ဟိုတလောက ကမာ့္ဘခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့အထိ အောင်မြင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည်ပြန်လာတဲ့ ခရီးစဉ်မှာ လူတွေအများကြီး ကြိုဆိုကြတယ်လို့ သိရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် မကြာသေးမီက ဖတ်ထားတဲ့ အရှင်ဇနကဘိဝံသရဲ့ အနာဂတ်သာသနာရေး ဆိုတဲ့စာအုပ် ဖတ်ထားမိတာကလည်း မကြာသေးပါဘူး။ အခု လာကြိုတဲ့လူတွေရဲ့ ချီးမြောက်သင့်သူကို တန်ဖိုးထားတတ်မှု၊ နိုင်ငံအရေးကို စိတ်ပါဝင်စား လှုပ်ရှားမှုတွေကို ဂုဏ်ယူ အားကျမိသလို သတိမူသင့်တဲ့ အကြောင်းလေးကို ဆရာတော့်စာအုပ် နိဂုံးမှာပါတဲ့ စာပိုဒ်လေးနဲ့ ပြောပြချင်ပါတယ်။ ဒီစာအုပ်ထုတ်ဝေတဲ့အချိန်က မြန်မာနိုင်ငံက ပူပူနွေးနွေး လွတ်လပ်ရေး ရထားတဲ့အချိန်ပါ။ အဲဒီခေတ်က အခြေအနေကို ရေးထားတာဖြစ်ပေမယ့် ဒီနေ့ခေတ်မှာလည်း အသုံးဝင်နေဆဲဖြစ်တဲ့ ဆရာတော့်ရဲ့ လမ်းညွှန်ချက်လေးကို ပြန်လည်ဝေမျှလိုက်ပါတယ်။ ဆရာတော်က အဲဒီခေတ်က ဂျပန်၊ အင်္ဂလိပ်တွေနဲ့ ဆက်ဆံခဲ့ရတဲ့ အခြေအနေအရ သေနတ်၊ သင်္ဘောတွေ ၀ယ်ဖို့ ပြောထားပေမယ့် ဒီခေတ်လို ကိုယ်ပိုင်လွတ်လပ်ရေးရထားတဲ့ခေတ်မှာ လူငယ်တွေက ကိုယ့်နိုင်ငံကို ကာကွယ်ဖို့ အလေးအနက်စဉ်းစားမိမှာ မဟုတ်ပါဘူး။ ဒီခေတ်မှာ တုတ်ဆွဲ၊ ဓားဆွဲ၊ သေနတ်ဆွဲပြီး လုပ်ရတဲ့အထိ  ကိုယ့်နိုင်ငံကို ကာကွယ်ဖို့ မလိုလို့ မကာကွယ်နိုင်ဘူးဆိုရင်တောင် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ အနုနည်းနဲ့ ၀င်လာတဲ့ တိုင်းတပါးလွှမ်းမိုးမှုတွေကို သတိနဲ့ ဆန်းစစ်ပြီး ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းဖို့လိုပါတယ်။ နောက် “မြန်မာပြည်ကို တိုးတက်ခေတ်မီအောင် လူ့အဆင့်အတန်း မြင့်မားအောင် လုပ်ရမယ်” လို့ အော်နေပြီး ရှော့ပင်းထွက်၊ ကလပ်သွား၊ ဘီယာဆိုင်ထိုင်တာတွေနဲ့လည်း အချိန်မကုန်သင့်ပါဘူး။ နိုင်ငံတိုးတက်အောင် လုပ်ရမယ်၊ အကျင့်ဟောင်းတွေ ပြင်ရမယ်ဆိုပြီး သူများ ပြုပြင်ရေးတွေလုပ်နေတာကို အားမလို အားမရဖြစ်နေရုံမကဘဲ ကိုယ်တိုင်လည်း ဆောင်ထားသင့်တဲ့ အကျင့်ကောင်းတွေနဲ့ နေထိုင်သွားသင့်တယ်လို့ ထင်ပါတယ်။ ကိုယ့်ကိုကိုယ် ဆင်ခြင်နိုင်အောင်ရော ဘော်ဘော်တွေနဲ့လည်း ဆွေးနွေးချင်လို့ ဒီပို့စ်ကို တင်လိုက်တာပါ။ အောက်က စာပိုဒ်လေးက ဆရာတော် အရှင်ဇနက ဘိဝံသရဲ့ စာအုပ်နိဂုံးက စာပိုဒ်ပါ။

 “ အော်နေရုံနဲ့ မပြီး”

မြန်မာပြည် လွတ်လပ်ရေးအောင်ပွဲနေ့က “ဒါတို့ပြည် ဒါတို့မြေ” ဟု ကြွေးကြော်ခဲ့ကြ၏။ ကြက်သီးထဖွယ် အားရဖွယ်ပေ။ သို့ရာတွင် အော်နေသော ထိုအမျိုးသား အမျိုးသမီးများသည် မိမိတို့ ပိုက်ဆံအိတ်ကို နှိုက်ကြည့်စေလို၏။ “ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ”တဲ့။ ဘာနဲ့ ကာကွယ်ကြမှာလဲ ဟရို့၊ လက်နဲ့ကာကွယ်လို့ လုံမှာ မဟုတ်ဘူးနော်။ ကုန်းတပ် ရေတပ် လေတပ်တွေနဲ့ ကာကွယ်ရမည် မဟုတ်လား။ ယခု အခြေအနေအရ အမျိုးသားတို့ရဲ့ ဘဏ္ဍာအိတ်ထောင့်ထဲမှာ သေနတ် သင်္ဘောဝယ်စရာ လေယာဉ်ပျံဝယ်စရာ ပိုက်ဆံဘယ်နှပြား စုမိပြီလဲ။ အမျိုးသား အမျိုးသမီးတွေက အော် အော်ပြီးတော့ သိပ်အသုံးပက်စက်ကြတာကိုး၊ ဘယ်ပိုက်ဆံစုမိမှာလဲ။ တန်ခူးလ အခါအတွင်း သင်္ကြန်ဆိုလျှင် ဘယ်လောက်အသုံးအစွဲပြိုင်ကြသလဲ။ မော်လမြိုင် ရန်ကုန် မန္တလေးဆိုတဲ့ မြို့ကြီးတွေဟာ သိပ်ကဲတာပဲ။ ကဆုန်လ ညောင်ရေသွန်းပွဲမှာလည်း မနည်းသေးဘူး။ နယုန်လ ၀ါဆိုလကစပြီးလျှင် တပေါင်းလပွဲတော်ကြီးတွေထိ ကုန်လိုက်တာမပြောနဲ့တော့။ ထိုကုန်သမျှငွေတွေ မြန်မာနိုင်ငံမှာ လည်နေတာ မဟုတ်ပါဘူး။ သင်္ဘော လေယာဉ်ပျံတွေနဲ့ နိုင်ငံခြား ရောက်ကုန်တာတွေသာ များတယ်။

 “မယှကငှက်”

ဇာတ်တော်မှာ “မယှကငှက်” ခေါ်တဲ့ ငှက်အကြောင်းပါတယ်။ ထိုငှက်ကလေးဟာ အသီးတွေဝေဆာနေသော ညောင်ပင်ပေါ်တက်ပြီး “ဒါ ငါ့ဟာ – – ဒါငါ့ဟာ” ဟု အော်နေ၏။ သူအော်နေတုန်းမှာ အခြားငှက်တွေ လာ၍စားကြ၏။ သူကား  “ငါ့ဟာ ငါ့ဟာ” ဟု အော်နေတုန်းမှာပင် ညောင်ပင်မှာ အသီးတွေ ကုန်၍ အခြားငှက်များ ပြန်သွားသည့်တိုင်အောင် အော်လျက်သာ ကျန်ရစ်ရှာ၏။ ထို့အတူပင် အမျိုးသား သမီးတွေက နိုင်ငံခြားပစ္စည်းတွေကို ၀တ်စားပြင်ဆင်ကာ နိုင်ငံခြားမော်တော်ကားကြီးတွေကို စီးပြီး “ဒါတို့ပြည် ဒါတို့မြေ” ဟု အော်နေကြတုန်းမှာပင် နိုင်ငံခြားငှက်တွေက အမြတ်ကြီးကြီး အသီးကောင်းကောင်းတွေကိုစား၍ ပျံသွားကြလေပြီ။ တချို့ကား မပြန်တော့ဘဲ အခြေစိုက်၍ အသိုက်ဖွဲ့ကာ ငွေကိုသာ တွင်တွင်ပို့ကြလေသည်။

ဤစာကိုရေးခြင်းဖြင့် နိုင်ငံခြားကုန်သည်ကြီးများကို အပြစ်မတင်လိုပါ။ အမျိုးသားတွေကိုသာ အော်နေရုံနဲ့ မပြီးနိုင်ကြောင်း၊ ချွေတာစုဆောင်းမှု၊ အလုပ်လုပ်ရာ၌ မပျင်းရိမှုရှိမှသာ ဘဏ္ဍာအိတ်တောင့်တင်း၍ “ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်နိုင်ကြမည့်” အကြောင်းကို ပြောပြလိုရင်း ဖြစ်ပါသည်။

About Thekka

Thek Ka has written 1 post in this Website..