စိတ်အလိုမကျခြင်းအတွက် တစ်ပျစ်တောက်တောက် မြည်တွန်တောက်တီး ခြင်းသည် အလွန်ပင်စိတ်ပျက်စရာ ကောင်းသော အပြုအမူဖြစ်ပါသည်။

လူတိုင်းတွင် စိတ်အားငယ်စရာ၊စိတ်ပျက်စရာ၊ စိတ်အလိုမကျစရာများ အနည်းနဲ့အများဆိုသလို ရှိနေကြပါသည်။ မိမိတစ်ယောက်ထဲ ရှိနေခြင်းမဟုတ်ပါ။

ထိုကဲ့သို့ ကိုယ့်စိတ်အလိုမကျတိုင်း အော်ကျယ်ကျယ်နှင့် မြည်တွန်တော်တီးနေမည်ဆိုလျှင် ကြားရသူတိုင်း စိတ်မချမ်းမြေ့ ဖြစ်ရပါသည်။ မည်မျှပင် ပျော်ရွှင်နေစေကာမူ ထိုကဲ့သို့သော စိတ်ညစ်စရာ မြည်တွန်တောက်တီး မှုများကို ကြားနေရပါက မိမိပျော်ရွှင်မှုများပင် ပျောက်ပျက်ကာ စိတ်နှလုံးမသာမယာ ဖြစ်ရပါသည်။ ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင်နှင့် ဆက်စပ်နေသော လူအများစု စိတ်မချမ်းသာဖြစ်ရမည်ကို သတိပြုသင့်ပါသည်။

အချို့သော လူကြီးများသည် မိမိ တွင် ရာထူးဂုဏ်ရှိသည် မည်သူ့မျှ ဂရုစိုက်စရာ မလိုဟုထင်တတ်ကာ မိမိအလိုမကျတိုင်း အော်ငေါက်တတ်သော အကျင့်ရှိပါသည်။ ထိုကဲ့သို့သောနေ့များတွင် မိမိလက်အောက်တွင် အလုပ်လုပ်နေကြသော လူအားလုံး ထိုနေ့အဖို့ စိတ်မချမ်းသာ ဖြစ်ကြရမည်မှာ အမှန်ပင်ဖြစ်ပါသည်။ ကိုယ့်အား ပြောနေခြင်းမဟုတ်သော်လည်း ၊ အပြစ်ရှိသူတစ်ယောက် မဟုတ်ခဲ့သော်လည်း ထိုကဲ့သို့ သော မြည်တွန်တောက်တီးသံ များကို ကြားရသူအပေါင်း စိတ်မချမ်းသာဖြစ်ကြရမည်။

ထို့ကြောင့် မိမိတွင် မည်သို့သော အခက်အခဲ၊ အလိုမကျမှု များရှိစေကာမူ မိမိနှင့် မိမိပတ်ဝန်းကျင်ကို အားနာမှုရှိရမည်ဖြစ်သည်။မိမိသည် ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်သူ ဖြစ်လင့်ကစား တစ်ယောက်ထဲနေ၍ မရသော လူ့ပတ်ဝန်းကျင်တွင် ဆင်ကျင်စရာများစွာ ရှိနေပေသည်။ မိမိတွင် စိတ်ညစ်စရာများစွာ ရှိနေသဖြင့် လူတစ်ဦးဦးထံ ရင်ဖွင့်သည်ဖြစ်လင့်ကစား အချိန်တိုင်း တတွတ်တွတ်နှင့် ညည်းငြူပြောနေခြင်းသည် တစ်ဖက်သားအား ကူညီဖြောင့်ဖျလိုစိတ် လျှော့နည်းစေသည့်အပြင် ဥပေက္ခာပြုစေနိုင်သည့် အဖြစ်နှင့်ရင်ဆိုင်ရတတ်ပါသည်။ ထို့ကြောင့် မည်သို့သော အလိုမကျမှုများ ရှိစေကာမူ မြည်တွန်တောက်တီး ခြင်းမျိုးမပြုပဲ သွေးအေးအေးနှင့် ညှိနှိုင်းတိုင်ပင်သင့်ပါသည်ဟု ကျမထင်မိပါသည်။

ကိုယ်တွေ့ကြုံရမှုအပေါ်  မိမိစိတ်နှင့် အခြေခံ  ရေးသားထားခြင်းဖြစ်၍ အမှားရှိလျှင် ခွင့်လွှတ်ကြစေလိုပါသည်။

 

About mamanoyar

mama noyar has written 25 post in this Website..