တိမ်ယံသစ္စာ အပိုင်း ( ၂ဝ )

alinsettJuly 1, 20121min1365

____________________-
–”သားလေး … အသက်လည်းမရှူဘူး။ အလာဟ်အရှင် …

သားလေးအသက်ရှူလာအောင် ကယ်တော်မူပါ”

ဘာဘာက အနီးတွင် ဒူးထောက်ထိုင်ချပြီး ငိုကြွေးနေသူ၏ ပခုံးကိုသိုင်း

ဖက်သည်။ သို့သော် ကာမဲ၏ဖခင်သည် ဘာဘာ့ထံမှလွှဲဖယ်ပြီး ယာဉ်မောင်းကာရင် ဆီ

ဝုန်းခနဲရောက်သွားသည်။ အဖြစ်အပျက်သည် မြန်ဆန်လွန်းအားကြီး၍ အသတ်

အပုတ်ဟုပင်ပြော၍မရ။ ကာရင်သည် တစ်ချက်သာအော်လိုက်နိုင်ပြီး မြောက်သွား

သောလက်တစ်ဖက်နှင့် ခြေတစ်ချက်ကန်အထုတ်ကိုသာ ကျွန်တော်မြင်လိုက်သည်။

ကာမဲဖခင်ကြီး၏ လက်ထဲတွင် ယာဉ်မောင်းကာရင်၏သေနတ်။

”မပစ်ပါနဲ့” ဟု ကာရင်အော်သည်။

ဘယ်သူမှမတားလိုက်နိုင်ခင် ကာမဲ၏အဖေသည် သေနတ်ပြောင်းဝကို သူ့ပါးစပ်ထဲ

သူပြန်ငုံလိုက်သည်။ ထိုသေနတ်ပေါက်ကွဲသံကို ကျွန်တော် သည်တစ် သက်

ဘယ်တော့မှမမေ့နိုင်တော့ပြီ။ ဝင်းခနဲမီးပွင့်ကာ ဖြန်းခနဲပန်းထွက်လာသော

သွေးများ …။

………………………..
_______________________________
အခန်း (၁၁)
ဖရီးမောင့်၊ ကာလီဖိုးနီးယား

အမေရိကား၏ ခံယူချက်ကို ဘာဘာ သဘောကျသည်။

အမေရိကားတွင်နေစဉ် ဘာဘာ ကင်ဆာနာရခဲ့ခြင်းဖြစ်၏။

ဖရီးမောင့်တွင် အဲလီဇဘက်သ် ကန်သာယာပန်းခြံထဲ သားအဖနှစ်ယောက် လမ်းလျှောက်ထွက်ခဲ့ကြသည်ကို ကျွန်တော်သတိရနေသည်။ ပန်းခြံသည် ကျွန်တော်

တို့တိုက်ခန်းနှင့် သုံးလေးလမ်းသာခြားသည်။ ပန်းခြံထဲတွင် ဒန်းစီးရင်း တခစ်ခစ် ပျော်ရွှင်နေသော မိန်းကလေးများ၊ ဘက်တံရိုက်ကျင့်နေသော ယောက်ျားလေးများကို

ကျွန်တော်တို့ငေးရသည်။ ဤကဲ့သို့လမ်းလျှောက်ထွက်တိုင်း ဘာဘာသည် သူ့နိုင်ငံရေးခံယူချက်ကို ရှည်လျားထွေပြားစွာ ခင်းကျင်းပြတတ်သည်။

ဘာဘာသည် သူအော့နှလုံးနာသော ဂျင်မီကာတားကို ‘ပေါက်ခေါငတုံး’ ဟုအမည်ပေးထားသည်။ ၁၉၈ဝခုနှစ်၊ ကျွန်တော်တို့ ကဘူးတွင်နေစဉ်တုန်းက

အမေရိကန်ပြည်ထောင်စုသည် မော်စကိုမှ အိုလံပစ်ပွဲတော် သပိတ်မှောက်ခံရလိမ့် မည်ဟု ကြေငြာခဲ့သညည်။ ”တကတည်းမှကွာ … ဘရက်စ်ညော့ဗ်က

အာဖဂန်တွေကို အပြုံလိုက်သတ်နေပြီ။ အဲဒီ နှစ်ပဲခြောက်ပြားကောင် ပြောနိုင်တာက မင့်ရေကန်ထဲ ငါရေလာမကူးဘူးတဲ့” ကွန်မြူနစ်များအတွက်

ဘရက်စ်ညော့ဗ်ထက် ကာတားက ယောင်တိယောင်ကန်းနှင့် ပိုလုပ်ပေးခဲ့သည်ဟု ဘာဘာယုံထားသည်။ ”တိုင်းပြည် အုပ်ချုပ်မင်းလုပ်ဖို့ သူနဲ့မသင့်တော်လှပါဘူး။

ဘာနဲ့တူသလဲဆိုတော့ စက်ဘီး မစီးတတ်သေးတဲ့ကောင်လေးကို နောက်ဆုံးပေါ် ကာဒီလက်ကားကြီး မောင်းခိုင်း သလိုပဲ” အမေရိကနှင့်

တကမ္ဘာလုံးလိုအပ်နေသည်က ကြံ့ခိုင်သောလူတစ်ယောက်။ ယုံကြည်ကိုးစားရသော လူတစ်ယောက်။ လက်လေးနှစ်ဖက် လိမ်ယှက်နေမည့်အစား လက်တွေ့ထလုပ်မည့်

လူတစ်ယောက်ကို လိုအပ်သည်။ ဤသို့ဖြင့် ရော်နယ်ရီဂင် တက်လာသည်။ ရီဂင်သည် ရုပ်မြင်သံကြားမှနေ၍ ကဘူးကို သိမ်းပိုက်ထားသော ‘ရှိုရာဝီ’ တို့အား

‘မိစ္ဆာအင်ပါယာ’ ဟု ကင်ပွန်းတပ်သောအခါ ဘာဘာသည် တစ်ခါထဲ အပြင်ထွက်ပြီး ရုပ်ပုံကြီးတစ်ခုဝယ်လာခဲ့သည်။ ပုံထဲတွင် ပြုံးပြုံးကြီး လက်မထောင်ပြနေသော

သမ္မတရီဂင်။ ပုံကိုမှန်ဘောင်သွင်းပြီးချိတ်သည်။ ဘုရင် ဇာဟီရာရှားနှင့် ဘာဘာလက်ဆွဲနှုတ်ဆက်နေပုံ အဖြူအမဲ ဓာတ်ပုံဟောင်းဘေးတွင် ချိတ်ခြင်းဖြစ်သည်။

ဖရီးမောင့်တွင် ကျွန်တော်တို့၏ ရပ်ကွက်သားအများစုသည် ကားဒရိုင်ဘာ၊ ရဲသား၊ ဓာတ်ဆီဆိုင်ဝန်ထမ်းနှင့် လက်မထပ်ရသေးသောမိခင်များဖြစ်သည်။ တိုက်

တန်းတစ်ခုလုံးတွင် သမ္မတစံနစ်လိုလားသူဆို၍ ဘာဘာတစ်ဦးတည်းသာရှိသည်။

သို့သော် ပင်လယ်ကွေ့၏ မီးခိုးမြူကို ဘာဘာ့မျက်လုံးများကစပ်သည်။ ကားသံကို ဘာဘာခေါင်းကိုက်သည်။ ပန်းဝတ်မှုန်များကြောင့် ဘာဘာနှာချေသည်။

အသီးအနှံများသည် ဘာဘာ့လျှာထဲမချို။ ရေသည် ဘာဘာ့အတွက် သန့်ရှင်းလတ် ဆတ်မှု မရှိ။ သစ်ပင်တောတန်းနှင့် ကွင်းလွင်ပြင်များ ဘယ်ရောက်ကုန်သနည်း။

ဘာဘာ၏ မတောက်တခေါက် အင်္ဂလိပ်စကားကြောင့် အမေရိကန်ပြည် ထောင်စုကိုရောက်ပြီး ပထမနှစ်နှစ်တွင် ဘာဘာ့အား ESL သင်တန်း၌

စာရင်း ပေးသွင်းရန် ကျွန်တော် ကြိုးပမ်းခဲ့ဖူးသည်။ သို့သော် ဘာဘာက ထိုအကြံကို ခါချသည်။ ”cat ကို ငါစာလုံးပေါင်းတတ်ပြီဆိုရင် ဆရာမက

ကြယ်တစ်ပွင့်ပေးမယ်။ ငါက အိမ်ပြန်ပြေးပြီး မင်းကိုကြွားရမယ်ပေါ့”

၁၉၈၃ခု၏ တနင်္ဂနွေတစ်ရက်တွင် ကျွန်တော်သည် အဖုံးပျော့ စာအုပ်အ ဟောင်းများ ရောင်းသောဆိုင်ကိုသွားသည်။ ဘာဘာ့အား ငါးမိနစ်ဟု ခွင့်တောင်းသော်

ဘာဘာ ပခုံးတွန့်ပြသည်။ ဖရီးမောင့်တွင် ဘာဘာသည် ဓာတ်ဆီဆိုင်တွင် အလုပ် ဝင်သည်။ ယနေ့အားရက်ဖြစ်၏။ ဖရီးမောင့်လမ်းမကျယ်ကြီးကို ဘာဘာ

နမော်နမဲ့ ထင်သလိုလမ်းလျှောက်ပြီး ဗီယက်နမ်ဇနီးမောင်နှံရောင်းသော ကုန်စုံဆိုင်လေးထဲ ဝင်သွားသည်ကို ကျွန်တော်စောင့်ကြည့်သည်။

ဖော်ရွေသော ဆိုင်ရှင်ငုယင်ဇနီးမောင်နှံတို့ ဆံပင်များဖြူနေကြပြီ။ အမယ် ကြီး ငုယင်တွင် ခြေလက်တုန်သော ပါကင်ဆန်ရောဂါရှိသည်။ အဖိုးကြီးငုယင်သည်

တင်ပါးအစားထိုး ခွဲစိတ်ထားသူ။ ”ခုဆို သူက ဒေါ်လာခြောက်သန်းတန်လူသားလေ” ဟု အမယ်ကြီးငုယင်က ကျွန်တော့်အားပြောကာ သွားမရှိသည့်ပါးစပ်ကို ဖြဲ၍

ရယ်နေတတ်သည်။ ”ဒေါ်လာခြောက်သန်းတန်လူသားကို မှတ်မိသေးလား” ထိုအခါ အဖိုးကြီးငုယင်သည် မင်းသားလီးမေဂျာ ဟန်အတိုင်း မျက်မှောင်ကုပ်ကာ

အနှေးပြကွက်ရိုက်သလို ပြေးပြပါတော့မည်။

မိုက်ဟမ်မာစာအုပ်အဟောင်းကို ကျွန်တော် အမြန်လှန်လှောနေစဉ် အော်သံနှင့် မှန်ကွဲသံ ကြားလိုက်ရသည်။ ကျွန်တော် စာအုပ်ချပြီး ကမန်းကတန်း

လမ်းကူးသည်။ ကောင်တာနောက်တွင် မျက်နှာပြာနှမ်းနေသော ငုယင်ဇနီးမောင်နှံ။ ဆိုင်ရှင်ငုယင်က ဇနီးကို သိုင်းဖက်ထားသည်။ ကြမ်းပြင်ပေါ်တွင် လိမ္မော်သီးများ၊

ဆွဲလှဲချထားသော မဂ္ဂဇင်းတင်သည့်စင်၊ ကွဲသွားသောပုလင်းတစ်လုံးနှင့် ဘာဘာ့ ခြေရင်းမှ မှန်ကွဲစများ။

ပြဿနာမှာ ဘာဘာ့တွင် လိမ္မော်သီးဖိုးပေးရန် ငွေစက္ကူပါမလာခဲ့။ ဆိုင်ရှင် ငုယင်ကို ချက်လက်မှတ်တစ်စောင်ရေးပေးသော် ဆိုင်ရှင်က မှတ်ပုံတင်ပြခိုင်းသည်။

”သူက ငါ့မှတ်ပုံတင်ကို ကြည့်ချင်လို့တဲ့” ဟု ဘာဘာက ဖာစီစကားဖြင့် အကျယ် ကြီးအော်သည်။ ”သူ့ဆိုင်ကအသီးတွေဝယ်လာတာ နှစ်နှစ်တောင်ရှိတော့မယ်။

သူ့အိတ်ထဲ ငွေထည့်ပေးခဲ့တာချည်းပဲ။ ဒါနဲ့တောင် ခွေးမသားက ခုမှ မှတ်ပုံတင် ပြခိုင်းနေတယ်”

”ဘာဘာ၊ ဒါ ပုဂ္ဂိုလ်ရေးနဲ့ မသက်ဆိုင်ဘူး။ မှတ်ပုံတင်ပြခိုင်းရမယ်လို့ ပြောထားကြလို့ပါ”

ဆိုင်ရှင်ငုယင်သည် ဇနီးရှေ့ ခြေတစ်လှမ်းတက်လာပြီး တုတ်ကောက်ဖြင့် ဘာဘာ့ကိုချိန်ထားကာ ”ကျုပ် ခင်ဗျားကိုအလိုမရှိဘူး” ဟုဆိုသည်။ တဖန်

ကျွန်တော့်ဘက်လှည့်လာပြီး ”မင်းက မွန်ရည်ပါတယ်။ ဒါပေမယ့် မင်းအဖေကတော့ ဆိုးတယ်ကွ။ သူ့ကို မကြိုဆိုဘူး” ဟုပြောသည်။

”ငါ့ကိုများ သူတို့ကသူခိုးထင်နေတာလား” ဘာဘာ့အသံ ကျယ်လာပြီဖြစ်၍ ဆိုင်ပြင်တွင် လူတွေအုံလာကြသည်။ ဆိုင်ထဲ ပြူးပြဲကြည့်ကုန်ကြပြီ။

”ဒီတိုင်းပြည်က ဘယ်လိုအစားလဲကွ။ ဘယ်သူ့ဘယ်သူမှ မယုံကြဘူး”

”ရဲခေါ်မယ်” ဟု အဖိုးကြီးငုယင်နောက်ကျောဘက်မှ အမယ်ကြီးငုယင်က ခေါင်းကလေးထုတ်၍ပြောသည်။ ”ထွက်သွား … မသွားရင် ရဲခေါ်မယ်”

”ရဲတော့ မခေါ်ပါနဲ့ဗျာ။ ဘာဘာ့ကို ကျွန်တော် အိမ်ပြန်ခေါ်သွားပါ့မယ်”

”ဟုတ်တယ်၊ မင်း သူ့ကို အိမ်ပြန်ခေါ်သွား”

ပါဝါနှစ်မျိုးပါ မျက်မှန်နောက်မှ ဆိုင်ရှင်ငုယင်၏မျက်လုံးများ ဘာဘာ့ထံမှ လုံးဝမခွာ။ ဘာဘာ့ကို ကျွန်တော်ခေါ်လာခဲ့သည်။ ဆိုင်ထဲမှ အထွက်တွင် ဘာဘာသည်

မဂ္ဂဇင်းတစ်အုပ်ကို ကန်ထည့်လိုက်သည်။ ကျွန်တော် ဆိုင်ထဲနောက် တစ်ခေါက်ပြန်ဝင်ပြီး ငုယင်များကို တောင်းပန်သည်။ ကျွန်တော့် တယ်လီဖုန်း နံပါတ်နှင့်

လိပ်စာကိုပေးပြီး ပျက်စီးဆုံးရှုံးမှု အကြမ်းဖျင်းတန်ဖိုးကို သိရှိလိုကြောင်း ပြောသည်။ ”တန်ဖိုးသိတာနဲ့ ကျွန်တော့်ဆီ ဖုန်းဆက်ပါဗျာ။ ကျွန်တော်

စိတ်မကောင်းပါဘူး” အမယ်ကြီးငုယင်သည် ကျွန်တော့်ထံမှ စာရွက်လှမ်းယူပြီး ခေါင်းညိတ်ပြသည်။ အဖွားကြီး၏လက်များ ခါတိုင်းထက် ပိုတုန်ယင်နေသည်။

ဘာဘာ့ကိုသာ ကျွန်တော် ဒေါပွမိတော့၏။

”ကျွန်တော့်အဖေက အမေရိကားမှာ နေကျင့်ရအောင် လုပ်ရတုန်းမို့ပါ” ဟု ကျွန်တော် ရှင်းပြသလိုပြောခဲ့သည်။

ငုယင်များကို ကျွန်တော်ပြောပြချင်သည်။ ကဘူးတွင် ကျွန်တော်တို့သည် သစ်ကိုင်းတစ်ကိုင်းချိုးပြီး အကြွေးကဒ်လုပ်၍ ရသည်။ ဟက်ဆန်နှင့် ကျွန်တော်

သစ်သားတုတ်တိုတစ်ချောင်းယူပြီး မုန့်သည်ထံသွားသည်။ မုန့်သည်ကြီးက ကျွန် တော်တို့ တုတ်ချောင်းပေါ် ဓားနှင့်ထစ်ထားသည်။ မုန့်တစ်လုံးကို တစ်ထစ်။

လကုန်လျှင် ဘာဘာက တုတ်ချောင်းပေါ်မှ အထစ်အတိုင်း ငွေရှင်းပေးလိုက်သည်။ ဒါပဲဖြစ်၏။ မေးခွန်းများ မလို။ မှတ်ပုံတင် မလို။

ဤအကြောင်း ကျွန်တော်မပြောပြခဲ့ဘဲ ရဲမခေါ်သည့်အတွက် ကျေးဇူးစကား ကိုသာဆိုခဲ့သည်။ ဘာဘာ့ကို အိမ်ပြန်ခေါ်လာသည်။ ကျွန်တော် ကြက်လည်ချောင်းရိုး

ဆန်ပြုတ်ပြုတ်နေစဉ် ဘာဘာသည် မျက်နှာကြီးသုန်၍ လေသာခန်းပေါ် ဆေးတံ ဖွာနေသည်။ ပက်ရှဝါမှ ဘိုးရင်းလေယာဉ်ဖြင့် အမေရိကားရောက်လာသည်မှာ

တစ်နှစ်ခွဲရှိပြီ။ ဘာဘာ့ခမျာ နေကျင့်ရအောင်ကျင့်နေရဆဲ။ ထိုနေ့ညက တိတ်ဆိတ်စွာ စားခဲ့ကြသည်။ ဘာဘာသည် နှစ်လုပ်မျှသာစားပြီး ပန်းကန်ကို တွန်းပစ်ခဲ့သည်။

စားပွဲတစ်ဖက်မှ ဘာဘာ … လက်သည်းများ အင်ဂျင်ဝိုင်ကြောင့် မဲညစ်လျက်။ လက်ခေါက်များ စုတ်ပြဲကာ ဓါတ်ဆီဆိုင်၏ အနံ့ဖြစ်သော ဖုန်နံ့၊ ချွေးနံ့၊

ဓာတ်ဆီနံ့တို့ အကျႌတွင်စွဲနေသည်။ ဘာဘာသည် ကွယ်လွန်သွားသော ဇနီးဟောင်းကို မမေ့နိုင်ဘဲ ထပ်မံလက်ထပ်ခဲ့သော မုဆိုးဖိုနှင့် တူနေသည်။ သူ့ခမျာ

ဂျာလာလာဘက်မှ ကြံစိုက်ခင်းများ၊ ပါမင်မှ ဥယာဉ်များ၊ သူ့စံအိမ်ထဲ ဝင်ချည် ထွက်ချည်ရှိသော ဧည့်ပရိသတ်များကို တမ်းတနေရဆဲ။ ကြက်ပျံမတတ်

စည်ကားလှ သော ရှောဈေးထဲသွားလျှင် သူ့အသိအကျွမ်း၊ သူ့အဖေ၏ အသိအကျွမ်း၊ သူ့အဖိုး၏

အသိအကျွမ်းနှင့် ဆွေရိပ်မျိုးရိပ်မကင်းသူများ နှုတ်ဆက်၍မကုန်တော့ သည်ကိုလည်း အောက်မေ့နေရဆဲ။

ကျွန်တော့်အတွက်ကတော့ အမေရိကားသည် အတိတ်ကို မြေမြှုပ်ပစ်ရာ နေရာ။

ဘာဘာ့အတွက်ကတော့ အမေရိကားသည် အတိတ်ကို မြည်တမ်းရာနေရာ။

”ပက်ရှဝါကို ပြန်ပါလား၊ ဘာဘာ”

ကျွန်တော့်ရေဖန်ခွက်ထဲ ရေခဲတုံးလေးများ ပေါလောလှုပ်နေသည်။ ကျွန် တော်တို့အား ဗီဇာချပေးရန် ပက်ရှဝါတွင် ခြောက်လကြာအောင် စောင့်ခဲ့ရသည်။

ပက်ရှဝါတွင် နေထိုင်စဉ်က ကျွန်တော်တို့၏ တစ်ယောက်အိပ် အိမ်ခန်းလေးသည် ခြေအိတ်စော်နှင့်ကြောင်ချေးစော်နံနေသည်။ သို့သော် ပတ်ပတ်လည်တွင်

အသိအကျွမ်း များချည်းသာ။ အနည်းဆုံးတော့ ဘာဘာနှင့်သိသည်။ ဘာဘာသည် ကော်ရစ်ဒါ အခန်းအားလုံးမှ အခန်းနီးချင်းများကို ညစာဖိတ်သည်။ အများစုမှာ

ဗီဇာစောင့်သော အာဖဂန်များဖြစ်သည်။ တစ်ခါတလေများ တစ်ယောက်က တာဘလာယူလာပြီး နောက်တစ်ယောက်က ဟာမိုနီယမ်ယူလာလျှင် နားဝင်မဆိုးလှသော

အဆိုသမား လည်းရှိနေပါက နောက်တစ်နေ့နေအတက်ထိ၊ ခြင်များပင် တဝီဝီမမြည်နိုင်တော့ချိန် ထိ၊ တီးနေသောလက်ခုပ်များနာကျင်ကိုက်ခဲလာသည်အထိ

ဆိုကြတီးကြပျော်ခဲ့ကြ သည်။

”ဟိုမှာ ပိုပျော်တယ်မဟုတ်လား၊ ဘာဘာ။ သူက ဇာတိနဲ့ ပိုတူတယ်”

”ပက်ရှဝါက ဘာဘာ့အတွက်ကောင်းပေမယ့် အေမားအတွက် မကောင်းဘူး”

”ဘာဘာက ဒီမှာ အလုပ်သိပ်လုပ်တာကိုး”

”ခုတော့လည်း သိပ်မဆိုးလှပါဘူး” ဓာတ်ဆီဆိုင်တွင် ဘာဘာ နေ့ပိုင်း မန်နေဂျာဖြစ်လာခြင်းကို ဆိုလိုသည်။ သို့သော်ငြား ဘာဘာ ရှုံ့မဲ့နေပုံ၊ ရာသီဥတု

မပွင့်လင်းသောနေ့များဆိုလျှင် လက်ကောက်ဝတ်ကို နှိပ်နေပုံ၊ ထမင်းစားအပြီး ဆေးပုလင်းလှမ်းယူလိုက်စဉ် နဖူးပေါ် ချွေးသီးနေပုံ စသည်တို့ကို

ကျွန်တော် မြင်ထားပြီးပြီ။

”ဒီ့အပြင် ဘာဘာတို့ ဒီကိုလာခဲ့ကြတာ ဘာဘာ့အတွက်မှ မဟုတ်ဘဲ”

ကျွန်တော် စားပွဲကိုကျော်ပြီး ဘာဘာ့လက်ကို ဆုပ်ကိုင်ထားသည်။ အသား မာတက်ကာ ညစ်ပတ်ပေရေနေသော ဘာဘာ၏ အလုပ်ကြမ်းသမားလက်ပေါ်တွင်

သန့်ရှင်းနုဖတ်နေသော ကျွန်တော်၏ကျောင်းသားလက်များ။ ကဘူးတွင် နေစဉ် တုန်းက ဘာဘာ ကျွန်တော့်အတွက် ဝယ်ပေးခဲ့သောလက်ဆောင်များမှာ ကစားစရာ

ထရပ်ကား၊ မီးရထားနှင့် စက်ဘီး။ ယခုတော့ အမေရိကား။ အေမားအတွက် ဘာဘာပေးသည့် နောက်ဆုံးသောလက်ဆောင်။

အမေရိကန်ပြည်ထောင်စုကိုရောက်ပြီး တစ်လအကြာတွင် ဝါရှင်တန် လမ်းမကြီးဘေးမှ အာဖဂန်လူမျိုး အသိအကျွမ်းတစ်ဦး ပိုင်ဆိုင်သော ဓာတ်ဆီဆိုင်တွင်

ဘာဘာအလုပ်ရသည်။ ဘာဘာသည် တစ်ပတ်လျှင်ခြောက်ရက်၊ တစ်ရက်လျှင် ဆယ့်နှစ်နာရီကြာအောင် ဆီဖြည့်ရသည်။ မီတာမှတ်ရသည်။ ဆီလှယ်ကာ လေကာ

မှန်များ ဆေးကြောပေးရသည်။ တစ်ခါတစ်ရံ ဘာဘာ့အတွက် နေ့လည်စာ ကျွန်တော် သွားပို့လျှင် စင်ပေါ်မှ စီးကရက်ဘူးရှာနေသော ဘာဘာ့ကိုတွေ့ရတတ်သည်။

ဓာတ်ဆီများပေစွန်းနေသော ကောင်တာတွင် ဖောက်သည်က ရပ်စောင့်နေသည်။ ထိန်ငြီးနေသော မီးချောင်းအလင်းရောင်အောက်တွင် ဘာဘာသည် မျက်နှာအောက်ချ

လျက် ဖြူရော်နွမ်းဖတ်နေသည်။ ကျွန်တော်ဝင်လာလျှင် လျှပ်စစ်ခေါင်းလောင်းများ တဒေါင်ဒေါင်မြည်လာ၍ ဘာဘာက ကျွန်တော့်ကို သမင်လည်ပြန်ကြည့်ကာ

ပြုံးပြလက်ပြနှုတ်ဆက်သည်။ ထိုအခါ ဘာဘာ့မျက်လုံးများ ပင်ပန်းလွန်း၍ မျက်ရည်လည်နေတတ်သည်။

ဘာဘာ အလုပ်ရသောနေ့က အရာရှိမ မစ္စစ်ဒေါ့ဘင် ထံသွားတွေ့ရသည်။ အဝလွန်နေသော လူမည်းအမျိုးသမီး ဒေါ့ဘင်သည် ရယ်လိုက်လျှင် ပါးချိုင့်လေးနှင့်

မျက်လုံးလေးများလက်နေသည်။ ယခင်က ဘုရားကျောင်းတွင် သီချင်းဆိုခဲ့ဖူးကြောင်း ဒေါ့ဘင်က ပြောပြသည်။ ကျွန်တော် ယုံပါသည်။ သူမအသံလေး ကြားရသည်နှင့်

ကျွန်တော်သည် နွားနို့နှင့် ပျားရည်ကို ချင်ခြင်းတပ်လာသည်။ ဘာဘာသည် ကုန်ဝယ်တံဆိပ်ခေါင်းထုပ်ကို ဒေါ့ဘင်၏စားပွဲပေါ် တင်ပေးလိုက်သည်။

”ကျေးဇူးတင်ပါတယ်ဗျာ။ ဒါပေမယ့် ကျုပ်မလိုချင်ဘူး။ ကျုပ်က အလုပ် အမြဲလုပ်တယ်။ အာဖဂန်နစ္စတန်မှာလည်း လုပ်တယ်။ အခု အမေရိကား ရောက်တော့

လည်း လုပ်တယ်။ ကျေးဇူးတကယ်တင်ပါတယ်။ ဒါပေမယ့် အလကားတော့ မလိုချင်ဘူး”

ဒေါ့ဘင်မမ မျက်တောင်ပုတ်ခတ်လုပ်သည်။ နောက်နေသလားဟု ကျွန် တော်နှင့် ဘာဘာကို တစ်လှည့်စီကြည့်သည်။ ဟက်ဆန့်အပြောအရဆိုလျှင်

”အချဉ်ဖမ်းနေသလား” ဟု ကြည့်နေခြင်းဖြစ်၏။ ”ကျွန်မလုပ်သက် ဆယ့်ငါးနှစ် အတွင်း ဒါမျိုးမကြုံခဲ့ဖူးဘူး” ဟုဆိုသည်။

ဤသည်မှာ ရှက်စရာကောင်းသော ကုန်ဝယ်တံဆိပ်ခေါင်းကိစ္စကို ဘာဘာ အဆုံးသတ်ခဲ့ပုံဖြစ်သည်။ ဘာဘာ အကြောက်ဆုံးကိစ္စတစ်ခုမှ လျော့ပါးသက်သာ

သွားခဲ့သည်။ ဘာဘာသည် အလှူငွေဖြင့်ကုန်ဝယ်စဉ် အခြားအာဖဂန်တစ်ဦး မြင်သွားမည်ကို အလွန်အမင်း စိုးရိမ်ခဲ့သည်။ လူမှုဖူလုံရေးရုံးခန်းမှ ဘာဘာ ထွက်လာပုံမှာ

အိုင်းအနာ အရှင်းပျောက်ကင်းသွားသည့်အတိုင်း ဖြစ်၏။

———————

၁၉၈၃ ခု၊ နွေရာသီတွင် ကျွန်တော် အထက်တန်းကျောင်း အောင်ခဲ့သည်။ ကျွန်တော် အသက်နှစ်ဆယ်ရှိပြီ။ ထိုနေ့က ဘောလုံးကွင်းထဲ ဘွဲ့ဦးထုပ်လေး

ကြွတကြွတဆောင်းခဲ့သော အသက်အကြီးဆုံးကျောင်းသားမှာ ကျွန်တော်ပဲဖြစ်မည်။ အပြာရောင်ဘွဲ့ဝတ်စုံများ၊ ကင်မရာမီးများ၊ မိသားစုအုံများကြားထဲ ဘာဘာ့ကို

ကျွန်တော်ပျောက်နေသည်။ ကိုက်နှစ်ဆယ်အကွာတွင် ဘာဘာ့ကို တွေ့လိုက်ပြန်ရာ ဘာဘာသည် လက်များအိတ်ထဲထည့်လျက်။ လည်ပင်းတွင် ကင်မရာက

တွဲလောင်း။ ကျွန်တော်တို့သားအဖနှစ်ဦးကြားမှ ရွေ့လျားနေသော လူအုပ်ကြီးကြောင့် ဘာဘာသည် ပေါ်လာလိုက်၊ ပျောက်သွားလိုက်။

အပြာရောင်ဘွဲ့ဝတ်စုံနှင့် ကောင်မလေးများ ပွေ့ဖက်ကြ၊ ငိုယိုကြသည်။ ကောင်ကလေးများ သူတို့အဖေနှင့် ညာလက်ဝါးချင်း ရိုက်ကြသည်။

ဘာဘာ့မုတ်ဆိတ်မွေးများ ဖြူနေပြီ။ နားသယ်မှ ဆံပင်များပါးလျနေသည်။ ကဘူးတွင်နေစဉ်တုန်းကထက် အရပ်ပိုရှည်ထွက်လာသည်။ ဘာဘာ ဝတ်ထား

သည့်တစ်စုံတည်းသော အညိုရောင်ဝတ်စုံမှာ အာဖဂန်တို့ သာရေးနာရေးပွဲများတွင် ဝတ်သောဝတ်စုံသာဖြစ်၏။ စည်းထားသော လည်စည်းအနီမှာ သည်နှစ်ထဲ ဘာဘာ

အသက်ငါးဆယ်ပြည့်မွေးနေ့အတွက် ကျွန်တော်ပေးခဲ့သော လက်ဆောင်ဖြစ်သည်။

ကျွန်တော့်ကို ဘာဘာတွေ့သွားပြီး လက်ပြနေသည်။ ဘာဘာ ပြုံးနေသည်။ ဘွဲ့ဦးထုပ်ဆောင်းထားရန် ကျွန်တော့်ကိုလက်ဟန်ပြပြီး ကျောင်းနာရီစင်ကြီး နောက်

ခံဖြင့် ကျွန်တော့်ကို ဓာတ်ပုံရိုက်သည်။ ဘာဘာ့အတွက် ကျွန်တော်ပြုံးပြသောအပြုံးမှာ ယနေ့သည် ကျွန်တော့်နေ့မဟုတ်၊ ဘာဘာ့နေ့ဖြစ်ကြောင်းပင်။ ဘာဘာ

ကျွန်တော့်ထံ လျှောက်လာပြီး ကျွန်တော့်လည်ပင်းကို သိုင်းဖက်ကာ ကျွန်တော့်နဖူးပေါ် အနမ်းတစ်ပွင့်လက်ဆောင်ချွေသည်။ ”ဘာဘာ သိပ်ဂုဏ်ယူတယ်ကွာ”

ဘာဘာ့ မျက်လုံးများ အရည်ဖိတ်နေသည်။ ထိုအကြည့်ကို လက်ခံရသည့် ကျွန်တော့်မှာလည်း ပျော်တပြုံးပြုံး။

ထိုညက ဘာဘာသည် ကျွန်တော့်အား အာဖဂန်ရိုးရာစားသောက်ဆိုင် ခေါ်သွားပြီး အလျှံပယ်ကျွေးသည်။ ဆိုင်ရှင်အား သူ့သား ကောလိပ်တက်ရတော့

မည်ဖြစ်ကြောင်း ဘာဘာကြွားသည်။ အထက်တန်းကျောင်း မအောင်ခင်ကတည်းက ကျွန်တော် အလုပ်ရှာချင်ကြောင်း ဘာဘာ့ကို ခဏတဖြုတ်

အတိုက်အခံပြောခဲ့ဖူးသည်။ ကောလိပ်တက်ဖို့ ငွေနည်းနည်းပါးပါး ဝိုင်းရှာချင်သည်။ သို့သော် ဘာဘာက သူ၏မီးတောက်တော့မတတ် မျက်စောင်းကြီးတစ်ချက်

ပစ်ထိုးလိုက်ရာ စကားလုံးများ ကျွန်တော့်ပါးစပ်ဖျားတင် အငွေ့ပျံသွားတော့၏။

ညစာစားပြီးသောအခါ စားသောက်ဆိုင်နှင့် မျက်နှာချင်းဆိုင်မှ ဘားဆိုင်ဆီ ဘာဘာခေါ်လာသည်။ ဘားဆိုင်သည် လင်းလင်းကျင်းကျင်း မရှိ။ ကျွန်တော်

မုန်းတီးလွန်းသော ဘီယာရနံ့က နံရံများထဲထိ စိမ့်ဝင်ပျံ့နှံ့လျက်။ ဘိလိယက် ထိုးနေသော ယောက်ျားများ ဘေ့စ်ဘောဦးထုပ်ကိုယ်စီ။ အစိမ်းရောင် ဘိလိယက်

ခုံများ၏အထက်၊ လျှပ်စစ်မီးရောင်၏အောက်ဝယ် ထူပိန်းစွာမင်းမူနေသော ဆေးလိပ် ခိုးများ။ အညိုရောင်ဝတ်စုံ ဘာဘာနှင့် ထပ်တွန့်ဘောင်းဘီ၊ အားကစားဂျက်ကက်

ကျွန်တော့်ကို လူတွေလှည့်ကြည့်ကြစဉ် အဖိုးကြီးတစ်ယောက်၏ဘေးတွင် ကျွန်တော်တို့သားအဖ ဝင်ထိုင်သည်။

ဘာဘာသည် စီးကရက်တစ်လိပ်မီးညှိပြီး ဘီယာမှာသည်။ ”ဒီညသိပ် ပျော်တယ်ဟေ့” ဘာဘာသည် ဘယ်သူ့ကိုမှ မရည်ရွယ်ဘဲ အားလုံးကို ကြေငြာ

လိုက်ကာ ”ဒီည ငါ့သားနဲ့အတူသောက်မယ်။ ဒီတစ်ခွက်ကတော့ မိတ်ဆွေကြီး အတွက်” ဟုဆိုပြီး အဖိုးကြီး၏ကျောကိုပုတ်သည်။ ဦးထုပ်ပင့်ပြပြီးပြုံးနေသော

အဖိုးကြီးတွင် အပေါ်သွားမရှိ။

ဘာဘာသည် ဘီယာတစ်ခွက်လုံး သုံးငုံတည်းနှင့်ကုန်အောင် မော့ကာ နောက်တစ်ခွက်ထပ်မှာသည်။ ကျွန်တော့်မှာတော့ ဘီယာကို မနည်းကြီး ကျိတ်မှိတ်

မျိုချနေရဆဲ။ ကျွန်တော့်ဘီယာခွက် လေးချိုးတစ်ချိုးအကုန်တွင် ဘာဘာက သုံးခွက် ကုန်သွားပြီ။ ဘာဘာသည် မိတ်ဆွေအဖိုးကြီးအတွက်

စကော့ဝီစကီတစ်ခွက်မှာသည်။ ဘိလိယက်ထိုးနေသော လေးယောက်အုပ်စုကိုလည်း အရက်တစ်ကရားဖြင့် ပြုစုသည်။ ထိုအုပ်စုက ဘာဘာ့ကို

လက်ဆွဲနှုတ်ဆက်ကြ၊ ကျောကိုပုတ်ကြ၊ ဘာဘာ့အတွက် သောက်ကြ၊ တစ်ယောက်ကတော့ ဘာဘာ့စီးကရက်ကို မီးညှိပေးသည်။ ဘာဘာသည်

လည်စည်းကိုလျှော့ချပြီး နှစ်ဆယ့်ငါးဆင့်တန် အကြွေစေ့များ လက်တစ်ဆုပ်စာ ဆွဲထုတ်၍ အဖိုးကြီးအား ဂီတသေတ္တာကို လက်ညှိုးထိုးပြသည်။

”သူကြိုက်တဲ့သီချင်း ဖွင့်ဖို့ပြောကွာ” ဟု ကျွန်တော့်အားပြောသည်။ အဖိုးကြီး ခေါင်းညိတ်ပြပြီး ဘာဘာ့အား အလေးပြုသည်။ သိပ်မကြာခင် ရိုးရာဂီတသံ

ဆူညံကျယ်လောင်စွာ ထွက်ပေါ်လာ တော့၏။ ဤနည်းသည် ဘာဘာ့ပါတီပွဲတည်း။

ဂီတသံတစ်နေရာအရောက်တွင် ဘာဘာသည် ထရပ်ပြီး ဘီယာခွက် မြှောက်ကာ ”အေပေးရုရှားတွေ” ဟုအော်ထည့်လိုက်ရာ လွှစာမှုန့်ပေပွနေသော

ကြမ်းပြင်ပေါ် ဘီယာများဖိတ်ကျသည်။ ဘားခန်းတစ်ခန်းလုံး အုံးခနဲရယ်ကြသည်။ ဘာဘာသည် ဘားခန်းထဲရှိလူကုန်ကို ဘီယာတစ်ခွက်စီ ဒကာခံသည်။

အချိန်တန်အိမ်ပြန်တော့ ဘာဘာ့ကို လူတိုင်းနှမျောနေကြသည်။

ကဘူး၊ ပက်ရှဝါ၊ ဟေးဝပ် … ဘယ်နေရာရောက်ရောက် ဘာဘာကတော့ ဘာဘာပါပဲလားဟု ကျွန်တော့်မှာ တွေးရင်းပြုံးမိသည်။

အဝါရောင်ကားဟောင်းကြီးကို ကျွန်တော်မောင်းပြန်လာခဲ့သည်။ ကားပေါ် အိပ်လိုက်လာသော ဘာဘာကတော့ တခေါခေါဟောက်နေပြီ။

ဘာဘာ့ကိုယ်မှ ဆေးလိပ်နံ့အရက်နံ့ချွေးနံ့ကိုယ်နံ့ အနံ့များစူးလှသည်။ ကျွန်တော် ကားရပ်လိုက် တော့ ဘာဘာထထိုင်ကာ ”တိုက်တန်းအဆုံးထိ မောင်းကွာ”

ဟု အသံပြာပြာဖြင့် ပြောသည်။

”ဘာဖြစ်လို့လဲ”

”မောင်းမှာသာမောင်း”

လမ်း၏တောင်ဘက်အဆုံးတွင် ကျွန်တော့်ကို ကားရပ်ခိုင်းသည်။ ကုတ် အကျႌအိတ်များထဲ မွှေနှောက်ပြီး ကျွန်တော့်အား သော့တွဲတစ်တွဲလှမ်းပေးကာ ”ဟိုမှာ

…” ဟု အရှေ့ကို ညွှန်ပြသည်။ ပြန့်ကားအလျားရှည်သော မော်ဒယ်အဟောင်း ဖို့ဒ်ကားတစ်စီး။ ကား၏ရင့်မှောင်သော အရောင်ကို လရောင်အောက်ဝယ်

ကျွန်တော် ကွဲကွဲပြားပြား မပြောတတ်။

”ဆေးပြန်မှုတ်ဖို့တော့ လိုတယ်။ ဆိုင်ကကောင်လေးတစ်ယောက်ခေါ်ပြီး လိုတာတွေ ဖြည့်ရဦးမယ်။ ဒါပေမယ့် စက်ကတော့ကောင်းတယ်ကွ”

သော့တွဲကို လှမ်းယူရင်း ကျွန်တော် အံ့အားသင့်နေသည်။ ကားကိုတစ်လှည့် ဘာဘာ့ကိုတစ်လှည့် ကြည့်သည်။

”ကောလိပ်တက်ဖို့ ကားလိုမယ်လေကွာ”

ကျွန်တော် မျက်ရည်ဝိုင်းရပြီ။ ဘာဘာ့လက်ကို ကျွန်တော်ဆွဲယူပြီး ဖျစ် ထားသည်။ မျက်နှာများကိုကွယ်ထားသော မှောင်ရိပ်ကိုသာ ကျေးဇူးတင်မိတော့သည်။

”ကျေးဇူးတင်ပါတယ်၊ ဘာဘာ”

ကျွန်တော်တို့ကားထဲမှ ထွက်ပြီး ဖို့ဒ်ကားထဲဝင်သည်။ အပြာရင့်ရောင် ဂရင်းတော်ရီနိုကားဟု ဘာဘာဆိုသည်။ တိုက်တန်းကိုပတ်ပြီး ကျွန်တော် ကားမောင်း သည်။

ဘရိတ်၊ ရေဒီယိုနှင့် အချိုးအကွေ့ပြခလုတ်တို့ကို စစ်ဆေးသည်။ တိုက်တန်း မြေကွက်လပ်တွင် ကားရပ်ပြီး အင်ဂျင်ကို စက်သတ်သည်။

”ကျေးဇူးတင်ပါတယ် ဘာဘာ”
………………………

……………………….

…………………………..
_____________________________
ဆက်ပါဦးမည်..။
____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________–
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ..

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________

လေးစားစွာဖြင့်..

5 comments

  • စိန်ဗိုက်ဗိုက်

    July 2, 2012 at 10:47 am

    အန်ခယ်.ကိုကို.အူးလေး.ဆက်ဆက် ခင်ဗျ
    အချိန်မှန်လေးတင်ပေးနေတာ ကျေးကျေးပါနော်..
    အခန်းဆက်ရှိုဒေါ့ တစ်ခန်းပြတ်သွားရင် နောက်အခန်းတွေ ဆက်မရတော့ဘူး…
    အားလုံးပြီးမှ ကြန်လာပါဦးမယ်..
    ကျလိ.ကျလိ..

  • mamanoyar

    July 2, 2012 at 11:10 am

    အားပေးပါတယ်ရှင့်
    မှန်မှန်နဲ့ မြန်မြန်လေး တင်ပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ်ရှင်

  • မောင်ပေ

    July 2, 2012 at 11:59 am

    အလက်စင်းလေးရေ
    ထုံးစံ…အတိုင်းဘဲနော
    ကျေးဇူးအရမ်းတင်တဲ့အကြောင်းပြောရင်း
    လက်မတစ်ချောင်းထောင်ခဲ့ပါတယ်နော

  • shwe kyi

    July 2, 2012 at 2:50 pm

    အေမားကဖခင်ကောင်းတစ်ယောက်ရထားတာပဲ။
    သူတို့ဘဝပြောင်းလဲသွားရပုံကတော့ လုံးဝမယုံနိုင်အောင်ပါပဲ။

  • အလင်းဆက်

    July 3, 2012 at 6:19 pm

    ချစ်သော…. ဗိုက်ဗိုက် ကိုလည်း…အန်ကယ် ကိုကို ဦးဦး..ဆက်ဆက်က အထူးကျေးဇူးးတင်ရှိပါတယ်..ခင်ညာ..။
    ကျွန်တော်..တင်ပေးသမျှကို…. အဆက် မပြတ် ဖတ်ရှု.ပေးလို ့ပါ .။

    မမနိုရာရေ..
    ကျွန်တော့်ကို အသိအမှတ်ပြု..လို ့ တကယ်ပဲ ကျေးဇူးတင်ပါတယ်..နော် ။

    ထုံးစံအတိုင်း..ပဲ..ဆိုတဲ ့ကိုကြီး..မောင်ပိန်..အဲလေ..မောင်ပေ…..ရေ…
    ကျွန်တော်ကလည်း..ထုံးစံအတိုင်း….ချစ်ခင် လေးစားစွာ…..ကျေးဇူးပါ..လို ့။

    ရွှေကြည်ရေ..ဇာတ်ကြောင်းကို ခံစားပြိး..အမြဲ..ဝေဖန် တတ်တယ်နော် ။
    အေမားတို ့သားအဖ…ရဲ ့..ဘဝ.ပြောင်းလဲသွားတာတွေ..က အံ့မခန်းပါ ။ နောက်…လာမယ့် အပိုင်းများမှာဆို..မယုံနိုင်စရာ..ပါပဲ.။

    စောင့်မျှော် ဖတ်ရှု..ဝေဖန်ပေးပါဥိးနော် ။

    ခင်မင်လေးစားစွာ…
    အလင်းဆက်
    alinsett.art@gmail.com

Leave a Reply