စစ်အစိုးရကို ICC တင်သင့်ဟု ပြည်သူ့ခုံရုံးဆုံးဖြတ်

True FaithJune 29, 20101min540

ရေးသူ – ဆလိုင်း ဟံသာစန်း

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာစစ်အစိုးရသည် အမျိုးသမီးများအပေါ် လူသားချင်းစာနာမှု ကင်းမဲ့စွာ ရာဇဝတ်မှု ကျူးလွန်နေသည်မှာ ထင်ရှားသဖြင့် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC သို့ တင်သင့်ကြောင်း ဂျပန်နိုင်ငံရှိ ပြည်သူ့ခုံရုံးက ယမန်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ Aoyama တက္ကသိုလ်တွင် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးနှင့် သဏ္ဍာန်တူ ပြုလုပ်ထားသော ပြည်သူ့ခုံရုံးတွင် ကိုယ်တိုင်ကျူးလွန်ခြင်း ခံခဲ့ရသူ ကာယကံရှင် မြန်မာနိုင်ငံသူ ၄ ဦး၏ ထွက်ဆိုချက်များ၊ နှစ်ဘက်ရှေ့နေ လျှောက်လဲချက်များ ကြားနာပြီးနောက် အဖွဲ့ဝင် ၅ ဦးပါ တရားသူကြီးအဖွဲ့က ယခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“တရားသူကြီးတွေက ဆုံးဖြတ်ချက် ၈ ချက် ချမှတ်ခဲ့တယ်။ အဲဒီထဲမှာ စစ်အစိုးရက အမျိုးသမီးတွေနဲ့ ပြည်သူတွေအပေါ် လူသားမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုတာကို ကြားနာချက်တွေ နားထောင်ခြင်းအားဖြင့် တွေ့ရှိရတယ်။ ပြီးတော့ ICC ကို တင်သင့်တယ်ဆိုတာ ပါတယ်” ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) သဘာပတိ အဖွဲ့ဝင် ဒေါ်သင်းသင်းအောင်က မဇ္ဈိမကို ပြောသည်။
japanrefel2
တရားသူကြီးများအဖြစ် ဂျပန်ဗဟို တရားသူကြီးချုပ်ဟောင်း Mr. Hamada ၊ ဂျပန်နိုင်ငံ Chiba တက္ကသိုလ်မှ ဥပဒေ ပါမောက္ခ Ms. Goto ၊ Aoyama တက္ကသိုလ်မှ ဥပဒေ ပါမောက္ခ Mr. Niikura ၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီရေးလိုလားသူ ရှေ့နေများအဖွဲ့ အတွင်းရေးမှူး Ms. Shikida နှင့် ရှေ့နေ Mr. Kubori တို့က ဆောင်ရွက်ခဲ့ကြသည်။

ယမန်နေ့က ချမှတ်ခဲ့သော တရားသူကြီးအဖွဲ့၏ ဆုံးဖြတ်ချက် ၈ ချက်တွင် မြန်မာစစ်အစိုးရသည် လူသားမဆန်သော ရာဇဝတ်မှုများ ကျူးလွန်နေသည်မှာ ထင်ရှားကြောင်း၊ ကုလသမဂ္ဂ UN အနေဖြင့် ဤအမှုများကို စုံစမ်းစစ်ဆေးရန် ကော်မရှင်တရပ် ဖွဲ့စည်းသင့်ကြောင်း ပါရှိသည်။

ထို့ပြင် UN အနေဖြင့် ခိုင်လုံသော အထောက်အထားများ ရရှိလာသည့်အခါ ICC သို့ လွှဲပြောင်း ပေးအပ်သင့်ကြောင်းနှင့် ဂျပန်အပါအဝင် နိုင်ငံတကာ အစိုးရများက မြန်မာပြည်တွင် ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေးကို ဝိုင်းဝန်းဆောင်ရွက်သင့်ကြောင်း ပါရှိသည်။

ယမန်နေ့ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီခွဲအထိ ပြုလုပ်ခဲ့သည့် ပြည်သူ့ခုံရုံး တရားခွင်တွင် မကြည်ကြည်ခင်၊ ဒေါ်ပုစိန်၊ နော် Sunset ကိုယ်စား WLB မှ ဒေါ်တင်တင်ညိုနှင့် WLB ကိုယ်စားလှယ် ဒေါ်မြရာဇာလင်းတို့က သက်သေထွက်ဆိုခဲ့ကြပြီး တရားလိုဘက်မှ ရှေ့နေ ၅ ဦးနှင့် တရားခံ စစ်အစိုးရဘက်မှ ရှေ့နေ ၃ ဦး လိုက်ပါဆောင်ရွက်ခဲ့သည်။

ထိုရှေ့နေများအားလုံးသည် ဂျပန်လူမျိုးများဖြစ်ပြီး တရားရုံးအသွင် ပီပြင်စေရန် ပွဲစီစဉ်သူများက လုပ်ဆောင်ထားခြင်း ဖြစ်သည်။
japanrefel1
“ကျမကို ဖမ်းပြီး စစ်ကြောရေးက အမှောင်တိုက်ထဲမှာ ထားတာတွေ၊ လုံးဝမအိပ်ရဘဲ စစ်ကြောရေးလုပ်တာတွေ၊ နောက် ထောင်ထဲကို ရောက်တဲ့အခါမှာလည်း မြင်ခဲ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထွက်ဆိုချက်ပေးခဲ့ပါတယ်” ဟု နိုင်ငံရေး အကျဉ်းသူဟောင်း မကြည်ကြည်ခင်က ပြောသည်။

NLD ပါတီဝင်နှင့် ဗကသ အဖွဲ့ဝင်ဖြစ်သူ မကြည်ကြည်ခင်သည် ဇူလိုင် ရ ရက် အထိမ်းအမှတ် လက်ကမ်းစာစောင် ထုတ်ဝေမှုဖြင့် ၁၉၉ဝ ခုနှစ်တွင် စစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် ပုသိမ်မြို့ရှိ စစ်ထောက်လှမ်းရေးစခန်းအတွင်း တည်ရှိသည့် MI 4 စစ်ကြောရေးစခန်းတွင် ၂၈ ရက်ကြာ အမှောင်တိုက်အတွင်း အကျဉ်းချထားပြီး လူမဆန်သော နည်းလမ်းများဖြင့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူ ဖြစ်သည်။

ထို့နောက် သူမကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ရာ ၁၉၉၂ ခုနှစ် မေလတွင် ထောင်မှ လွတ်မြောက်ခဲ့သည်။

တရားခွင်တွင် စစ်အစိုးရဘက်မှ ရှေ့နေများကလည်း ပြန်လည်ချေပ လျှောက်လဲခဲ့ကြကြောင်း ပွဲဖြစ်မြောက်ရေး တာဝန်ခံ BWU ဂျပန်ဌာနခွဲ ကိုယ်စားလှယ် ဒေါ်ချိုချိုအေးက ပြောသည်။

“တရားခံ နအဖဘက်က ရှေ့နေတွေက ဒီသက်သေခံ အထောက်အထားတွေက တကယ်ဟုတ်သလား။ အောက်ခြေစစ်သားတွေက လုပ်တာကို သန်းရွှေမှာ အပြစ်ရှိတယ် ပြောနိုင်သလား စသဖြင့် ချေပလျှောက်လဲကြတယ်” ဟု သူမက ပြောသည်။

ဂျပန်နိုင်ငံတွင် ပထမဆုံးပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ခုံရုံးကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB နှင့် ဂျပန်အခြေစိုက် လူ့အခွင့်အရေး ချက်ချင်းပေး (Human Rights Now) အဖွဲ့တို့က ပူးပေါင်းစီစဉ်ခြင်း ဖြစ်ပြီး ဂျပန်နှင့် မြန်မာပရိသတ် ၃ဝဝ ကျော် တက်ရောက်နားထောင်ခဲ့ကြသည်။

ယခုကဲ့သို့ အလားတူ ခုံရုံးမျိုးကို ပြီးခဲ့သည့် မတ်လဆန်းပိုင်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် WLB နှင့် နိုဗယ်ဆုရှင် အမျိုးသမီးများအဖွဲ့တို့ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြသေးသည်။ ယင်းခုံရုံးတွင် မြန်မာအမျိုးသမီး ၁၂ ဦးတို့က စစ်အစိုးရကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ ၎င်းတို့၏ အတွေ့အကြုံများကို ဖော်ထုတ်အစစ်ခံခဲ့ကြသည်။

“ကျမတို့က နအဖကို ICC တင်နိုင်တဲ့အထိ နိုင်ငံတကာ မိသားစုကို စည်းရုံးလှုံ့ဆော်တာတွေ ဆက်လုပ်သွားမှာပဲ။ အဲလိုလုပ်မှသာလျှင် နအဖ စစ်ခေါင်းဆောင်တွေအနေနဲ့ ငါတို့တော့ ရာဇဝတ်မှုတွေ ကျူးလွန်တာကို ဆက်လုပ်နေရင် အနာဂတ်မှာ တရားစွဲဆိုတာတွေ ခံရနိုင်တယ်ဆိုတဲ့ အသိနဲ့ နောက်ဆုတ်တာတွေ၊ ရပ်တန့်တာတွေ ဖြစ်လာမှာလေ” ဟု ဒေါ်သင်းသင်းအောင်က ပြောသည်။
japanrefel
၁၉၉၈ ခုနှစ် ဇူလိုင် ၁ရ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC သည် ပြည်နယ်ပါတီများ၊ နိုင်ငံတကာ အစိုးရများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် တဦးချင်းစီတို့၏ ထည့်ဝင်ငွေများဖြင့် ရပ်တည်နေသည့် လွတ်လပ်သော အပြည်ပြည်ဆိုင်ရာ ဥပဒေ အဖွဲ့အစည်းတဖွဲ့ဖြစ်ပြီး နယ်သာလန်နိုင်ငံတွင် ရုံးချုပ်တည်ရှိသည်။

လက်စွဲဥပဒေအဖြစ် ကမ္ဘာ့နိုင်ငံများမှ သဘောတူညီထားသော ရောမဥပဒေကို ကျင့်သုံးပြီး ကမ္ဘာတဝှန်းရှိ လူမျိုးတုံး သတ်ဖြတ်မှုများ၊ ပြင်းထန်သော နိုင်ငံတကာ ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်သူများနှင့် စစ်ရာဇဝတ်မှု ကျူးလွန်သူများအား တရားစွဲဆို အပြစ်ပေးလေ့ရှိသည်။

ခုံရုံး၏ ရလဒ်များကို ယနေ့တွင် ပွဲစီစဉ်သူများက ဂျပန်အစိုးရထံ အပ်နှံသွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း မရှိဘဲ ရွေးကောက်ပွဲ ကျင်းပပါက ထိုရလဒ်ကို အသိအမှတ်မပြုရန် တိုက်တွန်းသွားမည် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တာနားက UN တွင် တင်ပြထားသည့် စစ်အစိုးရ၏ လူသားချင်းစာနာမှု ကင်းမဲ့စွာ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ကုလ စုံစမ်းရေး ကော်မရှင်တရပ်က စုံစမ်းစစ်ဆေးရေး အဆိုကို ထောက်ခံပေးရန် တိုက်တွန်း ပြောဆိုသွားမည်ဟုလည်း သိရသည်။