်တယ်”လို့ မစ္စတာလေးက အီးလ် မေးကတစ်ဆင့် ဆိုပါတယ်။

ခေါင်းလောင်းကြီးဆယ်ယူမှုကို မှတ်တမ်း ရုပ်ရှင်ရိုက်ကူးဖို့ ဩစတြေးလျ အခြေစိုက် ရုပ်ရှင်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Animax Films က လည်းစိတ်ဝင်စားနေပြီး မစ္စတာလေးကိုယ်တိုင်ကလည်း ခေါင်းလောင်းကြီးအကြောင်းကို သမိုင်းအခြေခံမှတ်တမ်းရုပ်ရှင်အဖြစ် ရိုက် ကူးရန် စီစဉ်နေတယ်လို့ ဆိုတယ်။

မစ္စတာလေးနဲ့အဖွဲ့ဝင်နှစ်ဦးဟာပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ ပြီး ၁၉၃၅ခုနှစ်ကမြန်မာ ကမ်းရိုးတန်း အနီးမှာ ပျောက်ဆုံး ခဲ့တဲ့ Lady Southern Cross လေယာဉ်ပျက်ကို ရှာဖွေ ခွင့်ရတာမို့ မြန်မာနိုင်ငံ ကို ကျေးဇူး တုံ့ပြန် ကူညီတဲ့အနေနဲ့ မြန်မာနိုင်ငံရှိဓမ္မစေတီမင်းကောင်းမှုတော်ခေါင်း လောင်းကြီး ပြန်လည်ဆယ်ရေးမှာ ပံ့ပိုးပေးရန်ဆုံးဖြတ်လုပ်ဆောင် ခဲ့တာလို့ မစ္စတာလေးက ဆိုပါတယ်။

“ကျွန်တော်တို့အဖွဲ့ ၂၀၁ဝ မတ်လ လောက်က မြန်မာရေငုပ်သမားတွေနဲ့ တူတူရှာဖွေတွေ့ရှိခဲ့တဲ့အချက်တွေအရ အားရစရာကောင်း တာတွေတွေ့ရတယ်။ သင်္ဘောပျက်ရဲ့အစိတ်အပိုင်းလို့ ယူဆ ရတဲ့အရာ ၁၂ ခုကို ရေဒါနဲ့ ဖမ်းမိတယ်။ ပင်လယ်ကြမ်းပြင်အောက်ကို နစ်မသွားဘဲ မြင်ရတဲ့အစိတ်အပိုင်းတွေကို ရေဒါနဲ့ ထင်ထင်ရှားရှားမြင်ရတယ်။ ခေါင်းလောင်းကြီးလို့ ယူဆရတဲ့ ပုံရိပ်တစ်ခုကိုလည်း ဖမ်းယူရရှိခဲ့တယ်” လို့ မစ္စတာလေးက ပြောပါတယ်။

ဓမ္မစေတီမင်း ကောင်းမှုတော်ခေါင်းလောင်းကြီးဟာ ၁၆၁၂ ခုနှစ်က ပေါ်တူ ဂီလူမျိုး ဒီဘရစ်တို (ခေါ်) ငဇင်ကာက လက်နက်အဖြစ် သွန်းလောင်းရန်ရည်ရွယ်ချက်နဲ့ရန်ကုန်ကနေသန်လျင်ကိုသင်္ဘောနဲ့သယ်ယူသွားစဉ် သင်္ဘောဝမ်းကွဲနစ်မြုပ်သွားခဲ့ပြီးခေါင်းလောင်း ကြီးကို ရှာဖွေဆယ်ယူရန် မြန်မာပညာ ရှင်များက သုံးကြိမ်တိုင်တိုင် ကြိုးစားခဲ့တယ်လို့ သိရတယ်။

ပထမအကြိမ်အားထုတ်မှုမှာ ၁၉၈ရခုနှစ်၊ဖေဖော်ဝါရီတွင်စီးပွားရေးပညာရှင် ဒေါက်တာမျိုးမြင့်၊သမိုင်းပညာရှင်ဦးကျော်၊ရှေးဟောင်း သုတေသနပညာ ရှင် ဦးကိုကိုနှင့် ရေငုပ်ကျွမ်းကျင် သူဦးကြိုင်တို့ ပူးပေါင်းပြီး ခေါင်းလောင်း ကြီးကို ရှာဖွေရန် ကြိုးစား ခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ပက်စီ ဦးသိန်းထွန်း၊ အင်ဂျင်နီယာ ဦးဇော်ဝင်း အောင်၊ ဦးကိုကိုနှင့် ဦးကြိုင်တို့က ဒုတိယအကြိမ် ထပ်မံ ဆယ်ယူရန်ကြိုးပမ်းခဲ့ပါတယ်။ တတိယအကြိမ်မှာတော့ စာရေးဆရာ ချစ်စံဝင်းနဲ့အဖွဲ့က ရှာဖွေရန်ကြိုးစားခဲ့ပေမယ့် နည်းပညာပိုင်း ဆိုင်ရာ၊ စက်ကိရိယာပိုင်းအားနည်း မှုတို့ကြောင့် မအောင်မြင်ခဲ့ဘူးလို့ သိရတယ်။

တတိယ အကြိမ် ရှာဖွေခဲ့သူ ဆရာ ချစ်စံဝင်းကခေါင်းလောင်းကြီး ကိုပြန်လည်ဆယ်ယူရရှိနိုင်မယ် ဆိုရင် မြန်မာယဉ်ကျေးမှု သမိုင်း အတွက် အလွန် တန်ဖိုးရှိမယ်လို့ ဆိုပါတယ်။

“သမိုင်းမှတ်တမ်းတွေအရ ခေါင်း လောင်းကြီးရဲ့အလေးချိန်ဟာ တန်ချိန် ၂၇ဝ ရှိတယ်လို့သိရတယ်။ ဒီအတိုင်းဆိုရင် ခေါင်းလောင်း ကြီးသာ ပြန်ဆယ်နိုင်ခဲ့မယ်ဆိုရင် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သွားမယ်”လို့ သူက သုံးသပ်ပြောဆိုပါတယ်။

ဓမ္မစေတီမင်းခေါင်းလောင်းကြီး သွန်းလုပ်တဲ့အချိန်က မိချောင်းနက္ခတ်နဲ့ တိုက်ဆိုင်လို့ ‘ကုန်းတွင်မပျော်ရေမှာ ပျော်သည်’ဆိုပြီး ပရ လောကနဲ့ဆက်နွယ်နေတဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ ဆိုရိုးတွေအပြင်လပြည့်လကွယ်ညတွေမှာ ဒေါပုံမြစ်ဝတစ်လျှောက် ခေါင်းလောင်း ကြီးရေပေါ်ပေါ်နေတာ ကို မြင်လိုက်ရသူတွေရှိတယ်လို့ သိရပါတယ်။

တဆင့်ကူးယူဖော်ပြသည်။